Transparency Myanmar

transparency.myanmar@gmail.com

AFP, 6th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် အပြစ်ရှိသော မြောက်ကိုရီးယား အနေဖြင့် တန်ဖိုး တစ်ခု ပေးဆပ်ရမည်ဟု အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး၊ ပြုံးယမ်း အစိုးရထံမှ အလားအလာ ရှိသော ရန်စ ကျူးကျော်မှုများ အတွက်ကိုလည်း ဝါရှင်တန်နှင့် ၎င်း၏ အာရှ မဟာမိတ်များက အသင့် ပြင်ဆင်ထားသည်။

စုစည်း ညီညွတ်မှုကို ပြသသည့် အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးများသည် မြောက်ကိုရီးယား အပေါ် အရေးယူမည့် အစီအစဉ်များကို ဆွေးနွေးရန် စင်္ကာပူတွင် တွေ့ဆုံခဲ့ကြပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ချိုနန် နစ်မြုပ်မှုမှ အစပြုခဲ့သည့် ပြဿနာကို ကိုင်တွယ်ရန် ပြင်ဆင်လျက် ရှိသည်။

ဆက်လက် ဖော်ပြလာနိုင်သည့် ကျူးကျော် ရန်စမှုများကို ဟန့်တားရန် ညီညွတ်သော တပ်ဦး တစ်စုရှိရန် အလွန် အရေးကြီးသည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က ၎င်း၏ မဟာမိတ် ကာကွယ်ရေး ဝန်ကြီးများကို ပြောကြားခဲ့ကြောင်း Gates ၏ ပြန်ကြားရေး အတွင်းဝန် Geoff Morrell က သတင်းထောက်များအား ထုတ်ပြန်သည်။

တောင်ကိုရီးယား ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံး စေခဲ့သော မြောက်ကိုရီးယား၏ တိုပီဒို ပစ်ခတ်မှုကို အစည်းအဝေးတွင် ပြစ်တင် ရှုတ်ချခဲ့သကဲ့သို့ ဝါရှင်တန်နှင့် ဆိုးလ်က "စိတ်အေးအေး ထားကြရန်နှင့် စစ်ရေးအရ တုန့်ပြန်မည့် ဆွေးနွေးမှုမျိုးကို ရှောင်ရှားကြရန်" တောင်းဆိုခဲ့သည်။

သို့သော်လည်း မျှော်လင့် မထားသည့် ကိစ္စများကို လုပ်လေ့ရှိသည့် မြောက်ကိုရီးယား၏ အမူအကျင့်ကြောင့် ဖြစ်လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှု အတွက် အမေရိကန် ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များက ကြိုတင် ပြင်ဆင်ထားရလိမ့်မည်ဟု Morrell က ဆိုသည်။

"မြောက်ကိုရီးယားလို ခန့်မှန်းရ ခက်တဲ့ အစိုးရနဲ့ ဆက်ဆံမယ်ဆိုရင် စိုးရိမ် ပူပန်မှုကတော့ အမြဲ ရှိနေမှာပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား တိုပီဒိုကြောင့် ချိုနန် နစ်မြုပ်ခဲ့သည်ဟု နိုင်ငံစုံ စစ်ဆေးရေး အဖွဲ့က ယခင်လက ကောက်ချက်ချခဲ့ခြင်း၊ တောင်ကိုရီးယားက ကုန်သွယ်ရေး ရပ်ဆိုင်း၍ တုန့်ပြန်ခြင်း၊ ကွန်မြူနစ် မြောက်ကိုရီးယားက တိုက်မည် ခိုက်မည်ဟု ခြိမ်းခြောက်နေခြင်း စသည်တို့ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ကုလသမဂ္ဂ သံတမန် နည်းလမ်း၊ တောင်ကိုရီးယားနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ခြင်း စသည့်တို့အပြင် မြောက်ကိုရီးယား အပေါ် အရေးယူနိုင်မည့် ရွေးချယ်စရာ အခြား နည်းလမ်းများကိုလည်း အမေရိကန် အစိုးရက စဉ်းစား ရှာဖွေနေသည် ဟု Robert Gates က စင်္ကာပူတွင် ကျင်းပသော လုံခြုံရေး ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

မည်သည့် အစီအစဉ်များ ဖြစ်ဖွယ်ရှိသည် ဆိုသည်ကိုမူ Gates က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း နိုင်ငံတကာ၏ ပစ်ပယ်မှုကို ကြုံတွေ့ပြီးသား နိုင်ငံအပေါ် အရေးယူနိုင်မည့် နည်းလမ်း ရှာရခြင်းမှာ စိန်ခေါ်မှု တစ်ခု ဖြစ်သည်ကို အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက အသိအမှတ်ပြု ဝန်ခံသည်။

"အကျိုးဆက်ကတော့ ရှိလာမှာပါ။ ဒါပေမယ့် လုပ်နေကျ ပုံစံတွေနဲ့ကတော့ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး" ဟု Morrell က ဆိုသည်။

ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ကာကွယ်ရေး ဝန်ကြီးများနှင့် အစည်းအဝေးတွင် တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် အပြစ်တင်သည့် အထောက်အထားများကို တင်ပြခဲ့ပြီး ယခုအချိန်ထိ မြောက်ကိုရီးယား အပေါ် အပြစ်မတင်ဘဲ ငြိမ်သက်နေသည့် ရုရှားနှင့် တရုတ်ကို ဖိအားပေးရန် ကြိုးစားလျက် ရှိသည်။

ရုရှားနှင့် တရုတ်ကို သိသိသာသာ ရည်ရွယ်သည့် မိန့်ခွန်း ပြောကြားသော သမ္မတ လီမြောင်ဘက်က "ယခု ကိစ္စတွင် မပတ်သက်ကြောင်း ပြုံးယမ်း၏ ငြင်းဆိုမှုသည် ရယ်ရွှင်ဖွယ် ကောင်းသည်" ဟု ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယား အပေါ် ထပ်မံ အရေးယူရန် တောင်းဆိုမှုများကိုမူ ရပ်ဆိုင်းခဲ့သည်။

အဓိက စစ်အင်အား ပြသသည့် အနေဖြင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ဆိုးလ်နှင့် ဝါရှင်တန်က စဉ်းစား သုံးသပ်နေသည်ဟု အမေရိကန် အရာရှိများက ဆိုသည်။

သို့ရာတွင် ပူးတွဲ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုများ လာမည့် အပတ်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းကို ဆိုင်းငံ့ ထားလိုက်ပြီး ယခု ဆိုင်းငံ့မှုကြောင့် ကုလသမဂ္ဂ သံတမန်ရေး နည်းလမ်းအရ ဆောင်ရွက်မှု အတွက် အချိန် ပိုရလိမ့်မည်ဟု Gates က ဆိုသည်။

ဆိုးလ်အနေဖြင့် ကုလသမဂ္ဂ ညီလာခံ ဆုံးဖြတ်ချက် ရရှိအောင် ကြိုးစားမည့်အစား လုံခြုံရေး ကောင်စီက ပြုံးယမ်း အပေါ် ကန့်ကွက်သည့် စာကို ရရှိအောင် ကြိုးစားရမည်ဟု Gates က ပြောကြားသည်။

