Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 23 Jan 2011 ရက်စွဲပါ "Philippines Navy eyeing purchase From US" သတင်းကို ဘာသာ ပြန်ဆိုသည်)

ဖိလစ်ပိုင် ရေတပ်က ၎င်း၏ ဟောင်းနွမ်းလာသော သက်တမ်းရင့် သင်္ဘောအုပ်စုကို အဆင့်မြင့်ရန် အတွက် တစ်ပတ်ရစ် ကမ်းခြေစောင့် တိုက်ရေယာဉ် တစ်စင်း ဝယ်ယူရန် အမေရိကန် ပြည်ထောင်စုနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်ဟု တနင်္ဂနွေနေ့က ပြောကြားသည်။

အမည် မဖော်ပြခြင်း မရှိသော ၃၈၀ ပေ (၁၁၅ မီတာ) အရှည် ဟာမီတန် အမျိုးအစား စစ်ရေယာဉ်သည် မနီလာ၏ ကမ်းခြေ စောင့်ရှောက်မှု စွမ်းရည်ကို သိသိသာသာ မြှင့်တင် ပေးနိုင်လိမ့်မည်ဟု ရေတပ် အကြီးအကဲ ဗိုလ်ချုပ် အလက်ဇန်းဒါးပါးမား ကဆိုသည်။

"ဟာမီတန် အမျိုးအစား စစ်သင်္ဘော ဝယ်ယူ ရရှိနိုင်မယ့် အလားအလာကို အမေရိကန် အစိုးရနဲ့ ကျွန်တော်တို့ စိတ်အား ထက်သန်စွာ ဆွေးနွေးနေပါတယ်၊ ကျွန်တော်တို့ရဲ့ သီးသန့် စီးပွားရေးဇုံ လုံခြုံရေးကို မြှင့်တင်ဖို့ အတွက် ဒီသင်္ဘောကို လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အကြီးစား ရေခဲခွဲ သင်္ဘောများမှ လွဲလျှင် ဟာမီတန် အမျိုးအစားသည် အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က အသုံးပြုနေသော အကြီးဆုံး သင်္ဘောများ ဖြစ်သည်ဟု ဗိုလ်ချုပ်ပါးမားက ဆိုသည်။

အဆိုပါ သင်္ဘော ယခုနှစ် ပထမ နှစ်ဝက်တွင် မနီလာသို့ ရောက်ရှိ လာမည်ဟု မျှော်လင့်ရပြီး ကမ္ဘာ့ သက်တမ်း အရင့်ဆုံး Cannon အမျိုးအစား ဖျက်သင်္ဘော တစ်စင်း ဖြစ်သည့် ရေတပ် အလံတင် သင်္ဘော BRP Raja Humabon ၏ နေရာကို အစားထိုးမည်ဟု ဖိလစ်ပိုင် ရေတပ်က ပြောကြားသည်။

ပြန်လည် ခေါက်သိမ်းနိုင်သော လေယာဉ်ရုံ၊ ရဟတ်ယာဉ် ကုန်းပတ်၊ ဂက်စ်တာဘိုင် အင်ဂျင် နှစ်လုံး တပ်ဆင်ထားသည့် တာမီတန် စစ်သင်္ဘောသည် ပတ်လည် ပစ်ခတ်မှု လက်နက် စနစ်များ ပါဝင်သည့် စွမ်းရည်မြင့် သင်္ဘော အမျိုးအစား ဖြစ်သည်ဟု သိရှိရသည်။ မြောက်မြားစွာသော စီစဉ်ထားမှုများ အနက်မှ ပထမဆုံး အစီအစဉ် ဖြစ်သည်ဟု ဆိုသော ယခု ဝယ်ယူမှုနှင့် ပတ်သက်သည့် တိကျသော ကိန်းဂဏန်းများကို ထုတ်ဖော် ပြောဆိုခြင်း မပြုနိုင်ဟု ဗိုလ်ချုပ် ပါးမားက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(23 ဇန်နဝါရီ 2011ရက်စွဲပါ BBC News မှ Thai "red shirts" protest and demand readers' release ကို ဘာသာ ပြန်သည်)

