Transparency Myanmar

transparency.myanmar@gmail.com

( Reuters သတင်းဌာနမှ 12 Jan 2011 ရက်စွဲပါ "Gates. No daubt on Civillian control on China military" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

ရေဒါပျောက် စတဲ့လ် ဂျက်တိုက် လေယာဉ် စမ်းသပ် ပျံသန်းမှုကို တရုတ် အရပ်ဖက် ခေါင်းဆောင်များ မသိရှိကြောင်း ရှင်းရှင်း လင်းလင်း ကြားသိရပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က တရုတ် သမ္မတ ဟူကျင်းတောင်သည် ၎င်းနိုင်ငံ စစ်ဖက်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သံသယ မရှိကြောင်း ပြောကြားလိုက်သည်။

အဆိုပါ စမ်းသပ် ပျံသန်းမှုသည် တရုတ်နိုင်ငံ၏ စစ်လက်ရုံး ကြီးထွားမှုကို ပြသခြင်း အဖြစ် ရှုမြင်လျက် ရှိကြပြီး၊ တရုတ် သမ္မတ ဟူကျင်းတောင် လာမည့် အပတ် အမေရိကန် ပြည်ထောင်စု ခရီးစဉ် မတိုင်မီ ကြိုတင် လာရောက်သော ရောဘတ်ဂိတ်စ်၏ ချစ်ကြည်ရေး ပေါင်းကူး ခရီးစဉ် အပေါ်တွင်လည်း တစိတ်တပိုင်း လောင်းရိပ် မိုးခဲ့သည်။

၎င်းဖြစ်ရပ်သည် စိုးရိမ် ပူပန်စရာ ဖြစ်၍ စစ်ရေးကိစ္စများ အပေါ် အရပ်ဖက်နှင့် စစ်ဖက် တာဝန်ရှိသူများ၏ အမေရိကန်-တရုတ် ဒိုင်ယာလော့ ဆွေးနွေးမှု အရေးကြီးပုံကို ထင်ဟပ်နေသည်ဟု ရောဘတ်ဂိတ်စ်က ပြောကြားသည်။

တရုတ် အရပ်ဖက် ခေါင်းဆောင်များ အသေးစိတ် မသိရှိနိုင်သော၊ သီးသန့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည့် သာဓကများကို မိမိတို့ တွေ့မြင်ရသည်ဟု ယုံကြည်ကြောင်း ရောဘတ်ဂိတ်စ်က ပြောဆိုခဲ့သည်။

"ဒါပေမယ့် အလုံးစုံ ထိန်းချုပ်ထားမှု အနေအထားအရ သမ္မတဟူနှင့် အရပ်ဖက် ခေါင်းဆောင်များ၏ အပြည့်အဝ သြဇာ သက်ရောက်မှုကို မိမိတို့ လုံးဝ သံသယ မရှိပါ" ဟု ဂိတ်စ်က ဆိုသည်။

သမ္မတ ဟူနှင့် အရပ်ဖက် ခေါင်းဆောင်များသည် အင်္ဂါနေ့က ရောဘတ်ဂိတ်စ်နှင့် တွေ့ဆုံချိန်တွင် ထိုနေ့ အစောပိုင်းက စတဲ့လ် တိုက်လေယာဉ် ပထမဆုံး စမ်းသပ် ပျံသန်းမှုနှင့် ပတ်သက်၍ သိရှိခြင်း မရှိကြဟု အမေရိကန် အရာရှိများက ပြောကြားသည်။

ရောဘတ်ဂိတ်စ်က လွန်ခဲ့သော ၃ နှစ်က ဂြိုလ်တု ဖျက်လက်နက် စမ်းသပ်မှု အပါအဝင် အခြား ဖြစ်ရပ်များကို ကိုးကားကာ "တရုတ် အရပ်ဖက် ခေါင်းဆောင်များ အနေဖြင့် တခါတရံတွင် မသိလိုက်သည့် အဖြစ်မျိုး ရှိနိုင်သော်လည်း ၎င်းတို့က ဗျူရိုကရေစီ အမှားအယွင်းများကို အကြောင်းပြ ရှင်းလင်းကြဖွယ် ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ရောဘတ်ဂိတ်စ်က ဆက်လက်၍ "ခြုံငုံ ပြောရရင်တော့ ဒါဟာ စိုးရိမ် ပူပန်စရာ တစ်ခုပါ။ နှစ်နိုင်ငံစလုံးက အရပ်ဖက်နဲ့ စစ်ဖက် ကိုယ်စားလှယ် နှစ်ဖွဲ့စလုံးနဲ့ ထိရောက်တဲ့ ထိပ်တန်းအဆင့် အရပ်ဖက်၊ စစ်ဖက် ဆွေးနွေးပွဲ ပြုလုပ်ဖို့ အတွက် ကျွန်တော် ကြိုးစားပမ်းစား တွန်းအားပေးခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ထိပ်ပိုင်းအဆင့် အရပ်ဖက်၊ စစ်ဖက် တာဝန်ရှိသူတွေ ပါဝင်တဲ့ စစ်ရေး၊ လုံခြုံရေး ကိစ္စဆိုင်ရာ ဖိုရမ် ဆွေးနွေးပွဲတွေ လောလောဆယ် မရှိတဲ့ အချက်ပါပဲ" ဟု ပြောကြားသည်။

