Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၃.၂၀၁၁

ပြည်တွင်းသတင်းများ

MPT မှ VOIP Call များနှင့် ပတ်သက်၍ အရေးယူရန် ညွှန်ကြားလွှာများ ရောက်မလာသေး

ရန်ကုန်၊ မတ်၂၇။

မတ်လ ၂ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာန၏ ညွှန်ကြားလွှာအား အရေးယူဆောင်ရွက်ရန် နောက်ဆက်တွဲ ညွှန်ကြားမှုများသည် မြန်မာ့ဆက်သွယ်ရေးဌာနသို့ ယနေ့အချိန်အထိ ရောက်ရှိလာခြင်း မရှိကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနမှ တာဝန်ရှိ သူတစ်ဦးမှဆိုသည်။

နိုင်ငံတော်၏ တရားဝင်ဆက်သွယ်ရေး အခွန်ဝင်ငွေများ လျော့ပါးလာခြင်းကြောင့်  Cyber Café များတွင် ခေါ်ဆို လျှက်ရှိကြသော VOIP Call များအားပိတ်ပစ်ရန် ညွှန်ကြားလွှာအား မြန်မာ့ဆက်သွယ်ရေးမှ PAC လိုင်စင်ရယူထားသည့် အင်တာနက်ဆိုင်တိုင်းသို့ ပေးပို့ခဲ့ရာ ယင်း ညွှန်ကြားလွှာနှင့် ပတ်သက်၍ Cyber Café များ ဝင်ငွေသည် ၄၀ ရာခိုင်နှုန်းမှ ၅ ၀ ရာခိုင်နှုန်း အတွင်းသို့ လျော့နည်းလာနိုင်ပြီး နိုင်ငံတကာသို့သွားရောက် အလုပ် လုပ်ကိုင် သူများသည်လည်း မိသားစုနှင့် ပြန်ဆက်သွယ်ရာတွင် နှောင့်နှေးလာမည်ဟူသည့် အကြောင်းအရာများအား မီဒီယာများတွင် တွေ့လာရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ပြန်လည်သုံးသပ်စဉ်းစားနေခြင်းဖြစ်နိုင်ကြောင်း ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသူတစ်ဦက သုံးသပ်သည်။

မြန်မာနိုင်ငံရှိ Cyber Café များမှ နိုင်ငံတာကာသို့ ဈေးနှုန်းသက်သာစွာခေါ်ဆိုနေသော VOIP Call များ စတင်ပေါ်လာချိန်၌ စင်ကာပူတွင် နေထိုင်သူနှင့် အသိအကျွမ်းရှိမှသာ ၎င်း၏ Bank Account ဖြင့် VOIP Call ခေါ်ဆိုရန် User Name နှင့် Password အားရယူနိုင်သော်လည်း ၂၀၀၉နှစ် ကုန်ပိုင်းမှစ၍ VOIP Call အား အလွယ်တကူခေါ်ဆိုနိုင်သည့် Prepaid Card များအား တွင်တွင်ကျယ်ကျယ် ရောင်းချလာဖြင်းကြောင့် ယခုကဲ့သို့ အမိန့် ကို ထုတ်ပြန်နိုင်ခြင်း ဖြစ်နိုင် ကြောင်း ကုန်သည်တစ်ဦးမှသုံးသပ်သည်။

“ဒီနိုင်ငံမှာက နိုင်ငံတကာကိုခေါ်တဲ့ဖုန်းခေါ်ဆိုမှုနှုန်းက မြင့်တယ်လေ။ဒီတော့ VOIP Prepaid Card ကို သုံးရတယ်။ဒီလို Prepaid Card တွေကို တွင်တွင်ကျယ်ကျယ် ရောင်းလာတော့ တာဝန်ရှိသူတချို့လည်း ဘယ်သဘောကျမလဲ။ ဒီတော့ ပိတ်ဆိုတဲ့ စာထွက်လာတာပေါ့။ဒါပေမယ့် ပိတ်လို့ ကတော့ ရချင်မှရမယ်လေ။ Prepaid Card ကို တွင်တွင်ကျယ်ကျယ် ရောင်းနေတာကလည်း ဦးတေဇပိုင်တဲ့ Elite Tech ကလေဗျာ’’ ဟုဆိုသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

ကမ္ဘောဇလေကြောင်းလိုင်း ပြေးဆွဲခွင့် လက်မှတ်(AOC)  မတ်လကုန်တွင် ရရှိမည်ဟုဆို

ရန်ကုန်၊ မတ်၂၇။

        ပြည်တွင်းခရီးစဉ်များကို ဦးစွာပြေးဆွဲရန် စီစဉ်ထားသော KBZ Group of Companies ၏ Member ဖြစ်သော KBZ Airline သည် မြို့ပြလေကြောင်း ဦးစီးဌာနမှ ထုတ်ပေးသည့်  Air Operators Certificate(AOC)အား မတ်လကုန် တွင် ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း အဆိုပါလေကြောင်းလိုင်း၏ တာဝန်ရှိသူတစ်ဦးမှဆိုသည်။

