(၁၃ ဇန်နဝါရီ ၂၀၁၁ ရက်စွဲပါ Relief Web မှ Myanmar:Addicted to Poppy farming ကို တိုက်ရိုက် ဘာသာ ပြန်သည်)
ဆင်းရဲခြင်းကြောင့် လည်းကောင်း၊ ဘိန်းစိုက်ပျိုးခြင်းမှ ငွေအမြောက်အများ ရရှိနိုင်ခြင်းကြောင့် လည်းကောင်း မြန်မာ လယ်သမားများ အဖို့ တရားဝင် သီးနှံများ စိုက်ပျိုးခြင်းထက် ဘိန်းစိုက်ရန် ပိုမို စိတ်ဝင်စား လာကြကြောင်း ပညာရှင်များက ပြောသည်။
"ကျေးလက်က ဆင်းရဲတဲ့ သူတွေဟာ မိသားစု စားဝတ်နေရေး အတွက် အခြား နည်းလမ်းနဲ့ ငွေရှာမရရင် နောက်ဆုံးအဆင့် တရားမဝင်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လောကထဲ ရောက်လာတော့တာပဲ"ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC)မှ ဋ္ဌာနေ ကိုယ်စားလှယ် Jason Eligh က IRIN သို့ ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု၏ ၉၀ % ထုတ်လုပ်ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာ နိုင်ငံတွင် ဘိန်း ၃၅၀၀၀ တန် ထုတ်လုပ်သည်ဟု ခန့်မှန်းရကြောင်း UNODC ၏ အဆိုအရ သိရှိရသည်။
UNODC သည် ဘိန်းစိုက်ပျိုးသော ဒေသများတွင် အခြား သီးနှံများ စိုက်ပျိုးရေး အတွက် တိုက်ရိုက် အကူအညီ ပေးနေသော တစ်ခုတည်းသော နိုင်ငံတကာ အေဂျင်စီ ဖြစ်သည်။ ၎င်းသည် ရှမ်းပြည် တောင်ပိုင်းတွင် စိုက်ပျိုးရေး စီမံကိန်း သုံးခု ပြုလုပ်၍ လူတစ်သိန်းခန့်အား လက်လှမ်းမီစွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေသည်။ သို့သော် ဘိန်းထုတ်လုပ်ရေး လုပ်ငန်းများသို့ လယ်သမားများ ပြန်မသွားနိုင်ရေး အတွက် လုပ်ဆောင်စရာများ ရှိနေသေးကြောင်း Eligh က ပြောသည်။
"UNODC အနေနဲ့ အခြား အားကောင်းတဲ့ ဖွံ့ဖြိုးရေး နည်းလမ်းများနဲ့ တုန့်ပြန်မှုကို မြင်တွေ့လိုပါတယ်။ ဈေးကွက်နဲ့ အလွယ်တကူ ထိတွေ့နိုင်ရေး၊ အသိုင်းအဝိုင်း တစ်ခုလုံး အရွေ့၊ ချေးငွေများ ပေးနိုင်ခြင်း နည်းပညာ တိုးတက်မှုနဲ့ ကျေးလက် ဒေသများမှာ အခြေခံ အဆောက်အဦးတွေ ပိုကောင်းလာရေး တို့ပါပဲ" ဟု ၎င်းက ပြောသည်။
ဝင်ငွေကောင်းသော သီးနှံ
လွန်ခဲ့သော ခြောက်နှစ်မှ စ၍ ဘိန်းမှရသော ဝင်ငွေများသည် တဖြည်းဖြည်း မှန်မှန် ကျဆင်း လာခဲ့သော်လည်း ၂၀၁၀ တွင် လယ်သမားများ ထုတ်လုပ်မှု မြင့်မား၍ ယခင်နှစ် များကနှင့် စာလျှင် ဘိန်းမှ ရသော ဝင်ငွေသည် ပိုမို များပြားခဲ့သည်။
၂၀၀၃ မှ ၂၀၀၉ ခုနှစ်ကြားတွင် ဘိန်းမှ ရသော မိသားစု ဝင်ငွေသည် ၇၀ % မှ ၂၀ % ထိ ကျဆင်းခဲ့ကြောင်း ၂၀၁၀ ဒီဇင်ဘာလ ထုတ်ပြန်သော UNODC ၏ အစီရင်ခံစာက ဆိုသည်။
သို့သော် ၂၀၁၀ တွင်မူ မြန်မာနိုင်ငံမှ ဘိန်းသည် ဈေးကောင်း ရ၍ ရှမ်းပြည်နယ်တွင် မိသားစု အသုံးစရိတ်၏ ၄၃% ကို ဘိန်းမှ ရသော ဝင်ငွေက ကာမိစေခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ် လူဦးရေ၏ လေးပုံ တစ်ပုံသည် ဘိန်းစိုက်ပျိုးရေးနှင့် ပတ်သက်နေသည်ဟု ခန့်မှန်းကြောင်း အကူအညီ ပေးရေး အေဂျင်စီများက ပြောသည်။
