Transparency Myanmar

transparency.myanmar@gmail.com

ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
          မေလဆန်းဖို့ မပြောနဲ့ဦး၊ ဧပြီလတောင် မကုန်သေးခင်၊ သင်္ကြန်ကာလတွင်းမှာတောင် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး အပြင်ကရှုမြင်သုံးသပ်ပုံ မျိုးစုံကြားနေရချိန်မှာ - နိုင်ငံရေးပါတီအဖြစ်ထက် နိုင်ငံရေးပါတီအဖြစ်က လျှောကျသွားတဲ့ အင်န်အယ်ဒီ၊ နိုင်ငံရေး ဆက်မလုပ်နိုင်တော့တဲ့ အင်န်အယ်ဒီ၊ ပြိုကွဲတော့မယ် အင်န်အယ်ဒီလို့ တံဆိပ်ကပ်၊ ကင်ပွန်းမျိုးစုံ တပ်လာကြတာကိုတွေ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။
          ဆရာက မိုးမခကို ပြန်လည်ထောက်ပြရာမှာ နံမည်ပေး၊ ကင်ပွန်းမျိုးစုံတပ်ခံရတာဟာ အင်န်အယ်ဒီပါတီအတွက် အထူးအဆန်းမဟုတ်ကြောင်း၊ ယခင်က နှစ်ပေါင်းများစွာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကတည်းက အင်န်အယ်ဒီကို အများက ကင်ပွန်းတပ်ခဲ့ကြတာက - "ပါတီရှင်သန်ရေးကိုသာ ဦးစားပေးရပ်တည်တဲ့ ပါတီ" ဆိုတာ ဖြစ်ကြောင်း၊ ဒ့ါအပြင် "စစ်အစိုးရရဲ့ အငြိုအငြင်ကို မခံနိုင်တဲ့ ပါတီ" တခုလို့လည်း ပြောကြသေးတဲ့အကြောင်း၊ ယခုလို မတ်လ ၂၉ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူး၊ အဲသည်ဥပဒေအရ ထပ်မံမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ တခဲနက်ဆုံးဖြတ်ချက်ချလိုက်ပြန်တော့လည်း နောက်ထပ် အခုလိုမျိုး တံဆိပ်ပေါင်းစုံ၊ ကင်ပွန်းအမည်စုံ ပေးကြပြန်လို့ အသစ်အဆန်း မဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။
          ဆရာက ပါတီရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်လည် သုံးသပ်ပြရာမှာ -
"ပါတီရဲ့ ခေါင်းဆောင်မှုဟာ အရင်တုံးက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဟုတ်လား၊ စစ်အုပ်စုနဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး၊ အာခံတာမျိုးတွေ၊ ဆန့်ကျင်တာမျိုးတွေကို ထုတ်ဖော်မပြသချင်ဘူး။ စစ်အစိုးရရဲ့ ဥပဒေဘောင်အတွင်းမှာပဲ ငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုတာမျိုးတွေ ဖြစ်နေခဲ့တယ်။ ဒီသဘောမျိုးကို ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျင့်သုံးခဲ့တယ်။ ၁၉၉၅ မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်အတွင်းမှာတော့ ပါတီဟာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၀ ကနေ ၂၀၀၂ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ပြန်ကျချိန်မှာ ပါတီမှာ ပြန်ပြီးတော့ ပါတီရှင်သန်ရေးတို့၊ စစ်အစိုးရနဲ့ ပြသနာမဖြစ်စေရေးတို့က အသံပြန်ကျယ်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးနောက်ပိုင်းမှာလည်း ပါတီရဲ့ ရည်တည်ချက်ဟာ ထိုအတိုင်းပဲ ပါတီရှင်သန်ရေးက အရေးကြီးတယ်၊ အစိုးရနဲ့ ပြသနာမဖြစ်စေနဲ့တို့က အဓိကဖြစ်နေခဲ့တာကို တွေ့ရတယ်" လို့ ပြောပြပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အဲသည်လိုမျိုး ကန့်သတ်တဲ့ရပ်တည်ချက်နဲ့ ပါတီက ခေါင်းဆောင်မှုပေးနေချိန်မှာ ပါတီဝင်တွေ၊ တက်ကြွတဲ့ ပါတီခေါင်းဆောင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေဟာ အဲသည်ချမှတ်ထားတဲ့အတိုင်း မနေခဲ့ကြဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အတိုက်အခံနိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြလို့ သူတို့တတွေကို စစ်အစိုးရက အရေးယူတာအပြင်ကို ပါတီကလည်း အရေးယူခဲ့တာတွေ ရှိတယ်မဟုတ်လား ဆိုတဲ့ အချက် ဖြစ်ပါတယ်။