“ လေကြောင်းခရီးစဉ်ကို ဧပြီ ၂ရက်မှာ ပေးဆွဲဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် မြို့ပြလေကြောင်းက  AOC ပေးမှ သာ ပြေးဆွဲနိုင်မှာပါ။ ဒါကြောင့် AOC ရရှိဖို့စောင့်ဆိုင်းနေတာပါ။ကျွန်တော်ထင်ပါတယ် AOC ကို ကျွန်တော်တို့ လေယာဉ် ပျံသန်းမှုပထမဆုံးခရီးစဉ်အဖြစ်ရည်ရွယ်ထားတဲ့ ရက်မတိုင်မီ မတ်လကုန်လောက်မှာ ရနိုင်မှာပါ။ သက်ဆိုင်ရာ ကပေးတဲ့ AOC လက်မှတ်ရရှိတာနဲ့ ကျွန်တော်တို့ KBZ Airlines ရဲ့ ပထမဆုံးခရီးစဉ်ကို ပျံသန်းပြေး ဆွဲမှာပါ။”ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားသည်။

KBZ Airline သည် နိုင်ငံတကာမှသတ်မှတ်ထားသော လေယာဉ်ဆိုင်ရာအချက်အလက်များအား ICAO မှ သတ်မှတ်ထားသော စစ်ဆေးချက် များနှင့်စစ်ဆေးထားပြီးပြီ ဖြစ်ကြောင်း သိရှိရသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

ရပ်ရွာအခြေပြု လူမှုရေး အဖွဲ့အစည်းများ တိုးပွားလာ

ရန်ကုန်၊ မတ်၂၇။

ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းများ Community Based Organization (CBO)သည် ကဏ္ဍပေါင်းစုံတွင် ပြန့်ပွားလာသည်ထက် ဘာသာ ရေးကဏ္ဍကို အားပြုကာ တိုးပွားလာသည်ကို ပိုမိုတွေ့ရကြောင်း ဘာသာရေးဆိုင်ရာ လူမှုရေးအဖွဲ့များကို စီစဉ်ဆောင်ရွက်နေသူများက ဆိုသည်။

တရားပွဲများကျင်းပရာတွင် လိုအပ်သည့် ပစ္စည်းကရိယာများအား ငှားရမ်းပေးသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာတာက တရားပွဲကျင်းပတဲ့ နေရာတွေရယ်၊ ဒီပွဲတွေကို ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ လုပ်ဆောင်လာတဲ့ အဖွဲ့လေးတွေရယ်ကို ပိုတွေ့ရပါတယ်။ ဒီနှစ်မှာဆို ပိုတွေ့ရပါတယ်။ ဦးတို့ရဲ့ လုပ်ငန်းခွဲတွေ ဖွင့်ထားတဲ့ ဒေသတွေတိုင်းမှာဆိုရင် တရားပွဲကျင်းပဖို့အတွက် လိုအပ်တာတဲ့ ပစ္စည်းတွေက ပွင့်လင်း ရာသီဖြစ်တဲ့ ဒီဇင်ဘာလောက်နေ အခုမတ်လကုန်လောက်ထိ ရုံးမှာ ကြာကြာထားရတယ်ဆိုတာ မရှိဘူး။ ရှိသမျှပစ္စည်းက အပြင်ကို ထွက်နေတာပဲ။ အခု ဆိုရင် ရပ်ကွက်တိုင်းမှာ တစ်ရပ်ကွက် တစ်လမ်းလောက်ကတော့ တရားပွဲ လုပ်လာတာတွေ တွေ့ရတယ်။ ဒီလို ဖြစ်လာတာမြင်ရတော့ စိတ်လည်း အရမ်း ချမ်းသာပါတယ်။ လူငယ်တွေလည်း စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ အကျိုးကို ဆောင်ရွက်လာတာတွေလည်း ပိုရှိလာတော့ ဝမ်းသာမိပါတယ်” ဟု အဆို ပါပုဂ္ဂိုလ်မှဆိုသည်။