"ယခုကဲ့သို့ သံတမန်ရေးရာ နည်းလမ်း ဗျူဟာများသည် မိမိတို့ ကြုံတွေ့ဖူးပြီးသား ပြုံးယမ်း၏ ကျူးကျော် ရန်စတတ်သော သဘာဝကို အမှတ်သည်းခြေ မရှိခြင်း မဟုတ်ကြောင်း၊ ရှေ့တွင် ဖြစ်လာနိုင်သည့် မြောက်ကိုရီးယားထံမှ ကျူးကျော် ရန်စမှုများ၊ မတည်ငြိမ်အောင် လှုံ့ဆော်မှုများနှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှုများကို ပိုမို ဖြေရှင်းနိုင်စေရန်သာ ဖြစ်ကြောင်း" Gates က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယခု ပြဿနာ၏ အတိုင်းအဆနှင့် အချိုး ညီမျှသော လုံခြုံရေးကောင်စီ၏ တုန့်ပြန် ဆောင်ရွက်မှုကို တောင်းဆိုထားသည့် ပေးစာကို မက္ကဆီကန် သံအမတ်ကြီး Claude Heller ၏ လက်ထဲသို့ ပေးအပ်ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ပတ်အင်ကွတ်က ပြောကြားလိုက်သည်။

ယခုလအတွက် လုံခြုံရေးကောင်စီ သဘာပတိအဖြစ် ဆောင်ရွက်နေသူ Claude Heller က "အခြား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များနှင့် တိုင်ပင်ညှိနှိုင်းမှုကို စတင်တော့မည်" ဟု ပြောကြားသည်။

ချိုနန်သင်္ဘောကို မြောက်ကိုရီးယားက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်၊ ကိုရီးယား စစ်ပွဲ ပြီးဆုံးခဲ့သည့် ၁၉၅၃ အပစ်ရပ် စာချုပ်၊ ၁၉၉၂ အပြန်အလှန် မကျူးကျော်ရေး စာချုပ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပတ်အင်ကွတ်က ၎င်း၏ လုံခြုံရေး ကောင်စီထံ ပေးစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly.Business Roundup, 5th June 2010

တရုတ်နိုင်ငံ၏ အကြီးဆုံးနိုင်ငံပိုင် ဓာတ်အားလုပ်ငန်းများထဲမှ ကုမ္ပဏီ တစ်ခုသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံးနှင့် ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ တရုတ် ဓာတ်အားပေး ကုမ္ပဏီ ဖြစ်သော ဘေဂျင်း အခြေစိုက် Guodian Corporation ကမူ စီမံကိန်းများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့အကြား ဗဟို စီးပွားရေး အုပ်ချုပ်မှု လမ်းကြောင်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဆိုးဝါးစွာ ကြုံတွေ့နေရသဖြင့် အထက်ပါ ကြေညာချက် အကျဉ်းချုပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံ၏ ကျောက်မီးသွေး ရုပ်ကြွင်းများ အများဆုံး တည်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံကို တည်ဆောက်မည့် အလားအလာ ရှိသည်။

"မြန်မာပြည် အလယ်ဗဟိုမှာ လျှပ်စစ်ဓာတ်အား ပြဿနာကို ဆိုးဆိုးဝါးဝါး တွေ့ကြုံနေရတာဟာ အံ့သြစရာ မရှိပါဘူး" ဟု ဘန်ကောက် စွမ်းအင်ကဏ္ဍ အတိုင်ပင်ခံ Collin Reynolds က ဆိုသည်။ "အစကတည်းက လုံလောက်မှု မရှိတဲ့ လျှပ်စစ်ဓာတ်အား ပို့လွှတ်၊ ဖြန့်ဖြူးမှု အပေါ်ကို နေပြည်တော် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ဝန်ပိနေတာပါ" ဟု ၎င်းတို့ ပြောကြားသည်။

"တကယ်လို့ "Guodian" က ဓာတ်အားပေးစက်ရုံ အသစ်တွေ တည်ဆောက်မယ်ဆိုရင် ဓာတ်အား ပို့လွှတ်တဲ့ လိုင်းတွေကိုလည်း ခံနိုင်ဝန်ရှိအောင် အဆင့်မြှင့်ပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း အကုန်လုံးဟာ ဘန်ကောက်ကိုတောင် မီးထွန်းနိုင်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

Guodian Corporation ၏ တရုတ်နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ၂၀၀၉ နှစ်ကုန်တွင် ၈၂,၀၀၀ မဂ္ဂါဝပ် ရှိခဲ့သည်။ အဆိုပါ ပမာဏသည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့၏ စုပေါင်း လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းထက် ပိုများကြောင်း တွေ့ရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 yahoo News, By Dan De Luce in AFP, 4th June 2010

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ အပေါ် ပြုံးယမ်းနှင့် နျူကလီယာ လက်နက် ထုတ်လုပ်မှုများ အတွက် အလုပ် အတူလုပ်လျက် ရှိကြောင်း စွပ်စွဲချက်များနှင့် အတူ မြောက်ကိုးရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ တိုးတက်လာမှုကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ရကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။

အမေရိကန် အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ပြုံးယမ်း အပေါ် လက်နက်များနှင့် နျူကလီယာ နည်းပညာများ တင်ပို့ရောင်းချမှု ပိတ်ပင်ထားခြင်း ဆုံးဖြတ်ချက်ကို အခြေခံ၍ မြန်မာနိုင်ငံအား အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး Robert Gates ၏ သတင်း ထုတ်ပြန်ရေး အရာရှိက ပြောသည်။

"ကျွန်တော်တို့ဟာ DPRK (မြောက်ကိုးရီးယား) နဲ့ စစ်ရေး အရ ဆက်ဆံရေးတွေ တိုးတက်လာတာကို စိုးရိမ်နေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် လိုက်နာရေး အတွက် စောင့်ကြည့်နေပါတယ်'' ဟု သတင်း ထုတ်ပြန်ရေး အရာရှိ Geoff Morrell က AFP သို့ email ဖြင့် ပြောခဲ့သည်။

မြန်မာနိုင်ငံအား မြောက်ကိုးရီးယား အကူအညီဖြင့် နျူကလီယာ အစီအစဉ်များ တိုးတက်ရေး ဆောင်ရွက်နေသော နိုင်ငံများ စာရင်းတွင် ထည့်သွင်းထားသော စွပ်စွဲချက် အသစ်များကိုမူ Morrell က မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။

သို့သော် အမေရိကန် ဆီနိတ်တာ Jim Webb သည် အဆိုပါ စွပ်စွဲချက် အသစ်များကြောင့် ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား ချက်ခြင်း ဖျက်သိမ်းခဲ့သည်။

Webb သည် မြန်မာ အစိုးရနှင့် လည်းကောင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များသည် အချိန်တော်ကြာကပင် ငွေဆင်းရဲသော မြောက်ကိုးရီးယား အစိုးရ၏ နျူကလီယာ လက်နက်နှင့် နည်းပညာများ သို့မဟုတ် ဒုံးကျည် အစိတ်အပိုင်းများကို နိုင်ငံခြားသို့ ရောင်းချနေမှုှုှု အတွက် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