"ဟုတ်တယ်။ ပါတီက အရေးယူတဲ့နေရာမှာ ပါတီရဲ့ ရပ်တည်ချက်၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေ ဖောက်ဖျက်လို့၊ နားမထောင်လို့ ဆိုပြီးတော့ ပါတီကနေ ဖယ်ရှားတဲ့အထိ အရေးယူတာမျိုးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာတိုင်းမှာ အဲသည်လိုမျိုး အရေးယူခံရသူတွေကို ပြန်ပြီးတော့ ခေါ်တယ်၊ တွဲခေါ်တယ်။ ဆွေးနွေးညှိနှိုင်း ပြန်လည်တည်ဆောက်တာတွေ လုပ်လေ့ရှိတယ်။ ပါတီထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ - ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အပြင်၊ တိုင်းကနေစလို့ မြို့နယ် ကျေးလက်အထိ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပါတီစကားနားမထောင်လို့ ဆိုပြီး ဖယ်ရှားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိတယ်။ တချို့ဆိုရင် အရေးယူပုံက ပါတီရုံးခန်းကို မလာရဘူးဆိုတာမျိုး အထိတောင် ရှိတယ်။ ဥပမာ - ထင်ရှားတဲ့သူတွေ ပြောရရင် နော်အုံးလှတို့၊ ဗိုလ်မှူးမောင်အေးတို့လို လူမျိုးတွေ ရှိတယ်။ အတော်များများ ရှိတယ်။ အဲသည်တော့ ပါတီမှာ အနည်းနဲ့ အများ စည်းရုံးမှု အားနည်းလာတာပေါ့ကွာ။ အယူအဆတွေ သီးခြားရှိလာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်လာတယ်။ ပါတီတွင်း ပါတီပြင်ပမှာ တယောက်တပေါက် ပြောသံ ဆိုသံတွေ ထွက်လာရတာပေါ့" လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ ပါတီရဲ့ ခေါင်းဆောင်မှုအောက်ကကင်းကွာလာတဲ့ အင်န်အယ်ဒီပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက သံဃာတော်တွေနောက်က လွှတ်တော်ကိုယ်စားလှယ်အလံ ထောင်ပြီး ချီတက်လာတာမျိုးတွေ၊ အင်န်အယ်ဒီ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေက သူတို့အစီအစဉ်နဲ့ သူတို့ သံဃာ့သပိတ်မှာ ပါဝင်အားပေးဆောင်ရွက်မှုတွေကို ပြောနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဆရာက ဖြေကြားရာမှာ -
" ဟုတ်တယ်။ ခေါင်းဆောင်ပိုင်းက အကန့်အသတ်တွေ ချမှတ်ထားတဲ့အခါ အင်န်အယ်ဒီပါတီတခုလုံးအနေနဲ့ ၂၀၀၇ မှာ မလှုပ်ရှားနိုင်ခဲ့ဘူး။ တညီတညွတ်တည်း မစဉ်းစားနိုင်ခဲ့ကြဘူး။ ပါတီရဲ့ ဦးဆောင်မှုက အားနည်းတော့ လူထုကလည်း လိုက်ပါသင့်သလောက် မပါလာတော့ဘူး။ အင်န်အယ်ဒီက အမတ်တွေက သီးခြားဝင်ရောက် လှုပ်ရှားလာကြရတယ်။ တော်တော်များများ ရှိတယ်။ သို့သော် မဖြစ်ခဲ့ဘူး။ အံတုဖို့ မလုပ်ချင်ဘူး။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တဲ့ သဘောထားတွေက အားကောင်းခဲ့တယ် ပေါ့ကွာ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ သူ ထွက်ပြီး ရပ်တည်ခဲ့တယ်။ ခြံထဲက ထွက်လာပြီး သပိတ်မှောက်သံဃာတော်တွေကို ရှိခိုးတယ်။ သူ့အိမ်ရှေ့ကို ရောက်လာတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး လိုက်နာမှုပြသခဲ့တယ် လို့ ဆိုနိုင်တယ်။ ဒါကိုလည်း နည်းပညာတွေ ဆက်သွယ်ရေးတွေ ကောင်းလို့ ကမ္ဘာက မျက်မြင်သက်သေဖြစ်သွားရတာလည်း အရေးကြီးတဲ့ အချက်ပဲနော်။ အဲသည်လိုမျိုး လူတွေက မြင်နေရတာတောင်မှ ပါတီက ရှေ့တန်း မထွက်နိုင်ခဲ့ဘူး။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက သူတို့ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲတဲ့ အရေးအခင်းကို လက်မခံနိုင်ခဲ့ဘူး။ အဲလိုပြောချင်တယ်။" လို့ ဆရာက ပြောကြားပါတယ်။