ရှပ်နီဝတ် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများသည် ထိုင်းနိုင်ငံ မြို့တော်တွင် ဆန္ဒပြခဲ့ကြပြီး၊ ထောင်ကျနေသော ၎င်းတို့၏ ခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရဲများက ပြောကြားရာတွင် လူပေါင်း (၂၇၀၀၀)ခန့်သည် ယမန်နှစ် ဆန္ဒပြသည့် နေရာမှ စ၍ ငြိမ်းချမ်းစွာ ချီတက်ကြပြီး ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦးသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ယမန်နှစ်က ဆန္ဒပြမှုများ အပြီးတွင် ရှပ်နီဝတ် ခေါင်းဆောင် (၁၉) ဦးနှင့် ၎င်းတို့ကို ထောက်ခံသူ ဒါဇင်ပေါင်း များစွာ ထိန်းသိမ်း ခံနေရလျက် ရှိသည်။

ဆန္ဒပြမှုများ နှိမ်နှင်းမှုကြောင့် လူ (၉၀) ကျော် သေဆုံးပြီး ရာကျော် ဒဏ်ရာ ရရှိခဲ့သည်။

တနင်္ဂနွေနေ့က United Front for Democracy against Dictatorship (UDD)၏ ဆန္ဒပြမှုမှာ ဒီဇင်ဘာ (၂၂) ရက်နေ့က ဘန်ကောက်တွင် အရေးပေါ် အခြေအနေ ရုတ်သိမ်းပြီးနောက် ဒုတိယ အကြိမ် လူများစွာ စုဝေးကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ (၉) ရက်နေ့က အရောင်းအဝယ် စည်ကားရာ Ratchprasong တွင် တန်းစီ လှည့်လည်ကြရာ အဆိုပါ ရပ်ကွက်မှ စီးပွားရေး သမားများနှင့် ကုန်သွယ်များ၏ မကျေနပ်မှုများ ဆန့်ကျင်မှု များကို ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ရပ်ကွက်မှာ ယမန်နှစ်က ရှပ်နီများ သိမ်းပိုက်ပြီး ပိတ်ဆို့ထားသော ဧရိယာ ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်မည့် အရေးကို ကုန်သည်များက မနှစ်မြို့ကြပေ။

Ratchprasong Square Trade Association က ပြောကြားရာတွင် ယမန် နှစ်တွင် ရှပ်နီများ ဆန္ဒပြမှုကြောင့် စီးပွားရေး လုပ်ငန်း (၂၀၀၀)ကျော်မှ ဘတ်(၁၁) ဘီလျံ (ဒေါ်လာ ၃၆၂ သန်း၊ ပေါင် ၂၂၆ သန်း) ဆုံးရှုံး ခဲ့ရသည်ဟု ဆိုသည်။

စစ်တပ်မှ နှိမ်နှင်းပြီး နောက်ပိုင်းတွင် စစ်သွေးကြွ ဆန္ဒပြသူ များသည် အဆိုပါ ရပ်ကွက်မှ ဒါဇင်ပေါင်း များစွာသော အဆောက် အဦးများကို တိုက်ခိုက်ပြီး မီးရှို့ခဲ့ကြသည်။

တနင်္ဂနွေနေ့က ရှပ်နီများသည် အဆိုပါ ရပ်ကွက်တွင် ဆက်လက် မချီတက်မီ (၂) နာရီသာ ရပ်နားမည်ဟု သဘော တူညီခဲ့ကြသည်။ ဆန္ဒပြ ခေါင်းဆောင် တစ်ဦးဖြစ်သူ Jatuporn Prompan က ပြောကြားရာတွင် ဆန္ဒပြမည့် နေရာများတွင် နေထိုင် လုပ်ကိုင်သူများ ဒုက္ခ မရောက်စေရေး ကြိုးစား သွားမည်ဟု ဆိုခဲ့သည်။

တနင်္ဂနွေနေ့က စီတန်း လှည့်လည်ရာ Mr Jatuporn က ကြေညာရာတွင် တစ်လလျှင် တစ်ခါသာ ဆန္ဒပြပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ယခင် စီစဉ်သကဲ့သို့ နှစ်ခါ မဟုတ်ကြောင်း ဆိုခဲ့သည်။