ဝါရှင်တန်သည် ယခင်က မြောက်ကိုးရီးယားသည် ဆီးရီးယားတွင် အစ္စရေးတို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သော ပလူတိုနီယမ် အက်တမ်မစ် ဓါတ်ပေါင်းဖို ဆောက်လုပ်ရာတွင် အကူအညီ ပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

နျူကလီယာ လက်နက်ကိုင်ဆောင်သော မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံတို့သည် ပတ်သက် ဆက်နွယ်နေကြောင်း အသေးစိတ် အချက်များ ယခင်က ရှိခဲ့ခြင်းကြောင့် ဝါရှင်တန်က စိုးရိမ်မှု ဖြစ်ခဲ့သော်လည်း မြန်မာအစိုးရနှင့် ဆက်ဆံရန် မူဝါဒသစ် ချမှတ်ခဲ့သည်။

"ဒီနေ့ ထုတ်ဝေတဲ့ သတင်းတွေမှာ မြန်မာအစိုးရဟာ မြောက်ကိုးရီးယားနဲ့ နျူကလီယာ အစီအစဉ်များ ဖွံ့ဖြိုးရေး အတွက် လက်တွဲနေတယ် ဆိုတဲ့ ဖြစ်နိုင်တဲ့ စွပ်စွဲချက်တွေ ပါဝင်နေပါတယ် '' ဟု Webb က ဘန်ကောက်တွင် ပြောခဲ့သည်။

Webb က သတင်းထောက်များသို့ ပြောကြားရာတွင် သောကြာနေ့က AL Jazeera မှ လွှင့်သော သတင်းများတွင် မြန်မာအစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို ဖွင့်ထုတ်ထားသော ဖိုင်များ ရာပေါင်းများစွာ ရှိကြောင်း မြန်မာ့စစ်တပ်မှ အရာရှိဟောင်း တစ်ဦး၏ ပြောဆိုချက် ပါဝင်ကြောင်း ပြောခဲ့သည်။

၎င်း အရာရှိဟောင်းသည် စစ်အစိုးရ၏ လျှို့ဝှက် စစ်တပ်စက်ရုံ အတွက် နျူကလီယာ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

Webb သည် ပြီးခဲ့သည့် လက မြန်မာနိုင်ငံမှ အပြန် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Campbell ပြောကြားခဲ့သော မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ မြောက်ကိုးရီးယား အပေါ် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားမှု ဆုံးဖြတ်ချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲချက်ကိုလည်း ကိုးကားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံနှင့် နျူကလီယာ နည်းပညာများ ဖလှယ်နေသည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ဆီနိတ်တာ Jim Webb ၏ ခရီးစဉ် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ မည်သို့မျှ ပြောကြားခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် နှစ်ကလည်း အမေရိကန် ရေတပ်သည် မြောက်ကိုးရီးယားမှ ဒုံးကျည် အစိတ်အပိုင်းများ သို့မဟုတ် သာမန် လက်နက်များ တင်ဆောင်လာသည်ဟု သံသယ ရှိသော ကုန်တင် သင်္ဘော တစ်စီး မြန်မာနိုင်ငံသို့ ဦးတည်နေသည်ကို ခြေရာခံမိခဲ့ဖူးသည်။

အဆိုပါ သင်္ဘောသည် စင်ကာပူတွင် ဆီဖြည့်ရန် ကြိုးစားခဲ့သော်လည်း မြောက်ကိုးရီးယားသို့ ပြန်လှည့်သွားခဲ့သည်။ အမေရိကန် အစိုးရ တာဝန်ရှိသူများက ယင်းကိစ္စကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်သည်ဟု သံသယရှိသော မြောက်ကိုးရီးယား သင်္ဘောများကို ရှာဖွေခွင့် ပြုထားသည့် အတွက် အောင်မြင်စွာ လုပ်ကိုင်နိုင်သည်ကို ဂုဏ်ယူလျက် ရှိသည်။

မြောက်ကိုးရီးယား၏ ဒေသတွင်းရှိ ကဏ္ဍ ကိစ္စမှာ ယခု အပတ် စင်ကာပူတွင် ကျင်းပမည့် နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် အရေးတကြီး ပြောရမည့် ကိစ္စ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Gates ကလည်း အာဆီယံ ဝန်ကြီးများနှင့် အတူ ဆွေးနွေးမည် ဖြစ်ပါသည်။

ကြာသပတေးနေ့က စင်ကာပူသို့ မရောက်မီ Gates က လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားရာ၌ မြောက်ကိုးရီးယားသည် သာမန်ထက် မထင်မှတ်သည်များ ဖြစ်လာနေကြောင်း ဆိုသည်။

မေလ (၂၀) ရက်နေ့က နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများက ပြီးခဲ့သည့် မတ်လ တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုးရီးယား တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သက်သေ အထောက်အထားများနှင့် ကြေညာခဲ့သည်။ အဆိုပါ ကိစ္စအား မြောက်ကိုးရီးယားမှ ငြင်းဆိုခဲ့ပြီး၊ တောင်ကိုးရီးယားမှ လက်တုန့်ပြန်ပါက စစ်ပွဲ ဖြစ်ပေါ်နိုင်သည်ဟု မြောက်ကိုးရီးယားက ခြိမ်းခြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama News, 3rd June 2010

မြန်မာနိုင်ငံကို ဆင်းရဲနွမ်းပါးသော နိုင်ငံဟု သတ်မှတ် ထားကြသော်လည်း ၂၀၁၃ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံ ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည် စိတ်ချကြောင်း မလေးရှား အိုလံပစ် ကောင်စီ OCM က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၏ အားကစားပြိုင်ပွဲ လက်ခံ ကျင်းပနိုင်စွမ်းအပေါ် ဝေဖန် ဆန်းစစ်သူများ၏ သံသယများ ကြီးထွားနေသည့် ကြားမှ OCM ဂုဏ်ထူးဆောင် အတွင်းရေးမှူး Sieh Kok Chi က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီလို နိုင်ငံကို အားကစားပွဲ ကျင်းပခွင့် ပေးလိုက်တဲ့ အချိန်မှာ စိတ်မချတဲ့ နိုင်ငံတွေ ရှိနေတာက မထူးဆန်းပါဘူး" ဟု ၎င်းက ဆိုသည်။

"၂၀၀၈ အိုလံပစ်ပြိုင်ပွဲကို ကျင်းပဖို့ တရုတ်နိုင်ငံကို အိမ်ရှင် အဖြစ် ရွေးတုန်းကလည်း အပြစ်တင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီသံသယတွေ မှားတယ် ဆိုတာကို အိမ်ရှင်နိုင်ငံက သက်သေပြခဲ့ပါတယ်" ဟု ၎င်းက Bernama သတင်းဋ္ဌာနသို့ ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံသည် အနှောက်အယှက် တစ်စုံတစ်ရာ မရှိဘဲ SEA Games ကို အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ပါက ၎င်းတိုင်းပြည်၏ နိုင်ငံတကာ ပုံရိပ်ကို မြှင့်တင်ရာတွင် အကူအညီ ဖြစ်စေလိမ့်မည် ဟု Kok Chi က ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ၏ မေတ္တာ ရပ်ခံလာမှုကြောင့် OCM က မြန်မာနိုင်ငံကို ငွေးကြေး အကူအညီကိုပါ ပံ့ပိုး ကူညီမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၃ SEA Games ကျင်းပခွင့် အခွင့်အလမ်း ရရှိရန် မျှော်လင့်ကာ မြန်မာအစိုးရက လတ်တလော နေပြည်တော် အနီးတွင် မြို့သစ် တစ်ခု တည်ဆောက်နေပြီး ထိုနေရာတွင် အားကစား အဆောက်အအုံများ ဆောက်လုပ်လျက် ရှိသည်။