ထို့အပြင် ရောဘတ်ဂိတ်စ်က တရုတ် စစ်ဖက်၏ ဆိုက်ဘာနှင့် ဂြိုလ်တုဖျက် စစ်စွမ်းရည် နည်းပညာ တိုးတက်မှုများသည် အမေရိကန် တပ်ဖွဲ့များ၏ ပစ္စဖိတ် သမုဒ္ဒရာ အတွင်း စစ်ဆင်ရေး စွမ်းရည်ကို စိန်ခေါ်နိုင်ဖွယ် ရှိကြောင်း သတိပေးခဲ့ခြင်းကြောင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်အင်အား ပြုပြင် တည်ဆောက်မှု အပေါ် စိုးရိမ် ပူပန်မှုများ အသစ် ထပ်မံ ထွက်ပေါ်လာသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 10 Jan 2011 ရက်စွဲပါ Red Shirts mark New Year with new protest pledge သတင်းကို ဘာသာ ပြန်ဆိုသည်။)

ဘန်ကောက် မြို့တော်တွင် တနင်္ဂနွေနေ့က စုဝေးခဲ့ကြသော ရှပ်နီ ၃ သောင်းခန့်က ၎င်းတို့သည် ယခင်နှစ် ဗရမ်းဗတာ အကြမ်း ဖက်မှုများမှ သင်ခန်းစာများ ရရှိခဲ့ကြောင်းနှင့် နှစ်သစ် အတွက် မဟာ ဗျူဟာသစ် ချမှတ်ထားကြောင်း ပြောကြားခဲ့ကြသည်။

မနှစ်က ၎င်းတို့၏ ကြီးမားသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က သွေးစွန်းအောင် ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ဘန်ကောက် မြို့တော်တွင် ကြီးမားစွာ အင်အားပြသည့် အနေဖြင့် ချီတက်ခဲ့ကြရာ အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀၀ ကို တပ်ဖြန့် ထားခဲ့ရသည်။

ဆန္ဒ ပြသူများသည် ၎င်းတို့၏ အမှတ် အသား ရှပ်နီများကို ဝတ်ဆင်ကာ "လုံးဝ အကြမ်းမဖက်" ဟူသော နဖူးစည်း ပိုစတာများ ကိုင်ဆောင်ရန် လက်ခုပ်တီး သီချင်းဆိုကာ ချီတက်ခဲ့ကြသည်။

လူပေါင်း ၃ သောင်းခန့် စုဝေး ချီတက်ခဲ့ကြသည်ဟု မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ပီယာအူတာယိုက AFP သို့ ပြောကြားခဲ့သော အဆိုပါ ကိန်းဂဏန်းကို အထူးတပ်ဖွဲ့ သတင်းရပ်ကွက်က အတည်ပြုခဲ့သည်။

တနင်္ဂနွေနေ့က ချီတက်ပွဲ ခေါင်းဆောင်များက "မနှစ်က အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သော စုဝေး ပိတ်ဆို့မှုမျိုးကို မပြုလုပ်ပဲ နှစ်လ တစ်ကြိမ် ချီတက်ပွဲများ ကျင်းပကာ ၎င်းတို့၏ တောင်းဆိုချက်များ ရရှိသည်အထိ တိုက်ပွဲ ဝင်သွားရန် သန္နိဋ္ဌာန် ချထားသည်" ဟု ပြောကြားသည်။

ပြီးခဲ့သော မတ်လမှ မေလအထိ မငြိမ်သက်မှုများတွင် ဆန္ဒပြသူများက ဝန်ကြီးချုပ် အဘီဆစ် နုတ်ထွက်၍ ရွေးကောက်ပွဲ ကျင်းပအောင် ဖိအားပေးရန် ကြိုးစားခဲ့ကြသဖြင့် လူပေါင်း ၉၀ ကျော် အသက် ဆုံးရှုံးခဲ့ကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၁ ရက်စွဲပါ Yahoo News မှ AP Business Writer Joe McDonald ရေးသားသော World Bank: China to drive Asian growth ကို တိုက်ရိုက် ဘာသာ ပြန်သည်)

တရုတ်နိုင်ငံ၏ စီးပွားရေး လျှင်မြန်စွာ ကြီးထွားမှုသည် ယခင်နှစ် (၂၀၁၀) ၁၀% မှ ယခုနှစ် ၈.၅% သို့ နှေးကွေးသွားမည် ဖြစ်သော်လည်း ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး တရုတ်သည် အာရှ ဖွံ့ဖြိုးမှု၏ အချက်အခြာ အဖြစ် ဆက်ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့တွင် ပြောကြားသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သုံးသပ်ထားသော အစီရင်ခံစာတွင် "ပို့ကုန်များ ပုံမှန် ဖြစ်သွားခြင်းနှင့် အစိုးရများက ငွေဖောင်းပွမှု ဖိအားလျှော့ရန် ချေးငွေ ထိန်းချုပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲ အာရှ စီးပွားရေး နိုင်ငံများ၏ ခြုံငုံ ကြီးထွားမှုသည် ယခင်နှစ် ၉၃% မှ ယခုနှစ် ၈% သို့ လျော့သွားမည်" ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