အဲသည်မှာ ဆရာ့ကို ဆက်ပြီး ဆွေးနွေးမိတာက ၂၀၀၇ အရေးအခင်းမှာ စစ်အစိုးရက သံဃာနဲ့ လူထုကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းပစ်ခဲ့တယ်။ အဲဒါပြီး မကြာဘူး၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတယ်။ အဲသည်မှာ ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီကြားမှာ ကွာဟချက်က ထင်ရှားနေတဲ့အတွက်၊ ဒါ့အပြင် အင်န်အယ်ဒီပါတီကလည်း ထင်ရှားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်ပြီးတော့ ပြည်သူလူထုကို ဦးဆောင်မှုမပေးနိုင်တဲ့အတွက် စစ်အစိုးရက နည်းမျိုးစုံ သုံးပြီးတော့ သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ပါတီက မထုတ်ပြန်နိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကို ပြောမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ ကန့်ကွက်မဲပေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပြမိပါတယ်။
"၂၀၀၈ အခြေခံဥပဒေမှာ အားလုံးက အဓိကအဆုံးအဖြတ်ပေးရမယ့် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းကြည့်နေကြတာ၊ ၀ိုင်းပြီးတော့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ခုနင်က ပြောပြီးဖြစ်တဲ့ ပါတီ ရှင်သန်ရေးက အရေးကြီးတယ်၊ စစ်အစိုးရနဲ့လည်း အတိုက်အခံအဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆတွေ အားကောင်းနေတာတွေကြောင့် ဒီလိုပဲ ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။" လို့ ဆရာ ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။
အဲသည်နောက် ၂၀၀၈ စက်တင်ဘာမှာ ဆရာဦးဝင်းတင် ထောင်က လွတ်မြောက်လာပါတယ်။ ထောင်က၊ အစိုးရက သူ့ကို လွှတ်ပေးလိုက်တာပါ။ သူကတော့ အဲသည်ကတည်းက နိုင်ငံရေးအကျဉ်းသားတဦး၊ ထောင်သားတဦးလို့ ရပ်တည်နေဆဲပါပဲ။ အဲသည်အတွက် ထောင်ဝတ်စုံ ရှပ်အက်ျီအပြာကြီးကို ဆက်လက် ၀တ်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာလွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီမှာ ဆရာက မူလအတိုင်း ပါတီဝင်တဦး၊ ခေါင်းဆောင်တဦးအနေနဲ့ ဆက်လက်ရပ်တည် လှုပ်ရှားလာခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ဆရာနဲ့ ကြားမှာ ဘယ်လို နားလည်မှုတွေ တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို မေးဖြစ်ပါတယ်။
"ကျနော် ထောင်က ထွက်လာတယ်။ ထွက်ပြီး ၂ ရက် ၃ ရက်အတွင်းမှာ ဦးအောင်ရွှေ ကိုယ်တိုင်က လာရောက်ဖိတ်ခေါ်တယ်။ ပါတီမှာ မူလအတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့။ ကျနော်က စီအီးစီတာဝန်တွေ၊ ရာထူးတွေက အသာထားလိုက်ပါ။ မလိုပါဘူး။ ကျနော်က ပါတီမှာ လုပ်စရာရှိတာနဲ့  နိုင်ငံရေးတွေ ဆက်လုပ်မယ်။ ပါတီအင်အားတောင့်လာအောင် ဆက်လုပ်မယ်။ စီအာရ်ပီပီ - ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ ဆက်လုပ်မယ်။ သည်လိုမျိုး သဘောထားပေးလိုက်တယ်။ နောက်ပြီးတော့ ကျနော်က ဦးအောင်ရွှေတို့ကို မေတ္တာရပ်ခံတာက ပါတီတွင်း အရေးယူတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ စည်းကမ်းထိန်းသိမ်းရေးအရ၊ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ဆန့်ကျင်လို့ အရေးယူတာတွေကို ယူပါ။ သို့သော် ပါတီဝင်တွေကို ပြင်းပြင်းထန်ထန်ကြီး အရေးယူတယ်ဆိုတာ၊ ဖယ်ရှားတယ်ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။ ရန်သူတယောက်လိုမျိုး အရေးမယူပါနဲ့။ အဲသည်လိုမျိုး မေတ္တာရပ်ခံပါတယ်။"
ဆရာက ဆက်လက်ပြီး ဥပမာ ပေးရာမှာ -
" ပါတီဝင်တဦးက တာဝန်က ချတယ်။ တနှစ် အရေးယူတယ်။ ရပါတယ်။ ထားပါ။ သို့သော် သူ့ကို ပါတီက ပြန်လည် ထူထောင်ခွင့်၊ ပြန်လည်တည်ဆောက်ခွင့်တွေ ပေးရမယ်။ ပြန်ပြီးတော့ မိတ်ဆွေတွေ အချင်းချင်း လက်တွဲညှိနှိုင်းမှုတွေ ပြုကြရမယ်။ ကျနော်တို့ ပါတီတွင်းမှာ အာဏာရှင်ဆန်တဲ့အရေးယူမှုမျိုးအစား အားလုံးအတူတကွ ညှိညှိနှိုင်းနှိုင်း ဆွေးနွေး သင့်မြတ်မှုတွေနဲ့ တည်ဆောက်ကြဖို့ကို ကျနော်က မေတ္တာရပ်ခံပါတယ်။ နောက်ပိုင်းမှာ အဲသည်လိုမျိုး ပြေပြေလည်လည်တွေ ဖြစ်လာပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ အရေးယူမှုတွေ မရှိတော့ဘူးလားလို့တော့ မဟုတ်ဘူး။ ရှိတာပါပဲ။ အရေးယူတာတော့ ရှိပါတယ်။ ပါတီက ဖယ်ရှားတာတို့၊ ထုတ်ပယ်တာတို့မျိုးတွေ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။"
၂၀၀၈ နှောင်းပိုင်းက စတင်ပြီး ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးအတွက် ဘယ်လိုခြေလှမ်းတွေ၊ တိုးတက်မှုတွေ ထင်ရှားလာတာတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ -
"ကျနော်လွတ်လာပြီးနောက် နှစ်ကုန်ပိုင်းမှာ အကျဉ်းသား ၆ ထောင်ကျော်ကို စစ်အစိုးရ လွှတ်ပေးပြန်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါတယ်။ အဲသည်မှာ ပါတီဝင်ရဲဘော်တွေကို ပြန်လည် ဖိတ်ခေါ်ခဲ့ကြတယ်။ ပြန်ပြီးလက်တွဲကြဖို့ကို လိုက်လံပြောဆိုကြတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုမှာ သဘောထားပြောင်းလာတဲ့သဘောကို ထုတ်ဖော်ပြသ ဆောင်ရွက်ကြပါတယ်။ ယုံကြည်မှုအားနည်းနေသေးတဲ့အတွက် အကုန်အစင် အောင်မြင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီးတော့ ပါတီကနေ ခပ်ခွာခွာနေပြီးတော့ သီးခြား စုဖွဲ့ လှုပ်ရှားမှုတွေကလည်း သူ့ဟာနဲသူ အားကောင်းနေတာတွေ ရှိတယ်။ ကျယ်ပြန့်လာတာတွေကိုလည်း အဲသည်တုန်းက တွေ့နေရတယ်။ နော်အုံးလှတို့ အင်္ဂါဆုတောင်းအဖွဲ့ဟာ မြို့နယ်တွေ အနှံ့ပြန့်လာတယ်။ ဗိုလ်မှုးမောင်အေးဆိုရင် နိုင်ငံရေးစာတမ်းတွေ ရေးတယ်၊ တင်သွင်းတာတွေ လုပ်နေတယ်။ ဒါတွေ သူ့ဟာနဲ့သူ ရှိနေတယ်။" လို့ ဆရာက ဖြေပါတယ်။
သို့သော်လည်း အဲသည်လိုမျိုး ပါတီမှာ ယုံကြည်မှုတည်ဆောက်ဖို့ကာလက အေးအေးဆေးဆေးရှိတဲ့ ကာလမဟုတ်သော်ငြား၊ အင်န်အယ်ဒီပါတီက ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆွေးနွေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်စုအပါအ၀င် ပြန်လည် လွှတ်ပေးကြဖို့၊ စစ်အစိုးရနဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို မီးမောင်းထိုး တောင်းဆိုပြနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အဲသည်ဆောင်ရွက်ချက်တွေကြောင့် အင်န်အယ်ဒီကို ပြည်သူတွေက ယုံကြည်မှုပြန်လည်ရရှိမယ်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းမယ် မကြံသေးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံသား ယက်တော ခိုးဝင် ကျုးကျော်ဖို့ ကြံစည်တဲ့ အမှုအခင်းဖြစ်ပွားပါတော့တယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ပါတီအတွက် ရင်ဆိုင် ဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။ ဦးဝင်းတင်က ပြန်လည် ဖြေကြားရာမှာ -
"အဲသည်အရေးကိစ္စဖြစ်တဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုက အရင်တုံးကလို ပြန်ဖြစ်သွားတယ်။ ပါတီက စစ်အစိုးရနဲ့ ထိပ်တိုက်မရင်ဆိုင်လိုဘူး။ စစ်အစိုးရခွင့်ပြုထားတဲ့အတိုင်း တရားရုံးထဲမှာ သွားရင်ဆိုင်ကြမယ်။ သည်လို ဖြစ်လာတယ်။ အဲသည်မှာ ကျနော်က အင်းစိန်ထောင်ရှေ့မှာ ကျနော့်သဘောနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အတွက် မိမိဆန္ဒကို ဖော်ထုတ်တဲ့ အနေနဲ့ သွားပြီး ထိုင်တယ်။ အနီးဆုံး လမ်းဘေးမှာ သွားထိုင်တယ်။ ကျနော်နဲ့အတူ မိတ်ဆွေတွေ၊ ပါတီဝင်တွေကလည်း မိမိသဘောနဲ့ မိမိ လိုက်ပါလာကြတယ်။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဘာပြောသလဲဆိုတော့ ပါတီခေါင်းဆောင်တဦးက လမ်းဘေးမှာ သွားပြီး မထိုင်သင့်ဘူး။ နောက်ပြီးတော့ ပါတီရဲ့ အစုအဖွဲ့တွေဖြစ်တဲ့ လူငယ်တို့၊ အမျိုးသမီးတို့ကလည်း မသွားရဘူး။ ဒါမျိုးဖြစ်လာတယ်။"
လို့ ဆရာက ပြောပြပါတယ်။ အဲသည်အချိန်က ပြည်သူလူထုရဲ့ အခမ်းကဏ္ဍကို မေးကြည့်တဲ့အခါမှာ ဆရာက .