"ဖွင့်ပွဲ ကျင်းပမယ့် အဆောက်အအုံနဲ့ အားကစားပွဲ အတွက် လိုအပ်တဲ့ အထောက်အကူတွေကို အမြန်ဆုံး ဆောက်လုပ် ပြီးစီးဖို့ မြန်မာတွေက မျှော်လင့်နေပါတယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၁ SEA Games အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်တွင် ယခင်အပတ်က ပြုလုပ်သော အရှေ့တောင် အာရှ အားကစား အဖွဲ့ချုပ် SGF ကောင်စီ အစည်းအဝေးတွင် ၂၇ ကြိမ်မြောက် SEA Games အိမ်ရှင် အဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့သည်။

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို ၁၉၆၉ ခုနှစ်က မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့ပြီး ထိုစဉ်က SEAP Games ကျွန်းဆွယ် အားကစားပြိုင်ပွဲဟု ခေါ်ဝေါ်ခဲ့ကြသည်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် အားကစား ပြိုင်ပွဲ အမျိုးအစား ၂၇ မျိုးကို လက်ခံ ကျင်းပရန် မြန်မာနိုင်ငံက မျှော်လင့်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ငါးဖမ်း သင်္ဘောများတွင် အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာ အလုပ်သမားများမှာ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရမှုများနှင့် ရင်ဆိုင်နေရသည်။

ထိုင်ဝမ် ငါးဖမ်းသင်္ဘောတွင် အလုပ်လုပ်နေသူ ကိုလှမှာ အဆိုပါ အလုပ် ရရှိရန် အေးဂျင့်ဖြစ်သူကို အမေရိကန် ဒေါ်လာ ၈၀၀ ပေးခဲ့ရသည်။ လစာမှာ တစ်လလျှင် ဒေါ်လာ ၂၆၀ ခန့် ရသဖြင့် မဆိုးလှသော ဝင်ငွေဟု ကိုလှက ထင်မှတ်သည်။ သို့သော် သူသည် တစ်နေ့လျှင် ၁၈ နာရီမျှ အလုပ် လုပ်ရသည်။

"ကျွန်တော်တို့ Complain တက်လို့ မရဘူး။ ကျွန်တော်တို့ မိသားစုတွေနဲ့လည်း
ဆက်သွယ်ခွင့် မပေးဘူး။ တစ်ခါတလေ ကျွန်တော်တို့ကို ရိုက်နှက်တာမျိုးတွေတောင် ရှိတယ်။ ဒီလို ဖြစ်လာမယ်လို့လည်း မထင်မိခဲ့ဘူး" ဟု အသက် ၃၀ အရွယ်ရှိ ကို ကိုလှက ပြောကြားသည်။

၁၆ လတာမျှ ကြာပြီးနောက် ကိုလှတစ်ယောက် အလုပ်မှ ထွက်ကာ နေအိမ်သို့ ပြန်လာသည်။ သူ့အား အလုပ်အကိုင် ရှာဖွေပေးသူ အေးဂျင့်ကို ရှာဖွေရန် အလုပ်မှ ထွက်ကာ ပြန်လာခြင်း ဖြစ်သည်။ ထိုအေးဂျင့်သည် ကိုလှ ပေးပို့သော လစာငွေများကို သူ၏ မိသားစုထံသို့ မပေးဘဲ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အကန့်အသတ် ရှိခြင်း၊ ရရှိသည့် အလုပ်များမှာ ဝင်ငွေ နည်းပါးလွန်းခြင်း တို့ကြောင့် ထောင်ပေါင်းများစွာသော မြန်မာ အလုပ်သမားများမှာ ပြည်ပတွင် အလုပ်အကိုင် ရရှိရေးကိုသာ အာရုံစိုက်ကြရသည်။ ထိုထဲတွင် ကိုလှ ကဲ့သို့သော မြန်မာ လုပ်သားများမှာ ယင်းသို့ အလုပ်အကိုင် ရှာဖွေရင်းပင် လူကုန်ကူးသူများနှင့် ကံမကောင်း အကြောင်းမလှ တွေ့ဆုံကြရသည်။

UN Inter-Agency Project on Human Trafficking (UNIAP) ၏ အဆိုအရ မြန်မာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် အမျိုးသားများသည် ထိုင်း၊ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယားနှင့် မက္ကာအို အစရှိသည့် နိုင်ငံများသို့ လူကုန်ကူး ခံနေရသည်။ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ပြုခြင်း၊ အဓမ္မ လုပ်သားအဖြစ် စေခိုင်းခြင်း အစရှိသည်တို့ အတွက် လူကုန်ကူး ခံနေကြရခြင်း ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံသည် လူကုန်ကူးခံရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား မလေးရှားသို့ ခေါ်ဆောင်သွားရာတွင် လည်းကောင်း၊ လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားရာတွင် လည်းကောင်း ကြားခံ နိုင်ငံတစ်ခု ဖြစ်နေသည်။

မြန်မာ စစ်အစိုးရ၏ အဆိုအရ လူကုန်ကူးခံရသူများကို အဓိက ခေါ်ဆောင်သွားသည့် နိုင်ငံမှာ တရုတ်ဖြစ်ပြီး ထို့နောက်တွင် ထိုင်း၊ မလေးရှား နှင့် စင်ကာပူတို့ ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ တရုတ်ပြည်သို့ လူကုန်ကူးခြင်း ခံရပြီး အတင်းအဓမ္မ အိမ်ထောင်ပြုခိုင်းခြင်း၊ လိင်ကျေးကျွန်အဖြစ် လုပ်ကိုင်စေခြင်း စသည်တို့နှင့် ရင်ဆိုင်နေကြရသည်။ အရွယ် ရောက်ပြီးသူများနှင့် ကလေးငယ်များမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ လူကုန်ကူးခံကြရကာ ဖိအားပေး အလုပ်စေခိုင်းခြင်း၊ လိင်ပိုင်း ဆိုင်ရာ အလွဲသုံးစား ပြုခံရခြင်း အစရှိသည်တို့နှင့် ကြုံတွေ့ကြရသည်။

"လူကုန်ကူးခံရတဲ့ သူတွေ ဆိုတာက အလုပ်အကိုင် ရလိုစိတ်နဲ့ ကြားပွဲစားတွေ ပြောတာ အကုန်လုံးကို မျက်စိမှိတ် ယုံကြည်ကြတဲ့ သူတွေပါ။ သူတို့က အလုပ်ရချင်တာ တစ်ခုပဲ သိတယ်။ ကိုယ်လုပ်ရမယ့် အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သိဖို့လည်း မကြိုးစားကြဘူး" ဟု နိုင်ငံတကာ NGO ဖြစ်သော World Vision တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ Coordinator အဖြစ် လုပ်ကိုင်နေသူ မနန်းတင်တင်ဆွေက IRIN သို့ ပြောကြားသည်။