အစ္စလာမ်ဘာသာဝင် ကလေးများအား နိုင်ငံတကာဘာသာစကားနှင့် ကိုရမ်ကျမ်းမြတ်အား သင်ကြားပေးနေသော အစ္စလာမ်ဘာသာဝင် ဟာဂျီ တစ်ဦးမှလည်း “ကျွန်တော်တို့ရဲ့ ဘာသာရေးဆိုဆုံးမမှုတွေမှာလည်း လူမှုရေး ကူညီမှုတွေကို တတ်စွမ်းသမျှလုပ်ဖို့ ဆိုဆုံးမထားပါတယ်။ ဒီလိုအလုပ်တွေ ကို ကျွန်တော်တို့လုပ်နေတာက ဘာသာရေးအတွက်ရော၊ ဒီကလေးငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့တွေကို အလေးထားပြီး လုပ်ပေးနေတာ ပါ။ ဒီလိုလုပ်နေတဲ့ အဖွဲ့တွေက ကျွန်တော်တို့ရဲ့ ဘာသာရေးဆိုင်ရာ ဗလီတွေမှာကော၊ ဗလီမရှိတဲ့ နေရာတွေမှာဆို  ဘာသာရေးဆရာတွေရဲ့အိမ်တွေမှာ ကျောင်းတွေဖွင့်ပြီး၊ သင်ကြားမှုတွေ လုပ်ပေးတယ်။ ကျွန်တော်တို့တွေက ဒီလိုကျောင်းတွေဖွင့်ပြီး သင်ကြားလာတာကို သေချာစစ်တမ်းကောက်ထားတာ မရှိပါဘူး။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေ စုနေတဲ့နေရာမျိုးဆိုရင်တော့ ဒီလိုကျောင်းတွေ တစ်ကျောင်းလောက်တော့ ရှိနေပါတယ်။ ဒီလိုကျောင်းတွေ ဖွင့်ပြီး လူမှုရေးအသင်းအဖွဲ့တွေ လုပ်ထားတော့ ကျွန်တော်တို့အတွက် စုစည်းမှုတွေ ဖြစ်လာတာပေါ့”ဟု လူမှုရေးအသင်းအဖွဲ့များအား စုဖွဲ့ထားခြင်း အပေါ် ရှင်းပြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် Sunday School တက်ရာမှ စိတ်တူ၊ကိုယ်တူ အပေါင်းအသင်းများ ရရှိကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုအား ဖွဲ့စည်းတည်ထောင်ထားသူတစ်ဦးမှလည်း “ ဒီအဖွဲ့ကိုဖွဲ့ဖြစ်ဖို့က သိပ်တော့မခက်ခဲ့ ပါဘူး။ ဒီအဖွဲ့ကို ကျွန်မတို့ Sunday School မှာတက်တဲ့ သူငယ်ချင်းတွေနဲ့ စုဖွဲ့ဖြစ်ကြတာပါ။ ဒီအဖွဲ့လေးဖြစ်ဖို့ကို ဖာသာကဦးဆောင်ပြီး လုပ်ပေးတာပါ။ ဒီလိုအဖွဲ့တွေဖြစ်လာတော့ ကျွန်မတို့လဲ ကိုယ်လုပ်ချင်တဲ့ ကိုယ့်ရပ်၊ကိုယ့်ရွာကအကျိုးကို လုပ်ပေးနိုင်သလို လူငယ်တွေအချင်းချင်းလဲ Network ကျယ် လာတော့ပေါ့။ ကျွန်မတို့လိုမျိုး Sunday School သွားပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေရတာနဲ့ လုပ်တဲ့ အဖွဲ့မျိုး တော်တော်များလာပါ တယ်။”ဟုဆို သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

(၆၆)နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပ

ရန်ကုန်၊ မတ် ၂၇။

(၆၆)နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားအား ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့နံနက်(၁၁)နာရီ အချိန် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် အဖွဲ့ချုပ်မှ CEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်များနှင့် သံတမန်ရေးရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဦးတင်ဦးမှ သာဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်အပေါ်၌ ယနေ့အချိန်အထိ ချစ်ခင် မြတ်နိုးဆဲပင်ဖြစ်ကြောင်း၊ ယခုတက်ရောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆိုလိုပါကြောင်း ပြောကြားသွားသည်။

သဘာပတိအဖြစ် ဆောင်ရွက်သော ဒုဥက္ကဋ္ဌဦးတင်ဦးမှ တချိန်တခါက မိမိသည်လည်း တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကို ယနေ့ထက်တိုင် သံယောဇဉ် ရှိနေသေးကြောင်း၊ မိမိတို့နှင့် လက်ရှိစစ်အစိုးရ တို့တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးကို နွေေးထွးစွာ ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောဆိုသွားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်များ၊ အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်လူငယ်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကာ အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို နေ့လည် (၁၂း၁၀)အချိန်တွင် ရုတ်သိမ်းခဲ့သည်။

-------------------------------------------------------------------------------------------------------------

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစိုးရသစ်တာဝန်ယူချိန်ရောက်မှသာ ဆောင်ရွက်နိုင်မည်ဟုဆို

ရန်ကုန်၊ မတ် ၂၆။

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အစိုးရသစ်တာဝန်ယူသော အချိန်ရောက်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်ဦးက ပြောကြားသည်။