" လူတွေက လာနေတာပဲ။ ပါတီဝင်တွေကလည်း အဝေးကြီးကနေ လာကြတယ်။ ဘုန်းကြီးတွေလည်း လာကြတယ်။ ဈေးထဲကလူတွေက မုန့်တွေ ကျွေးတယ်။ ရေတွေ တိုက်ကြတယ်။ ကြံဖွံ့တွေက ငါတို့နား တံပျက်စည်းတွေ လာလှဲကြတယ်။ မျက်နှာတွေကို သဲတွေနဲ့ ပက်နေတဲ့ အတိုင်းပဲ။ မျက်နှာတွေ ကာထားရတယ်။ ရဲတွေ၊ မီးသတ်တွေက ငါတို့ရှေ့မှာ လာပိတ်တယ်။ နေရာလာလုတယ်။ အဲသည်ကြားထဲက ဆန္ဒထုတ်ဖော်ပြသရတာ ဖြစ်တယ်။ ငါက ပြောတယ်။ ဆန္ဒထုတ်ဖော်ခြင်းဆိုတာဟာ ပြည်သူတွေနဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တသွေးတည်း ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာ။ စည်းလုံးညီညွတ်တယ် ဆိုတာကို ထုတ်ဖော်ပြသတာ။ အဲသည်လိုမျိုး။ အဲသည်မှာ ပါတီနဲ့ လူထုဟာ နီးစပ်သွားတာပဲ။ လူထုနဲ့ ထိတွေ့တဲ့ အလေ့အထတခုကို ထုတ်ဖော်ပြသတဲ့ သဘောဖြစ်သွားတယ်။" လို့ ဖြေကြားပါတယ်။
အဲသည် ၂၀၀၉ မေလက စတင်တဲ့ ယက်တောအမှုအခင်းကိစ္စမှာ ဆရာဦးဝင်းတင်က ဆန္ဒပြဖို့ ဆူပူလှုံဆော်ဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။ အဲသလိုမျိုး ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလားလို့ မေးမိတော့ ဆရာက သည်လို ဖြေကြားပါတယ်။
" အဲဒီမှာ ကျနော့်ကို စွတ်စွဲကြတာက ၈၈ အရေးတော်ပုံကာလတုံးက ကျနော်တို့စာနယ်ဇင်းသမားတွေ ထုတ်ခဲ့တဲ့စာစောင် "ဆန္ဒဖော်သံ" ဆိုလား မသိဘူး၊ ရှိဖူးတယ်။ ကျနော်က အရေးတော်ပုံလေသံပစ်တယ်ပေါ့ဗျာ။ အဲသလိုမျိုး ကျနော့်ကို ပြောဆိုကြတယ်။ ဒါကတော့ ပါတီရှင်သန်ရေးဆိုတဲ့ အသံက ကြားရတဲ့သူတွေအတွက် နားဝင်ချိုတယ်ပေါ့ဗျာ။ နောက်ကွယ်က စစ်အစိုးရရဲ့ အငြိုအငြင်မခံနိုင်လို့၊ အာမခံနိုင်လို့ ဆိုတာကို ၀န်ခံလိုက်တာထက် ပါတီရှင်သန်ရေးလို့ ပြောလိုက်တာ၊ ဆင်ခြေပေးလိုက်တာက လူကြားလို့ကောင်း၊ လက်ခံချင်စရာ ကောင်းသလိုဖြစ်နေတယ်။ တကယ်က လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားပစ်လိုက်တဲ့သဘော၊ ကန့်သတ်ပစ်လိုက်တဲ့သဘောဖြစ်သွားတယ်။ နောက်ပြီးတော့ ကိုကျော်ညွန့်ဆိုတဲ့ ပြည်သူတဦးက မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တယ်။ ကျနော်နဲ့ ၂ ခါလောက် ဆုံပါတယ်။ ကျနော်က တားပါတယ်။ ကျနော်တို့ ဆန္ဒဖော်ထုတ်ပြသကြမယ်။ ဒီသဘောကိုပဲ ရှင်းပြတယ်။ မရဘူး။ သူက မခံမရပ်နိုင်ဖြစ်လွန်းတော့ တဦးချင်းထွက်ပြီး ဆန္ဒပြတော့တာပဲ။ ဒါမျိုးတွေ ရှိတယ်" လို့ ပြောပြပါတယ်။
အဲသည်လိုမျိုး ၂၀၀၈ နဲ့ ၂၀၀၉ ၂ နှစ် လုံးလုံးမှာ လူထုနဲ့ မနီးစပ်နိုင်၊ ပါတီဝင်အချင်းချင်း နားလည်မှု အင်အားတွေ တောင့်တင်းအောင် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ ပါတီက ၂၀၁၀ မှာ စစ်အစိုးရရဲ့ ရာဇသံဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံ၊ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ဆိုတဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လိုမျိုး အသွင်ပြောင်းလာလို့လဲလို့ မေးခွန်းထုတ်ဖြစ်ပါတယ်။
"ဒါတွေကတော့ စစ်အစိုးရနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာကို ယူပြီးတော့ ပါတီဝင်တွေကော၊ ပြည်သူလူထုကပါ အမြင်ရှင်းလာတယ်လို့ မြင်ပါတယ်။ ၂၀၀၉ နှစ်ကုန်ကနေပြီးတော့ ၂၀၁၀ နှစ်ဆန်းက စပြီးတော့ အင်န်အယ်ဒီပါတီဟာ Reform ကို လုပ်လာခဲ့တယ်။