"ကလေးငယ်တွေဆိုတာက ပြောင်းရွှေ့ နေထိုင်ရတဲ့ အခြေအနေထဲကို တစ်ကြိမ် ရောက်သွားတာနဲ့ လူကုန်ကူးတဲ့ သူတွေရဲ့ သားကောင် ဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ် သူတို့ရဲ့ ဘဝဟာ အဲဒီ လူကုန်ကူးသူတွေ ကျင်လည် ကျက်စားတဲ့ နယ်ပယ်မှာ ခေါင်းပုံဖြတ်ခံရတာတို့၊ မတရား ဖိအားပေး ခိုင်းစေခြင်း ခံရတာတို့နဲ့ ကြုံတွေ့ပြီး အဆုံးသတ် သွားကြလေ့ ရှိတယ်" Save the Children အဖွဲ့မှ ဒါရိုက်တာ Lamia Rashid က ပြောကြားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အေဂျင်စီများ အဆိုအရ လူကုန်ကူးသူများသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် သင့်ထားသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ကလေးငယ်များနှင့် ငယ်ရွယ်သူများကို အဓိက ပစ်မှတ်ထားကာ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

"ကလေးငယ်တွေနဲ့ လူငယ်တွေဟာ ပြောင်းရွှေ့ နေထိုင်တာတို့၊ စွန့်စားတာတို့ လုပ်လိုတဲ့ ဆန္ဒရှိကြတယ်။ အဲဒါကြောင့်ပဲ သူတို့မှာ ခေါင်းပုံဖြတ် အလုပ်စေခိုင်းခြင်း ခံရတာတို့၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်ခံရတာတို့နဲ့ နောက်ဆုံး တွေ့ကြုံရမယ့် အလားအလာတွေ များနေတယ်" ဟု Lamia Rashid က ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံ အစိုးရနှင့် နိုင်ငံတကာ အေဂျင်စီများသည် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုးကြားမှု အသိ ရရှိစေရေးအတွက် အမျိုးသားရေး ဆောင်ရွက်မှု အစီအစဉ် တစ်ရပ်ကို ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ မီဒီယာများ၊ လူထုအခြေပြု ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိစိတ် မြင့်တက်လာအောင်လည်း ကြိုးပမ်းလျက် ရှိသည်။

အစိုးရက လူကုန်ကူး ခံရသူများကို ကယ်တင်ရန် လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအဖွဲ့ ၂၃ ဖွဲ့ ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှု ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရန် ဥပေဒေများ ရေးဆွဲခဲ့သည်။

ကျွမ်းကျင်သူများ အဆိုအရ လူကုန်ကူးမှု ခံရပြီးနောက် နေအိမ်သို့ ပြန်လည် ရောက်ရှိလာသူများကို ကာကွယ်ပေးရန်နှင့် အားနည်းချက် ရှိသော လူမှု အသိုင်းအဝိုင်းများအတွက် လူကုန်ကူးမှု အန္တရာယ်မှ ကာကွယ်ပေးရန် လတ်တလော ဆောင်ရွက်ချက်များ လိုအပ်နေကြောင်း သိရသည်။

Ionglobaltrends.blogspot.com မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Mitch Moxley, From IPS, 4th June 2010

တရုတ်မြန်မာ ဆက်ဆံရေးသည် နှစ်နိုင်ငံ နယ်စပ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် Beijing အား  စိတ်ပျက် လက်ပျက် ဖြစ်စေပြီး နောက်ပိုင်းတွင်လည်း အခြေအနေ မကောင်းလှဘဲ ရှိနေသော်လည်း သောကြာနေ့က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ နှစ်ရက်တာ အလည်အပတ်ခရီး  ပြီးဆုံးပြီး နောက်ပိုင်းတွင်မူ မည်သို့ ရှိလာမည်ကို မသိရှိနိုင်သေးဘဲ ဖြစ်နေသည်။

မြန်မာ အစိုးရသည် ဝမ်အား ကော်ဇောနီ ခင်း၍ ကြိုဆိုခဲ့ပြီး၊ ခရီးစဉ်အား ဂုဏ်ပြုသော အားဖြင့် တံဆိပ်ခေါင်း ထုတ်ဝေခဲ့သည်။ တရုတ် နိုင်ငံပိုင် မီဒီယာများကလည်း နှစ်နိုင်ငံကြား ပြဿနာများကို ထည့်သွင်း ဖော်ပြခြင်း မပြုတော့ဘဲ ယခု တွေ့ဆုံမှုအား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် စာမျက်နှာသစ် ဖွင့်လှစ် လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခု ဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၎င်း၏ အာရှ လေးနိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၆၀) ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခု ခေါင်းဆောင်များ တွေ့ဆုံကြခြင်းမှာ နှစ်နိုင်ငံကြား စစ်မှန်သော နွေးထွေးသည့် ဆက်ဆံရေးကို ကိုယ်စားပြုခြင်း ဟုတ်မဟုတ် အချိန်က အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။ သို့သော် နှစ်နိုင်ငံ နှစ်ပေါင်း (၆၀) နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းခဲ့သော ဆက်ဆံရေးကို ပြန်လည်၍ ကတိကဝတ်များ ပြုကြလိမ့်မည် ဆိုသည်မှာ သေချာသည်။ တရုတ်ကလည်း မြန်မာနိုင်ငံ၏ ကြွယ်ဝသော သယံဇာတများကို အလိုရှိသည့် နည်းတူ၊ မြန်မာ ဗိုလ်ချုပ်များကလည်း တရုတ်နိုင်ငံမှ အကူအညီများ၊ လက်နက်များ၊ သံတမန်ရေး အရ အကာအကွယ် ပေးမှုများကို မှီခိုရလေသည်။

ဝမ်သည် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တကွ အခြား ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခရီးစဉ် ဒုတိယနေ့တွင် စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အကူအညီပေးရေး ဆိုင်ရာများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောတူ စာချုပ်များ တန်းစီ၍ လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ ယခု တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေကြောင်း ဝမ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့သည်ဟု ဆိုသည်။ ခေါင်းဆောင်နှစ်ဦးသည် ကိစ္စရပ် အတော်များများတွင် သဘောတူမှုများ ရရှိခဲ့ပြီး၊ အဓိက ကိစ္စရပ်များကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ဝမ်၏ ခရီးစဉ်မှာ ရှေ့သို့ ဆက်လက် တက်လှမ်းရေး အတွက် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က Beijing တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ပိုမို နက်နက်ရှိုင်းရှိုင်း ချစ်ကြည်လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပိုမို ချဲ့ထွင်လိုပါတယ်။ အိမ်နီးချင်းကောင်း တစ်ဦး၊ သူငယ်ချင်းကောင်း တစ်ဦး၊ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ဦးလို အမြဲတမ်း ကျင့်ကြံသွားမှာပါ'' ဟု ဝမ်၏ ပြောကြားမှုကို ကိုးကား၍ Jiang က ပြောခဲ့သည်။