တရုတ် နိုင်ငံ၏ ကြီးထွားနှုန်း လျော့သွားရခြင်းမှာ ဘေဂျင်း အစိုးရက စီးပွာရေး လှုံ့ဆော် ပေးမှုကို လျှော့ထားခြင်း၊ ငွေဖောင်းပွမှုကို ထိန်းရန် ချေးငွေကို တင်းကြပ်ခြင်း၊ အိမ်ဈေးနှုန်းများ တက်လာခြင်း တို့ကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ကုန်ကြမ်း ပစ္စည်းနှင့် အစိတ် အပိုင်းများ လိုအပ်ချက် ဆက်လက် ကြီးမားနေမှုက အာရှ အိမ်နီးချင်း များ၏ ပို့ကုန်ကဏ္ဍကို အားပေး နေဦးမည်ဟု သိရှိရသည်။

"အရှေ့ အာရှ ဒေသသည် ၂၀၁၂ ခုနှစ်အထိ အားကောင်းသည် ဆိုသော်ငြား ပိုမို၍ ပုံမှန် ဖြစ်လာမည့် ဖွံ့ဖြိုး ကြီးထွားမှုများကို ခံစားရန် နေရာတကျ ဖြစ်နေသည်။ တရုတ်နိုင်ငံသည် အာရှ ဒေသတွင်း စီးပွားရေး လှုပ်ရှားမှုများ၏ အချက်အခြာ ဖြစ်နေဦးမည်"ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင် တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဖီဂျီ နှင့် ဗင်နော့တူ ကျွန်းစု နိုင်ငံများ ပါဝင်သည်။

စီးပွားရေး အများစုသည် ငွေကြေး ဖောင်းပွမှု မြင့်မားခြင်း သို့မဟုတ် တက်လာခြင်းကို ထိန်းချုပ်ရန် ကြိုးစားကြကြောင်း၊ ငွေကြေး ဖောင်းပွမှုကြောင့် အစား အသောက် ဈေးများ တက်လာမှုမှာ စိုးရိမ်ဖွယ် ဖြစ်သည်ဟု ဘဏ်က ပြောသည်။ အကယ်၍ အနောက် နိုင်ငံတွင် အတိုးနှုန်း နည်းသည့် အချိန်တွင် တက်ဈေး မျှော်၍ ရင်းနှီး မြှုပ်နှံသူများက ပစ္စည်းများ ၀ယ်လှောင်မှုကြောင့် အဓိက စားနပ် ရိက္ခာဈေးများ တက်လာရကြောင်း ပြောသည်။

"တရုတ်ပြည်မှာ ငွေကြေး ဖောင်းပွမှု တက်လာခြင်းသည် အစား အသောက် ဈေးနှုန်း မြင့်မား ခြင်းနှင့် အတော်ကြီး ဆက်စပ်နေပါတယ်။ နိုင်ငံ အတော်များများ မှာတော့ သွင်းကုန်ဈေးပါ သိသိသာသာ မြင့်လာပါတယ်"ဟု ဘဏ်က ပြောသည်။

တရုတ် နိုင်ငံတွင် (၂၈) လအတွင်း ငွေကြေး ဖောင်းပွမှုနှုန်း လျင်မြန်စွာ တိုးတက်လာရာ နိုဝင်ဘာလတွင် ၅.၁% ရှိလာပြီး၊ အစား အသောက် ဈေးနှုန်းများ ၁၁.၇% ခုန်တက် လာခဲ့ရာ၊ သုံးသပ် သူများက ဘဏ်များက ငွေ အလုံးအရင်း ထုတ်ချေးမှု များကြောင့်ဟု အပြစ်တင်ကြသည်။ Beijing သည် လွန်ခဲ့သည့် လေးလ အတွင်း အတိုးနှုန်းများ နှစ်ကြိမ် မြှင့်တင်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုများကို တင်းကြပ် လိုက်ခြင်းဖြင့် ငွေကြေး ဖောင်းပွမှုကို စီးပွားရေး၏ အခြား အစိတ် အပိုင်းများသို့ မပြန့်နှံ့အောင် ထိန်းချုပ်ခဲ့သည်။

Beijing က ထိန်းချုပ်မှုများ ပြုလုပ်ရန် ကြိုးစားခဲ့မှုကြောင့် တရုတ်၏ တိုးတက်မှုနှုန်းမှာ နှေးကွေး ခဲ့ပြီး စက်တင်ဘာလတွင် ကုန်ဆုံးသော သုံးလအတွင်း တိုးပွားမှု ၉.၆%လျော့သွား ခဲ့ရာ ငွေကြေး အကျပ် အတည်းလွန် ကာလ ငွေကြေး ပံ့ပိုးမှု အစီအစဉ်အရ ပထမ လေးလပတ်တွင် ၁၁.၉% ရှိရာမှ လျော့သွားခြင်း ဖြစ်သည်။