အဲသည်လို လုပ်ဖြစ်တာကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျယ်ချုပ်ပြန်လည်ကျခံနေရသည့်ကြားက ဦးသန်းရွှေဆီ စာပို့တဲ့ဆီမှာ - တိုင်းပြည်ရဲ့ အကျိုးရှိရာအကြောင်းတွေကိုပဲ ဆွေးနွေးလိုပါတယ်။ ပါတီက အသက်ကြီးနေပြီ ဖြစ်တဲ့ လူကြီးတွေကို ကန်တော့ချင်တယ်။ ပြီးတော့ ပါတီရဲ့ စီအီးစီတွေနဲ့လည်း တွေ့ချင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ နောက် စစ်အစိုးရက စီစဉ်ပေးလို့ အင်န်အယ်ဒီက စီအီးစီက လူကြီး ၃ ဦးနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဟာ ပြန်လည် ဖွဲ့စည်းကြဖို့၊ ပြန်လည် ပြုပြင်ကြဖို့ အချိန်ကျပြီလို့ ယူဆတယ်လို့ ထင်မြင်ချက်ပေးပါတယ်။ အဲသည်အချက်ပေါ်မူတည်ပြီးတော့ ပါတီတွင်းမှာလည်း ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်"
လို့ ဆရာက ဖြေပါတယ်။
အဲသည်မှာ မိုးမခက ၀င်ရောက် ဖြည့်စွက်ရာမှာ - အဲသည်တွေ့ဆုံကန်တော့ပွဲမှာ ဒေါ်စုက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းကြဖို့ မှာကြောင်း ဦးလွင်က ထုတ်ဖော်ပြောဆိုတယ်။ မီဒီယာများက တဆင့်။ သို့သော် ကျန်တဲ့ လူကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့က စီအီးစီကို စာထုတ်ပြန်ပြီးတော့ ငြင်းခဲ့ပါတယ်။ အဲသည်အကြောင်းအရာက အချိန်အနည်းငယ်ကြာ အေးသွားခဲ့ပြီးမှ ၂၀၀၉ ဒီဇင်ဘာမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းတင်ကတဆင့် ပြန်လည် လှုပ်ရှားမှုတွေ ဖြစ်လာတယ်လို့ ထင်တဲ့အကြောင်းကို ဆရာ့ကို မှတ်ချက်ပေးတော့ ဆရာက ပြောကြားရာမှာ -
"ဟုတ်ပါတယ်။ နောက်ပိုင်းမှာ Reform ကိစ္စက ဦးဉာဏ်ဝင်းက တဆင့် ကျနော့်ဆီကို ရောက်လာတယ်။ ကျနော်နားလည်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကို ဦးဆောင်ရာမှာ၊ သဘောထားပေးရာမှာ အာဏာရှင်မဆန်ဘူး။ ဂရုလည်း စိုက်ပါတယ်။ သူလုပ်ချင်တာကို လူတွေ လိုက်နာခြင်း၊ မလိုက်နာခြင်းကို စောင့်ကြည့်နေပုံရပါတယ်။ အများသဘောကို လေးစား၊ အနည်းစုကိုလည်း နားထောင်ပြီး အစုအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့သဘောပါပဲ။ ဒါကြောင့် ကျနော်ကလည်း စီအီးစီတွေအားလုံး - ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်အပါအ၀င် အားလုံးနဲ့ တင်ပြဆွေးနွေးပြီး အများလက်ခံအောင် ဆွေးနွေးပြီး သဘောတူကြလို့ ၂၀၁၀ နှစ်ဆန်းက စလို့ စီအီးစီတွေ၊ စီစီတွေစတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။"
          အဲသည်လိုမျိုး စီအီးစီတွေ၊ စီစီတွေ တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ချုပ်ချယ်ကန့်သတ်မှုတွေ အပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ ရွေးကောက်ပွဲအသစ်တခုကို ပြန်စဖို့ ခြေလှမ်း တိုးလိုက်ပါတော့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ပါတီရှင်သန်ရေးနဲ့ စစ်အစိုးရကို အာမခံရေးဖက်က အသံတွေ၊ လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်တာပါပဲ။
သို့သော်လည်း သည်တကြိမ်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်္ကေတစကား (ဗူးသီး)၊ ပြီးတော့ ဒေါ်စုရဲ့ အာဏာရှင်မဆန်ဘဲ ဒီမိုကရေစီဆန်တဲ့ အမှာစကား (သူ့အနေနဲ့တော့ ပါတီကို မှတ်ပုံမတင်လို၊ သို့သော်ပါတီ ဆုံးဖြတ်ချက်ကို လိုက်နာမည်)၊ ပါတီဝင် ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားရေးတာဝန်ခံများနဲ့ ပါတီခေါင်းဆောင်အသီးသီးထံက (ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးဉာဏ်ဝင်း တို့အပါအ၀င်) လျို့ဝှက် မျိုသိပ်ခြင်းမရှိတဲ့ ပွင့်လင်းသော သဘောထားပြန်ကြားချက်များကို မြန်မာပြည်သူလူထုကိုယ်တိုင်ကပါ တလေးတစား အားပေးထောက်ခံမှုများပါဝင်လာတဲ့နောက်မှာ ၂၀၁၀ မတ် ၂၉ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း၊ အဲသည်ရဲ့နောက် အင်န်အယ်ဒီပါတီရဲ့ အချိုးအကွေ့ကို ဘယ်လိုမျိုး ဆရာဦးဝင်းတင်အနေနဲ့ မှတ်ချက်ပေးလိုကြောင်း မေးမြန်းပါတယ်။