မတ် ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းဝေးတွင် လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းလှကျော်က အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အတွက် မည်သူကိုမျှ ချွင်းချက်မထားဘဲ မည်သို့မည်ပုံ စဉ်းစားထားသည် ဆိုသော မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က လွှတ်တော်အစည်းဝေးတွင် ရှမ်းတိုင်းရင်းသားများဖြစ်သော ဦးဆေးထင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ အပါအဝင် အခြား အကျဉ်းကျ ပုဂ္ဂိုလ်များ လွတ်ငြိမ်းချမ်းသာခွင့်အတွက် မည်သူ့ကိုမျှ ခြွင်းချက်မထားဘဲ မည်သို့မည်ပုံ စဉ်းစားထားသည်ကို သိရှိလိုပါကြောင်း ဦးစိုင်းလှ ကျော်က မေးခွန်းတင်သွင်း မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါမေးခွန်းကို ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် လွှတ်တော်နှင့်လည်းကောင်း၊ တရား စီရင်ရေးနှင့်လည်းကောင်း၊ သက်ဆိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးယန္တရား၏ အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတက တိုင်းပြည်၏ အခြေအနေအရပ်ရပ် အပေါ် စဉ်းစားချင့်ချိန် သုံးသပ်၍ ဆောင်ရွက်ရသည့် အမှုကိစ္စဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတသည် ဥပဒေက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် တိုင်းပြည်အတွင်း အကျိုးယုတ်၊ ဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်စေရန် အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ ယခုအခါ နိုင်ငံတော်တွင် အစိုးရ သစ်တစ် ရပ် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားသစ် စတင် လည်ပတ်နိုင်ရေးအတွက် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးကို ကျင်းပနေဆဲ ကာလဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်အား ရွေးချယ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတအနေဖြင့် စတင်တာဝန်ထမ်းဆောင်မှု မရှိသေးပါကြောင်း၊ ထို့ပြင် အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် နိုင်ငံတော် သမ္မတအား ထောက်ခံချက်ပေးရမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် အစိုးရသစ် တာဝန်ယူသော အချိန်ကာလများ ရောက်မှ သာ ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ခဲ့သည်ဟု သိရသည်။

-------------------------------------------------------------------------------------------------------------

ပထမ အကြိမ် လွှတ်တော်အစည်းအဝေး ပြီးဆုံး

နေပြည်တော်၊ မတ် ၂၆။

ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ခဲ့သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ၏ ပထမ အကြိမ် အစည်းအဝေး ကျင်းပ ပြီးစီးကြောင်း မတ်လ ၂၄ ရက်နေ့ လွှတ်တော် ဥက္ကဌများမှ ကြေညာခဲ့သည်။

ကျင်းပပြီးစီးခဲ့သော လွှတ်တော်အစည်းအဝေးများတွင် အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပြီး သမ္မတများအပါအဝင် ဝန်ကြီးများ သက်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း အဆိုများတင်သွင်းခြင်းတို့ကိုလည်း ပြုလုပ်နိုင် ခဲ့သည်ဟု သိရသည်။

“ပထမအကြိမ်ဖြစ်တဲ့အတွက် အနည်းငယ်အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့လဲ အချက်အလက်ကျကျ တင်ပြဖို့ ဥပဒေပြုအဖွဲ့တွေ၊ ပေါ်လစီ အဖွဲ့တွေ ဖွဲ့ဖို့လိုနေပြီဆိုတာ သိလာတယ်။ စာလဲဖတ်ရမယ် နောက်တစ်ကြိမ်မှာ အခုထက် ပိုမိုကောင်းမွန်တဲ့ပုံစံကို မျှော်လင့်မိတယ်”ဟု ရှမ်းပြည်နယ်မှ အမတ်တစ်ဦးက ပြောကြားသည်။

“ဘယ်သူမှလည်း နိုင်ငံရေးနဲ့ ယဉ်ပါးခဲ့တာမဟုတ်ဘူး။ လုပ်ချင်လို့သာ လုပ်ကြတာမလား။ ကျွန်တော်တို့ ရှမ်းပြည် နယ်က စိုင်းမောက်ခမ်းတောင် ဒုသမ္မတဖြစ်မယ်လို့လွန်ခဲ့တဲ့ ခြောက်လလောက်က တွေးမိမယ်မထင်ဘူး၊ ဒါကြောင့် လက်ရှိ အခြေအနေက လုံးဝကိုအစပြုနေတဲ့ အချိန်မို့လို့ လိုအပ်ချက် တွေတော့ အများကြီးရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဧပြီလ (၁) ရက်နေ့တွင် အစိုးရသစ် ကျမ်းကျိန်မည်ဖြစ်ပြီး ဒီမိုကရေစီ အစိုးရအဖြစ် ပီပီပြင်ပြင် ကမ္ဘာသို့ ကြေညာတော့မည်ဟုလည်း  နေပြည်တော်ရှိ စစ်ဘက်နှင့် လွှတ်တော်အသိုင်းအဝိုင်းများက ပြောဆိုလျှက် ရှိကြသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