၂၀၁၁-၁၂တွင် ဒေသ တစ်ခုလုံး ပို့ကုန်သည် ၁၂% ထိ တိုးချဲ့သင့်ကြောင်း၊ အလုပ်အကိုင် ကောင်းစဉ်က ၁၅% ထက် အနည်းငယ် နည်းကြောင်း ဘဏ်က ပြောသည်။

အင်ဒိုနီးရှား၏ ၂၀၁၁ တွင် တိုးတက်မှုနှုန်းသည် ယမန်နှစ်က ၅.၉% ထက် စာလျှင် ၆.၂% သို့ တက်သင့်ကြောင်း ဘဏ်က ပြောသည်။ ထိုင်းနိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ၂၀၁၀ တွင် လျင်မြန်စွာ ၇.၅% တက်ခဲ့ပြီး သိသာစွာ ၃.၂% ထိ ကျခဲ့ကြောင်း သတိပေးခဲ့သည်။

ဗီယက်နမ်၏ တိုးတက်မှုမှာ ယမန်နှစ်က ၆.၇% ရှိခဲ့ရာ ယခု အလယ်အလတ် ၆.၅% ရှိသင့်ကြောင်း ကမ္ဘာ့ဘဏ်က ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၁ ရက်စွဲပါ AP သတင်းဌာန၏ Turnout in Southern Sudan vote passes 60 percent ကို တိုက်ရိုက် ဘာသာပြန်သည်)

တောင်ပိုင်း ဆူဒန်ရှိ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် မြောက်ပိုင်းမှ ခွဲထွက်၍ လွတ်လပ်ရေး ရရှိရန် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူများ၏ ၆၀%ကျော် လာရောက် ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရာခိုင်နှုန်းများမှာ မဲဆန္ဒပေးမှု တရားဝင်ရေး အတွက် သတ်မှတ်ထားသော သတ်မှတ်ချက် တစ်ခု ဖြစ်သည်။ တောင်းပိုင်းကမူ ခွဲထွက်၍ လွတ်လပ်ရေး ရယူရန် ကျယ်ကျယ် ပြန့်ပြန့် မျှော်မှန်း ထားသည်။ ထိုသို့ ဖြစ်လာပါက အာဖရိကတိုက်၏ အကြီးဆုံး နိုင်ငံ နှစ်ခြမ်း ကွဲသွားမည် ဖြစ်ပြီး တောင်ပိုင်းမှ ရေနံတွင်းများသည် မြောက်ပိုင်းနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

တောင်ပိုင်း ဆူဒန်ကို အုပ်ချုပ်လျက် ရှိသော Sudan People's Liberation Movement မှ တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့က သတင်းစာ ဆရာများသို့ ပြောကြားရာတွင် ယခု အချိန်ထိ လူ(၂.၃)သန်း နီးပါး လာရောက် ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ann Itto က ပြောကြားရာတွင် လူအချင်းချင်း နှုတ်ဆက်ရာတွင်ပင် နေကောင်းလား ဟု နှုတ်ဆက်ခြင်း မပြုတော့ပဲ မဲပေးပြီးပြီလားဟု နှုတ်ဆက်လျက် ရှိကြသည်ဟု ဆိုသည်။

၂၀၀၅ ခုနှစ်က ပြီးဆုံးခဲ့သော တောင်နှင့်မြောက် ဆူဒန်စစ်ပွဲသည် နှစ်ပေါင်း ၂၀ ခန့် ကြာမြင့် ခဲ့ပြီး စစ်ပွဲကြောင့် လူနှစ်သန်းခန့် သေဆုံးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်-မြန်မာ ရေနံ ပိုက်လိုင်းအတွက် ဆိပ်ခံ တံတား တစ်ခု တည်ဆောက် လည်ပတ်ရန် မူဘောင် သဘော တူညီချက် တစ်ရပ်ကို တရုတ် ထိပ်တန်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ CNPC နှင့် Qingdao Port Group တို့ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တရုတ် သတင်းစာ တစ်စောင်က ရေးသား ဖော်ပြသည်။

မူဘောင် သဘော တူညီချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို The China Petroleum Daily က ဖော်ပြခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် သယ်ဆောင်လာသော ရေနံများ ကုန်ချ သိုလှောင်ရန် နိုဝင်ဘာလက တည်ဆောက် ပြီးစီးသွားသော ဆိပ်ခံတံတား လည်ပတ် လုပ်ကိုင်ရေး တစ်စိတ် တစ်ပိုင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းရေနံ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင် တင်သွင်းမှု အခန်းကဏ္ဍ အတွက် လွန်စွာ အရေးကြီးကြောင်း၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၏ ရွှေရောင် တံတားကြီး တစ်ခုဖြစ်ကြောင်း ညွှန်းဆို ရေးသားသည်။

ယင်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် စုစုပေါင်း ၂၂ သန်း သယ်ဆောင် တင်ပို့ပေးနိုင်မည် ဖြစ်ပြီး ယှဉ်လျက် သွယ်တန်းထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းမှာ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်သည်ဟု The China Petroleum Daily က ရေးသား ဖော်ပြသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ရေးကို CNPC က လုပ်ကိုင်မည် ဖြစ်သည်။

ပိုက်လိုင်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ အရှေ့မြောက် ဘက်အတိုင်း တည့်တည့်သွားပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့သို့ ဝင်ရောက်မည် ဖြစ်သည်။ ရွှေလီမြို့မှ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်သွယ်ပြီး ထိုမှတစ်ဆင့် ချုံကင်းနှင့် နန်နင်းမြို့များသို့ အသီးသီး ဝင်ရောက် အဆုံးသတ်မည်ဟု သိရသည်။

ယင်းပိုက်လိုင်း စီမံကိန်းကြီးများသည် တရုတ်နိုင်ငံသို့ စွမ်းအင် တင်သွင်းသည့် လမ်းကြောင်းများကို လုံးလုံးလျားလျား ပြောင်းလဲ သွားစေမည် ဖြစ်သည်။ ယခင်က တရုတ်နိုင်ငံသည် အာရပ်ကမ္ဘာနှင့် အရှေ့ အလယ်ပိုင်း ဒေသမှ စွမ်းအင်များ တင်သွင်းရာ၌ ရေကြောင်း ပိတ်ဆို့မှု များပြားပြီး ပင်လယ်ဓားပြ အန္တရာယ် ပေါများသော မလက္ကာ ရေလက်ကြားကို အမှီသဟဲ ပြုခဲ့ရသည်။ ပြည်တွင်းသို့ စွမ်းအင် တင်ပို့မှု အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မလက္ကာ ရေလက်ကြားမှ တစ်ဆင့် သယ်ဆောင် တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအတွက် တိုက်ရိုက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီး ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် လက်နက်များ တီထွင်လာ နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

မြောက်ကိုရီးယားသည် ဒုံးကျည် အမြောက်အမြား ထုတ်လုပ် လာနိုင်လိမ့်မည် ဟူသော အချက်ကို မယုံကြည်ခဲ့ကြောင်း၊ ထုတ်လုပ်မည့် ဒုံးကျည်များမှာလည်း စွမ်းဆောင်နိုင်မှုတွင် အကန့်အသတ် ရှိမည်သာ ဖြစ်ကြောင်း မစ္စတာ ရောဘတ်ဂိတ်စ်က တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် သတင်းထောက်များကို ပြောကြားသည်။

"ကျွန်တော့် အထင် ပြောရရင် မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ထုတ်လုပ်လာနိုင် ပါလိမ့်မယ်။ ဒါပေမဲ့ အမြောက်အမြား ထုတ်လာနိုင်မှာတော့ မဟုတ်ပါဘူး" ဟု မစ္စတာ ဂိတ်စ်က ဆိုသည်။

"သူတို့ထုတ်တော့ ထုတ်လုပ် လာနိုင်လိမ့်မယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိနေလိမ့်မယ်" ဟုလည်း ဆက်လက် ပြောသည်။

မြောက်ကိုရီးယားတွင် တာဝေးပစ် ဒုံးကျည်အစင်း ၈၀၀ ခန့် ပိုင်ဆိုင်ပြီး အကွာအဝေး မျိုးစုံပစ်နိုင်သည့် ဒုံးကျည်အစင်း ၁၀၀၀ ကျော် ရှိသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် စစ်လက်နက် နည်းပညာများကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ကြောင်း၊ အဓိက ဝယ်ယူသည့် နိုင်ငံမှာ အီရန်ဖြစ်သည်။ ပြုံယမ်း၏ စစ်လက်နက်များတွင် ကီလိုမီတာ ၃၀၀၀ (မိုင်ပေါင်း ၁၈၆၀) ခန့်အထိ ပစ်နိုင်သော အလယ် အလတ်စား ဒုံးကျည်များလည်း ပါဝင်သည်ဟု တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

အဆိုပါ ဒုံးကျည်များသည် ဂျပန်နိုင်ငံ တစ်ခုလုံးသို့ ရောက်ရှိနိုင်သလို ဂူအမ်ကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကိုလည်း အန္တရာယ် ပေးနိုင်သည့် အနေအထား တွင်လည်း ရှိသည်။ လာမည့် ရက်သတ္တပတ် အတွင်း တရုတ်သမ္မတ ဟူဂျင်းတောင် အမေရိကန် ပြည်ထောင်စုသို့ လာရောက်စဉ် ၎င်းအနေဖြင့် သမ္မတ အိုဘားမား နှင့်အတူ မြောက်ကိုရီးယားကိစ္စ ဆွေးနွေးလိမ့်မည်ဟု ထင်မိကြောင်း မစ္စတာဂိတ်စ်က ဆိုသည်။