"အခု တောက်လျောက် ပြောဆိုဆွေးနွေးခဲ့ကြတဲ့ ပါတီရဲ့ လမ်းကြောင်းတလျှောက်လုံးကို ကြည့်ပြီးတော့ အခု အခြေအနေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် - တိုတိုကတော့ ပါတီဟာ အရင်တုံးကလိုမျိုး အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကျင့်သားရနေရာကနေပြီး အခုချိန်ကစလို့ ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးရပ်တည်လာတာ ဖြစ်တယ်။ ပါတီဝင်နဲ့ ပြည်သူတွေအချင်းချင်းမှာ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားတာမျိုးကနေ မိတ်ဆွေတွေလိုမျိုး ဆက်ဆံမှု၊ အပြုသဘောပို ဖြစ်လာကြတယ်။
ဒီထက် တဆင့်တက်ပြီးပြောရရင် - အခု ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ နဂိုက အရင်ရှိနှင့်နေတဲ့ ခေါင်းဆောင်မှုတွေ၊ ဗဟိုဦးစီးမှုတွေ ပျက်ပြယ်သွားတာမဟုတ်သော်ငြား၊ ဒါတွေက မှေးမှိန်သွားပြီ။ စုဖွဲ့မှုတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ အရင်တုံးကလို ပါတီခေါင်းဆောင်တွေက တပိုင်း၊ ပါတီဘေးရောက်နေတဲ့ အစုအဖွဲ့တွေက တပိုင်း မဟုတ်တော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းကနေ ဌာနချုပ်အထိ စည်းတွေ ခြားထားတာတွေ လျော့ကျသွားတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးက အတူတကွ စုဝေးပြီး တိုင်ပင်ဆွေးနွေး ဖြေရှင်းလုပ်ကိုင်ကြဖို့ လမ်းတွေ၊ အမြင်တွေ ပွင့်သွားတဲ့ သဘောလို့ မြင်ပါတယ်။
အရင်က ကြွေးကြော်ခဲ့တဲ့ ပါတီရှင်သန်ရေး ကနေပြီးတော့ ကျနော်တို့တတွေက နိုင်ငံရေး ရှင်သန်ရေး၊ အရေးတော်ပုံ ရှင်သန်ရေး နဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးကို ရပ်တည်လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတိုင်းရပ်တည်လိုက်တဲ့အတွက် ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်းမှာ အတူ ရှင်သန်နေမှာ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဆိုတဲ့ ဒီ/ချုပ်မှာ ဆိုရင် မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ အပြင်၊ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အဖိုးတန်တဲ့ သယံဇာတတွေ - ဒီ/လှုပ်တွေ တိုးတက်လာတော့မယ်လို့ မြင်ပါတယ်။ အဲသည်လိုမျိုး ဆက်လက် ချီတက်ကြရမှာ ဖြစ်တယ်" လို့ ဆရာက ဖြေကြားပါတယ်။
နောက်ဆုံးအနေနဲ့ အင်န်အယ်ဒီပါတီနဲ့ ပါတီဝင်များ၊ ခေါင်းဆောင်များရဲ့ အခုလိုမျိုး ဆက်လက်ရပ်တည်ပြီး လျောက်လှမ်းသွားမယ့် လမ်းကြောင်းမှာ မလိုက်ပါလိုသူများ၊ လက်တွဲဖြုတ်လိုသူများနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
"၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ကတော့ မရှင်သန်နိုင်ဘူး။ တချို့ကတော့ အဲသည်ဥပဒေဘောင်အတွင်းကနေ ရှင်သန်မယ်လို့ စဉ်းစားချင် စဉ်းစားကြလိမ့်မယ်။ အဲသည် ဥပဒေဘောင်အတွင်းက ဥပဒေလမ်းကြောင်းက ၀င်ချင်သူတွေလည်း ရှိနိုင်တာပါပဲ။ ဥပမာ ရှိတဲ့ လူ ၁၀ ဦးမှာ ၃ ဦးလောက်က ရွေ့သွားနိုင်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်က အစုအဖွဲ့ပုံစံ ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒါမျိုးတွေလည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာ စဉ်းစားထားရပါမယ်" လို့ ဦးဝင်းတင်က ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်နဲ့ အခါအခွင့်သင့်သလို မေးမြန်းမိတဲ့ မေးခွန်းတွေကို ဆက်လက်တင်ပြပါဦးမယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