နောက်ဆုံး ဆန္ဒပြမှုမှာ လှုပ်ရှားမှုများ အင်အား ကြီးနေသေးကြောင်း ပြသလိုက်ခြင်း ဖြစ်ပြီး၊ ကျေးလက်နှင့် မြို့ပြမှ အလုပ်သမား လူတန်းစား၏ ထောက်ခံမှုကိုလည်း ဆွဲဆောင်ခဲ့သည်။

ယခု ဆန္ဒပြသူများသည် ၂၀၀၆ ခုနှစ်က အာဏာ သိမ်းခံရပြီး ထွက်ပြေးခဲ့ရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူများ ဖြစ်ကြသည်။

ရှပ်နီ ဆန္ဒပြသူများသည် သက်ဆင်အား ဆန့်ကျင်သူ ရှပ်ဝါ ဆန္ဒပြသူများထက် ပိုမို ဆိုးရွားစွာ နှိပ်ကွပ်ခံခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။

UDD သည် ပြီးခဲ့သည့်နှစ် ဆန္ဒပြပွဲများ အတွင်း သေဆုံးမှုများကို စုံစမ်း စစ်ဆေး နေမှုများအား အပြီးသတ်ရန် လိုလားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သော နိုင်ငံခြား ဓာတ်ပုံ သတင်းထောက် နှစ်ဦးအား ပြည်နှင်ဒဏ် ပေးမည့် ထိုင်းအစိုးရ၏ အစီအစဉ်အား အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် သတင်းစာ လွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားသော အဖွဲ့တစ်ခုက ပြစ်တင် ဝေဖန်လိုက်သည်။

ထိုင်းအခြေစိုက်၊ မြန်မာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ဂျွန်စံလင်း နှင့် ဘယ်လ်ဂျီယံ လူမျိုး ပတ်စကဲလ် ရှတ်တားမန်းတို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်စဉ် ဖမ်းဆီး ခံခဲ့ရသည်။ ၎င်းတို့အား ထိုင်းပြည်နယ် တရားရုံးက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ဒဏ်ငွေ ဘတ် ၅၀၀ (၁၆ ဒေါ်လာ) ချမှတ်ပြီး ပြည်နှင်ဒဏ်ပေးရန် ဖမ်းဆီး ချုပ်နှောင်ထားသည်။

"ထိုင်းအာဏာပိုင်များ အနေဖြင့် သတင်းစာ ဆရာများ ဖြစ်သော ဂျွန်စံလင်းနှင့် ပတ်စကဲလ် ရှတ်တားမန်းတို့အား ပြည်နှင်ဒဏ် ပေးမည့် ကိစ္စကို ပြန်လည် စဉ်းစား သုံးသပ်သင့်သည်ဟု ကျွန်ုပ်တို့က တိုက်တွန်းလိုသည်။ အထူးသဖြင့် မြန်မာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ဂျွန်စံလင်းအား မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဆိုပါက ဖိနှိပ် ညှဉ်းပန်းမှုများဖြင့် ရင်ဆိုင်ရမည့် အရေးကို အလေး အနက် စဉ်းစားသင့်သည်" ဟု သတင်းစာဆရာများ အကာအကွယ် ပေးရေး ကော်မတီ (CPJ) မှ အရှေ့တောင် အာရှ ဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ကြေညာချက် ထုတ်ပြန်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ လွတ်လွတ် လပ်လပ် ရေးသားနိုင်ဖို့ ထိုင်းနိုင်ငံဟာ ဂျာနယ်လစ်တွေ အတွက် အင်မတန် ကောင်းမွန်တဲ့၊ လုံခြုံတဲ့ နေရာ တစ်ခုပါပဲ။ ထိုင်းအစိုးရ အနေနဲ့ အဲဒီလို သတင်းစာ လွတ်လပ်ခွင့် အတွက် ဒေသတွင်း အရေးပါတဲ့ အခန်းကဏ္ဍ ရောက်နေတဲ့ အနေအထားကို ဆက်လက် ထိန်းသိမ်း ထားသင့်ပါတယ်" ဟု ၎င်းက ပြောသည်။ ထို့ပြင် မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်ရန် ၎င်းက တိုက်တွန်းသည်။