ခရီးစဉ်တွင် တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုများ ပြုလုပ်ရန် အိုဘားမားက ဟူဂျင်းတောင်ကို တွန်းအား ပေးမည်ဟု မျှော်လင့်ရသည်။ ယမန် နှစ်ကုန်ပိုင်းက မြောက်ကိုရီးယားက တောင်ကိုရီးယား ကျွန်းတစ်ခုသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး နျူကလီးယား အစီအစဉ်များကိုလည်း ထုတ်ဖော် ပြသခဲ့ရာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်နေရသော မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံအတွက် သံတမန်ရေးနှင့် စီးပွားရေးအရ အဓိက ကျောထောက် နောက်ခံ ပေးလျက် ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ် အပါအဝင် အမေရိကန် အစိုးရ အရာရှိကြီးများက တရုတ်သည် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချရေးတွင် အဓိက ကျသော နေရာတွင် ရှိသည်ဟု ယုံကြည်ကြသည်။

မြောက်ကိုရီးယား၏ အမြောက်များဖြင့် ပစ်ခတ်မှုနှင့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော တိုက်ခိုက်ခံရမှုတို့ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်ခဲ့မှုအား တရုတ်နိုင်ငံက ဝေဖန် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဆီယံ ဥက္ကဌ ရာထူး ရယူထားသည့် ၂၀၁၁ ခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီး နှစ်ခုကို လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

၁၈ နှင့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မေလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့တို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဌ ရာထူးရယူထားစဉ် အာဆီယံ ကွန်မြူနစ်တီ မြှင့်တင်ရေးတွင် ထူးခြားသော တိုးတက်မှုများ ဖြစ်ထွန်းအောင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မစ္စတာ Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် အင်ဒိုနီရှားနိုင်ငံ ဂျကာတာတွင် ရုံးချုပ်ထားရှိပြီး အဖွဲ့ဝင်များမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း နှင့် ထိုင်းတို့ ဖြစ်ကာ လူဦးရေသန်း ၆၀၀ ခန့်ကို ကိုယ်စားပြုသည်။ "ယခု ၂၀၁၁ ခုနှစ်ထဲမှာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေရရှိပြီး လူ့အခွင့်အရေး လေးစား လိုက်နာပါမယ် ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် ဆောင်ရွက် ပေးသွားနိုင်မယ်လို့ ကျွန်တော်တို့ နိုင်ငံက မျှော်လင့်ထားပါတယ်" ဟု Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် ဒေသတွင်း ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ချိုးဖောက်မှုများအပေါ် မသိကျိုးနွံ ပြုခဲ့သောကြောင့် ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခံရသည်။ အာဆီယံအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အစီရင်ခံတင်ပြရန် လိုအပ်သောကြောင့် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အဆိုပါ ကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သော မြန်မာနိုင်ငံအပေါ် အပြစ်ပေး အရေးယူရန် သြဇာအာဏာ မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ "ဒေသတွင်း ပြောင်းရွှေ့လုပ်သားတွေ အကာအကွယ် ပေးရေးကို သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် အင်ဒိုနီးရှား နိုင်ငံက ကြိုးစား လုပ်ကိုင်သွားမှာပါ" ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ထို့ပြင် အင်ဒိုနီးရှားသည် အာဆီယံဥက္ကဌ ရာထူး ရထားသည့် ကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း၌ တက်ကြွသော နိုင်ငံတစ်နိုင်ငံအဖြစ် ပိုမို ရပ်တည်သွားမည် ဖြစ်သည်ဟု ၎င်းက ကြေညာပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးမစ်ရှင်များ အတွက်လည်း ထည့်ဝင်မှုများ ပိုမို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် တစ်လျှောက်လုံး အင်ဒိုနီးရှား နိုင်ငံရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်တွေအတွက် တပ်ဖွဲ့ဝင် အင်အား ၁၇၈၅ ဦး ဖြည့်ဆည်း ပေးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော AAPP မှ 2189 Political Prisoners in Burma ကို တိုက်ရိုက် ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၈၉ ဦး ရှိ၍ ယခင်လက ကိန်းဂဏန်း ၂၂၀၃ ဦးနှင့် နှိုင်းယှဉ်ကြည့်သော် အရေအတွက် လျော့သွားသည်ကို တွေ့ရသည်။ ဒီဇင်ဘာလ အတွင်းက နိုင်ငံရေး အကျဉ်းသား ၁၆ ဦး လွှတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒီဇင်ဘာလ အတော အတွင်းက အနည်းဆုံး နိုင်ငံရေး အကျဉ်းသား တစ်ဦးကို ပြောင်းရွေ့ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၆ ဦးကို လွှတ်ပေးခဲ့သည်။ ဆန္ဒပြမှုကြောင့် ဒီဇင်ဘာလအတွင်း လူငါးဦး ဖမ်းဆီးခဲ့ကြောင်း မီဒီယာတွင် သတင်း ဖော်ပြခဲ့သည်။ ထို ဖမ်းဆီးထားမှုများကို အတည်ပြုချက် ရယူ နေသည့်အတွက် ယခုလ ကိန်းဂဏန်းများတွင် ပါဝင်ခြင်း မရှိပါ။