အဆိုပါ ခရီးစဉ် ရန်ကုန်-ကွမ်ကျိုး တိုက်ရိုက်လေယာဉ်ပျံသန်းမှု စတင်သည့် မတ်လ ၃ ရက်နေ့ နောက်ပိုင်း ရန်ကုန် လေဆိပ်တွင် စတင်နေခြင်းဖြစ်ပြီး ဆိုက်ရောက်ဗီဇာရယူရန်အတွက် ကြိုတင် ဆောင်ရွက်ရန် တစ်စုံတစ်ရာ မလိုကြောင်း MAI မှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောကြား သွားသည်။

“တတိယနိုင်ငံသားတွေ ဥပမာ- ဥရောပသမဂ္ဂ(EU) လို နိုင်ငံသားတွေပါ MAI စီးပြီးလာရင် ခွင့်ပြုပေးနေတယ်လို့ သိရတယ်”  ၎င်းက ရှင်းလင်း ပြောကြား သည်။

မတ် ၂၈ ထုတ် The VOICE  Weekly အတွဲ(၇) အမှတ်(၁၆) တွင်ပါသည့် “ဆိုက်ရောက်ဗီဇာခွင့်ပြုမှု ထပ်မံတိုးမြှင့်” သတင်းမှ ကောက်နှုတ် ချက်

-------------------------------------------------------------------------------------------------------------

ကျယ်ဝန်းသော လူသတ္တဝါတို့၏ ကမ္ဘာတွင်  ဒေသအလိုက် ဆူကြုံ နိမ့်မြင့်ရှိနေသည်မှာ ‘ပရမတ္တ’  ဖြစ်သလို အခြေခံ အုပ်ချုပ်မှုစနစ်သည်လည်း လူထုသည်သာ အချုပ်အခြာအာဏာရှင်ဖြစ်၍ ‘မုချသစ္စာ’ ဖြစ်ချေသည်။ မိမိတို့ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ  ဖြစ်တည်နေခဲ့ပြီးမှာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း  လူထုအချုပ်အခြာအာဏာတို့ ရယူခွင့် ရှိခဲ့သည်မှာ (၆၅) နှစ်အတွေ့အကြုံများသည် “သင်ခန်းစာပေါင်းများစွာ” ကို သင်ကြားပေးခဲ့ပြီးဖြစ်သည်။ “နို့သက်ခံစို့ခဲ့ သော” ဘဝမှ ဦးဆောင်ဦးရွက်ပြုနေသော တပ်မတော်ကို အားချည်းကိုးမနေကြတော့ဘဲ ‘ကိုယ့်အားကိုယ်ကိုး’၍ ကိုယ့် အချုပ်အခြာအာဏာ ကို “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး” အတွက် “အားထည့်” ရပေတော့မည်။

မတ် ၂၈ ထုတ် Favourite News အတွဲ(၂) အမှတ် (၆၁) တွင် ပါသည့် “ အားကို မပြတ်မွေးမြူစေလိုသည်” ခေါင်းကြီးမှ အယ်ဒီတာ့ အာဘော် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ဒုတိယတန်း တစ်စုံကို ၁၅၀၀ ကျပ်တဲ့။ ထုတ်ဈေးက ၅၀၀ ဝန်းကျင်ပဲရှိတယ်။ ဒုတိယတန်း မြန်မာစာအုပ် တစ်အုပ်ပဲ ယူရင်တော့ ၇၀၀ ကျပ်တဲ့။ တို့အလံ သင်ခန်းစာကတော့ ပြောင်းသွားပြီး” ဟု ဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

“ကျောင်းတွေက အခုမှ ပိတ်ကာစပဲ ရှိသေးတယ်။ ဆယ်တန်းဆို အခုမှ ဖြေနေတုန်း။ ဒီလို ၂၀၁၁-၁၂ အတွက်ပြဋ္ဌာန်းပြီး ထုတ်ဝေတဲ့ ကျောင်းသုံး စာအုပ်တွေက လမ်းဘေးမှာ အတန်းစုံနီးပါး ရနေပြီဆိုတာ  မဖြစ်သင့်ပါဘူး။ အခုဆို စာသင် ကျောင်း တချို့မှာလဲ  ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် သတ်မှတ်ထုတ်ဈေးနဲ့ ရောင်းချပေးနေပေမယ့် လမ်းဘေး စာအုပ်ဆိုင်တိုင်းမှာ ပြဋ္ဌာန်းစာအုပ် အသစ်စက်စက်တွေ ဘာသာစုံလိုက် ရောင်းချနေတာ လုံးဝမဖြစ်သင့်ပါဘူး”

