အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၇ ရက်နေ့တွင်လာရောက်လည်ပတ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သံတမန်ကြီးများ အသိုင်းအဝိုင်းထံမှစုံစမ်းသိရှိရသည်။ အဆိုပါခရီးစဉ်သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။
သတင်းများအရ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာအမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Joseph Y Yun သည် ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ မြန်မာနိုင်ငံသို့ လေးရက်တာ ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ပြီး ၎င်းသည် ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောနိုင်ငံရေးပါတီများ၊ စစ်အစိုးရ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံမည်ဟု မျှော်မှန်းထားကြောင်း သံတမန် သတင်းရင်းမြစ်များကဆိုသည်။
အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပပြုလုပ်သည့်
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအကြာတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် စစ်အစိုးရအာဏာ ဆက်လည်တည်တံ့ ခိုင်မြဲစေရန်သာ ဒီဇိုင်းဆင်ထားခြင်းဖြစ်ပြီး လွတ်လပ်မျှတမှုမရှိဟု လေ့လာသုံးသပ်သူများကဆိုသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အဆိုပါရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သည်ဟု သတ်မှတ်ပြောဆိုသည်။ အကြောင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရသောကြောင့်ဖြစ်သည်။ စစ်အစိုးရက ပြဌာန်းခဲ့သော ရွေးကောက်ပွဲဥပဒေများသည် စစ်တပ် ကျောထောက်နောက်ခံ ပေးမှုခံထားရသည့် နိုင်ငံရေးပါတီ အနိုင်ရရှိရန်သာ ရည်ရွယ်ထားသောကြောင့် ဟုလည်းဆိုသည်။
သို့သော် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် သံတမန်နည်းအရရော စီးပွားရေးအရပါ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်ဆန္ဒရှိကြောင်း အရိပ်အယောင် ပြထားသည်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာအောင် ကြိုးစားနေခြင်းဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ မေလ နှင့် နိုဝင်ဘာလတို့တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ ထိုစဉ်က မစ္စတာ Kurt Campbell သည် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။
Monster and Critics မှသတင်းကိုဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.