ဆယ်စုနှစ် နှစ်ခုကြာမျှ ဖြစ်ပွားခဲ့သော မြန်မာ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသော ကရင် ဒုက္ခသည် ၁၅၀၀၀၀ ခန့်အတွက် ဒုက္ခသည် စခန်းများကို ထိုင်းနိုင်ငံက အထောက်အပံ့ ပေးထားသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာပြည်မှ ထွက်ပြေးလာသော နိုင်ငံရေး သမားများ၊ လာရောက် အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာနိုင်ငံသား နှစ်သန်းခန့် အလုပ်အကိုင် ရရှိရေး အတွက် ခိုလှုံစရာ နေရာ တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီး နောက်ပိုင်း ထိုင်းနိုင်ငံတွင် နေထိုင်လျက် ရှိသော ရွှေ့ပြောင်း လုပ်သားများ အပေါ် ထိုင်းအစိုးရ၏ စာနာ ထောက်ထား စိတ်လျော့နည်း သွားမည်လော ဟူသည့်ူ စိုးရိမ် ပူပန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။

Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယ ပင်လယ်ပြင်အတွင်း ဆိုမာလီ ဓားပြများ ပြန်ပေး ဆွဲခံရသော ဓာတုပစ္စည်း တင်သင်္ဘောအား တောင်ကိုရီးယား ရေတပ် ကွန်မင်ဒိုများက ဝင်ရောက် စီးနင်းခဲ့ရာ ဓားပြ ဓားစာခံ သင်္ဘောသား အားလုံးကို ကယ်တင်လိုက်နိုင်ပြီး ဓားပြ ရှစ်ဦးကို အသေ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိကြီးများက ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အထူး တပ်ဖွဲ့ဝင်တွေက ဆိုမာလီ ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ Samho Jewelry သင်္ဘောကို ဝင်ရောက် စီးနင်းခဲ့တာ ဓားစာခံ သင်္ဘော ဝန်ထမ်းတွေ အားလုံး လွတ်မြောက်သွားပြီ ဖြစ်ပါတယ်" ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Lee Bung-Woo က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ကွန်မင်ဒို တပ်ဖွဲ့ဝင် တွေဟာ စစ်ဆင်ရေး အတွင်း ဆိုမာလီ ဓားပြ တချို့ကို ပစ်ခတ် ခဲ့ရပါတယ်။ ဒါပေမဲ့ ဓားစာခံတွေ အားလုံး အသက်ရှင်တယ်လို့ အတည်ပြု ပြောလိုပါတယ်" ဟု ဗိုလ်မှူးကြီး Lee Bung-Woo က သတင်းထောက်များကို ပြောကြားသည်။ အခြားသော ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကမူ စစ်ဆင်ရေးတွင် ဆိုမာလီ ဓားပြ ရှစ်ဦး သေဆုံးသွားကြောင်း ပြောကြားသည်။

ပြန်ပေး ဆွဲထားသော သင်္ဘောပေါ်မှ ဓားစာခံများအား ပြန်လည် ကယ်တင်မှုကို ဆိုမာလီယာ နိုင်ငံ အနောက် မြောက်ဘက် မိုင် ၈၀၀ အကွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေး အတွင်း ပြန်ပေးဆွဲ ခံရသော သင်္ဘော ကပ္ပတိန် ဖြစ်သူမှာ ဝမ်းဗိုက်ပိုင်း၌ သေနတ် ဒဏ်ရာ ရရှိခဲ့သော်လည်း အသက် အန္တရာယ် အတွက် စိုးရိမ်စရာ မလိုအပ်ကြောင်း ဗိုလ်မှူးကြီး Lee Bung-Woo က ပြောကြားသည်။

ပင်လယ် ဓားပြများသည် သင်္ဘော ဝန်ထမ်း ၂၁ ဦး ပါဝင်ပြီး တန်ပေါင်း ၁၁၅၀၀ ရှိသည့် သင်္ဘောကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ သင်္ဘော ဝန်ထမ်းများတွင် တောင်ကိုရီးယား နိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှား နိုင်ငံသား နှစ်ဦး နှင့် မြန်မာ နိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။ ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ ရက်နေ့က UAE နိုင်ငံမှ သီရိလင်္ကာသို့ ခုတ်မောင်းသွားစဉ် အာရေးဘီးယန်း ပင်လယ်အတွင်း ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောအား ပြန်လည် ကယ်တင်ရန် အီဒန် ပင်လယ်ကွေ့တွင်း ကင်းလှည့်လျက် ရှိသော အစောင့် သင်္ဘောအား ဆိုးလ်အစိုးရက အမိန့်ပေးခဲ့သည်။ တောင်ကိုရီးယား သမ္မတ Lee Myung-Bak ကလည်း ဓားစာခံ သင်္ဘောသား အားလုံးကို ကယ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ခြေ ရှိသော လုပ်ဆောင်ချက်များ အားလုံး လုပ်ကိုင်ရန် အမိန့် ထုတ်ခဲ့သည်။