မတ် ၃၀ NEWSWATCH အတွဲ(၆) အမှတ် (၃၇) တွင် ပါသည့် “၂၀၁၁-၁၂ ပြဋ္ဌာန်းစာအုပ်များအား လမ်းဘေး စာအုပ်ဆိုင်အချို့တွင် အလွယ်တကူ ဝယ်ယူနိုင်ပြီ” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေကို ကြည့်လို့ရှိရင် လူတွေအားလုံးက ကိုယ့်နိုင်ငံကို ချစ်တယ်။ ကိုယ့်လူမျိုးကို ချစ်တယ်။ တိုင်းပြည်ရဲ့ ကောင်းကျိုးကို လုပ်ဆောင် ပေးချင်ကြတယ်။ တိုင်းပြည်တိုးတက်ဖို့ Policy တွေလိုအပ်တာ မှန်တယ်။ ဒါပေမဲ့ တိုင်းပြည် ချစ်တက်ဖို့က အရင်ဆုံးလိုတယ်။ ချစ်နည်းချစ်ဟန် မှန်ကန်ဖို့ လိုတယ်။ တိုင်းပြည်ချစ်တဲ့ စိတ်နဲ့သာလုပ်ရင် တိုင်းပြည် တိုးတက်သွားမှာပဲ”

မတ် ၂၈ ထုတ် The VOICE weekly အတွဲ(၇) အမှတ် (၁၆) တွင် ပါသည့် စီးပွားရေးပညာရှင် ဒေါက်တာ မောင်မောင်စိုးနှင့် အင်တာဗျူး ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လုပ်သင့်လုပ်ထိုက်သော တာဝန်တစ်ခု

မတ်လ ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းလှကျော် တင်သွင်းသည့် အဆိုတစ်ခုကို စိတ်ဝင်စားဖွယ် တွေ့ရှိခဲ့ရပါသည်။ အကျဉ်းကျ ပုဂ္ဂိုလ်များကို ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အဆိုဖြစ် သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ကိစ္စသည်  အငြင်းအခုံ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး အဖြေလဲတစ်စုံမရှိခဲ့ပေ။ ယခုမူ လွှတ်တော်တွင် တရားဝင် ပြောဆို ဆွေးနွေးခွင့်ရသည့် ကိစ္စတစ်ရပ် ဖြစ်လာသည်မှာ များစွာပင် စိတ်ချမ်းသာဖွယ် ဖြစ်သည်။

ယခင်ကမူ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြောဆိုလျှင်ဖြစ်စေ၊ နိုင်ငံရေး အကျဉ်းသားများအတွက် တူညီဝတ်စုံ ဝတ်ဆင်၍ ဆုတောင်းပွဲ ပြုလုပ်လျှင် ဖြစ်စေ ဖမ်းဆီးခံရမည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ လွှတ်တော်တွင် တရားဝင် ဆွေးနွေး ခွင့်ရပြီဖြစ်ပြီး အစိုးရသစ် ဖွဲ့စည်းပြီးချိန်တွင် သမ္မတ လုပ်ပိုင်ခွင့်ဖြင့် လွတ်မြောက်ခွင့်ပြုနိုင်သည့်အတွက် အစိုးရသစ် ဖွဲ့စည်းချိန်တွင် ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးနိုင်ခဲ့ခြင်းသည်များစွာမှပင် အပြုသဘော ဆောင်သော ဒီမိုကရေစီ ဆန်မှုတစ်ခု ဖြစ်သည်။ တစ်ဆက်တည်းဆိုသလို  နိုင်ငံရေးအကျဉ်းသား မရှိပါဟု တွင်တွင် ငြင်းဆိုခဲ့သည့် အခြေအနေမှ နိုင်ငံရေးအကျဉ်းသား ရှိပါသည်ဟု ဝန်ခံလိုက်သည့် သဘောသက်ရောက်ပြီး ထိုကိစ္စကို စဉ်းစားတော့မည်ဟု မီးစိမ်းပြ လိုက်ခြင်းလည်း ဖြစ်သည်။

အကျဉ်းထောင်ဆိုသည်မှာ ပြစ်မှုကျူးလွန်သူအတွက် ဆုံးမပြုပြင်ရာ နေရာဌာနတစ်ခုဖြစ်သည်။ ကျူးလွန်သည့် ပြစ်မှုသည် လူသားချင်း နိုင်လိုမင်းထက်ပြုကျင့်ခြင်း၊ လူ့ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု မရှိခြင်းများအတွက် ပြုပြင်ပေးရသည့် ကျောင်းတော်ကြီးဖြစ်သည်။ လူသတ်ခြင်း၊ ခိုးယူခြင်း၊ လှည့်ဖျားခြင်း၊ အဓမ္မကြံစည်ခြင်း စသည်ဖြင့် လူ့အသိုင်းအဝိုင်းမှ လက်ခံဖွယ်မရှိသော ပြစ်မှုကျူးလွန်သူများကို သင့်တော်သည့် ပြစ်ဒဏ်များကို ပေးနိုင်ရန်၊ နောက်တစ်ကြိမ် ထပ်မံ မကျူးလွန်ရန် ဆုံးမပဲ့ပြင်ပေးရာ နေရာတစ်ခုလည်းဖြစ်သည်။