ယခု တွေ့ဆုံမှုမှာ မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲ မကျင်းပမီ မချိန်တွင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအား အစိုးရက လွတ်လပ်၍ တရားမျှတ စေရမည်ဟု ပြောကြားနေသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော သံသယကို ရင်ဆိုင်ရလျက် ရှိနေသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့မှုကြောင့် ပြီးခဲ့သော လက တရားဝင် ရပ်တည်မှု ကုန်ဆုံးခဲ့သည်။

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံအား အပြုသဘော ဆောင်သော ပြောင်းလဲမှုများ ပြုလုပ်ရေး အတွက် တွန်းအားပေးရန် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးနှင့် နိုင်ငံခြားသား ကြောက်သည့် မြန်မာအစိုးရ အပေါ် သြဇာ လွှမ်းမိုးမှု ရှိရေးကိုသာ အရေးတကြီး စိတ်ဝင်စားသည်။

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ၏ သတင်း ဝေဖန်ချက်တစ်ခုတွင် ဝမ်သည် သန်းရွှေအား ရွေးကောက်ပွဲကို အများလက်ခံစေရေး အတွက် အလျှော့ပေး သင့်သည်များကို အလျှော့ပေးရန် အကြံပြုလိမ့်မည် ဟု ယူဆရသည် ဟု ဖော်ပြထားသည်။

တရားဝင် ရပ်တည်မှု ရရှိရေးသည် စစ်အစိုးရ အတွက် ခေါင်းခဲရသော ပြဿနာ တစ်ခု ဖြစ်သည်ဟု ဧရာဝတီက ဆိုသည်။ ဆိုးသွမ်းသော စစ်အစိုးရထက် ရွေးကောက်တင်မြှောက်ခံ အစိုးရဘက်မှ ရပ်တည်ရေးကိုသာ တရုတ်အား ကမ္ဘာ ပိုမို လက်ခံလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့ဇာတ်ခုံတွင် မြောက်ကိုးရီးယားအား တရုတ်က အကာအကွယ် ပေးခြင်းမျိုးကို အများက လက်ခံလိုလိမ့်မည် မဟုတ်ပေ။

ပီကင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးကျောင်းမှ ပါမောက္ခ Zhang Xizhen က ပြောကြားရာတွင် ဝမ်နှင့် သန်းရွှေ တို့သည် နိုင်ငံရေး အကြောင်းအရာများကို ရှောင်ရှား၍ စီးပွားရေး ကိစ္စများနှင့် နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များကိုသာ အာရုံပြုလိမ့်မည်ဟု ယူဆရသည် ဟု ဆိုသည်။ မည်သို့သော နိုင်ငံရေးပြောင်းလဲမှု ဖြစ်သည် ဆိုသည်မှာ ထိုနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း ၎င်းက ဆိုသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး၏ စုစုပေါင်း ပမာဏသည် ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၂.၉) ဘီလီယံ ရှိခဲ့ရာ၊ တရုတ်သည် ထိုင်းနိုင်ငံ နောက်တွင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ရပ်တည်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းဒေါ်လာ (၁.၈) ဘီလီယံ ရှိပြီး ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ၏ နောက်တွင် တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ် ရပ်တည်ခဲ့သည်။

သို့သော် နှစ်နိုင်ငံ နယ်စပ်မှ ပြဿနာများသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အနည်းငယ် အချဉ်ပေါက်စေသည်။ ပြီးခဲ့သော သြဂုတ်လက မြန်မာစစ်တပ်သည် ကိုးကန့် သူပုန်များကို တိုက်ခိုက်ခဲ့ရာ ဒုက္ခသည် (၃၇၀၀၀) ခန့်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ ထွက်ပြေးစေခဲ့ရမှု အတွက် တရုတ်နိုင်ငံ၏ ရှားရှားပါးပါး အပြစ်တင်မှုကို ခံခဲ့ရသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် နယ်စပ်တွင် မငြိမ်မသက်မှုများ ထပ်မံ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင် မြန်မာနှင့် နယ်စပ်တွင် တပ်အင်အား (၅၀၀၀) ခန့် မကြာသေးမီက လာရောက် ချထားခဲ့သည်ဟု ဧရာဝတီ၏ သတင်းတွင် ဖော်ပြခဲ့ရာ တရုတ်၏ စိုးရိမ်ပူပန်မှုမှာ ပိုမို ပေါ်လွင်လာခဲ့သည်။

နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းသည် နှစ်နိုင်ငံကြား အေးစက်စက် ဆက်ဆံရေးကို ပိုမို ဆိုးရွားစေသည်။ တရုတ်သည် နှစ်ပေါင်းများစွာ မြန်မာကွန်မြူနစ်များကို ကျောထောက်နောက်ခံ ပေး၍ ကူညီထားခဲ့ရာ လက်ရှိ မြန်မာ ခေါင်းဆောင် အတော်များများသည် တစ်ချိန်က ကွန်မြူနစ်များအား တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ ယနေ့ မြန်မာ အများစုက တရုတ်ကို မြန်မာနိုင်ငံ၏ သယံဇာတများကို မတရား ရယူပြီး တိုင်းပြည်ကို ပျက်ယွင်းမှုများ ဖြစ်စေသူ အဖြစ် ရှုမြင်နေကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း မရှိသည့် အတွက် ပိုမို၍ စိတ်ပျက်လျက် ရှိသည်။

Chinese Academy of Social Sciences မှ အာရှ ပစိဖိတ် လေ့လာရေး အင်စတီကျုမှ သုတေသန အရာရှိ Xu Liping က ဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်၏ သက်ရောက်မှုများမှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော သံတမန် ဆက်ဆံရေး၏ အကျိုးဆက်များ အဖြစ် စဉ်းစားကြလိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်တပ်မှ ထွက်ပြေးသွားသူ ပြည်ပြေးတစ်ဦးက ထုတ်ဖော်လိုက်သော စာရွက်စာတမ်းများနှင့် မှတ်တမ်းများအရ မြန်မာ စစ်အစိုးရသည် နျူကလီယာ လက်နက်နှင့် တာဝေးပစ် ဒုံးကျည်များ တီထွင်ရန် ကြိုပမ်းလျက် ရှိပြီး အဆိုပါ အစီအစဉ်ကို မြောက်ကိုရီးယား နိုင်ငံက ကူညီ ထောက်ပံ့ပေးနေဖွယ် ရှိကြောင်း သိရသည်။

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက မြန်မာစစ်တပ်မှ ထွက်ပြေးခဲ့သူ အဆိုပါ ပုဂ္ဂိုလ်သည် နျူကလီယာ အစီအစဉ်တွင် ပါဝင် ပတ်သက်ခဲ့ပြီး စာရွက် စာတမ်းများနှင့် မှတ်တမ်းများကို လျှို့ဝှက်စွာ ယူဆောင်လာကြောင်း သတင်း ပေးပို့သည်။ အဆိုပါ ပြည်ပြေး ယူလာသော စာရွက်စာတမ်းများတွင် နျူကလီယာ စမ်းသပ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များ ဖြစ်သည့် ယူရေနီယံ သန့်စင် ထုတ်လုပ်မှု၊ စက်ရုံ တည်ဆောက်ထားမှုတို့နှင့် ပတ်သက်သော ဓာတ်ပုံများ ပါဝင်သည်။

သို့သော် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အလှမ်းဝေးသည့် အနေအထားတွင်ပင် ရှိနေသေးကြောင်း သတင်းက ဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိသော အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်သည် မြန်မာနှင့် မြောက်ကိုရီးယား ပူးပေါင်းပြီး နျူကလီယာ လက်နက် တပ်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းနေသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာသောကြောင့် မြန်မာ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

မြန်မာပြည်ပြေး စစ်ဗိုလ်က ထုတ်ဖော်လိုက်သော မှတ်တမ်းများကို ညွှန်းဆိုပြီး မစ္စတာ ဂျင်ဝက်ဘ်က မြန်မာပြည် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ မစ္စတာ ဂျင်ဝက်ဘ်သည် အမေရိကန် ဆီးနိတ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး ပူးတွဲ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ယခင်က နျူကလီယာ လက်နက်နှင့် ပတ်သက်၍ အလားတူ စွပ်စွဲ ပြောဆိုချက်များ ထွက်ပေါ်ခဲ့သော်လည်း မြန်မာ စစ်အစိုးရက မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။ သို့သော် ယခုအခါ အရှေ့တောင် အာရှဒေသတွင် ဆင်းရဲ မွဲတေသည့် နိုင်ငံတစ်ခု ဖြစ်သော မြန်မာက နျူကလီယာ လက်နက် တပ်ဆင်ရန် ကြိုးပမ်းနေသည် ဟူသော သံသယ ဖြစ်မှုများ တိုးပွားလျက် ရှိသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်လျက် ရှိသည်ဟု နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှု များစွာ ခံနေရသည့် မြန်မာ စစ်အစိုးရတွင် စစ်ရေးအရ နိုင်လိုမင်းထက် ပြုလုပ်လိုသော အိမ်နီးချင်း နိုင်ငံမျိုး မရှိပေ။ မြန်မာ စစ်တပ်အတွက် အဓိက ကျသော အရေးကိစ္စမှာ ပြည်တွင်းရှိ အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ငယ်များကို နှိမ်နင်း ဖြိုခွင်းရေးသာ ဖြစ်သည်။

ကုလသမဂ္ဂမှာလည်း မြောက်ကိုရီးယား နိုင်ငံအား နျူကလီယာ စမ်းသပ်မှု၊ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည်။ ကုလမှ ကျွမ်းကျင်သူများ၏ လေ့လာ စောင့်ကြည့်ချက်များ အရ မြောက်ကိုရီးယားသည် တားမြစ် ပိတ်ပင်ထားသော နျူကလီယာနှင့် တိုက်ချင်းပစ် ဒုံးကျည် တီထွင် ထုတ်လုပ်မှုများကို အီရန်၊ ဆီးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Guardian သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.ogi.com, 4th June 2010

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်မည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများကို တည်ဆောက်ခြင်း လုပ်ငန်း စတင်နေပြီဟု တရုတ် CNPC က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ နိုင်ငံတော် ခရီးစဉ် အတွင်း ကြေညာချက် ထုတ်ပြန်လိုက်သော CNPC က "၇၉၃ ကီလိုမီတာ ရှည်သော ရေနံပိုက်လိုင်းနှင့် ၇၇၁ ကီလိုမီတာ ရှည်သော သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် မြန်မာ အနောက်ဖက် ကမ်းရိုးတန်း ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ဝင်ရောက်မည်" ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့ အနောက်မြောက်ဖက် ကီလိုမီတာ ၄၀၀ အကွာ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်နိုင်ငံသို့ ရေနံ ပို့ဆောင်နေသည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိက ရေနံတင် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်း ဖြစ်လာမည် ဖြစ်သည်။ ယခု ဆိပ်ကမ်းသည် တန်ချိန် ၃၀၀,၀၀၀ အထိ ရှိသော သင်္ဘောများကို လက်ခံနိုင်မည် ဖြစ်သလို ရေနံစိမ်း ပမာဏ ၆၀၀,၀၀၀ ကုဗမီတာ အထိ သိုလှောင်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂၂သန်း သယ်ပို့ရန် ရည်ရွယ်ထားပြီး ဒေါ်လာ ၁.၀၄ ဘီလီယံ တန်ဖိုးရှိ ဓါတ်ငွေ့ ပိုက်လိုင်းသည် တစ်နှစ်လျှင် ဓါတ်ငွေ့ ပမာဏ ၁၂ ဘီလီယံ ကုဗမီတာ ပို့ဆောင်ရန် ရည်ရွယ်ထားသည် ဟု CNPC က ဆိုသည်။

CNPC က ပြောကြားရာတွင် ၎င်းတို့၏ တွဲဖက် ကုမ္ပဏီတစ်ခု ဖြစ်သော Southeast Asia Pipeline Co. သည် ပိုက်လိုင်းများ ဒီဇိုင်းပုံစံထုတ်၊ တည်ဆောက်၊ လုပ်ကိုင်၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြီးကြပ်ရန် မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းနှင့် သဘောတူ လက်မှတ် ရေးထိုးထားသည် ဟု ဆိုသည်။

အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရာတွင် လက်ရှိ အသုံးပြုနေသော ပင်လယ် ဓားပြရန် ကြောက်ရသည့် မလက္ကာ ရေလက်ကြားကို ရှောင်ကွင်းရန် အတွက် ယခု ပိုက်လိုင်း စီမံကိန်းက အထောက်အကူ ပြုလိမ့်မည်ဟု အကဲခတ်များက ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံ တောင်ပိုင်း၏ ကြီးထွားလာသော လောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ယခု ပိုက်လိုင်းက ကူညီနိုင်မည် ဖြစ်သည်။

ရေနံ ပိုက်လိုင်းဖြင့် သယ်ဆောင်မည့် ရေနံများကို အရှေ့အလယ်ပိုင်း နှင့် အာဖရိက ရောင်းချသူ နိုင်ငံများမှ ရရှိမည် ဖြစ်ကာ ဓါတ်ငွေ့ပိုက်လိုင်းမှ သယ်ယူမည့် ဓါတ်ငွေ့များကိုမူ အရှေ့တောင်အာရှတွင် ဓါတ်ငွေ့ အရံသိုက်များ အကြွယ်ဝဆုံး ဖြစ်သည့် မြန်မာနိုင်ငံ ကမ်းလွန် ဓါတ်ငွေ့တွင်းများမှ ပို့ဆောင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် လတ်တလော ကာလတွင် တစ်နှစ်လျှင် ဓါတ်ငွေ့ ပမာဏ 1.2 bcf ထုတ်လုပ်နေသော်လည်း လာမည့် ၂၀၁၅ တွင် တစ်နှစ်လျှင် ဓါတ်ငွေ့ 2.2 bcf အထိ တိုးမြှင့် ထုတ်လုပ်ရန် ဆန္ဒရှိနေသည် ဟု မကြာသေးသည့် အစီရင်ခံစာများ အရ သိရှိရသည်။