ဂါမဏိ
ရှုခင်း

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော် တော်နဲ့ ရွေးကောက်ပွဲရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန်လိုက်ရပြီးနောက် ဒီရွေး ကောက်ပွဲဟာ အာဏာလွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ်လုပ်ဖို့ လိုတယ်ဆိုပြီး ရွေး ကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲအသစ်မှာတော့ သေချာပေါက်အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ်အကြိုကာလမှာ အတိုက်အခံပါတီကြီးကိုလည်း အမျိုး မျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက် ပွဲသစ်ကို မဝင်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမဝင်လိုက်တဲ့အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံးချုပ်သွား ပြီလို့ အာဏာရှင်အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်းခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိမူလရပ်တည်ချက်ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ်ပြီးလို့ (၃) လအကြာမှာ အာဏာခွဲဝေရေးစာချုပ်ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လအကြာမှာတော့ အာဏာရပါတီနဲ့ အ တိုက်အခံပါတီတို့ရဲ့ အမျိုးသားညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင်ခြေချနိုင်ခဲ့ပါတော့တယ်။

"အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင်သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံးဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်"
ဖြစ်စဉ်

အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ်ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော်မရလို့ဆိုကာ ဒုတိ ယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်းရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ်လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်းရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာဖြစ်ပါတယ်)။

အဲဒီပထမရွေးကောက်ပွဲပြီးတော့ အတိုက်အခံပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူအားလုံးကို ဖမ်း သွားတာ၊ လွှတ်တော်အမတ်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲကြားမှာ အတိုက်အခံပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ်ခံခဲ့ရပါ တယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ တိုင်းရင်း သားလူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ အကြီးအကျယ်လုပ်ခဲ့တာ ကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲမဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချလိုက် ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက်မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ်ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန်ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံပေးနေတဲ့ တောင် အာဖရိကနိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့အာဆီယံဖြစ်တဲ့) အာဖရိကသမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ "အပြတ်အသတ်" နဲ့အနိုင်ရပြီး သမ္မတဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ရပ်တည်ချက်နဲ့ တိုကƟ