ဘိန်းထွက်ရှိရာ မူရင်း အရပ်တွင်မူ ၂၀၀၉ ခုနှစ်မှ စ၍ ဘိန်းဈေးနှုန်း ကျဆင်းခဲ့သည် ဆိုသော်လည်း ခြုံကြည့်ရလျှင် ဘိန်းသည် အမြတ်ရသော လုပ်ငန်း ဖြစ်လျက် ရှိပြီး တစ်ကီလိုလျှင် (၃၀၅) ဒေါ်လာ ဈေးရှိသည်။ ဘိန်းစိုက်ပျိုးသော လယ်သမားများသည် ဆန်စိုက်ပျိုးခြင်းထက် ငွေ (၁၃)ဆ ပိုမို ရရှိခြင်းကြောင့် အများစုက ဘိန်းကို ဝင်ငွေကောင်းသော သီးနှံအဖြစ် သတ်မှတ်ကြကြောင်း UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘိန်းမစိုက်ရန် တားမြစ်ခံရသော လယ်သမားများသည် ရှင်သန်ရေး အတွေက် အခြား သီးနှံများ စိုက်ပျိုးရန် အခက်အခဲ တွေ့ခဲ့ကြရပြီး "မိသားစု အတွက် ဟင်းသီး ဟင်းရွက်တွေ စိုက်ပါတယ်။ ဒါပဲ စိုက်နိုင်ပါတယ်။" ဟု ဦးထွန်းကြည်က IRIN သို့ ပြောသည်။
ဦးထွန်းကြည်သည် လွန်ခဲ့သော နှစ်နှစ်က အာဏာပိုင်များ ဘိန်းခင်းများကို မဖျက်ဆီးမီ အထိ မိသားစု အပိုဝင်ငွေ အတွက် ဘိန်းစိုက်ပျိုးခဲ့သည်။ ၎င်းတို့၏ တောင်ထိပ်မှ ရွာရှိ အခြားသူ များကဲ့သို့ပင် ဦးထွန်းကြည်သည်လည်း အပိုဝင်ငွေ အနည်းငယ်သာ ရှိသည်။ "ဈေးသွားတဲ့ ဓါတ်ဆီဖိုးကလည်း ရှိတော့ ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဝင်ငွေက မကာမိဘူး" ဟု ၎င်းက IRIN သို့ ပြောသည်။
ဘိန်းစိုက်ပျိုးမှု ရပ်ဆိုင်းရေး ကြိုးပမ်းမှုများ
ဘိန်းတိုက်ဖျက်မှု (၁၅) နှစ် စီမံကိန်းကို ၁၉၉၀ ခုနှစ်များ နောက်ပိုင်းတွင် စတင် ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၁၀၌ ဘိန်းစိုက်ပျိုးမှုများ မြင့်တက်လာခဲ့သည်။ ၂၀၀၉ ခုနှစ်က အာဏာပိုင်များသည် အဆိုပါ (၁၅)နှစ် စီမံကိန်း၏ နောက်ဆုံး ငါးနှစ် စီမံကိန်းကို စတင်ခဲ့သည်။
အစိုးရ ကိန်းဂဏန်းများက ၂၀၁၀ တွင် ဘိန်းစိုက်ပျိုးမှု မြေများ (၈၂၆၈) ဟက်တာ ဖျက်ဆီးခဲ့ကြောင်း ဆိုခဲ့ရာ ပြီးခဲ့သည့်နှစ်က ထက်စာလျှင် ၁၀၂ % တိုးလာခဲ့သည်။
အခြား အုပ်စုများက တွက်ချက်ရာတွင် အဆိုပါ ကာလများ အတွင်း ဘိန်းစိုက်ပျိုးမှု ဧရိယာ တိုးတက်လာခြင်းမှာလည်း အမှန်တကယ်ပင် ဖြစ်ကြောင်း ပြောခဲ့ကြသည်။
"၂၀၁၀ မှ ကျွန်တော် ခန့်မှန်းတာကတော့ ဘိန်းစိုက်ပျိုးမှု ၂၀ % တိုးတက်လာပြီး၊ ပျမ်းမျှ ဘိန်းအထွက်နှုန်း ၄၆ % တက်လာပါတယ်။ ပြည်တွင်း ဘိန်းစိုက်ပျိုးမှုမှာ မိသားစုတွေ ပါဝင်လာမှု ၁၇% ထိ တိုးလာပါတယ်" ဟု UNODC မှ Eligh က ပြောသည်။
အစိုးရ၏ ကိန်းဂဏန်းများ အရ ရှမ်းပြည် မြောက်ပိုင်းတွင် ၂၀၀၈ ခုနှစ်၌ ဘိန်းခင်း ၂၅ % ဖျက်ဆီးခဲ့သည်ဟု ဆိုခဲ့သည်။ သို့သော် မဲဆောက် အခြေစိုက် NGO ဖြစ်သော ပလောင် အမျိုးသမီး အဖွဲ့ (PWO) ၏ ၂၀၁၀ အစီရင်ခံစာတွင် ဘိန်းခင်း ၁၁ % ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။
အစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များသည် မြင်လွယ်သော ဘိန်းခင်းများကိုသာ ဖျက်ဆီး၍ ဌာနချုပ်သို့ ကိန်းဂဏန်း အမှားများ တင်ပြကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တချိန်တည်းမှာပင် ဘိန်းဆက်လက် စိုက်ပျိုးသည့် လယ်သမားများ အခွန်ငွေ ပေးရသည်ဟု ဆိုသည်။ ရှမ်းပြည် မြောက်ပိုင်း မိုင်းတုံတွင် ၂၀၀၈ ခုနှစ်၌ ဘိန်းမှ အခွန်ငွေ ခန့်မှန်းခြေ ဒေါ်လာ (၃၇၀၀၀) အစိုးရက ရရှိသည်ဟု PWO က ခန့်မှန်းသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.