တောင်ကိုရီးယား စစ်တပ်အဆိုအရ ဓားစာခံများကို ကယ်တင်နိုင်သည့် ဖြစ်ရပ်မှာ ဓားပြများနှင့် ကွန်မင်ဒို တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓားပြများက မွန်ဂိုလီးယား သင်္ဘော တစ်စင်းကို ထပ်မံ ပြန်ပေးဆွဲရန် ကြိုးစားစဉ် ကွန်မန်ဒို တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား ကွန်မန်ဒိုများက အမြန် မော်တော်ဘုတ်ဖြင့် လည်းကောင်း၊ Lynx ရဟတ်ယာဉ်ဖြင့် လည်းကောင်း မွန်ဂိုလီးယား သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ပြီးနောက် ဓားပြများနှင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ အချို့သော ပင်လယ်ဓားပြများ ပျောက်ဆုံးလျက် ရှိကြောင်း၊ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပင်လယ် ဓားပြများ၏ ရုပ်အလောင်းများလည်း ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် ကွန်မန်ဒို သုံးဦး ဒဏ်ရာ အနည်းငယ် ရရှိသွားသည်။ နှစ်ရက် အကြာတွင် အိုမန် ရေတပ် အကူအညီဖြင့် တောင်ကိုရီးယား အထူး ကွန်မင်ဒိုများ ဓာတုပစ္စည်းတင် သင်္ဘောကို စီးနင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စီးနင်း သိမ်းပိုက်မှု အောင်မြင်ခဲ့ခြင်းသည် တောင်ကိုရီးယား စစ်တပ်အတွက် ဂုဏ်ယူစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရသည်။ တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယား ဘက်က အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် တုံ့ပြန်မှု အားနည်း ခဲ့သောကြောင့် များစွာ ပြစ်တင် ဝေဖန်ခံခဲ့ရသည်။ ယခု ဖြစ်ရပ်ကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ပြီးပြည့်စုံသော အောင်မြင်မှု တစ်ရပ် အဖြစ် ချီးမွမ်း ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများ အားလုံး ဖယ်ရှားပေးရန် တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများက တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ထွက်လာမည့် ပါလီမန် လွှတ်တော် ခေါ်ယူရန် ပြင်ဆင်နေချိန်တွင် တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများက ပြဌာန်းထားသော မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူရေး မူဝါဒများသည် အရေးကြီးသော နယ်ပယ်များ ဖြစ်သည့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် မော်ဒန် နည်းပညာများ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုး တိုးတက်မှု အစရှိသည် တို့တွင် အခက်အခဲ များစွာ ဖြစ်ပေါ်စေကြောင်း တိုင်းရင်းသား အတိုက်အခံ ပါတီကြီးများ ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

"အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများ အားလုံးကို ဖယ်ရှားပေးရန် ကျွန်ုပ်တို့ တိုင်းရင်းသား ပါတီများက အတူတကွ အဆို ပြုလိုက်ပါသည်" ဟု ပါရှိသည်။

အဆိုပါ ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရခိုင် အမျိုးသားများ ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ပြည်လုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ Phalon-Sawaw ဒီမိုကရက်တစ် ပါတီတို့က လက်မှတ် ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အတိုက်အခံ တိုင်းရင်းသား ပါတီကြီး ငါးခုသည် အငြင်းပွားစရာ ဖြစ်ခဲ့သည့် နိုဝင်ဘာ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီး ယင်းတို့ အနက်မှ SNDP ပါတီသည် အမတ် နေရာ ၅၇ နေရာရရှိခဲ့ကာ တိုင်းရင်းသား ပါတီများတွင် မဲအများဆုံး ရရှိခဲ့သည့် ပါတီ ဖြစ်ခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ "S. Korea seeks Conger-range missiles" သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားသည် ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံကို ပတ်ခတ်နိုင်စွမ်း ရှိသည့် ကိုယ်ပိုင် တိုက်ချင်းပစ် ဒုံးကျည် ပြုလုပ်ရန် အတွက် အမေရိကန် ပြည်ထောင်စု၏ ခွင့်ပြုချက် ရအောင် ကြိုးစားနေသည်ဟု အစိုးရ တာဝန်ရှိသူ တစ်ဦး ပြောကြားသည့် အတိုင်း ယွန်ဟတ် သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်း ဖော်ပြသည်။