ဝမ်ကျားပေါင်၏ ၂ရက်ကြာ ခရီးစဉ် အတွင်း တရုတ်တို့က မြန်မာနိုင်ငံနှင့် အဓိက သဘောတူညီချက် ၁၅ ခုခန့် လက်မှတ် ရေးထိုးခဲ့ရာတွင် ဓါတ်ငွေ့ပိုက်လိုင်း ရေအားလျှပ်စစ် စီမံကိန်း၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများ ပါဝင်သည်။

တရုတ် မြန်မာ ရေနံပိုက်လိုင်း စီမံကိန်း အတွက် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံ ကျောက်ဖြူတွင် အရွယ်ပမာဏ ကြီးမားသော ရေနံ ဆိပ်ကမ်း ဆောက်လုပ်မှုကို စတင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီ CNPC က ၂၀၀၉  နိုဝင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရန် နယူးဇီလန် ပါလီမန် လွှတ်တော်က စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် နယူးဇီလန် ပါလီမန် အဖွဲ့ဝင်များ အားလုံးက အထက်ပါအတိုင်း တညီတညွတ်တည်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ "လာမည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရေးအတွက် သူမအား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ပြန်လည် ပေးအပ်ရမည်" ဟု နယူးဇီလန် ပါလီမန်က မြန်မာ စစ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်သည်။

"၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေက ဒေါ်စုကြည်နဲ့ သူမရဲ့ ပါတီကို အာဏာ လုံးဝ လွှဲပြောင်းပေးခဲ့ခြင်း မရှိပါဘူး။ ဒေါ်စုကြည်ဟာ အဲဒီ ၉၀ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ လောက် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။ အခု ဒီနှစ်ထဲမှာ စစ်အစိုးရက ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ ဒေါ်စုကြည်သာ ပါဝင်ခွင့် မရဘူးဆိုရင် အတုအယောင် သက်သက်သာ ဖြစ်မှာပါ" ဟု ပါလီမန် ဥက္ကဌ Maryan Street က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး သူမရဲ့ နိုင်ငံရေးနဲ့ ဒီမိုကရေစီ ရပိုင်ခွင့်တွေ မပေးဘူးဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ယုံကြည် စိတ်ချရမှုရှိမှာ မဟုတ်ပါဘူး။ အဲဒီ အခွင့်အရေးတွေ ပေးမှသာ နိုင်ငံတကာရဲ့ ယုံကြည်မှု ရရှိမှာပါ" ဟု ၎င်းက ဆိုသည်။ "နယူးဇီလန် ပါလီမန်ဟာ တစ်ကမ္ဘာလုံးက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ ပြည်သူတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ ဆော်သြသွားမှာပါ" ဟုလည်း ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အကယ်၍ မြန်မာနှင့် ပြုလုပ်သော နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းမှုဖြင့် အကျပ်အတည်းများ ပြေလည်မှု မရှိပါက နိုင်ငံတကာ ဖိုရမ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကိစ္စကို ကို ထုတ်ဖော် ပြောဆိုမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစားအသောက်နှင့် သဘာဝ ဘေးအန္တရာယ်များ စီမံ ခန့်ခွဲရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Md Abdur Razzaque က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သည် အရင်းအမြစ်များ အကန့်အသတ် ရှိနေသည့်တိုင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည်များကိုရော မှတ်ပုံမတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည်များကိုပါ အထောက်အပံ့များ ပေးခဲ့ကြောင်း 'ရိုဟင်ဂျာ အကျပ်အတည်းနှင့် ဘင်္ဂလားဒေ့ရှ်အတွက် ထွက်ပေါက်'
ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဝန်ကြီး မစ္စတာ Md Abdur Razzaque က ပြောကြားသည်။

နိုင်ငံခြား အန်ဂျီအိုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက ဘင်္ဂလားဒေ့ရှ် အစိုးရသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ညှဉ်းပန်း နှိပ်စက်မှု ပြုလုပ်ပြီး ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိဟု စွပ်စွဲ ပြောဆိုနေမှုများကိုလည်း မစ္စတာ Abdur က ပြစ်တင် ဝေဖန်သည်။

"ကျွန်တော်တို့ အဲဒီ အန်ဂျီအိုတွေရဲ့ အထောက်အပံ့ကို လိုချင်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာ သွားပုတ်လေလွင့် ပြောဆိုနေတာမျိုးတွေကိုတော့ မလိုချင်ပါဘူး။ ဒီနိုင်ငံထဲမှာ တကယ်မဖြစ်တဲ့ ကိစ္စတွေကို တကယ် ဖြစ်နေတဲ့ သဘောနဲ့ ပြောဆိုနေတာတွေကို လုံးဝ မလိုချင်ပါဘူး" ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် အကျပ်အတည်းများ၊ ပြဿနာများ၏ သားကောင်သဖွယ် ဖြစ်နေပေရာ အနာဂတ် ကာလတွင် ရိုဟင်ဂျာ အရေးကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံစာများ၊ သုံးသပ်ချက်များ ပြုလုပ်ပါက လွဲမှားမှုများ မဖြစ်ပေါ်ရန် သတိထားသင့်သည်ဟု မစ္စတာ Abdur က နိုင်ငံခြား အန်ဂျီအိုများကို သတိပေး ပြောဆိုထားသည်။

ဒါကာ အခြေစိုက် Education, Research and Advocacy Center (CEREA) က ဦးဆောင်ပြီး National Press Club တွင် အဆိုပါ ရိုဟင်ဂျာ ကိစ္စကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ ရိုဟင်ဂျာ ကိစ္စ ဆွေးနွေးပွဲများကို ပြီးခဲ့သည့် တစ်နှစ်ခွဲခန့် လောက်ကတည်းက စတင်ကာ ပုံမှန် ပြုလုပ်ခဲ့ကြသည်

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာ အစိုးရနှင့် အပြန်အလှန် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော အရေးကိစ္စ ဖြစ်ကြောင်း မစ္စတာ Abdur က ဆိုသည်။

"ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ ရလာတဲ့ မြန်မာ အစိုးရ လက်ထက်မှာ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

မှတ်ပုံတင် စာရင်း မဝင်သေးသူ ရိုဟင်ဂျာများကို စာရင်းသွင်းရန် နိုင်ငံတကာ အန်ဂျီအိုကြီးများက ဖိအားပေးလျက် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ တရားဝင် မှတ်ပုံတင်စာရင်း ပေးသွင်းတဲ့ ကိစ္စကို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနိုင်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်" ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် UNHCR နှင့် အစိုးရတွင် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ရှိသည်။ ယင်းတို့သည် ကောက်ပဇားမြို့ရှိ Teknaf နှင့် Ukhia  ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိပြီး နေထိုင်စရာ၊ အစားအစာနှင့် ဆေးဝါး အစရှိသည်တို့ ရရှိနေသည်။ ယင်းစခန်းများ အပြင်ဘက်တွင် ဒုက္ခသည် သုံးသိန်းခန့် စုဝေး နေထိုင်လျက် ရှိသည်။ သို့သော် ၎င်းတို့မှာ မည်သည့် အကျိုး ခံစားခွင့်မှ မရရှိသေးပေ။

Express သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.