လမ်းပန်း ခက်ခဲသော အကျဉ်းထောင်များသို့ ရွေ့ပြောင်းခြင်း၊ ထိရောက်သော ဆေးကုသခွင့် မရရှိခြင်း စသော ဆိုးဝါး နိမ့်ကျသည့် အကျဉ်းထောင် အခြေအနေများကြောင့် အနည်းဆုံး အကျဉ်းသား ၁၄၂ ဦး ကျန်းမာရေး အခြေအနေ ဆိုးဝါးနေပြီး မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင် များရှိ နိုင်ငံရေး အကျဉ်းသား များစွာ အပေါ် ဆိုးဝါးစွာ ပြုမူ ဆက်ဆံမှုများ ဒီဇင်ဘာလအတွင်း ဆက်လက် ဖြစ်ပေါ်ခဲ့သည်။

ယခု ဖော်ပြမည့် ကိစ္စ တစ်ခုတည်းနှင့်ပင် နိုင်ငံရေး အကျဉ်းသားများ ကြုံတွေ့နေရသည့် အခြေ အနေများနှင့် သေကြေပျက်စီး ရသော အကျိုးဆက်များကို ထင်ရှားပေါ်လွင် စေပါလိမ့်မည်။ နိုင်ငံရေး အကျဉ်းသား သံဃာတော် တစ်ဦး ဖြစ်သူ ဦးနေမိန္ဒမှာ ဒီဇင်ဘာ ၈ ရက်နေ့က ပျံလွန် တော်မူသွားခဲ့သည်။ သူသည် အာဟာရ ချို့တဲ့မှု၊ နှိပ်စက် ညှင်းပန်းမှု၊ ဆေးကုသခွင့် လုံလောက်စွာ မရမှုတို့ကြောင့် ၁၉၈၈ နောက်ပိုင်း မြန်မာ အကျဉ်းထောင်များထဲတွင် အသက် ဆုံးရှုံးရသော ၁၄၆ ဦးမြောက် နိုင်ငံရေး အကျဉ်းသား ဖြစ်သည်။ ဦးနေမိန္ဒသည် စစ်ကြော မေးမြန်းမှုများတွင် နှိပ်စက် ညှင်းပန်း ခံရပြီး နောက်ပိုင်းတွင် မော်လမြိုင်ထောင်သို့ ရွှေ့ပြောင်းခံရပြီးနောက် ကျန်းမာရေး ချို့ယွင်းသွားခဲ့သည်။ ပါးစပ်တွင် အနာများ ပေါက်လာသဖြင့် အစာ စားခြင်းနှင့် ရေသောက်ရာတွင် အခက်အခဲ ရှိလာခဲ့သည်။ ထို့အပြင် အရေပြား ရောဂါများပါ ဖြစ်ပွားလာသဖြင့် ဆေးကုသခွင့် တောင်းဆိုသော်လည်း အာဏာပိုင်များက လျစ်လျူ ရှုခဲ့ကြသည်။ သူ၏ အလောင်းကို ၂၀၁၀ ဒီဇင်ဘာ ၉ ရက်တွင် သဂြိုလ် လိုက်သည်။

အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ နိုင်လင်း မှာလည်း ယင်း၏ အိမ်နှင့် မိုင် ၆၈၀ ဝေးသော စစ်ကိုင်းတိုင်း ကလေးထောင်သို့ အင်းစိန်ထောင်မှ ရွှေ့ပြောင်း ပို့ဆောင်ခြင်း ခံရသည်။ ယင်းသည် သွေးကင်ဆာ ရောဂါ (Leukemia) ခံစားနေရပြီး တစ်လလျှင် သွေးတစ်ပုလင်း သွင်းရန် လိုအပ်နေသဖြင့် ဆရာဝန် မရှိသော ကလေးထောင်တွင် လစဉ် သွေးသွင်းခြင်း မရှိပါက ယင်းသည်လည်း သေဆုံးသွားနိုင်သည်။

ယခုလ အတွင်း သတိပြုစရာ အချက်တစ်ခုမှာ နိုင်ငံရေး အကျဉ်းသား ၁၆ ဦး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စသည် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှု တစ်ခုဟု ဆိုနိုင်သော်လည်း လွှတ်လာသူ အားလုံးသည် ယင်းတို့၏ ပြစ်ဒဏ် ကာလကို အပြည့်အ၀ ပေးဆပ်ခဲ့သူများ ဖြစ်ပြီး လျှော့ရက်ဖြင့် လွတ်မြောက်လာကြခြင်း မဟုတ်ပါ။ ယင်းတို့ အနက်မှ တစ်ဦးဆိုလျှင် သူမ၏ ကနဦး ပြစ်ဒဏ်ထက် ၄ လ ပို၍ ကျခံခဲ့ရသူ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၉ရက် ၂၀၁၁ ရက်စွဲပါ Sify News မှ Bangladesh to claim 400 nautical miles in Bay of Bengal သတင်း ကို တိုက်ရိုက် ဘာသာပြန်သည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိမ်နီးချင်း မြန်မာ၊ အိန္ဒိယ နိုင်ငံတို့နှင့် အငြင်းပွားနေသော ဘင်္ဂလား ပင်လယ်အော် အတွင်း ရေပိုင်နက် ရေမိုင် ၄၀၀ သတ်မှတ် တောင်းဆိုထားခြင်းကို အခိုင်အလုံ သက်သေ ပြရန် ကြိုးစားသွားမည်ဟု တာဝန် ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

"ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်တော်တို့ရဲ့ ရေပြင် နယ်နိမိတ်နဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက် အထားကို လာမယ့်လအတွင်း ကုလသမဂ္ဂထံ တင်ပြ သွားမှာပါ" ဟု နိုင်ငံခြားရေး ၀န်ကြီး ဒစ်ပူးမိုနီက အငြင်းပွား ရေပြင်နှင့် ပတ်သက်သည့် အထောက်အထားများ ပြည့်စုံအောင် ပြုစုပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဟိုက်ဒရိုကာဗွန်(ရေနံ) ရှာဖွေရာတွင် အလားအလာ ရှိသည်ဟု ယုံကြည်ရသော ဘင်္ဂလား ပင်လယ်အော် အထက်ပိုင်း အိန္ဒိယနှင့် မြန်မာအကြား ညှပ်နေသော နေရာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက အခြား နိုင်ငံတကာ ဥပဒေအဖွဲ့များ အကူအညီဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထား တင်ပြထားပြီး ဖြစ်သည်။

နယူးဒေလီနှင့် ရန်ကုန် (ယခု နေပြည်တော် အစိုးရ) တို့ကလည်း ယင်းတို့၏ အထောက်အထား များကို ကုလသမဂ္ဂထံ ယခင်နှစ်က တင်ပြထားကြပြီး ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာတို့က ဂျီသြမေတြီ တွက်ချက်မှုများပေါ် အခြေပြုသည့် တင်ပြမှုများအပေါ် ရပ်တည် နေကြသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ်ကမူ ယင်း၏ လူဦးရေ၊ စီးပွားရေး အဆင့်အတန်းနှင့် လိုအပ်ချက်များ အပေါ် အခြေပြုကာ စောဒကတက် တင်ပြထားသည်။ ယင်းတို့၏ ချဉ်းကပ်ပုံ နည်းလမ်းကို အခြား နိုင်ငံများစွာက သဘော ကျနေသည့် အချက်ကြောင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ များက မျှော်လင့်ချက် ထားနေကြခြင်း ဖြစ်သည်။

ရေပြင် အငြင်းပွားမှုများသည် အမြဲတမ်း လိုလိုပင် တိုင်းပြည်များစွာမှ ရေတပ်မတော်များအား အငြင်းပွား နယ်မြေသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းကို ဖြစ်ပေါ်စေသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားတွင်လည်း ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး အတွက် ရေပြင် ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ရေတပ် စေလွှတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၁ ရက်စွဲ Bernama သတင်းမှ Thais barred from entering into Myanmar for safety ကို တိုက်ရိုက် ဘာသာပြန်သည်)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ စစ်တပ် (DKBA) က ထိုင်းနိုင်ငံရေး သမားဟောင်း တစ်ဦးအား ယင်း၏ စီးပွားရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ် ဖြတ်ကူးစဉ် ဖမ်းဆီးထားမှုကြောင့် ထိုင်းနိုင်ငံ အနောက်မြောက်ဖက် Tak ပြည်နယ်ရှိ နယ်စပ် စခန်းများမှတဆင့် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခြင်းကို တားမြစ်ထားလိုက်ကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က သတင်း ပေးပို့ခဲ့သည်။

Tak ပြည်နယ် အုပ်ချုပ်ရေးမှူး Samart Loyfah က ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ထိုင်းလူမျိုးများအား Tak ပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ် စခန်းများမှ မြန်မာနိုင်ငံ အတွင်းသို့ သွားရောက်ခြင်းအား ယာယီ တားမြစ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် DKBA သည် ထိုင်း Ruanijai Paltana ပါတီမှ အဖွဲ့ဝင်ဟောင်း၊ ထိုင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန ၀န်ထမ်းဟောင်း Kriansak Bhumrungroj အား ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ သို့သော် ထိုင်းအာဏာပိုင်များ သည် DKBA နှင့် အောင်မြင်စွာ ညှိနှိုင်းခဲ့ခြင်းကြောင့် ယင်းအား အင်္ဂါနေ့ ညနေက ပြန်လွှတ်ပေးခဲ့ သည်ဟု ဆိုသည်။

Samart က မြန်မာနှင့် ထိစပ်နေသော Tak ၏ နယ်မြေ ငါးခုတွင် ထိုင်း နယ်ခြားစောင့်ရဲနှင့် စစ်တပ်များသည် လုံခြုံရေးအတွက် ပိုမို တင်းကြပ်စွာ ကိုင်တွယ်လျက် ရှိပြီး မြန်မာစစ်တပ်နှင့် ကရင်တပ်များ ကြားတွင် စစ်ပွဲများ ပိုမိုဖြစ်ပွားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.