၂၀၀၁ ခုနှစ်က ဝါရှင်တန်နှင့် ချုပ်ဆိုခဲ့သော ၅၀၀ ကီလိုဂရမ် အထိ သယ်ဆောင်နိုင်ကာ ကီလိုမီတာ ၃၀၀ အကွာအထိ ပစ်လွှတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်မှုကို ကန့်သတ်သည့် စာချုပ်ကို ပြန်လည် ပြင်ဆင်ရန် ဆိုးလ်က ဆန္ဒ ရှိနေသည်ဟု အဆိုပါ သတင်းက ဆိုသည်။

"ဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေးကို တိုးချဲ့ဖို့ အတွက် တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စု အကြား ဆွေးနွေး ညှိနှိုင်းမှုတွေကို မနှစ်က စပြီး ပြုလုပ်ခဲ့ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက် စလုံးက အပြန်အလှန် နားလည် သဘောပေါက်မှု ရရှိထားပါတယ်" ဟု အမည် မဖော်သော သတင်း ရင်းမြစ်က ယွန်ဟတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ဆွေးနွေးမှုတွေက ကနဦး အဆင့်သာ ရှိသေးတဲ့ အတွက် ဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေး ဘယ်လောက်အထိ တိုးချဲ့နိုင်မယ် ဆိုတာ ပြောဖို့ စောလွန်းပါသေးတယ်၊ ဒါပေမယ့် ကီလိုမီတာ ၁၀၀၀ ကျော်အထိ တိုးချဲ့ဖို့ လိုအပ်ပါတယ်" ဟု အဆိုပါ သတင်းရပ်ကွက် ဆိုသည်။ ဆိုးလ်မှ အစိုးရ တာဝန် ရှိသူများက အဆိုပါ သတင်း အပေါ် မှတ်ချက် ပေးရန် ငြင်းဆိုခဲ့သည်။

တောင်ကိုရီးယားသည် ၎င်းဒုံးပျံ အင်အားထက် အရေအတွက်ကော၊ အရည်အသွေးပါ အင်အား မမျှအောင် သာလွန်သည့် အိမ်နီးချင်း နိုင်ငံ၏ ကျူးကျော် ရန်စမှု အန္တရာယ်ကို နှစ်ပေါင်း များစွာ ရင်ဆိုင်ခဲ့ရသည်။

မြောက်ကိုရီးယား နိုင်ငံက တိုက်ချင်းပစ် ဒုံးကျည် ၈၀၀ ကျော်နှင့် အကွာအဝေး မျိုးစုံ ပစ်ခတ်နိုင်သော ဒုံးကျည် ၁၀၀၀ ကျော်ကို ပိုင်ဆိုင်ထားသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 22 Jan 2011 ရက်စွဲပါ "Myanmar's Suu Kyi going online" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ စစ်ဖက် အစိုးရက သူမအား ပြင်ကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက် လုနီးနီး ဖြစ်အောင် နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီးနောက် ယခုအခါ online အသုံးပြုရန် အဆင်သင့် ဖြစ်နေပြီဟု သိရှိရသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထု ခေါင်းဆောင်သည် ၇နှစ် ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

သူမသည် ယခုအခါ အင်တာနက် အသုံးပြုခွင့် ရရှိထားပြီး ဖြစ်၍ အအေးမိ၊ ချောင်းဆိုး ဝေဒနာမှ သက်သာလာသည့် အချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ အဆက်အသွယ်များကို ကျယ်ကျယ် ပြန့်ပြန့် စတင် ဆက်သွယ်တော့မည်ဟု သူမ၏ လုံခြုံရေး အကြီးအကဲ ဦးဝင်းထိန်က စနေနေ့တွင် ပြောကြားသည်။

