Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 1st February 2010

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရှိ မကောင်း သတင်းဖြင့် လူသိများနေသည့် ဧရာဝတီမြစ်ဆုံ ဆည် စီမံကိန်းကြောင့် မကြာမီ ရေဖုံးလွှမ်းသွားမည့် နေရာများတွင် အကြီးစား ကုမ္ပဏီပေါင်း များစွာသည် နေ့ရော ညပါ အလုပ် လုပ်၍ အပူတပြင်း 'ရွှေ' ရှာဖွေ နေကြသည်။

ကချင် သတင်းအဖွဲ့ KNG ၏ အဆိုအရ စင်္ကာပူ နိုင်ငံ အရွယ် ပမာဏ ရှိသော ဧရာဝတီမြစ်ဖျား နယ်မြေတွင် အလုပ်လုပ်နေသော ကုမ္ပဏီ (၇) ခု ရှိပြီး မြစ်ဆုံဆည် တည်ဆောက်ရေး အဓိက ကန်ထရိုက်တာများ ထဲမှ တစ်ဦးဖြစ်သူ အေးရှားဝေါလ် ကုမ္ပဏီလည်း အပါအဝင် ဖြစ်သည်ဟု သိရသည်။

မြစ်ကြီးနား၏ မြောက်ဖက် (၂၇) မိုင်ရှိ ဧရာဝတီမြစ်ဆုံ တန်ဖဲရွာ ပတ်ပတ်လည် နှင့် ဆည်စီမံကိန်း နယ်မြေထဲမှ ရွှေမိုင်းများ အနီးတွင် ရွှေတူးသူများ အတွက် စခန်းသစ်များ၊ ရွက်ဖျင်တဲများ၊ တဲတန်းများ ဆောက်လုပ်ပြီးပြီဟု KNG သတင်းတွင် ဖော်ပြထားသည်။ ရွှေသတ္ထု တူးဖော်ခြင်း လုပ်ငန်းများကို နေ့ရော ညပါ လုပ်ကိုင်လျက် ရှိသည်ဟု တန်ဖဲ ရွာသားများက ပြောကြားသည်။

ဘိန်းရာဇာ တစ်ဦးက ၁၉၉၂ တွင် တည်ထောင်ခဲ့သည့် အေရှားဝေါလ် ကုမ္ပဏီသည် ရွှေတူးခြင်း၊ သစ်ခုတ်လဲခြင်း၊ လိုဏ်ခေါင်းများ တူးဖော်ခြင်း တို့အတွက် တရုတ် အလုပ်သမား (၂၀၀၀) ခန့်ကို လျှို့ဝှက် ခေါ်ဆောင် လာခဲ့သည်ဟုလည်း ရွာသားများက ပြောကြားသည်။

အမှန်စင်စစ် အဆိုပါ ဒေသကို ၎င်းတို့ ကူညီ၍ မြှုပ်နှံပစ်ခြင်း မပြုမီ ရနိုင်သလောက် များများ ရရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဆည်စီမံကိန်း ပြီးစီး၍ ရေဖုံးလွှမ်း သွားသည်နှင့် တပြိုင်နက် ကမ္ဘာပေါ်ရှိ ဆန်းကြယ် လှပသော နေရာများထဲမှ တစ်နေရာမှာ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ထို့အပြင် သတ္ထု တူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်လိုက်သော ပြဒါးများ အဆိပ်သင့်မှုကြောင့် နဂိုကပင် စိုးရိမ်စရာ ဖြစ်နေသော ဧရာဝတီ လင်းပိုင်များ အတွက် အန္တရာယ် ရှိလာပါလိမ့်မည်။ ဆည်စီမံကိန်း၏ ဆိုးကျိုး သက်ရောက်မှုများက အခြားသော သဘာဝ ပတ်ဝန်းကျင် အနေအထားများကိုလည်း ရေရှည် ထိခိုက်ပျက်စီး စေပါလိမ့်ဦးမည်။

လတ်တလော လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ  ထိခိုက်မှုများကိုလည်း ပိုမို၍ ဖိအားပေး လုပ်ဆောင်လာဖွယ် ရှိသည်။ အကြမ်းအားဖြင့် လူဦးရေ (၁၅ဝဝဝ) ခန့် နေထိုင်နေသည့် ရွာပေါင်း (၆၀) ခန့်မှာလည်း ၎င်းတို့၏ နေရာများမှ အတင်းအကျပ် ဖယ်ရှားခံရမည့် အလားအလာများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့သိထားသမျှ၊ ၎င်းတို့ ပိုင်ဆိုင်သော ဘဝများကို စွန့်လွှတ်ရန် အတွက် တံစိုးလက်ဆောင်များလည်း ရရှိကြပါသည်။ ယခု လတ်တလော အနေနှင့် တန်ဖဲရွာရှိ မိသားစုများအား ဆန်တစ်အိတ်နှင့် ဆီတစ်ပုံးစီ ဝေပေးခဲ့သည်ဟု သိရပါသည်။

ယခုကိစ္စ မတိုင်မီလေးတွင် ဆည် စတင် တည်ဆောက်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် ရွာသားအချို့ကို အတင်းအကျပ် ဆင့်ခေါ်ခဲ့သည်ဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ မြစ်ဆုံဆည် စီမံကိန်း အပေါ် ဆန့်ကျင်သော လူထု၏ သဘောထားမှာ တိုးပွားလာလျက် ရှိပါသည်။

ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်းနှင့် အသက် ဆုံးရှုံးသည် အထိပင် အန္တရာယ်များ ရှိနေသော်လည်း ရွာသားများသည် ပြောင်းရွှေ့ရန် ငြင်းဆန်ခြင်း၊ တပ်ရင်းမှူးများကို အရေးဆိုခြင်း၊ အိတ်ဖွင့်ပေးစာများ ရေးသား၍ အသနားခံခြင်းနှင့် ဆန္ဒပြရန် စည်းရုံးခြင်း တို့ကို လုပ်ဆောင်လျက် ရှိကြပါသည်။

ကချင် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်အဖွဲ့ KNDG ကဲ့သိုသော အရပ်ဖက် အဖွဲ့အစည်းများကလည်း မြစ်ဆုံဆည်နှင့် ကချင်ပြည်နယ်တွင်းရှိ အခြားဆည်များ တည်ဆောက်နေခြင်းကို အမြန်ဆုံး ရင်ဆိုင်ရန်၊ ဆည်စီမံကိန်းနှင့် ပတ်သက် ဆက်စပ်နေသည့် ဆိုးဝါးသော ဘက်ပေါင်းစုံ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်နေခြင်းမှ ရှောင်ရှားရန်၊ China Power Investment ကုမ္ပဏီ မြစ်ဆုံ ဆည်စီမံကိန်း မန်နေဂျာထံ ဖိအားပေး တောင်းဆိုလျက် ရှိသည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံ အားပေးမှု ရရှိရန်အတွက် KNDG က စတင် တောင်းဆိုလိုက်ပြီး kdngroup@gmail.com တွင် ကချင် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့နှင့် ဆက်နွယ် ဆောင်ရွက်နိုင်သည်ဟုလည်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Alberto Turlon, 29th January 2010

အကယ်၍ ကောလာဟလများသာ မှန်ကန်မည် ဆိုပါက လာမည့် ၁ဝ လခန့် အတွင်း မြန်မာ ပြည်သူ လူထုသည် အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် မဲပေးခွင့် ရရှိကြမည် ဖြစ်သည်။

လွှတ်တော် အသစ်နှင့် နိုင်ငံရေး အလွှာသစ် တစ်ခုသည် စစ်ဖက် အစိုးရနှင့် အတူ ယှဉ်လျက် ပေါ်ထွက် လာလိမ့်မည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ နည်းလမ်း မကျသော အရာတစ်ခု ဖြစ်သည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ ရွေးကောက်ပွဲများ ကျင်းပတော့မည်။

ကိုယ့် အနာဂတ် ကိုယ်ဖန်တီးခွင့်များသည် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် အချိန်မရွေး ရုတ်သိမ်း တင်းကြပ် ခံရနိုင်ပြီး စစ်တပ်ကမူ လွပ်လပ်စွာ ကာကွယ်နိုင်သည့် အခွင့်အရေးကို ရရှိပါလိမ့်မည်။

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ဖွဲ့စည်းပုံ တိုးတက်စေရန် အတွက် အများနှင့် ဆွေးနွေးသော ဆက်ဆံမှု အခန်းကဏ္ဍ ရှိပါသလား ဟု မေးခွန်း ထုတ်စရာ ရှိနေပါသည်။ အဓိက ပလေယာ အများစုမှာ စစ်ဖက် အစိုးရ၊ SPDC နှင့် နှစ်ဦး နှစ်ဖက် ဆက်ဆံ ဆွေးနွေးရန် ကြိုးစားနေကြပြီး လတ်တလော ကုလသမဂ္ဂ၏ အခန်း ကဏ္ဍမှာ နိမ့်ပါးလျက် ရှိသည်။