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ အံ့သြဖွယ်ကောင်းသည်။ သူတို့သည် ပြည်သူအတွက် တစ်စုံတစ်ရာသော စိတ်စေတနာဖြင့် သို့မဟုတ် တစ်စုံတစ်ရာသော နိုင်ငံရေးယုံကြည်ချက်ဖြင့် မိမိယုံကြည်မှုကို ထုတ်ဖော်ပြောဆို၍ ဖမ်းဆီးခံကြရခြင်း၊ လူသားမဆန်သည့် ပြစ်မှုပြစ်ဒဏ် များကို ခံစားကြရခြင်း၊ သူခိုး၊ ဓားပြ၊ မုဒိမ်းကျင့်သူများထက် ပိုမိုပြင်း ထန်သော ပြစ်ဒဏ်များကို ခံစားရကြခြင်းများသည် လူသားတစ်ယောက်အတွက် ဆိုးဝါးလွန်းသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပင် ဖြစ်ပါသည်။ နိုင်ငံတကာတွင် အထူးသဖြင့် တစ်ပါတီစနစ် အုပ်ချုပ်သော နိုင်ငံများ၊ စစ်တပ် အုပ်ချုပ်သော နိုင်ငံများနှင့် ဒီမိုကရေစီအမည်ခံ အင်အားကြီးအုပ်စု ထိန်းချုပ်သောနိုင်ငံများ (ဥပမာ- ရုရှား၊ ပါကစ္စတန်) တို့တွင်လည်း နိုင်ငံရေး အကျဉ်းသမားများ ရှိနေပါသည်။ သို့ရာတွင် သူတို့သည် အခြား ရာဇဝတ်အကျဉ်းသားများ နှင့်မတူသော အခွင့် အရေးများ ရကြပါသည်။ ထောင်ထဲတွင် လွတ်လပ်စွာနေနိုင်ခြင်း၊ အလုပ်ကြမ်း မလုပ်ရခြင်း၊ မိသားစုနှင့် တွေ့ဆုံခွင့်ရခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရခြင်း၊ ဝလင်စွာ စားသောက်ရခြင်း စသည်ဖြင့် အဆင့်အတန်းတစ်ခုကို ရရှိကြပါသည်။ ဤသည်မှာ ရာဇဝတ်မှုကျူးလွန်သူ မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်းကို ဒုက္ခပေးမည့် သူများ မဟုတ်သဖြင့် အကျဉ်းပင် ကျခံနေရသော်လည်း လူအဆင့်အတန်းနှင့်အညီ နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ၏ ဘဝမှာ လွန်စွာမှပင် နိမ့်ကျလျှက်ရှိသည်။ ယုံကြည်ချက်ကြောင့် ပေးဆပ်ကြရသော နိုင်ငံရေး သမားများသည် ၅/ည နိုင်ငံတော်ကို နှောင့်ယှက်ဖျက်စီးလိုသူများအား ထိန်းသိမ်းသည့် ပုဒ်မဖြင့် ဖမ်းဆီးခံရပြီး ရာဝတ်သားထက်ဆိုးဝါးသော ပြစ်ဒဏ် များဖြစ်သည့် လူသားမဆန်စွာ နှိပ်စက်ညှင်းပန်းခံရခြင်း၊ မိသားစုနှင့်ဝေးရာ ရောဂါဘယ ထူပြောသော ဒေသများသို့ ပို့ဆောင်ခြင်း၊ ဆေးဝါးကုသခွင့် မရခြင်းများအပြင် သေသည်အထိ ရက်စက်သော အပြစ်ပေးမှုများကို ကြုံတွေ့ခံစားနေကြရသည်မှာ အရှိတရားပင်ဖြစ်ပါသည်။ ထိုသူများသည် စစ်အစိုးရကို ဆန့်ကျင်ရာတွင် လက်နက်ဟူ၍ အပ်တို တစ်ချောင်းမျှ မပါခဲ့ပါ။ နိုင်ငံရေးဖြင့် အကျဉ်းကျခံနေရသော သံဃာတော်များပင် ရှိနေပါသည်။ ထိုသူများသည် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်စီးလိုသူများ မဟုတ်ပါ။ ပြည်သူလူထုအတွက် တစုံတရာ အကျိုးပြုလို၍သာ ဆောင်ရွက်ပေးလို၍သာ လက်ရှိ အစိုးရ၏ စနစ်ကို ဝေဖန်ဆန့်ကျင်ကြခြင်း ဖြစ်ပါသည်။