သူမသည် မကြာမီ အတွင်း Twitter ကိုပင် အသုံးပြုဖွယ် ရှိသည်ဟု ၎င်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(the daily star.net မှ 23 Jan 2011 ရက်စွဲပါ "Four-State Forum Held in China" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့၏ ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ၉ ကြိမ်မြောက် ဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း မြို့တော်၌ ဇန်နဝါရီ ၁၈-၁၉ တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် မီဂျာရူးကွာရက်စ်၊ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဂူရှောက်ဇီ၊ ယခင် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အီရစ်ဂွန်စာဗက်၊ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်တို့က ကိုယ်စားလှယ် အဖွဲ့ အသီးသီးကို ဦးဆောင်ကာ အစည်းအဝေး တက်ရောက်ခဲ့ကြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ချန်ဂူပင်းက ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်ဟု ယမန်နေ့က သတင်း ရရှိသည်။

ယခု ဖိုရမ်သည် ဒေသ၏ အရေးကြီးသော ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း တစ်ရပ် ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများ အကြား လက်တွေ့ ကျကျ ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းရေး၊ ချစ်ကြည် ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံမှု တိုးတက်ရေး၊ အကျိုးတူ ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးတို့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင် နေသည်ဟု ချန်ဂူပင်းက ပြောကြားသည်။

တောင်အာရ နိုင်ငံများနှင့် ဆက်ဆံရေးမှာ အလွန့်အလွန် အရေးကြီးသည်ဟု တရုတ်အစိုးရက ခံယူထားပြီး ဖိုရမ် ဖွံ့ဖြိုး တိုးတက်မှုကို ခိုင်ခိုင်မာမာ အားပေး ထောက်ခံခဲ့သည်ဟု ၎င်းကဆိုသည်။

ဖိုရမ်တွင် ယူနန်ပြည်နယ်က တက်ကြွစွာ ပါဝင်ခြင်းကို တရုတ် အစိုးရက ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကာ ဖိုရမ်၏ ကြီးမားသော အသစ် တိုးတက် ပြောင်းလဲမှုများ ရရှိအောင် အပတ် တကုတ် ကြိုးစားနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အစည်းအဝေးတွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် Track I ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူ လမ်းကြောင်း ပေါင်းစုံ ဆောင်ရွက်ရေး၊ စီးပွားရေး ကောင်စီ ဖွဲ့စည်းရေး အချင်းချင်း ဆက်သွယ်မှု မြှင့်တင်ရေး၊ ကားမောင်း ပြိုင်ပွဲ ကျင်းပရေး စသည့် အချက်များ ပါဝင်သည့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ် စတင်မှုကို အားပေး မြှင့်တင်ခြင်း ကဲ့သို့သော ကိစ္စရပ် အတော် များများတွင် ၄ နိုင်ငံ စလုံး တခဲနက် သဘောတူ ခဲ့ကြသည်ဟု ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 22 Jan 2011 ရက်စွဲပါ "Obama  warned Hu to pressure N.Korea" သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ၎င်းအနေဖြင့် အာရှတိုက်တွင် အမေရိကန် တပ်ဖွဲ့များ ပြန်လည် တပ်စွဲရန် ဖိအားပေး လုပ်ဆောင်ဖွယ် ရှိသည်ဟု တရုတ် သမ္မတ ဟူကျင်းတောင်ကို သတိပေးလိုက်ပြီး မြောက်ကိုရီးယား အပေါ် တရုတ်နိုင်ငံက တင်းတင်းမာမာ ဆက်ဆံအောင် ဖိအား ပေးလိုက်သည်ဟု  တာဝန်ရှိသူ တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများ၊ နျူကလီယာ အစီအစဉ်နှင့် ရန်လိုသော အပြုအမူကြောင့် အမေရိကန်ပြည်မနှင့် အာရှမှ မဟာမိတ်များ အတွက် ပြုံယမ်းသည် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသည်ဟု ဝါရှင်တန်ကို ရှုမြင်လာစေခဲ့ကြောင်း သမ္မတ အိုဘားမားက တရုတ် ခေါင်းဆောင်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

 တရုတ် သမ္မတ၏ နိုင်ငံတော် ခရီးစဉ် အတော အတွင်း ဟူကျင်းတောင်နှင့် အိုဘားမား အကြား ဆွေးနွေးပွဲများတွင် မြောက်ကိုရီးယား အရေးသည် အဓိက ဆွေးနွေးသည့် ကိစ္စ ဖြစ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ သတိပေးမှုများက မြောက်ကိုရီးယား အပေါ် တရုတ်က ပို၍ ကြပ်မတ် လာစေရန် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ သတိပေးမှုကို အိုဘားမားနှင့် ဟူကျင့်တောင် အကြား ယခင်လ တယ်လီဖုန်း ဆက်သွယ် ပြောဆိုရာတွင် ပထမဆုံး ပြုလုပ်ခဲ့ပြီး အင်္ဂါနေ့က အိမ်ဖြူတော် သီးသန့် ညစာစားပွဲတွင် ထပ်မံ ပြုလုပ်ခဲ့သည်ဟု New York Times က အစောပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဆိုးလ်က လက်ခံသော ပြုံယမ်း၏ ယခု တစ်ပတ် ကမ်းလှမ်းမှု ဖြစ်သည့် တောင်နှင့် မြောက်ကိုရီယား အကြား ထိပ်ပိုင်း အဆင့် စစ်ဖက်ဆွေးနွေးပွဲ ပြန်လည် စတင်ရေး အစီအစဉ်ကို သမ္မတဟူနှင့် သမ္မတ အိုဘားမား တို့အကြား ဆွေးနွေးမှုများက ပံ့ပိုး ဖြစ်ပေါ်စေခဲ့သည်ဟု အိမ်ဖြူတော် တာဝန် ရှိသူများက ဆိုသည်။

လူအသေ အပျောက် ရှိခဲ့သော နိုဝင်ဘာလ တောင်ကိုရီးယားကျွန်းကို မြောက်ကိုရီးယား၏ အမြှောက် ပစ်ခတ်မှု နောက်ပိုင်း ယခု ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်မှာ ပထမဆုံး ဖြစ်လာဖွယ် ရှိသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်ကို စစ်ရိပ် စစ်ငွေ့ သန်းစေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Yahoo News မှ 22 Jan 2011 ရက်စွဲပါ " North Korea issues first report on Hu-Obama summit" သတင်းကို ဘာသာ ပြန်ဆိုသည်)

အမရိကန် သမ္မတ အိုဘားမားနှင့် တရုတ် သမ္မတ ဟူကျင့်တောင်တို့ အကြား လတ်တလော ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ပထမဆုံး သတင်း ဖော်ပြမှုကို ထုတ်ပြန်လိုက်သည်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲများ အပြီး ထုတ်ပြန်သော ပူးတွဲ ကြေညာချက်သည် ကိုရီးယား နှစ်နိုင်ငံ အကြား ဆက်ဆံမှု တိုးတက်ရေး အရေးကြီးပုံကို အလေးထား ဖော်ပြထားပြီး တွေ့ဆုံ ဆွေးနွေးကြရန် တောင်းဆိုထားသည်ဟု ပြုံယမ်း၏ KCNA သတင်းဌာနက ပြောကြားသည်။

အဆိုပါပူးတွဲ ကြေညာချက်တွင် မြောက်ကိုရီးယား၏ နျူကလီယာ လက်နက် အစီအစဉ် အဆုံးသတ်ရေး ဆိုင်ရာ ခြောက်နိုင်ငံ စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲများ စောစီးစွာ ပြန်လည် စတင်ရေး ကိုလည်း တောင်းဆို တိုက်တွန်းထားသည်ဟု KCNA က သတင်း ဖော်ပြသည်။

KCNA ၏ သတင်း အကျဉ်းမှာ အိုဘားမား-ဟူကျင့်တောင် ထိပ်သီး ဆွေးနွေးပွဲ အပေါ် မြောက်ကိုရီးယား၏ ပထမဆုံး သတင်း ထုတ်ပြန်မှု ဖြစ်ပြီး တစုံတရာ မှတ်ချက် ပေးမှု မပါဝင်ပါ။

ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ ပြုလုပ်ရန် မြောက်ကိုရီးယား အဆိုပြုချက်ကို လက်ခံရန် တောင်ကိုရီးယားက ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်ရက် အကြာတွင် KCNA ၏ သတင်း ထုတ်ပြန်မှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။