နိုင်ငံတကာ စေ့စပ် ဖျန်ဖြေရေး ဆောင်ရွက်နေသော ကုလသမဂ္ဂ ကဲ့သို့ ဘက်မလိုက် အဖွဲ့ကြီးများက လက်ရှိ အစိုးရ၊ SPDC နှင့် ဒီမိုကရေစီ အတိုက်အခံများ နှစ်ဖက်စလုံးက ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်များ အတိုင်း ဆက်လက် ဆောင်ရွက်နေကြပါသည်။ SPDC က နယ်ခြားဒေသ နှင့် ပြဿနာဇုံ များတွင် စစ်ရေးအရ တည်ငြိမ်မှု ရှိစေရန် ကြိုးစားနေပါသည်။

သို့ရာတွင် အင်အား အသုံးပြုရုံနှင့် တည်ငြိမ်မှု မရရှိနိုင် ဟူသော အချက်ကို အပစ်ရပ် အဖွဲ့များနှင့် တင်းမာမှု ကြီးထွားလာခြင်းက သက်သေပြနေပါသည်။ NLD နှင့် တကွ အခြား လွတ်လပ်သော ပါတီ များသည် ရွေးကောက်ပွဲကို ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် တွေ့ကြုံရမည့် လူများစု၊ အထူးသဖြင့် လူငယ်များနှင့် အဆက်အသွယ်ကို ထိန်းသိမ်းရန်၊ လူငယ်များ၏ နိုင်ငံရေး ဘဝကို အားသစ် လောင်းရန် အခွင့်အလမ်းများ ရှာဖွေနေကြပါသည်။

ဗဟို အလုပ် အမှုဆောင် ကော်မတီကို တိုးချဲ့ ဖွဲ့စည်းသည့် NLD ၏ ဆုံးဖြတ်ချက်သည် အရပ်ဖက် အဖွဲ့အစည်း အောက်ခြေအလွှာနှင့် ဆက်ဆံရေးကို စုစည်းရန် အတွက် ခြေလှမ်းသစ် တစ်ခု ဖြစ်သည်။ လက်ရှိ အစိုးရ၏ နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း NGO အဖွဲ့များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က တညီတညွတ်တည်း ပြစ်တင် ရှုတ်ချခဲ့ပြီး ဖြစ်ပါသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စီးပွားရေး နိမ့်ကျမှု ပြဿနာသည် နိုင်ငံတကာ အစီအစဉ်၏ အပိုင်းတစ်ခု အဖြစ် အမြဲတမ်း ရှိနေနိုင်ပြီး အဆိုပါ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းနှင့် နယ်စပ် တည်ငြိမ်ရေး ပြဿနာများကို SPDC အစိုးရ အနေဖြင့် တစ်ဦးတည်း ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ SPDC အစိုးရနှင့် အရပ်ဖက် ပါတီများ အကြား တရားမျှတသော ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြင့်သာလျှင် ရေရှည် ပြေလည်မှုများ ရရှိနိုင်မည် ဖြစ်ပါသည်။

လက်ရှိ ကာလများ အတွင်း အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်နေခဲ့သော်လည်း လက်တွေ့ တိုးတက်မှုများ ယခုတိုင် မရရှိသေးပါ။ မြန်မာနိုင်ငံတွင် နိုင်ငံရေး ဖိနှိပ် ချုပ်ချယ်မှုများ ရှိနေဆဲ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာ အစိုးရ၏ အဓိက မဟာမိတ် နိုင်ငံ ဖြစ်ပါသည်။ သို့ပါသော်လည်း အပစ်ရပ် အဖွဲ့များ အပေါ် ပြုမူ ဆက်ဆံပုံများ၊ အနေအထားများနှင့် ပတ်သက်သည့် သဘောထား ကွဲလွဲမှုများ ကိုမူ နှစ်နိုင်ငံ စလုံးက ဖုံးကွယ်ထားနိုင်ခြင်း မရှိပါ။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုများ၊ ယူနန် ပြည်နယ်တွင်း  HIV/ AIDS ပြန့်ပွားမှုများနှင့် ပတ်သက်၍ တရုတ်အား စိုးရိမ် ပူပန်သောက ရောက်စေသည့် နိုင်ငံလည်း ဖြစ်ပါသည်။

အာဆီယံ အဖွဲ့၏ ကြားဝင် မစွက်ဖက်ရေး မူဝါဒသည်လည်း အဆိုပါ အဖွဲ့အစည်း၏ အားနည်း ချို့ယွင်းချက် တစ်ခုအဖြစ် ပေါ်ထွက်လာနေပါသည်။ အဖွဲ့ဝင် နိုင်ငံများ အကြား အပြန်အလှန် မှီခို ဆောင်ရွက်မှု ကြီးမားစွာ လိုအပ်သည့် '' သန်စွမ်း၍ ပြိုင်ဆိုင်နိုင်စွမ်း ရှိသော စီးပွားရေး ဇုံ ဖြစ်လာစေရေး'' ရည်မှန်းချက် ပြည့်ဝလိုပါက အာဆီယံ အနေဖြင့် ဥပဒေပြု လုပ်ငန်းစဉ် အတွင်း အခြေခံ စံနှုန်းများ ချမှတ်ထားသင့်ပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးနိုင်ချေနှင့် ကြွယ်ဝသည့် သဘာဝ ရင်းမြစ်များကြောင့် အာဆီယံ၏ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်နေသော်လည်း ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် လုပ်ဆောင်နေပါက နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် သိက္ခာ ပြည့်ဝသည့် နိုင်ငံ လုံးဝ (လုံးဝ) ဖြစ်လာမည် မဟုတ်ပါ။ အကယ်၍ လက်ရှိ အနေအထားများ မပြောင်းလဲခဲ့ပါက အာဆီယံ အားကောင်း မောင်းသန် ဖြစ်လာရေး လမ်းကြောင်းတွင် မြန်မာနိုင်ငံသည် ပြင်းထန်သည့် အတားအဆီး တစ်ခု ဖြစ်လာပါလိမ့်မည်။

တစ်ချိန်တည်းမှာပင် တရုတ်၊ အိန္ဒိယနှင့် ထိုင်း ကဲ့သို့သော နိုင်ငံများကလည်း စစ်ဖက် အစိုးရနှင့် အပြန်အလှန် ဆက်ဆံရန် လိုလားနေကြပြီး ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းများ၊ ရေအားလျှပ်စစ် စီမံကိန်းများ၊ သဘာဝ ရင်းမြစ် ရှာဖွေရေး အစီအစဉ်များကို အကောင်အထည် ဖော်ရန် စီစဉ်နေကြပါသည်။

မြန်မာ အစိုးရက တည်ငြိမ်မှုနှင့် အဆက်မပြတ် ထိန်းချုပ်နိုင်မှုကို အာမခံနိုင်ခြင်း မရှိသော၊ အပစ်ရပ် အဖွဲ့များ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသော ပြဿနာဇုန် အတွင်းရှိ စီမံကိန်းများတွင် ပမာဏ ကြီးမားစွာ ရင်းနှီး မြုပ်နှံရန် မည်သို့ ဖြစ်နိုင်မည်နည်းဟု မေးစရာ တစ်ခု ရှိနေပါသည်။

မြန်မာ အစိုးရနှင့် အပြန်အလှန် ပူးပေါင်း ဂုတ် သွေးစုပ်မှုများသည် ပြင်းထန်သော ထိန်းချုပ် ကန့်သတ်မှုများကိုသာ ရလဒ် ထွက်ပေါ်စေမည် ဖြစ်၍ ရေရှည် ခံနိုင်မည့် တည်ငြိမ် အေးချမ်းမှုကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါ။

ကုလသမဂ္ဂသည် ယခုအခါ စိတ်ချ ယုံကြည်မှု ပိုမိုလာမည့် အခွင့်အရေးကို ရရှိနေပြီး၊ ပါတီများ အကြား စေ့စပ်ဖြန်ဖြေရေး ကိရိယာ အဖြစ် ၎င်း၏ အခွင့်အာဏာကို အသုံးပြုရန် ရည်ရွယ်နေပါသည်။ အဓိက နိုင်ငံတကာ လှုပ်ရှားသူများနှင့် ပြည်တွင်းပါတီများ ပါဝင်ပြီး ကုလသမဂ္ဂက ဦးဆောင်သည့် စုပေါင်း အဖွဲ့သည် နိုင်ငံ တည်ငြိမ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာ လူထု၏ ဆင်းရဲသော လူနေမှု ဘဝ အခြေအနေများကို လေ့လာ သိရှိရန် မဖြစ်မနေ လိုအပ်ပါသည်။

ကုလသမဂ္ဂသည် ပြဿနာ စီမံခန့်ခွဲမှုများ၊ လူ့စွမ်းအား တည်ဆောက်မှုများ၊ အခြေအနေ ကူးပြောင်းမှုများနှင့် ပတ်သက်၍ ကြီးမားသော အတွေ့အကြုံ ရှိပြီး ဖြစ်သည်။ လူမျိုးရေး တင်းမာမှုများနှင့် ပတ်သက်၍လည်း ဒီမိုကရေစီ ကူးပြောင်းရေးတွင် ကူညီခဲ့ပါသည်။ ၎င်း၏ အခန်းကဏ္ဍသည် ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင်လည်း ပါဝင် အကောင်အထည် ဖော်နေပါသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ကုလ အထွေထွေ ညီလာခံတွင် အထွေထွေ အတွင်း ရေးမှူးချုပ် ၏ လုပ်ပိုင်ခွင့် အာဏာများကို ထောက်ခံ အားပေးသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးကြီး အခြေအနေ ပေါ်တွင် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါသည်။

ဥပဒေ အရ မဟုတ်သေးသော်ငြားလည်း ယခု ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင်များစု အနေဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဓိက နိုင်ငံများ ဖြစ်သော တရုတ်၊ အီးယူ၊ အမေရိကန် ပြည်ထောင်စု၊ မိတ်ဆွေနိုင်ငံများနှင့် မြန်မာ အစိုးရ ကိုယ်၌ကလည်း အဆိုပါ လုပ်ပိုင်ခွင့် အာဏာကို ထောက်ခံ အားပေးကြောင်း ထပ်မံပြောဆိုခဲ့ကြပါသည်။

ယခု လုပ်ပိုင်ခွင့် အာဏာသည် အချက် ၅ ချက်ပေါ်တွင် အာရုံစိုက် ထားရမည်ဟု အထွေထွေ အတွင်းရေးမှူးချုပ်က အကြံပေး တင်ပြပါသည်။ နေပြည်တော်နှင့် ရန်ကုန်ရှိ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး ရုံးမှ တဆင့် သံတမန် ညှိနှိုင်းစေ့စပ်မှုများ ပုံမှန် ပြုလုပ်သွားရေး အဆင့်မှ စတင် ဆောင်ရွက်ရမည်ဟု ဆိုပါသည်။ ထိုမှ တဆင့် နိုင်ငံရေး အကျဉ်းသားများ အပေါ်တင်းကြပ်မှုများ ဖြေလျှော့ရေးနှင့်  လွတ်လပ်သော နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုတွင် ရှိနေသော အတားအဆီးများကို ဖယ်ရှားရေး တို့ကို ဆောင်ရွက် နိုင်လိမ့်မည် ဖြစ်သည်။ လတ်တလော အနေဖြင့် နောက်ထပ် ဖမ်းဆီးမှုများ ရပ်ဆိုင်းရန်နှင့် နိုင်ငံတစ်ဝှမ်း ပါတီများကို စည်းဝေးခွင့် ပြုလုပ်ရန် တို့ဖြစ်ပါသည်။

ထို့အပြင် ပြည်သူလူထုကို ထိခိုက်စေသည့် ကြီးမားသော ဆင်းရဲ မွဲတေမှုများနှင့် နိုင်ငံ စီးပွားရေး နိမ့်ကျနေမှုကို ကိုင်တွယ် ဖြေရှင်းရာတွင် ကုလသမဂ္ဂက အဓိက ကဏ္ဍမှ ပါဝင် ဆောင်ရွက်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွာရေး အနေအထားကို အကဲဖြတ်ရန် အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့သည် ဟုလည်း အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်မံ ပြောကြားပါသည်။

အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူး အကြံပေး အီဘရာဟင် ဂမ်ဘာရီ၏ နေရာတွင် ဆက်ခံမည့်သူများကို ခန့်အပ်ရခြင်း မရှိသေးပါ။ ၎င်းအား အထောက်အကူ ဖြစ်စေမည့် အတွေ့အကြုံရင့် သံတမန် တစ်ဦး ဖြစ်ရန် အလွန် အရေးကြီးပါသည်။

မြန်မာ အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံနေသော နိုင်ငံများထံမှလည်း မိမိတို့ လေ့လာ သင်ယူရလိမ့်မည်။ ၎င်းတို့သည် အဆင့်မြင့် စစ်ဖက်ဆိုင်ရာများမှ တဆင့် မြန်မာ အစိုးရနှင့် မကြာခဏ ဆက်ဆံ ဆောင်ရွက်နေပါသည်။ စစ်ဖက်ဆိုင်ရာ ကျောထောက်နောက်ခံ ရှိသူ စေ့စပ် ညှိနှိုင်းရေးမှူးသည် မြန်မာအစိုးရ ထံမှ လေးစားမှုနှင့် ယုံကြည်မှုကို ရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အလွှာ ပျောက်ကွယ်သွားသည်မှာ ၄၈ နှစ် နီးပါးရှိပြီ ဖြစ်၍ သံတမန် ဝန်ထမ်း အဖွဲ့အစည်းမှာ လည်း စစ်ဖက် အရာရှိ များနှင့်သာ ဖွဲ့စည်းထားပါသည်။

လာမည့် လပိုင်းများ အတွင်း မြန်မာနိုင်ငံ ကိစ္စများနှင့် ပတ်သက်၍ ပိုမို အချိန်ပေး လုပ်ဆောင်သွားရန် ကုလသမဂ္ဂက မျှော်လင့်ထားပါသည်။ ယခုအခါ အထွေထွေ အတွင်းရေးမှူးချုပ် တင်ပြသည့် အချက် ၅ ချက် ကို ဦးတည်၍ ဆွေးနွေးပွဲများ ကျင်းပရန် အချိန် ကျရောက်လာပြီ ဖြစ်သလို ပါဝင် သက်ဆိုင်သည့် ဒီမိုကရေစီ နိုင်ငံရေး အင်အားစုများနှင့် တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်များအား မဟာဗျူဟာကို အသေးစိတ် ရှင်းလင်းရမည့် အချိန်လည်း ဖြစ်ပါသည်။

စစ်ဖက် အစိုးရနှင့် နွေးထွေးစွာ တွေ့ဆုံ ညှိနှိုင်းခြင်း သည်သာလျှင် ဖြစ်နိုင်ချေ ရှိသည့် ရွေးချယ်စရာ ဖြစ်ကြောင်း လက်ခံ ယုံကြည်သူများကြောင့် ရလဒ် အသင့်အတင့် ထွက်ပေါ်ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် ကုလသမဂ ထောက်ခံ အားပေးသော ကြိုးစားမှုသည် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်လာပါသည်။

ုံ

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

3 Feb 2010

မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက ထွက်ရှိရာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း အခန်းကဏ္ဍသည် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရဆဲ ဖြစ်ပြီး ယခုအခါ ကြီးမားသော ငွေကြေး လိုအပ်ချက်ဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ လယ်သမား ထောင်ပေါင်းများစွာ အတွက် နိုင်ငံတကာက ဘဏ္ဍာရေး အထောက်အပံ့များ ပေးမည်ဟု ကတိကဝတ်များ ပေးခဲ့သော်လည်း ယနေ့ အချိန်အထိ အကူအညီ တစ်စုံတစ်ရာမျှ မရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာသော အထောက်အပံ့များ ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုပါသည်။

''ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အထောက်အပံ့တွေ နည်းပါးနေပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားသလောက် ဘဏ္ဍာရေး အကူအညီတွေ မရခဲ့ပါဘူး '' ဟု (UNOCHA) မှ ဌာန ကိုယ်စားလှယ်  Bishow Parajili   က ပြောပါသည်။

နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ပေးအပ်မည့် ငွေမှာ ဒေါ်လာ သန်း ၇၀၀ ဖြစ်သော်လည်း ယနေ့ အချိန်အထိ ဒေါ်လာ ၂၁၅ သန်းသာ ရရှိသေးသည်။ လှူဒါန်းငွေ အတော်များများကို နာဂစ်ဒဏ်သင့်ခဲ့သော လူထောင်ပေါင်း များစွာနှင့် အိုးအိမ်မဲ့ သွားသူများ အတွက် နေအိမ် ဆောက်လုပ်ပေးသည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သည်။

ထို့အတွက်ကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည် တည်ဆောက်ရေး၊ သေကြေ ပျက်စီးခဲ့ ကျွဲနွား တိရိစ္ဆာန်များ ပြန်လည်အစားထိုး မွေးမြူနိုင်ရေး၊ ငါးဖမ်းလုပ်ငန်း အတွက် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ရေး၊ စီးပွားရေး လုပ်ငန်း အသေးစားများ ပြန်လည် ထူထောင်ရေးတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အသက်ရှင် ကျန်ရှိသူများသည် အလုပ်အကိုင်များ၊ ငါးဖမ်းလှေ နှင့် ပိုက်များ လိုအပ်လျက် ရှိသည်ဟု Bishow Parajuli က အစီရင်ခံစာ အတွက် ထည့်သွင်း ရေးသားခဲ့ပါသည်။

(Irrawaddy သတင်းဋ္ဌာန၏ Irrawaddy Delta Farmers Starved of cash to Rebuild after Nargis ကို ဘာသာပြန်ဆိုပါသည်။ )

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Post, By Ryan Libre, 31th January 2010

နှစ်စဉ် နှစ်တိုင်းပင် နှစ်သစ်၏ ပထမဆုံး မနက်ခင်း၌ ရာပေါင်း များစွာသော ပြည်သူများသည် မြန်မာပြည် မြောက်ပိုင်းရှိ ဧရာဝတီ မြစ်ဖျား မြစ်ကမ်းနဖူးသို့ လာရောက် ဆုတောင်းလေ့ ရှိပါသည်။

ယခုနှစ်တွင်မူ ၎င်းတို့၏ ရွာများ၊ ယာခင်းများ၊ ဘုရားရှိခိုးကျောင်းများ ရေမမြုပ်စေရန် ဆုတောင်း ခဲ့ကြပါသည်။

လာမည့် (၂) နှစ် မှ (၃) နှစ် အတွင်း ပေါ်ပေါက်လာမည့် ဆည်ကြီးကြောင့် နယူးယောက်မြို့ အရွယ်အစားရှိသော ဧရိယာ တစ်ခုလုံး ရေမြုပ်သွားမည် ဖြစ်ပြီး ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများ၏ နေအိမ်များ ရွှေ့ပြောင်း ရပါလိမ့်မည်။ မြန်မာ စစ်ဖက် အစိုးရနှင့် China Power Investment ကုမ္ပဏီတို့ တည်ဆောက်မည့် မြစ်ဆုံဆည်သည် မျက်နှာဝ ပေ (၅၀၀) ကျယ်၍ ပေ (၅၀၀) အမြင့်ရှိပြီး ၂၀၁၇ တွင် လျှပ်စစ်ဓာတ်အား (၃၆၀၀) မှ (၆၀၀၀) မဂ္ဂါဝပ်ကြား ထုတ်လုပ်မည့် စီမံကိန်း ဖြစ်ပါသည်။

အဆိုပါ ဆည်ကြောင့် ကချင်ပြည်နယ် အတွင်း စတုရန်းမိုင် (၃၀၀) ခန့် ရေလွှမ်းမိုး သွားမည် ဖြစ်၍ (၄၇) ရွာခန့် ရေမြုပ်သွားမည့် အထဲတွင် ရိုးရာ နှစ်သစ်ကူး ဆုတောင်းပွဲများ ကျင်းပရာ ငြိမ်းချမ်းရေး မိခင် ဘုရားရှိခိုးကျောင်းလည်း ပါဝင်ပါသည်။

သို့ရာတွင် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် (၂၄) နာရီ လျှပ်စစ်မီး ရရှိမည် ဖြစ်သည်။ သို့ဆိုပါလျှင် ၎င်းတို့ လျှပ်စစ်မီး ရရှိနေပြီး ဖြစ်ပါလျှက် မြန်မာပြည်တွင်းရှိ ထောင်ပေါင်း များစွာသော ပြည်သူများ အဘယ်ကြောင့် နေစရာ အိမ်မရှိ ဖြစ်ရပါသနည်း။

အကြောင်းရင်းမှာ မြစ်ဆုံဆည် ပြီးစီးသွားသည့် အချိန်တွင် ရေအားလျှပ်စစ်မှ ထွက်ရှိမည့် ဓာတ်အားများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့မည့် အကြောင်းကြောင့် ဖြစ်ပါသည်။ ဤမျှသာမကသေးပါ။ လက်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရာ နယ်မြေအဖြစ် ကာကွယ် စောင့်ရှောက်ထားသော ဟူးကောင်း တောင်ကြားဒေသသို့ ဆည်ရေကို သွယ်ယူပြီး စိုက်ခင်းကြီးများ ထူထောင်ပါလိမ့်ဦးမည်။ လူပေါင်းများစွာ နေစရာ ပျောက်ဆုံးသကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ဆက်လက် ဖျက်ဆီးပါလိမ့်မည်။ အဆိုပါ ဆည်သည် မြန်မာ အစိုးရအား နှစ်စဉ် အခွန်ဝင်ငွေ ခန့်မှန်းချေ ဒေါ်လာ သန်း (၅၀၀) ခန့် ရှာဖွေပေးပါလိမ့်မည်။

မြန်မာ အစိုးရသည် ၎င်း၏ များပြားလှသော လူ့အခွင့်အရေး ဖောက်ဖျက်မှုများကြောင့် အချိန် ကြာမြင့်စွာကပင် ပြစ်တင် ဝေဖန်ခြင်း ခံနေရသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လတ်တလော ကြားနာ စစ်ဆေး ပြစ်ဒဏ် စီရင်ခြင်းများကို မရပ်တန့်သည့် အပြင် ၂၀၀၇ စက်တင်ဘာ လကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းခဲ့ပါသည်။

ကချင်ပြည်နယ်သည် သဘာဝ ရင်းမြစ်များ လွန်စွာ ကြွယ်ဝလှသည့် ဒေသဖြစ်သည်။ ကျောက်စိမ်း၊ ရွှေ၊ ကျွန်းသစ် နှင့် ဆီလီကွန်တို့ကို ပမာဏများစွာ ပြည်ပသို့ တင်ပို့နေပြီး တောင်တန်းများ အနိမ့်အမြင့် တည်ရှိသော မြေမျက်နှာပြင်ကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရန် နေရာများစွာ ရှိနေပါသည်။ ထို့အတွက်ကြောင့်ပင် မြန်မာ အစိုးရက သဘာဝ ရင်းမြစ်များနှင့် နိုင်ငံရေးကို တင်းကြပ်စွာ ချုပ်ကိုင်ထားပြီး ကချင်ပြည်သူများမှာ ၎င်းတို့ဒေသတွင် ပြောရေး ဆိုခွင့် အနည်းငယ်သာ ရရှိသကဲ့သို့ အကျိုးရလဒ်လည်း အနည်းငယ်သာ ရရှိကြပါသည်။

ဆောက်လုပ်ရေး အလုပ်အကိုင်များမှာလည်း ရွှေ့ပြောင်း တရုတ်လူမျိုးများ အတွက် သီးသန့် ဖြစ်ပြီး ဒေသခံ ကချင်များအတွက် မဟုတ်ပါ။ မြစ်ဆုံ ဆည်တည်ဆောက်ရေး ဖွင့်ပွဲ အခမ်းအနားကို တရုတ် - မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများဖြင့် ကျင်းပခဲ့ပြီး ဒေသခံ ရွာသား အနည်းငယ်ကိုသာ တက်ရောက်ရန် ညွှန်ကြားခဲ့ပါသည်။

ငြိမ်းချမ်းရေး မိခင် ဘုရားရှိခိုးကျောင်း အနီးတဝိုက်တွင် တရုတ် အလုပ်စခန်းများ တည်ဆောက် ပြီးစီးနေပြီ ဖြစ်၍ ထရပ်ကားများဖြင့် တင်ဆောင်လာသော ပထမ အသုတ် အလုပ်သမားများသည် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ပါသည်။

ဆည်စီမံကိန်းနှင့် တရုတ် အလုပ်သမား စခန်းများကို လုံခြုံရေး တာဝန်ယူမည့် မြန်မာ စစ်သားများလည်း ဝန်စည် စလယ်များဖြင့် ရောက်ရှိလာခဲ့ပါသည်။ ဆည် တည်ဆောက်နေသော နေရာသို့ လမ်းညွှန်သည့် ဆိုင်းဘုတ်များကို စိုက်ထူနေပြီး ဒေသခံ ဂျိမ်းဖေါ ဘာသာဖြင့် ရေးသားခြင်း မဟုတ်ဘဲ တရုတ်ဘာသာဖြင့် ရေးသားထားပါသည်။

တောင်ဘက်ပိုင်းမှ မြန်မာ ရွှေတွင်းသမားများနှင့် ဆက်စပ် စီးပွားရေး သမားများသည်လည်း စစ်ဖက် အဆက်အသွယ်များ၏ အကူအညီဖြင့် မြောက်ပိုင်းသို့ ရောက်ရှိလာကြပြီး စက်မှုလက်မှုနှင့် ရောင်းဝယ်ရေး လုပ်ငန်းများဖြင့် စတင် စီးပွားရှာနေကြပြီ ဖြစ်သည်။ ကချင် အများစု ကဲ့သို့ပင် ဒေသခံ ရွာသားများမှာ နေစရာ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့သည် ဆင်းရဲ၍ ဘာသာရေး ကိုင်းရှိုင်းသူများသာ ဖြစ်ပါသည်။

ထို့အပြင် ဘင်္ဂလား ပင်လယ်အော်မှ လာသော ရေနံများကို မြန်မာပြည် အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်း၍ ယူနန်ပြည်နယ်သို့ ပို့ဆောင်မည့် ပိုက်လိုင်း စီမံကိန်းကိုလည်း မြန်မာ နှင့် တရုတ် အစိုးရတို့ ပူးပေါင်း အကောင်အထည် ဖော်လျက်ရှိပြီး ကျဉ်းမြောင်းသော မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရသည့် ရှည်လျားသော ရေလမ်းကြောင်းကို အစားထိုးရန် ဖြစ်သည်ဟု China Daily သတင်းစာက ဆိုပါသည်။

ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံ အများစုက မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း တရုတ်နိုင်ငံက မြန်မာအစိုးရကို ငွေကြေး အကူအညီပေးခြင်းနှင့် အတူ ရင်းနှီးမြှုပ်နှံမှုများ၊ နှစ်ဖက် ကုန်သွယ်ရေးများ၊ လက်နက် ရောင်းချပေးမှုများ ပြုလုပ်နေသည်ဟု BBC က သတင်း ထုတ်ပြန်ပါသည်။

၎င်းတို့၏ မကျေနပ်မှုကို ဖော်ပြရန် အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေသည့် မြန်မာ ပြည်သူများသည် ဆည်စီမံကိန်းနှင့် ပိုက်လိုင်း စီမံကိန်းများကို ကန့်ကွက် ဆန္ဒပြနိုင်ခြင်း မရှိကြပါ။ များပြားလှသည့် မြန်မာ့ သဘာဝ ရင်းမြစ်များကို အဆီထုတ် ရောင်းချခြင်းဖြင့် မြန်မာစစ်တပ်သည် ချမ်းသာ ကြွယ်ဝလျက် ရှိပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ပြစ်တင် ရှုံ့ချနေသည့် ကြားမှ အာဏာကို ဆက်လက် ချုပ်ကိုင်နေသည်ဟု Burma River's Network က ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့သည် ဆည် စီမံကိန်းများကြောင့် ဆိုးကျိုး ခံစားရသည့် မြန်မာ လူ့အဖွဲ့အစည်း ကိုယ်စား ဆောင်ရွက်နေခြင်း ဖြစ်သည်။

Burma River's Network ၏ အဆိုအရ မြန်မာနိုင်ငံတွင် အကြီးစား ဆည်စီမံကိန်း (၂၅) ခုကို စီစဉ် တည်ဆောက်နေသည်ဟု သိရှိရကာ အဆိုပါ ဆည်များ၏ လုံခြုံ စိတ်ချရမှုနှင့် ပတ်သက်၍ ကချင်ဒေသခံများက စိုးရိမ် ပူပန်နေကြသည်ဟု ဆိုပါသည်။

၂၀၀၆ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆည် (၂) ခု ကျိုးပေါက်သွားခဲ့ပြီး ဆည်တစ်ခု ပျက်စီးသွားခဲ့သောကြောင့် လယ်ယာနှင့် စိုက်ပျိုးရေး ခြံပေါင်း ရာနှင့် ချီ၍ ရေလွှမ်း ပျက်စီးခဲ့ပါသည်။

လျှပ်စစ်ဓာတ်အား (၃၆၀၀) မဂ္ဂါဝပ် ထုတ်လုပ်မည့် မြစ်ဆုံဆည်နှင့် နှိုင်းယှဉ်လျှင် အလွန် သေးငယ်လှသော (၂.၅) မဂ္ဂါဝပ် ကျိုင်ကရန်ဆည် ပြိုလဲမှုကြောင့် လူ (၅) ဦး သေဆုံးခဲ့ပါသည်။

မြန်မာ့ ငလျင်ဇုံဖြစ်သော ပြည် - စစ်ကိုင်း ပြတ်ရွေ့ကြော နှင့် (၆၂) မိုင်သာ ဝေးပြီး ပြည်နယ် မြို့တော် မြစ်ကြီးနား အထက် (၂၄) မိုင်တွင် ရှိသည့် မြစ်ဆုံဆည်၏ တည်နေရာ အနေအထား နှင့် ပတ်သက်၍ ကချင်လူထုက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားကြပါသည်။

"တကယ်လို့ ပြောင်းရမယ် ဆိုရင် မြစ်ကြီးနားကို စုန်ဆင်းတဲ့ လမ်းကြောင်းပေါ်မှာ မနေဘူး" ဟု ပြောကြားသူမှာ ဒေသခံ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦး ဖြစ်၍ ၎င်းက "ညဆိုရင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး။ ဒီဆည်လည်း ကျိုးသွားနိုင်တယ်လို့ ကျွန်တော် ထင်တယ်" ဟု ဆက်လက် ပြောကြားပါသည်။

မေခ နှင့် မလိခ မြစ်နှစ်စင်း ပေါင်းဆုံ၍ ကြီးကျယ်သည့် ဧရာဝတီမြစ်ကြီး အဖြစ် ပြောင်းလဲသွားသော နေရာရှိ သောင်ခုံပေါ်တွင် ငြိမ်းချမ်းရေး မိခင်ဘုရားရှစ်ခိုးကျောင်း တည်ရှိနေပါသည်။ နှစ်သစ်ကူး ဆုတောင်းပွဲ အခမ်းအနားသည် ဘာသာရေး သက်သက်ဖြစ်၍ နိုင်ငံရေးနှင့် မပတ်သက်ပါ။ ရွာသားများသည် ၎င်းတို့ ကျူးလွန်မိသော အပြစ်များကို ခွင့်လွှတ်ရန် တောင်းပန်ကြပြီး ကျန်းမာရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆုတောင်းလေ့ ရှိကြပါသည်။

မြစ်ဆုံဆည် ရပ်ဆိုင်းသွားစေမည့် ကံကောင်းခြင်းများ အတွက် ဘုရားသခင်ထံ ငြိမ်သက်စွာ ရှိခိုးဆုတောင်းပါမည်ဟု ပြောကြားသူမှာ ရွာသားတစ်ဦး ဖြစ်ပါသည်။ "ကျွန်တော်တို့ လုံခြုံရေး အတွက် စိတ်ပူစရာ မရှိဘူးဆိုရင် ဒီလို ဆုမတောင်းပါဘူး။ ကျွန်တော်တို့ စိတ်ပူနေတာတွေကို အစိုးရက ဂရုစိုက်လိမ့်မယ်လို့လည်း ယောင်လို့တောင် တွေးမိစရာ မရှိပါဘူး" ဟု ၎င်းက ရင်ဖွင့် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, Jane Fugal, 1st – Feb - 2010

ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုင်းနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သော လက်နက်များ တင်ဆောင်လာသည့် လေယာဉ်၏ ခရီးလမ်းဆုံးသည် မည်သည့် နိုင်ငံ ဖြစ်သည်ကို ယခုထိ မသိရှိ ရသေးကြောင်း ထိုင်းနိုင်ငံက တနင်္လာနေ့က ပြောကြားလိုက်ပါသည်။

ထိုင်း အာဏာပိုင်များသည် ဒီဇင်ဘာလ (၁၂) ရက်နေ့က ပြုံးယမ်းမှ ထွက်ခွာလာသော Ilyushin (11-76) ကုန်တင် လေယာဉ်ကို ဘန်ကောက် လေဆိပ်တွင် ဓာတ်ဆီဖြည့်ရန် ဆင်းသက်စဉ် ဖမ်းဆီးခဲ့ရာ လေယာဉ် အမှုထမ်း (၅) ဦး ပါဝင်ပြီး၊ (၃၅) တန်ရှိ လက်နက်များ တင်ဆောင် လာသည်ကို တွေ့ရှိရပါသည်။

ထိုင်း အစိုးရက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြသော အစီရင်ခံစာသည် ပြီးခဲ့သည့် ရုံးပိတ်ရက်များအတွင်း နယူးယောက်မြို့မှ သတင်းထောက်များထံသို့ သတင်း ပေါက်ကြားခဲ့ရာ၊ အဆိုပါ အစီရင်ခံစာ၌ ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် အရေးယူ ထားမှုများကို ချိုးဖောက်သော အဆိုပါ လေယာဉ်သည် အီရန်နိုင်ငံ တီဟီရန်၏ Mahrabad လေဆိပ်သို့ သွားရောက်မည်ကို တွေ့ရသည်ဟု ဆိုပါသည်။

သို့သော် ထိုင်း အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Panitan Wattanayarkorn က တနင်္လာနေ့က ပြောကြားရာတွင် လက်နက်များ အီရန်နိုင်ငံသို့ သွားမည် ဆိုသည်မှာလည်း ရေရာခြင်း မရှိဟု ဆိုပါသည်။

လေယာဉ်သည် ပျံသန်းရေး အစီအစဉ်အရ အီရန် နိုင်ငံသို့ သွားရန်သာ ဖြစ်ပြီး၊ လက်နက်များ မည်သည့်နေရာသို့ သွားမည် ဆိုသည်ကို မပြောလိုကြောင်း ၎င်းက ဆိုပါသည်။ အဆိုပါ ကိစ္စမှာ စစ်ဆေးနေဆဲ ဖြစ်ပြီး၊ သံသယ ရှိသူများသည် မိမိတို့ တရားရေး စနစ်အောက်တွင် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကာဇက်စတန်မှ လေးဦးနှင့် ဘယ်လာရုစ်မှ တစ်ဦး ပါဝင်သော လေယာဉ် အမှုထမ်း ငါးဦးကို ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ ၎င်းတို့ကို တရားမဝင် လက်နက်များ ပိုင်ဆိုင်မှုဖြင့် ပြစ်ဒဏ် ချမှတ်မည် ဖြစ်ပြီး စုံစမ်း စစ်ဆေးမှုများ အားလုံးပြီးမှ ပြစ်ဒဏ် ချမှတ်လိမ့်မည် ဖြစ်ကြောင်း ရဲက ပြောခဲ့ပါသည်။

လေယာဉ်ပေါ်မှ လက်နက်များသည် စစ်မြေပြင်သို့ အပေါစား လက်နက်များနှင့် ဗုံးများ ဖြစ်သည်ဟု သတင်းများအရ သိရှိရပြီး၊ အတွေ့အကြုံ ရှိပြီး အဆင့်မြင့်သော အီရန် စစ်တပ်မှ လိုအပ်လိမ့်မည် ဆိုသည်မှာ ယုံရခက်ခက်ပင် ဖြစ်ပါသည်။

တီဟီရန်မှ ထောက်ပံ့ထားသော အရှေ့ အလယ်ပိုင်းရှိ ပြုပြင် ပြောင်းလဲရေး ဝါဒီ အဖွဲ့များထံသို့ သင်္ဘောဖြင့် တင်ပို့လိမ့်မည်ဟု အစကတည်းက ခန့်မှန်းမှုများ ရှိခဲ့ပါသည်။

ကုလ သမဂ္ဂသည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များ စမ်းသပ်မှုကြောင့် ပြီးခဲ့သည့် ဇွန်လက မြောက်ကိုရီးယားမှ လက်နက်များ တင်ပို့မှုကို ပိတ်ပင် အရေးယူ ထားခဲ့ပါသည်။ ဆင်းရဲသော မြောက်ကိုရီးယားသည် အီရန်၊ ဆီးရီးယား နှင့် မြန်မာ ကဲ့သို့သော နိုင်ငံများသို့ ဒုံးကျည်များ၊ ဒုံးကျည် အစိတ်အပိုင်းများနှင့် အခြား လက်နက်များကို ရောင်းချခြင်းမှ ဒေါ်လာငွေ သန်းရာချီ၍ ရလိမ့်မည်ဟု ယုံကြည်ရပေသည်။

နိုင်ငံ အချို့တွင် The Associated Press မှ စုံစမ်း စစ်ဆေးမှုများအရ အဆိုပါ လက်နက်များ ရွေ့လျားမှုကို ပုံဖျက်ရန် လေယာဉ် ပိုင်ဆိုင်သော အဖွဲ့ ကုမ္ပဏီများစွာ ရှိပြီး  နယူးဇီလန်မှ ဘာစီလိုနာထိ လိပ်စာလိမ် များစွာဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

လေယာဉ်မှူးကြီးကမူ လေယာဉ်ပျံသည် ယူကရိန်းနိုင်ငံ Kiev သို့ ဦးတည် ပျံသန်းနေကြောင်းကိုသာ ထွက်ဆိုပါသည်။

"ကျွန်တော် အနေနဲ့ လေယာဉ်ဟာ အီရန်ကို သွားမယ်ဆိုတာ ပြောလည်း မပြောခဲ့ပါဘူး။ အတည်လည်း မပြုခဲ့ပါဘူး။ ကျွန်တော် သိတာကတော့ လေယာဉ်ဟာ ယူကရိန်းကို သွားမှာဖြစ်ပြီး၊ ပစ္စည်းတွေကို အဲဒီမှာပဲ ချမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုဘဲ ကျွန်တော် သိပါတယ်" ဟု လေယာဉ် အမှုထမ်းများ၏ ရှေ့နေ Somsak Sithong က AP သို့ တနင်္လာနေ့က ပြောပါသည်။

အစိုးရ ရှေ့နေများ အနေဖြင့် ဖေဖော်ဝါရီလ (၁၁) ရက် မတိုင်မီ အမှုကို ရုတ်သိမ်းမည်လော သို့မဟုတ် ထို ငါးဦးကို တရားရုံးသို့ တင်ပို့မည်လော ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ၎င်းတို့အား ထိန်းသိမ်းထားသည့် အချိန်စေ့မည် ဖြစ်ကြောင်း ၎င်းရှေ့နေက ပြောပါသည်။ အဆိုပါ ရှေ့နေက ၎င်း၏ အမှုသည် လေယာဉ် အမှုထမ်းများနှင့် တွေ့ဆုံ အပြီး ပြောရာ၌ ၎င်းတို့သည် လေယာဉ်ပေါ်တွင် မည်သည့် ပစ္စည်းများ ပါလာသည်ကို သူတို့ မသိကြောင်း ငြင်းဆိုကြသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မွန်ပြည်နယ်၊ ဘုရားသုံးဆူ အနီး ပန်လန် ဂျပန် ကျေးရွာတွင် ပြုလုပ်သော ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးက အခမ်းအနား တက်ရောက်လာသော ပရိသတ်အား အကယ်၍ မိမိတို့သာ မြန်မာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည် ဆိုပါက အားပေး ထောက်ခံမှု ပြုမည်လောဟူ၍ မေးခွန်းထုတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ဘန်ကောက် အခြေစိုက် ထိုင်း-မွန် လူထုအဖွဲ့အစည်း ခေါင်းဆောင် Nai Tang Rong (၈၂ နှစ်) က "တကယ်လို့ မြန်မာ စစ်အစိုးရ ဆီကသာ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်မှုမျိုး မရဘူးဆိုရင် စစ်အစိုးရကို တိုက်ခိုက်ဖို့ လိုအပ်မယ်လို့ ခင်ဗျားတို့ ထင်သလား" ဟု မွန်အမျိုးသားနေ့ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့ပါသည်။

"တကယ်လို့ ခင်ဗျားတို့ကသာ စစ်အစိုးရကို တိုက်ဖို့လိုအပ်မယ်လို့ ထင်ရင် လက်ခုပ် တီးကြပါ" ဟု အခမ်းအနားသို့ တက်ရောက်သော ပရိသတ်ကြီးအား မေးလိုက်သည်။ Nai Tang Rong ၏ မေးခွန်း ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်တည်း ပရိသတ်ကြီးကလည်း တစ်ပြိုင်နက်တည်း လက်ခုပ်တီး ကြကြောင်း သိရပါသည်။

အဖွဲ့ဝင် ၁၀၀ ခန့် ရှိပြီး အမျိုးသမီးများလည်း ပါဝင်သော မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (MNLA) ကလည်း အဆိုပါ မွန်အမျိုးသားနေ့တွင် စစ်ရေးချီ လမ်းလျှောက်မှု ပြုလုပ်ပြီး မွန်အလံတော်ကို အလေးပြုကာ မွန်အမျိုးသား သီချင်းကို ဂုဏ်ပြု သီဆိုခဲ့ကြ ပါသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်က မြန်မာစစ်အစိုးရသည် ယခုအခါ မိမိတို့ကို ပူးတွဲ နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ပူးပေါင်းပါဝင်ရန် တွန်းအား ပေးလျက် ရှိကြောင်း ပြောဆိုပါသည်။

"ဒီအချိန် မွန်ပြည်နယ်မှာ စစ်ရေးတပ်ဖွဲ့ တစ်ခုတည်းရှိမယ် ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ လက်မခံပါဘူး။ တကယ်လို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ညှိနှိုင်း လုပ်ဆောင်ပေးနိုင်မယ့် ဒီမိုကရက်တစ် အစိုးရတစ်ရပ် ထွက်ပေါ်လာမယ်ဆိုမှ အဲဒီအဆိုပြုချက်ကို ကျွန်တော်တို့ လက်ခံမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောပါသည်။

မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတွင် NMSP အနေဖြင့် မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိမည့် နယ်ခြားဒေသစောင့် တပ်ဖွဲ့သို့ ဝင်ရောက်ရန် အဆိုပြု တောင်းဆိုခဲ့သည်။

အဆိုပါ အဆိုပြုချက်ကို မွန်တို့က ပယ်ချခဲ့ပြီးနောက် ယခုကာလများအတွင်း မြန်မာစစ်တပ်နှင့် NMSP တို့ အကြား တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်းသိရပါသည်။

"ကျွန်တော်တို့ကို မွန်တွေက ပြောပါတယ်၊ သူတို့တတွေရဲ့ တပ်တွေကို နယ်ခြား ဒေသစောင့်တပ် အဖြစ် မလုပ်စေချင်ဘူးတဲ့။ သူတို့ပြောတဲ့အတိုင်း စစ်အစိုးရကို အကြောင်း ပြန်လိုက်ပါတယ်" ဟု နိုင်ထောမွန်က ပြောပါသည်။

"တကယ်လို့ စစ်အစိုးရကသာ ကျွန်တော်တို့ကို အတင်းဖိအားပေးမယ်၊ ဒါမှမဟုတ် အင်အားသုံးပြီး ကျွန်တော်တို့ နယ်မြေကို သိမ်းပိုက်ဖို့ ကြိုးစားရင် ကျွန်တော်တို့ ကတော့ တိုက်ရမှာပဲ။ ဒါပေမဲ့ သူတို့ဘက်ကစပြီး မတိုက်သေးသရွေ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းသွားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

ယခု ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှု ရှိမည်မဟုတ်ကြောင်း၊ အကြောင်းမှာ စစ်အစိုးရ ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လက်အောက်တွင် ဒီမိုကရေစီ မရှိသလို တိုင်းရင်းသားများ အခွင့်အရေးလည်း မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောပါသည်။

Irrawaddy သတင်းဌာန၏ We will fight, says Mon leader ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 1st February 2010

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်သော စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အကြား နယ်ခြားစောင့်တပ်နှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်ဟု တရုတ် - မြန်မာ နယ်စပ်ရှိ ကချင် သတင်းများအရ သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် KIO ခေါင်းဆောင်များသည် ပင်လုံစာချုပ် စိတ်ဓာတ် အရေးကြီးပုံကို ဆွေးနွေးခဲ့ပြီး အစိုးရ လက်အောက်တွင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေး ကိစ္စကို တိုက်ရိုက် ဆွေးနွေးခြင်းကို ရှောင်ရှားခဲ့သည်ဟု သတင်းများ အဆိုအရ သိရှိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က KIO ခေါင်းဆောင်များသို့ ပြောကြားရာတွင် KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းသင့်ကြောင်း၊ အခြား အဆိုပြု တင်ပြချက်များ မလိုအပ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

မြစ်ကြီးနားရှိ KIO ခေါင်းဆောင်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားရာတွင် အဆိုပါ ကိစ္စ အတွက် အစည်းအဝေးများ ထပ်မံ ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး KIO ဘက်မှ KIO ဥက္ကဋ္ဌ Lanyaw Zawng Hra ဒု ဥက္ကဋ္ဌ(၁) ဒု ဗိုလ်ချုပ်ကြီး Gauri Zau Seng နှင့် ဗိုလ်မှူးချုပ် Sumlut Gun Maw တို့ တက်ရောက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, Yahoo News, 2nd Febuary 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ ပြည်သူများ ပြောင်းဆန် အပေါ်တွင်သာ မှီခို စားသောက်နေခြင်း အပေါ် နောင် မဖြစ်စေရတော့ပါဟု ကတိပေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက တနင်္လာနေ့က ဖော်ပြခဲ့ပါသည်။

၎င်း၏ အစိုးရသည် လူနေမှု အဆင့်အတန်း တိုးတက်ရေး လုပ်ဆောင်မှုတွင် မအောင်မြင်မှုအား တရားဝင် ရှားရှားပါးပါး အသိအမှတ် ပြုလိုက်ခြင်းပင် ဖြစ်ပါသည်။

မြောက်ကိုရီးယား ကွန်မြူနစ် ပါတီ၏ တရားဝင် သတင်းစာ ဖြစ်သော Rodong Sinmun က ဖော်ပြရာတွင် ကင်ဂျုံအီ၏ လတ်တလော ရည်မှန်းချက်မှာ ၎င်း၏ ပြည်သူများ အစာရေစာ မလုံလောက်မှုကြောင့် ပြောင်းဆန်အပေါ် မှီခိုနေရခြင်းကို အဆုံးသတ်ပြီး၊ ဆန်နှင့် ဂျုံမှ ထုတ်သော အရာများဖြင့် အစားထိုး ကျွေးမွေးရန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တောင်ကိုရီးယား၏ Yonhap သတင်းဌာန စောင့်ကြည့်နေသော သတင်း ပေးပို့ချက်တွင် ကင်ဂျုံအီက မိမိ၏ ပြည်သူများ ပြောင်းဆန်နှင့်သာ အသက်ရှင်နေရမှု အတွက် မိမိမှာ ဝမ်းအနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

"ကျွန်တော် အခု လုပ်ရမယ့် အလုပ်ကတော့၊ သူတို့ကို ဆန်၊ ပေါင်မုန့် နှင့် ခေါက်ဆွဲတွေ ရက်ရက်ရောရော ကျွေးမွေးဖို့ပါပဲ" ဟု ကင်က ပြောခဲ့သည်ဟု ဆိုပါသည်။

သတင်းစာက ကင်ဂျုံအီသည် အထက်ပါ ပြောကြားချက်များကို မည်သည့်နေရာတွင် ပြောခဲ့သည်ဟု ဖော်ပြထားခြင်း မရှိပါ။

ကင်က မြောက်ကိုရီးယားများကို ၎င်း၏ ဖခင် ခေါင်းဆောင်ဟောင်း ကင်အီဆွန်းအား ပေးခဲ့သော ကတိဖြစ်သည့် တိုင်းပြည် တည်ဆောက်ရာတွင် လူအများကို ပြောင်းနှင့် ပြုလုပ်သည့် အစာများကို မစားစေရဟူသော ကတိကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါသည်။

ပြီးခဲ့သည့်လက ကင်ဂျုံအီက ဆန် အဖြူနှင့် အသား စွပ်ပြုတ်သည် မြောက်ကိုရီးယားတို့၏ အိပ်မက် ဖြစ်နေသည်ကို သိကြောင်း၊ မိမိ၏ ကွန်မြူနစ် တိုင်းပြည်မှ ပြည်သူများကို လက်ခံနိုင်သည့် နေထိုင်မှု စနစ်အဖြစ် လုပ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကို ဝန်ခံ ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားရှိ အစားအစာ မလုံလောက်မှု ပြဿနာသည် ၁၉၉၀ ခန့်မှစ၍ ဖြစ်ပွားခဲ့ပြီး လူရာပေါင်း ထောင်ပေါင်းများစွာ အစာငတ်၍ သေခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်နေ့က ငွေကြေးတန်ဖိုး ပြန်လည် သတ်မှတ်ခြင်းကို ပြုလုပ်ခဲ့ရာ ဖြန့်ဖြူးရေး ကွန်ရက်တွင် ရှုပ်ထွေးမှုများ ဖြစ်ခဲ့ပြီး၊ အစားအစာ ပြတ်လပ်မှုများကို ပိုမို ဖြစ်စေခဲ့ကာ ငွေကြေး ဖောင်းပွမှုကိုလည်း မီးပွား ဖြစ်စေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 1st February 2010

မြန်မာ စစ်ဖက် အာဏာပိုင်များသည် အကျဉ်းခံ ၈၈ မျိုးဆက် ကျောင်းသားများ အုပ်စု၏ အဖွဲ့ဝင်များအား အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လက်ခံပါက အပြန်အလှန်အားဖြင့် ၎င်းတို့အား ထောင်မှ လွှတ်ပေးမည်ဟု ပြောဆိုကာ ညှိနှိုင်းရန် ကြိုးစားနေပြီး ကျောင်းသားများအုပ်စုက လက်မခံဘဲ ငြင်းဆန်နေကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားပါသည်။

"စစ်ဖက် အာဏာပိုင်တွေက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင် နဲ့ ကိုကိုကြီးကို အပေးအယူ လုပ်ဖို့ ညှိနှိုင်းခဲ့ပါတယ် ဆိုတာ သေချာပါတယ်" ဟု ပြောကြားသူမှာ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ၈၈ မျိုးဆက် အုပ်စု ခေါင်းဆောင်တစ်ဦး ဖြစ်သူ အသက် ၃၉ နှစ်ရှိ စိုးထွန်း ဖြစ်၍ ၎င်းမှာ လတ်တလော တိမ်းရှောင်နေပါသည်။ ၎င်းတို့က မည်သည့် ဖိအားပေးမှု မျိုးကိုမှ လက်မခံခဲ့ ဟုလည်း သိရပါသည်။

ယခင် အပတ်က ၈၈ မျိုးဆက် ကျောင်းသားများ အုပ်စုသည် ကြေညာချက် တစ်စောင် ထုတ်ပြန်၍ နိုင်ငံရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်သူ stakeholders အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် ကိုလည်း အဆိုပါ ကြေညာချက် တွင် တိုက်တွန်းထားပါသည်။

တနင်္လာနေ့က ဧရာဝတီသို့ စိုးထွန်းက ပြောကြားရာတွင် မင်းကိုနိုင်နှင့် ကိုကိုကြီးသည် ၎င်းတို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့၍ ထောင်မှ လွတ်စေနိုင်မည့် အစိုးရ ကမ်းလှမ်းသော ဥပဒေ ပုဒ်မ ၄၀၁ ကို လက်မှတ် ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်ဟု ဆိုပါသည်။ ယခုနှစ် အတွင်း ကျင်းပမည့် အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ကျောင်းသား ခေါင်းဆောင်များက လက်ခံခဲ့လျှင် ဟူသော အခြေအနေပေါ် မူတည်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရာဇဝတ် မှုခင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ သည် ထောင်ချထားသော နိုင်ငံရေး အကျဉ်းသားများကို ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အတွက် အစိုးရက အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

"အခု အချိန်ထိ ကျွန်တော် သိသမျှ သူတို့ရဲ့ တုန့်ုပြန်မှုကတော့ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ လက်ရှိ အစိုးရ တွေ့ဆုံ ဆွေးနွေးတာကို မြင်ချင်တယ် ဆိုတာပါပဲ" ဟု စိုင်းထွန်းက ပြောကြားခဲ့ပြီး ၎င်းသည် မြန်မာ အစိုးရက ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကို ရက်စက်စွာ နှိမ်နှင်းပြီး နောက် တိမ်းရှောင် ပုန်းအောင်းနေသူ ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ၂ ဦးစလုံးသည် ယခင်တစ်ခေါက် ထောင်ကျစဉ် ကာလကလည်း ပုဒ်မ ၄၀၁ ကို ခံဝန်ချက် ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည် ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

မင်းကိုနိုင် (၄၇ နှစ်) နှင့် ကိုကိုကြီး (၄၈ နှစ်) တို့ နှစ်ဦး စလုံးသည် နိုင်ငံရေး အကျဉ်းသားများ အဖြစ် ထောင်ထဲတွင် ၁၅ နှစ် နီးပါး နေခဲ့ရပြီး ၂၀၀၄ နှင့် ၂၀၀၅ တွင် အသီးသီး လွတ်မြောက် လာကြပါသည်။ ၎င်းတို့ ၂ ဦး သည် ၂၀၀၇ တွင် လောင်စာဆီ ဈေးတက်မှုကို ဆန္ဒပြရာတွင် ပါဝင်မှုဖြင့် ပြန်လည် ဖမ်းဆီးခြင်း ခံရပြီး လက်ရှိ အချိန်တွင် မြန်မာပြည် မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ ထောင်များတွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေပါသည်။

ယခင်နှစ် ၎င်း၏ အကျဉ်းထောင်တွင်းမှ ပေးစာတစ်စောင်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ လှမျိုးနောင်က ရွေးကောက်ပွဲ မတိုင်မီတွင် မြန်မာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန်နှင့် အားလုံး ပါဝင်နိုင်သော နိုင်ငံရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ ဤအချက်များသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ရွေးကောက်ပွဲ မူဝါဒ အခြေခံ အုတ်မြစ်များ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

၎င်းတို့ အဖွဲ့၏ သဘောထား ရပ်တည်ချက်နှင့် ပတ်သက်၍ မေးမြန်ခဲ့ရာတွင် စိုးထွန်းက       ''ကျွန်တော်တို့က သဘောထား တင်းမာခြင်း မရှိပါဘူး၊ နိုင်ငံ ကောင်းကျိုးအတွက် အကောင်းဆုံး ဖြစ်မယ့်  ဆောင်ရွက်ချက်တွေကို လက်ခံဖို့ အသင့်ရှိနေပါတယ် '' ဟု ရှင်းလင်း ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင် နိုင်ငံခြားရေး နှင့် ဓနသဟာရ ရေးရာ ဗြိတိသျှဝန်ကြီး Ivan Lewis က ပြောကြားရာတွင် လက်ရှိ အခြေခံဥပဒေကို ကိုးကား၍ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသမျှ ကာလပတ်လုံး နိုင်ငံတကာ၏ အသိအမှတ်ြပု ထောက်ခံခြင်းကို ရရှိနိုင်လိမ့်မည်ဟု မဟုတ်ပါ ဟု မှတ်ချက်ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 1st Febuary 2010

အတင်းအကျပ် စစ်မှုထမ်းရန် ခေါ်ယူခံရသော ၁၄နှစ် အရွယ် ကလေးတစ်ဦးအား ၎င်း၏ မိခင်က နိုင်ငံတကာ မီဒီယာများမှ တဆင့် ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ပြီးနောက် မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ပါသည်။

ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရသူ စန္ဒာဝင်းက BBC မြန်မာပိုင်း အစီအစဉ်နှင့် RFA သို့ '' သူမ၏ သားအား ပြန်လွှတ်ပေးရန် အသနားခံမှုကို စစ်တပ်က လျစ်လျူရှုခဲ့ကြသည် ''  ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လွန်ခဲ့သော ၂ ပတ်က သူမ၏ စိတ်လှုပ်ရှားဖွယ် အင်တာဗျူး အပြီးတွင် စစ်တပ်က သူမ၏ သားအား အိမ်ပြန် ပို့လိုက်ပါသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အတင်းအကြပ် စစ်သား စုဆောင်းခြင်းမှာ မထူးဆန်းလှပါ ဟု သတင်းထောက်များက ပြောကြားပါသည်။ စန္ဒာဝင်းက BBc သို့ ပြောကြားရာတွင် ဈေးအတွင်းရှိ စားသောက်ဆိုင်တွင် သူမ အလုပ်လုပ်နေခိုက် စစ်သားတစ်ယောက်က သူမ၏ သားအား အရက်တိုက်ကာ ဖြားယောင်း ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

စစ်သား စုဆောင်းရေး စခန်းတွင် အခြား ကလေးများနှင့် အတူ ထိန်းသိမ်းထားကြောင်း တွေ့ရှိသည့် အခါ ၎င်းအား ပြန်လွှတ်ပေးရန် သွားရောက် တောင်းပန်ခဲ့သော်လည်း စစ်သားများက သူမအား ရိုက်နှက် မောင်းထုတ်လိုက်ကြသည်ဟု လည်း သိရပါသည်။

သူမ၏ သားနှင့် တွေ့ဆုံခွင့်ရသည့် အခါ ကလေးက ငိုယိုကာ အိမ်ပြန်လိုသည်ဟု တောင်းဆိုကြောင်း၊ သို့ရာတွင် ကလေးအား ပြန်ခေါ်သွားရန် ခွင့်မပြုခဲ့ကြဟု စန္ဒာဝင်းက BBc နှင့် RFA  အင်တာဗျူးများတွင် ပြောကြားခဲ့ပါသည်။

အင်တာဗျူး ပြုလုပ်ပြီး နှစ်ပတ်အကြာတွင် သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်များ သူမ၏ နေအိမ်သို့ ရောက်ရှိလာပြီး ကလေးကို အိမ်ပြန် ပို့သွားကြသည်ဟု သိရသည်။

RFA, BBC တို့နဲ့ ပြောတုန်းက သားကို ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တာပါ။ အခု သားလေး ပြန်လွတ်လာတော့ အရမ်းကို ပျော်ပါတယ်။ RFA နဲ့ BBC ကိုလည်း အကူအညီပေးတဲ့ အတွက် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဟု သူမက ကျေးဇူးတင် စကား ဆိုခဲ့သည်။

ကလေးတွေကို စစ်တပ်က ပုံမှန် ပြန်ပေးဆွဲလေ့ ရှိတယ်။ ဒါမှ မဟုတ်ရင် အရက်တိုက်ပြီး ဖြားယောင်း သိမ်းသွင်းတယ် ဟု BBC မြန်မာပိုင်း အစီအစဉ် ဌာနမှူး တင်ထားဆွေက ပြောကြားသည်။

အခုကိစ္စမှာ ပြည်သူ အများစု သတိထားမိလာအောင် ဆွဲဆောင်နိုင်ခဲ့တာရယ်၊ ပြည်သူတွေ အမြင်မှာ စစ်တပ်ကို အထင်သေးသွားမှာကို စိုးရိမ်တာရယ်၊ ဒါတွေကြောင့် ကလေးကို ပြန်လွှတ်ပေးတာ ဖြစ်ဖို့ များပါတယ် ဟု သူမက ဆိုပါသည်။

မြန်မာ စစ်တပ် လက်နက်ကိုင် တပ်ဖွဲ့များတွင် အရွယ်မရောက်သေးသော ကလေး သူငယ် စစ်သားများ ထောင်နှင့်ချီ၍ ရှိနေပြီး အချို့မှာ ၁၁ နှစ်အရွယ် ခန့်သာ ရှိသည်ဟု The Coalition to Stop Child Soldiers (ကလေးသူငယ် စစ်သားများ တားဆီးရေး) က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.