သို့ရာတွင် သူတို့အတွက် ပေးဆပ်ရသည့်ပြစ်ဒဏ်မှာ များပြားလှသည်။ မည်သည့် ဥပဒေပြဌာန်းမှုတွင်မှ မပါဝင်သော နှစ်ရှည်ထောင်ဒဏ် များလည်း ခံကြရသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာကလေးစားရသည့် ပုဂ္ဂိုလ်သာ အသက်ညှာဆုံး အခွင့်အရေးရခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ဦးဆေးထင်၊ ဦးခွန်ထွန်း ဦး၊ ဦးစိုင်းညွန့်လွင်တို့နှင့် ဗမာလူမျိုးများထဲမှ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဇာဂနာ စ သည်ဖြင့် မြောက်များစွာတို့သည် ဝေးလံခေါင်သီသော အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ချိုးဖောက် ခံရလျှက်ရှိ နေ ပါသည်။ မြန်မာနိုင်ငံ တလွှားရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၂၀၀ခန့်မျှ ရှိနေပါသည်။

ယခုအခါ စစ်အစိုးရအုပ်ချုပ်မှု လွန်မြောက်၍ အရပ်သားအစိုးအရ ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံဟု ကမ္ဘာကို ထုတ်ပြန် ကြေညာခဲ့သော အစိုးရအနေဖြင့် ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများကိစ္စကို မည်သို့ ဖြေရှင်းမည်နည်း။ အမှန်တကယ် တော့ သူတို့သည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုမှတပါး မည်သည့်အကြမ်းဖက်မှုကိုမျှ မလုပ်ခဲ့ကြပါ။ ထိုသူများ၏ အရေးကိစ္စသည် အစိုးရသစ်အတွက် ဒီမိုကရေစီ အစိုးရ ပီသကြောင်း ပြသရန် အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။

တဖန် နိုင်ငံရေး အကျဉ်းသားများသည်လည်း ပြန်လည် လွတ်မြောက်လာခဲ့ပါမူ ယခင်က ဖြစ်ရပ်များကို သင်ခန်းစာယူ၍ အထိုင်ကျနေပြီ ဖြစ်သော စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လေးစာလိုက်နာရန် လိုအပ်ပါသည်။ အတိတ်ကိုမေ့၍ လက်ရှိ ဒီမိုကရေစီ တည်ဆောက်နေဆဲကာလတွင် မိမိတို့၏ ခေါင်းဆောင်မှု အရည်အသွေးများကို ပြည်သူအတွက် အကျိုးရှိစွာ အသုံးချသင့်ပါသည်။ မိမိတို့ လွတ်မြောက်ရေးအတွက် အရေးဆိုပေးခဲ့သော လွှတ်တော်ကို လေးစားသောအားဖြင့် မိမိတို့၏သြဇာကို အကျိုးရှိစွာ အသုံးချ၍ ပြည်သူ့ဦးဆောင်မှုကိုရယူကာ လွှတ်တော်ကြီး ပိုမို သန်စွမ်းလာစေရန်၊ ဒီမိုကရေစီစံနှုန်းများ ပီပီပြင်ပြင် ပေါ်ပေါက်လာရန် ဝိုင်းဝန်းကြိုးပမ်း ကြသင့်ပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖြစ်သကဲ့သို့ လူအများစု သဘောတူထားသော စည်းကမ်း ဥပဒေများကို လိုက်နာရန်လည်း တာဝန်ရှိသည်ကို သတိချပ်သင့်သည်။ ယခု ပေါ်ပေါက်လာ သည့် လွှတ်တော်သည် မာရှယ်လော မဟုတ် တော့ပါ။ ပြည်သူ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုထားပြီးဖြစ်ရာ ထိုလွှတ်တော်မှ ချမှတ်သော စည်းမျဉ်း စည်းကမ်းများ အတိုင်း ပါဝင်သင့် လှပေသည်။

မြန်မာနိုင်ငံတွင် မည်မျှပင် စနစ်များပြောင်းခဲ့စေကာမူ၊ မရခဲ့သည်မှာ အမျိုးသား သင့်မြတ်ရေးဖြစ်သည်ကို သတိပြုရန် လိုပါသည်။ လက်ရှိ အချိန်သည် အမျိုးသားသင့်မြတ်ရေးကို မဖြစ်မနေဆောင်ရွက်ရမည့် အချိန်လည်းဖြစ်သည်။ ထိုအချိန်တွင် စစ်တပ်နှင့် တိုင်းရင်းသားပြည်သူ အပြန်အလှန် သဘောထားကြီးနိုင်ကြပါမှ ဒီမိုကရေစီ နိုင်ငံအသစ်ကလေးသည် ဆက်လက်ရှင်သန် ကြီးထွားပေလိမ့်မည်။ သို့မဟုတ်ပါမူ သံသယများနှင့် အမုန်းပွားမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပန်းတိုင်ကို ဝေးကွာနေစေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါသမယကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန် အကောင်ဆုံးအချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးနိုင်ရန် အစိုးရအသစ်ကို ဦးဆောင်မည့် သမ္မတကြီးသည် မိမိ၏လုပ်ပိုင်ခွင့်ကို အသုံးပြု၍  ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံ၏ စာမျက်နှာအဖွင့် လှစေရန် လုပ်သင့်လုပ်ထိုက်သည့် တာဝန်တစ်ခုပင် ဖြစ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs