Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 5th April 2010

မြန်မာ့ အတိုက်အခံ ပါတီ NLD အဖွဲ့ဝင်များသည် ပါတီက မျှော်လင့်ထားသော မေ ၇ ရက် ဖျက်သိမ်းမှု နောက်ပိုင်းတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု NLD ဝါရင့် ခေါင်းဆောင် ဦးဝင်းတင်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံရေး ပါတီများသည် လာမည့် ရွေးကောက်ပွဲ အတွက် မေ ၇ ရက် အထိ မှတ်ပုံတင်ခွင့် ရှိသော်လည်း NLD ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီက မှတ်ပုံ မတင်ရန် မတ်လ ၂၉ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းကြောင့် NLD ပါတီကို ပိတ်ပင်လိုသည့် အစိုးရ အတွက် လမ်းပွင့်သွားပြီ ဖြစ်သည်။

"ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကျွန်တော်တို့ ပါတီဝင်တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကို ဆက်လုပ်သွားကြမှာပါ" ဟု ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုတိယ ဥက္ကဌ ဦးတင်ဦးတို့ကို ဗဟိုပြု၍ ကွန်ယက် တစ်ခု ဖွဲ့စည်းကာ ဒီမိုကရေစီ အရေးကို ဆက်လက် လှုပ်ရှားရန် ဦးဝင်းတင် နှင့် အခြား ဗဟို ကော်မတီဝင် နှစ်ဦး ဖြစ်သော ဦးအုံးကြိုင်၊ ဦးဟံသာမြင့် တို့က နိုင်ငံတဝှမ်းရှိ ပါတီဝင်များကို အဆိုပြုထားသည်။

သို့ရာတွင် ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူ ဦးခင်မောင်ဆွေကမူ "အစိုးရ နှင့် ထိပ်တိုက် ရင်ဆိုင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည် ဖြစ်၍ ယင်းအဆိုပြုချက်ကို ငြင်းပယ်သည်" ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် အတွက် ပြည်သူလူထုအား တောင်းပန်သည့် ကြေညာချက်ကို ပါတီက အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။ "ပြည်သူသို့ မေတ္တာ ရပ်ခံချက်" ဟု ခေါင်းစဉ် တပ်ထားသော်လည်း အမှန်တကယ်ကမူ ပြည်သူလူထုကို တောင်းပန်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

မတ်လ ၂၉ ရက် ဆုံးဖြတ်ချက် ချပြီး နောက်ပိုင်း ပထမဆုံး ကျင်းပသည့် အစည်းအဝေးတွင် ပါတီ၏ ပိုင်ဆိုင်မှု နှင့် ဘဏ္ဍာရေး ကိစ္စများကို ကြီးကြပ်မည့် ၁၇ ဦး ကော်မတီ ဖွဲ့စည်းရန် ဗဟို အလုပ် အမှုဆောင် ကော်မတီက ဆုံးဖြတ်ခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက "မေလ ၇ ရက် နောက်ပိုင်းမှာ တစုံတရာ ဖြစ်လာနိုင်တဲ့ အတွက် ပါတီကို ကြိုတင် ပြင်ဆင်ထားပါ" ဟု ပြောကြားသည်။

အထက်ပါ ကော်မတီကို ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ဦးဆောင်မည်ဟု သိရသည်။

ပါတီ အနေဖြင့် မေ ၇ ရက် နောက်ပိုင်းတွင် မည်သို့ ဆက်လုပ်မည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ အချို့ ပါတီဝင်များမှာ ရွေးကောက်ပွဲ ဝင်ရန် အတွက် ကိုယ်ပိုင်ပါတီများ ဖွဲ့ရန် အလားအလာ ရှိသည်ဟု NLD သတင်း ရပ်ကွက်မှ ကြားသိရသည်။

ရွေးကောက်ပွဲ ဝင်ရန် နှင့် ပါတီ မှတ်ပုံတင်ရန် လိုလားသော CEC အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဒေါက်တာ သန်းငြိမ်းက ပြောကြားရာတွင် "မေလ ၇ ရက် နောက်ပိုင်း ပါတီဝင်တွေရဲ့ လှုပ်ရှားမှုတွေကို NLD ပါတီရဲ့ လှုပ်ရှားမှုလို့ သတ်မှတ်လို့ မရပါဘူး။ တစ်ဦးချင်း သီးသန့် လှုပ်ရှားမှုတွေလို့ပဲ သတ်မှတ်ရ ပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 3rd April 2010

ဒေသတွင်း အကြီးဆုံး ရေလမ်းကြောင်း ဖြစ်သော မဲခေါင်မြစ်ကို ထိခိုက်စေသည့် ရေလှောင်တမံ စီမံကိန်းများ၏ အန္တရာယ်မှ ကာကွယ်နိုင်ခြင်း မရှိသည့် အတွက် ဘန်ကောက်တွင် ကျင်းပသော NGO များ ညီလာခံက မဲခေါင် မြစ်ကြောင်းများ ကော်မရှင် MRC ကို ပြစ်တင် ဝေဖန်လိုက်သည်။

၁၅ နှစ်မြောက် အောင်မြင်မှု အထိမ်းအမှတ် အဖြစ် ထိုင်းနိုင်ငံ အပန်းဖြေ စခန်း ဟွာဟင်းတွင် ၂ ရက်ကြာ ကျင်းပခဲ့သည့် MRC အစည်းအဝေး ပြီးချိန်တွင် ချူလာလောင်ကွန် တက္ကသိုလ်၌ NGO များ၏ ညီလာခံကို နောက်က လိုက်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မဲခေါင် မြစ်ကြောင်းများ ကော်မရှင် MRC တွင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများ ပါဝင်သော်လည်း တရုတ်နှင့် မြန်မာမှ အစိုးရ အရာရှိများလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

မဲခေါင်မြစ် အထက်ဖျားပိုင်းတွင် ရေအား လျှပ်စစ် စီမံကိန်း ရေလှောင်တမံများ တည်ဆောက်မှုကြောင့် မဲခေါင်မြစ်ရေမှာ အနှစ် ၂၀ အတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ဝိုင်းဝန်း ပြစ်တင် ဝေဖန်မှုကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်။

လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတွင်းရှိ မဲခေါင် မြစ်လက်တက်များ ပေါ်မှ ရေလှောင်တမံ အသစ်များမှာလည်း စွပ်စွဲ ပြစ်တင်ခြင်း ခံနေရသည်။

"တကယ်လို့ MRC ဟာ ယုံကြည် လေးစားထိုက်တဲ့ မဲခေါင်မြစ်ဝှမ်း အဖွဲ့အစည်း တစ်ခု ဖြစ်လာဖို့ ဆိုရင် မဲခေါင်မြစ်ဝှမ်း ပြည်သူတွေရဲ့ အသံကို နားစွင့်သင့်ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ မဲခေါင်မြစ်ရဲ့ တန်ဖိုးတွေကို မြှင့်တင် ပေးရပါမယ်။ မြစ်ကြောင်းရဲ့ သဘာဝ သယံဇာတနဲ့ စားနပ် ရိက္ခာ လုံခြုံမှုကို ကာကွယ်ပေးရမယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ အောင်မြင် ကြွယ်ဝမှုကို ထိန်းသိမ်း မြှင့်တင် ပေးရလိမ့်မယ်" ဟု အမေရိကန် အခြေစိုက် International Rivers Network NGO မှ Carl Middleton က ဧရာဝတီသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVD News, 5th April 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူများသည် တိုင်းပြည်တွင်းရှိ အခြေအနေ ရုတ်တရက် ပြောင်းလဲ သွားနိုင်သော ဝ ဒေသသို့ စားနပ်ရိက္ခာ စီးဝင်မှုကို ပိတ်ဆို့ထားသည်ဟု သိရှိရပြီး ထိုဒေသရှိ လက်နက်ကိုင်များကို ထိုးစစ်ဆင်မည့် အလားအလာများ ရှိနေသည်ဟု ဆိုသည်။

မြန်မာ့ တပ်မတော်နှင့် နိုင်ငံတွင်း အကြီးဆုံး အပစ်ရပ် အဖွဲ့ ဝ ပြည် ညီညွတ်ရေး တပ်မတော် UWSA တို့အကြား တင်းမာမှုများမှာ လတ်တလော ကြီးထွားလာသည်။ ဝ တပ်ဖွဲ့ (UWSA) ကို နယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းရေး ကိစ္စကို လတ်တလော နှစ်ဖက်စလုံးက ဆွေးနွေးနေသည်။

အင်အား ၃၀,၀၀၀ ခန့် ရှိသော ဝ တပ်ဖွဲ့က အသွင်ပြောင်းရေး ကိစ္စကို ယခုအထိ ငြင်းပယ်နေဆဲ ဖြစ်ပြီး မြန်မာ အစိုးရ နှင့် ရရှိထားသော အပစ်ရပ် သဘောတူညီချက်၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးပွားလျက် ရှိသည့် အသွင် ကူးပြောင်းရေး ရရှိရန် တပ်ဖွဲ့ဝင်များ လျှော့ချပြီး အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ ဝင်ရောက်ရမည် ဖြစ်သည်။

အကယ်၍ အချို့ အခြေအနေများ ပြောင်းလဲ သွားပါက အသွင် ကူးပြောင်းရေးကို လက်ခံဖွယ် ရှိသည်ဟု UWSA ပြောခွင့်ရ ပုဂ္ဂိုလ် အောင်မြင့်က ပြောကြားခဲ့သော်လည်း၊ ၎င်း ပြောကြားသည့် အခြေအနေများသည် မည်သည့် အရာများ ဖြစ်ကြောင်း ထုတ်ဖော် ရှင်းလင်းခဲ့ခြင်း မရှိပါ။

ဧပြီ ၁ ရက်နေ့က နှစ်ဖက် တွေ့ဆုံခဲ့ကြပြီး စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် သတ်မှတ်မည့် အသွင် ပြောင်းလဲရေး နှင့် သက်ဆိုင်သည့် အဆိုပြုချက်ကို တင်ပြရန် UWSA ကို တောင်းဆိုခဲ့သည်။

"ဧပြီလ ၂၉ ရက် နောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာမလား ဆိုတာက ပြောရခက်ပါတယ်။ အခု လောလောဆယ် ဝ ဒေသထဲကို စားနပ် ရိက္ခာ တင်ပို့မှုတွေကို အစိုးရက ပိတ်ဆို့နေပါတယ်" ဟု အောင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ ရှမ်း အရှေ့မြောက်ဒေသနှင့် တရုတ်ပြည် နယ်စပ်တွင် တည်ရှိသော ဝဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ခြင်း နှင့်ပတ်သက်ပြီး၊ စိုးရိမ် ပူပန်ကြောင်း တရုတ် နိုင်ငံက အလေးအနက် ပြောကြားခဲ့သည်။ ယခင်နှစ်က မြန်မာ စစ်တပ်နှင့် ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပြေး ဒုက္ခသည် ၃၇,၀၀၀ ခန့် နယ်စပ်ကို ကျော်၍ တရုတ်နိုင်ငံထဲသို့ ဝင်ပြေးခဲ့သည်။

"တရုတ်နိုင်ငံက သူတို့ထဲကို ဒုက္ခသည်တွေ ဝင်လာမှာ၊ လက်နက် မှောင်ခို ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ် ပူပန်နေပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဆန္ဒရှိတဲ့ အကြောင်း၊ တရုတ်မြန်မာ နယ်စပ် ဖွံ့ဖြိုး တိုးတက်မှုကို တွေ့မြင်လိုတဲ့ အကြောင်း အလေးအနက် ဖော်ပြခဲ့တာပါ" ဟု အောင်မြင့်က ဆိုသည်။

ဝ စစ်တပ်သည် အဓိကအားဖြင့် တရုတ်မျိုး နွယ်စုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဘီဂျင်းထံမှ ငွေကြေးနှင့် စစ်ရေး အထောက်အပံ့များ လက်ခံနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော အဖွဲ့ ၂၀ နီးပါးခန့်တွင် ဝ တပ်ဖွဲ့လည်း ပါဝင်နေပြီး ၎င်းတို့အနက် အများစုမှာ သဘော တူညီချက် ပျက်ပြားမည့် လက္ခဏာများ ရှိနေသည်။

မြန်မာ အစိုးရက ၎င်းတို့၏ ကမ်းလှမ်းမှုကို နောက်ဆုံးတွင် ငြင်းပယ်ခဲ့ပါက UWSA အပေါ် အင်အားသုံးမည်ဟု ခြိမ်းခြောက်ထားပြီး၊ ဝ တပ်ဖွဲ့ကလည်း အဆိုးဆုံး အခြေအနေ အတွက် ပြင်ဆင်နေသည်ဟု DVB သို့ လတ်တလော ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 3rd April 2010

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ် နှင့် ဘင်္ဂလား ပင်လယ်အော် မြန်မာ ဆိပ်ကမ်း စစ်တွေမြို့ကို ဆက်သွယ်ရန် ဖောက်လုပ်နေသော လမ်း၏ တန်ဖိုးသည် ၄၀ % မြင့်တက်သွားကာ အမေရိကန် ဒေါ်လာ ၁၃၄ သန်း ကုန်ကျမည်ဟု သိရသည်။

အထက်ပါ ခန့်မှန်းချက်သည် အိန္ဒိယ နှင့် မြန်မာ အစိုးရများ အကြား သဘော တူညီမှုကို အကောင်အထည် ဖော်ရာတွင် ၄ နှစ် နောက်ကျခဲ့ခြင်းကို အခြေပြု တွက်ချက်ခြင်း ဖြစ်သည်ဟု အိန္ဒိယ Telegraph သတင်းစာက ဖော်ပြသည်။

ကုလားတန်မြစ် ရေကြောင်းလမ်းကို သင်္ဘောများ အလွယ်တကူ သွားနိုင်အောင် တိုးချဲ့ခြင်း အပါအဝင် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ အဆင့်မြှင့်တင်ရေး အတွက် ရန်ပုံငွေ ထောက်ပံ့ရန် အိန္ဒိယ ဗဟိုအစိုးရက သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်း ပြည်နယ်များ အတွက် ပင်လယ်ထွက်ပေါက် ရရှိလိုခြင်း ဖြစ်သည်။

 ဘင်္ဂလား ပင်လယ်အော် အနောက်ဖက်ရှိ ပိုမို ကြီးမားသော ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုနိုင်ရန်မှာ ကာလရှည်ကြာ ဖြစ်ပွားနေသော နိုင်ငံရေး ပြဿနာများကြောင့် တားဆီးထားသလို ဖြစ်နေသည်။

နောက်ဆုံးတွင် အိန္ဒိယ ပို့ဆောင်ရေး ဝန်ကြီး ကာမယ်လ်နုသ်သည် ဧပြီလ တတိယပတ်တွင် စီမံကိန်း စတင်ရန် ဆုံးဖြတ်ခဲ့ပြီး၊ လမ်းသစ် ကီလိုမီတာ ၁၀၀ အတွက် အောက်ခံကျောက်များ ချရန် မီဇိုရမ် ပြည်နယ် လောင်တလိုင်မြို့သို့ သွားရောက်မည် ဖြစ်သည်။

ကုလားတန် မြစ်ဘေးတလျှောက် အဆင့်မြှင့်တင်မည့် ရှိပြီးသား လမ်းဟောင်းနှင့် ယခု လမ်းသစ်ကို ချိတ်ဆက်မည် ဖြစ်သည်။

ကားလမ်း နှင့် ရေကြောင်းလမ်း တိုးချဲ့ ပြုပြင်ရေးနှင့် စစ်တွေ ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး အတွက် အိန္ဒိယ အစိုးရက မှန်းဆထားသော မူလ ခန့်မှန်း တန်ဖိုးမှာ ဒေါ်လာ သန်း ၁၂၀ ဖြစ်သည်။

ယခုကဲ့သို့ တန်ဖိုး မြင့်လာခြင်း အတွက် မည်သည့် အကြောင်းပြချက်မှ ပေးခြင်း မရှိပါ။

စစ်တွေသို့ ဆက်သွယ်မည့် လမ်းကြောင်းသည် အိန္ဒိယ၏ အရှေ့မျှော် ကုန်သွယ်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Editorial of The Bangkok Post, 6th April 2010

မြန်မာ စစ်အစိုးရသည် ဒီမိုကရေစီ နှင့်ဆိုင်သော၊ ပေါင်းစည်း ညီညွတ်ရေးနှင့် ဆိုင်သော သွင်ပြင် လက္ခဏာများကို ဘေးဖယ် ထားလိုက်ပြီ ဖြစ်သည်။ သူ၏ ရွေးကောက်ပွဲ ဥပဒေ အသစ်သည် အတိုက်အခံကို ရွေးကောက်ပွဲ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။ ဥပဒေတွင် စစ်တပ် အီလစ်များနှင့် ၎င်းကို ထောက်ခံသူများအား အထူး အခွင့်အရေးများ ပေးထားသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ချုပ်နှောင်ထားခြင်းအား အယူခံဝင်မှုကိုလည်း ပယ်ချခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲ ကာလအတွင်း သူမအား ချုပ်နှောင် ထားလိမ့်ဦးမည် ဖြစ်ကြောင်း အစိုးရက လေသံပစ်ထားသည်။

အထက်ပါ အတိုင်း သာမန်ထက် ထူးကဲစွာ နှိပ်စက်မှုများ၊ ပြည်သူများ အပေါ် အထွေထွေ နှိပ်စက်မှုများ အတွက် မြန်မာ အစိုးရ အုပ်ချုပ်သူများကို ကမ္ဘာ့ အသိုင်းအဝိုင်းက ကျဉ်သင့်သည်။ အကယ်၍ ၎င်းတို့ တိုင်းပြည် အပြင် ရောက်လာခဲ့လျှင် ပြစ်ဒဏ် ပေးသင့်သည်။

မြန်မာ အာဏာရှင်များသည် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး လုပ်ငန်းစဉ်များ၌ မပါဝင်နိုင်အောင် သဘာဝ မကျစွာ တားဆီးထားသေးသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က ပြောကြားရာတွင် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ အာဏာပိုင်များအား ရွေးကောက်ပွဲ ပိုမို တရားမျှတစေရန် အလို့ငှာ ကြားဝင် နားချပေးရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အနေဖြင့် မြန်မာများ အားလုံး ရွေးကောက်ပွဲတွင် ပါဝင်စေရန် မျှော်လင့်ပြီး မြန်မာ အစိုးရ အနေဖြင့် ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စကို စဉ်းစား စေလိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် မှားယွင်းနေသည့် အခြေအနေတွင် ရှိရာ ပြောပြရန်ပင် ခက်ခဲလှသည်။ ပြီးခဲ့သည့် လက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများ စုံစမ်းခဲ့ရာ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စဉ်းစားသင့်ကြောင်း ပြောခဲ့သည်။ အထူး ကိုယ်စားလှယ် Tomas Ojea Quintana လက်မှတ်ရေးထိုး တင်ပြသော အစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အစ အောက်လူများ အဆုံး အစိုးရ တစ်ခုလုံးသည် လူ့အခွင့်အရေး ကိစ္စရပ်များတွင် စနစ်တကျ ချိုးဖောက်မှုများ အတွက် အပြစ်ရှိကြောင်း တင်ပြထားသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှု ရှိပြီး ဒီမိုကရေစီ ကျသော ရွေးကောက်ပွဲမျိုး ကျင်းပပေးနိုင်သည် ဆိုသည်ကို မေ့မထားသင့်ပေ။ ၁၉၉၀ ခုနှစ်က ယခုထိ အာဏာ လက်ကိုင်ရှိနေဆဲ ပုဂ္ဂိုလ်များ ပါဝင်သော စစ်တပ်သည် လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားသော်လည်း သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ပြည်လုံးတွင် အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီ ဆိုသည်မှာ ရွေးကောက်ပွဲ ပြုလုပ်သည့် နေ့တစ်ရက်တည်းသာ ရရှိလိုက်သည်ဟု ဆိုရမလောက်ပင် ဖြစ်ခဲ့သည်။ အစိုးရသည် NLD ကို အာဏာလွှဲ မပေးဘဲ၊ ရွေးကောက်ပွဲ အနိုင်ရသူများအား ရာနှင့်ချီ ဖမ်းဆီး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အစိုးရသည် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။

ယခု တဖန် စစ်တပ်သည် ၎င်း၏ ရက်စက် ကြမ်းကြုတ်၍ မတရား ရယူထားသော အာဏာကို နောက်ထပ် ရွေးကောက်ပွဲ တစ်ခုဖြင့် တရားဝင် ဖြစ်အောင် ကြိုးစားနေပြန်ပြီ ဖြစ်သည်။ ဥပဒေများကို ပြောင်းပစ်ခဲ့ပြီး စစ်တပ် ဆန့်ကျင်သူ ကိုယ်စားလှယ် မရှိ၊ အစိုးရ ဆန့်ကျင်သူများ မဲမဆွယ် နိုင်တော့ဘဲ၊ မဲရုံစောင့်များကလည်း ပြည်သူများ မဲထည့်သည်ကို စောင့်ကြည့် နေကြမည် ဖြစ်ပြီး၊ နောက်ဆုံး စစ်တပ်ကသာ အနိုင်ရသွားမည် ဖြစ်သည်။

အတုအယောင် အခြေခံ ဥပဒေအရ အစိုးရ အဖွဲ့တွင် စစ်တပ်ကသာ ဆုံးဖြတ်ခွင့် အာဏာ ရှိအောင် ပါလီမန်တွင် ဝိုင်း၍ မဲပေးကြလိမ့်မည် ဖြစ်သည်။ ထို့ထက် ပို၍ ဥပဒေ ချိုးဖောက်သော စစ်သား တစ်ဦး သော်လည်းကောင်း၊ အစိုးရ အဖွဲ့ဝင် တစ်ဦး သော်လည်းကောင်းသည် အလိုအလျောက် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခြင်းပင် ဖြစ်သည်။

Mr. Kasit ပြောကြားသော အချက် တစ်ခုမှာ ယခု ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီကို အလေးပေးသော သူများအား ဘေးသို့ ဖယ်ထုတ်ထားသည် ဆိုသော အချက်ပင် ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေများသည် အားလုံး ပါဝင်ခွင့်ကို တားမြစ်ထားသလို နိုင်ငံရေး ဆန့်ကျင်သူများကိုလည်း ထောင်ထဲတွင် အချိန်ကြာကြာ နေရအောင် ပြုလုပ်ထား သကဲ့သို့ ဖြစ်လေသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် အစိုးရ အဖွဲ့ဝင်များ အတွက်မူ အကျပ်အတည်းမှ အလိုအလျောက် လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ထိုလုပ်ဆောင်ချက်များကား ရက်စက် ကြမ်းကြုတ်သော အာဏာရှင်ဆိုသည့် အဓိပ္ပာယ်ကို ဖွင့်ဆို ပြလိုက်သလိုပင် ဖြစ်ပေတော့သည်။

ကမ္ဘာကြီးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်နိုင်ပါ။ သို့သော် နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းသည် မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်ကို မုန်းတီးကြောင်းသာ ပြသနိုင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ NLD ပါတီရော အကြမ်းမဖက်သော နိုင်ငံရေး အတိုက်အခံများ အားလုံးသည် အားလုံး၏ အပြည့်အဝ ထောက်ခံမှုကို ထိုက်တန်ပေသည်။

အမှန်တရားကို စဉ်းစားတတ်သော ပြည်သူများ အနေဖြင့် ဘက်တစ်ခုတွင် ရပ်ပြကြရမည် ဖြစ်သည်။ အတိုက်အခံအား ထောက်ခံကြောင်း ပြသရလိမ့်မည် ဖြစ်ပြီး ယခု အခြေအနေ အတိုင်း ပြုလုပ်မည့် ရွေးကောက်ပွဲ ရလဒ်သည် မည်သို့မျှ လေးစားဖွယ် မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာအတိုက်အခံ နိုင်ငံရေး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) သည်ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် ကော်မရှင်တွင် မှတ်ပုံတင် မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ချပြီးနောက် ဧပြီလ ၅ ရက်နေ့တွင် ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါတွေ့ဆုံမှုသည် နှစ်ပေါင်း ၂၂ နှစ်ကြာမျှ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်လုပ်ကိုင်ခဲ့သော NLD အနေဖြင့် ပါတီနိုင်ငံရေး လှုပ်ရှားမှု နိဂုံးချုပ်ရေးအတွက် ပြုလုပ်သည့် သဘောသို့ သက်ရောက်နေပါသည်။

မတ်လ ၂၉ ရက်နေ့တွင် တစ်ပြည်လုံးမှ ပါတီဝင်အားလုံး တက်ရောက်သော အစည်းအဝေးပွဲ၌ ရွေးကောက်ပွဲ မဝင်ရန် တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီးနောက် NLD ပါတီ အနေဖြင့် မည်သို့သော ပုံစံဖြင့် နိုင်ငံရေးခရီး ဆက်မည်ဟူသော အချက်ကို အကဲခတ် လေ့လာသူများက စိတ်ဝင်စားလျက် ရှိပါသည်။

မည်သို့ပင်ဖြစ်စေ မည်သို့မည်ပုံ ခရီးဆက် မည်ဟူသော အရိပ်အယောင်မျိုးကိုမျှ NLD က ယနေ့အချိန်အထိ ထုတ်ဖော်မှု မပြုသေးပေ။ "ကျွန်တော်တို့ ဘာဆက်လုပ်မယ် ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ မတူညီတဲ့ အိုင်ဒီယာတွေတော့ အများကြီးရှိပါတယ်။
ကျွန်တော်တို့ တစ်ခုခုကိုတော့ ဆုံးဖြတ်ရမှာပါ" ဟု NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က Irrawaddy သတင်းဌာနသို့ ပြောကြားသည်။

NLD ပါတီသည် ရွေးကောက်ပွဲ ဥပဒေအရ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဖြစ်ရာ အကယ်၍ ပါတီ ပျက်ပြယ်သွားပြီးနောက် စစ်အစိုးရ၏ ဖိနှိပ်မှုခံရနိုင်သည့် အလားအလာ ရှိ၊ မရှိဟူသော အချက်ကို မေးမြန်းရာတွင် ဦးဟံသာမြင့်က "တကယ်လို့ ပါတီ ဖျက်သိမ်းလိုက်ရင်တောင် ပါတီဝင်တွေကို ဖမ်းဆီးတာမျိုး မလုပ်သင့်ပါဘူး" ဟု ပြောကြားသည်။

NLD ပါတီသည် နိုင်ငံရေး အလျော်အစား သဘောမျိုးဖြင့် ရွေးကောက်ပွဲ ကော်မရှင်သို့ တမင်တကာ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟူသော သုံးသပ် ပြောဆိုချက်များကို ဦးဟံသာမြင့်က မဟုတ်မမှန်ကြောင်း တုံ့ပြန်ပြောဆိုသည်။

"ဒီကိစ္စက နောင်ရိုးတိုက်ပွဲလို ဗျူဟာမျိုး သုံးလို့မရပါဘူး" ဟု ဦးဟံသာမြင့်က တစ်ချိန်က ၁၆ ရာစု မြန်မာ့သမိုင်းတွင် စစ်သူကြီး ဘုရင့်နောင်က သူ၏တပ်သား နောက်မဆုတ်ဘဲ ရှေ့သို့ချီတက် တိုက်ပွဲဝင်စေရန် ရည်ရွယ်ချက်ဖြင့် စီးနင်းလာသော ဖောင်ကို မီးရှို့ဖျက်ဆီးပစ်လိုက်သည့် ဗျူဟာမျိုးကို ညွှန်းဆိုပြောဆိုသည်။ (နောင်ရိုး တိုက်ပွဲကို ဘုရင့်နောင်က ဦးဆောင်တိုက်ခိုက်ခဲ့သည်။)

ရွေးကောက်ပွဲမဝင်ရန် NLD ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ရခြင်းမှာ ၎င်းတို့တွင် အခြားရွေးချယ်စရာ တစ်ခုမျှ မရှိတော့သောကြောင့် ဖြစ်သည်ဟု ဦးဟံသာမြင့်ကပြောသည်။ "လက်တွေ့ ကျကျ၊ မူဝါဒကျကျ ပြောရရင် ကျွန်တော်တို့မှာ ဘာမှလုပ်စရာကို မရှိတော့လို့ပါ" ဟု ၎င်းက ဆိုသည်။

မတ်လ ၂၉ ရက်နေ့ NLD ပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲသို့ အနောက်နိုင်ငံမှ သံတမန်များကလည်း တက်ရောက်ခဲ့ကြသည်။ မြန်မာပြည်သူ အခြေခံ လူတန်းစားအများစုက NLD ပါတီ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်စားမှု ပြင်းပြနေချိန်တွင် အနောက် သံတမန်များကလည်း ၎င်းတို့အနေဖြင့် NLD ကို ထောက်ခံကြောင်း ပြသရန်နှင့် ပါတီ ခေါင်းဆောင်များ၏ အနာဂတ်အစီအစဉ်ကို တီးခေါက်ကြည့်ရန် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

NLD ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ချက်ချခဲ့သည့် သတင်းကို နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြရေးသားခဲ့ခြင်း မရှိပေ။ "ဒီကိစ္စကို လူတွေကတော်တော် အာရုံစိုက်နေကြတာပါ၊ လမ်းတွေပေါ်မှာလည်း လူတွေတော်တော်များများက ဒီကိစ္စပဲပြောနေကြတာ၊ NLD ဘာဆက်လုပ်မလဲ ဆိုတာကိုပေါ့" ဟု ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

NLD ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခဲ့သည့် ကိစ္စကို နားလည်စာနာသော သူများသည် ၎င်းတို့ အနေဖြင့် NLD ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် NLD ပါတီသို့ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ NLD ၏ ဆုံးဖြတ်ချက်ကို လူတိုင်းက ကြိုက်နှစ်သက်သည်တော့ မဟုတ်ပေ။ "ဒီဆုံးဖြတ်ချက်ကို ကျွန်တော်မကြိုက်ပါဘူး။ ဒါပေမဲ့ကျွန်တော်
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာရှိပါတယ်" ဟု ရွေးကောက်ပွဲဝင်ရန် ပထမပိုင်းက ဆော်သြ နေခဲ့သူ NLD အမှုဆောင် ဦးခင်မောင်ဆွေက ပြောပါသည်။

ဦးခင်မောင်ဆွေနှင့် အမြင်ချင်းတူသော အခြားပါတီဝင်များသည် ဆွေးနွေးပွဲ၌ ပြုလုပ်သော ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ပြောဆိုမှုများ မပြုလုပ်ခဲ့ကြကြောင်း ၎င်းကရှင်းပြသည်။ သို့သော် ယခုလို ဆုံးဖြတ်လိုက်ခြင်းသည်  NLD အနေဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်သလို ဖြစ် သွားမည်ဟု ထင်မိကြောင်း ဦးခင်မောင်ဆွေက သူ၏ ပုဂ္ဂိုလ်ရေးအမြင်ကို ပြောပြသည်။

နိုင်ငံတကာ မီဒီယာများတွင်လည်း ဦးခင်မောင်ဆွေ နှင့်တူသော အမြင်များကို ထုတ်ဖော်ရေးသားခဲ့ကြသည်ကို တွေ့ရသည်။ "အကယ်၍ NLD က သူ၏ ဒီမိုကရေစီ စံနှုန်းတွေအတိုင်း ဆက်လက် ရပ်တည်မည်ဆိုပါက ရွေးကောက်ပွဲကို သပိတ်မှောက်ရန်သာ ရှိတော့သည်။ သို့သော် ယင်းသို့ သပိတ်မှောက်ပါက အမှားတစ်ခု ပြုလုပ်မိသလိုသာ ဖြစ်ဖွယ်ရှိသည်" ဟု နာမည်ကျော် The Economist စာစောင်က မတ်လ ၃၁ ရက်နေ့ထုတ် စာစောင်တွင် ခေါင်းကြီးပိုင်းရေး သားခဲ့သည်။

NLD ပါတီ၏ ရွေးချယ်မှုအား The Economist က "နိုင်ငံရေး အဆုံးစီရင်မှုနှင့် ဒုက္ခိတ ဘဝပုံစံဖြင့် တရားဝင်ပါတီအဖြစ် ရပ်တည်မှုကြားထဲမှ ဆုံးဖြတ်ချက်" ဟု သတ်မှတ်ဖော်ပြသည်။ The New Yorker သတင်းစာထဲတွင် ဆောင်းပါရှင် George Packer က "စစ်အစိုးရသည် သူ၏ ရက်စက်ကြမ်းကြုတ်သော တင်းမာမှုများ အသုံးပြုခြင်း၊ အတိုက်အခံပါတီကို ဘေးကျပ်နံကျပ် ဖြစ်အောင်၊ ကိုယ့်တပ်ကိုယ် ပြန်နင်းအောင် ဖိအားပေးခြင်း စသည်တို့ဖြင့် အကောင်းဆုံးသော အရာများကို လုပ်ကိုင်နေဆဲဖြစ်သည်" ဟု ရေးသားခဲ့သေးသည်။

NLD၏ လုပ်ဆောင်ချက်သည် ပို၍ မဟာဗျူဟာကျသော ချဉ်းကပ်မှုများကို ရယူလိုက်ခြင်းပင် ဖြစ်သည်ဟု အချို့သော မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောပါသည်။ "သူတို့အနေနဲ့ သတ်မှတ်ရက် မတိုင်မီ အချိန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို မထုတ်ဘဲ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားကောင်း လျှောက်ထားနိုင်ခဲ့မယ်။ အဲလိုဆိုရင် စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ NLD ကို ပယ်ချဖို့ ဖြစ်လာလိမ့်မယ်။ အဲလိုဆိုရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ထုတ်ပြသလို ဖြစ်လာမယ်။ အဲဒီမှာ နိုင်ငံတကာက ရှိပြီးသား ပလေယာတွေအနေနဲ့ ကြားဝင်ဖြေရှင်းဖို့ ဖြစ်လာမယ်။ အဲဒီအခါရောက်ရင် NLD ကရွေးကောက်ပွဲကို ပယ်ချ ဆိုတဲ့ သတင်းခေါင်းစဉ်တွေဟာ စစ်အစိုးရက NLD ကိုပယ်ချ ဆိုပြီးဖြစ်လာမယ်" ဟု ပြည်ပြေး နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

Irrawaddy သတင်းဌာနမှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက ငွေကြေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့သော အရာရှိတစ်ဦးအား ကွပ်မျက်ခဲ့သည်ဟု ပြီးခဲ့သည့်လက သတင်း ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ် ကွပ်မျက်ခဲ့သည်မှာ အရာရှိနှစ်ဦးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ငွေကြေးတန်ဖိုး ပြောင်းလဲသတ်မှတ်မှုကြောင့် နိုင်ငံတွင်း ဈေးကွက်များ ခတ္တခဏမျှ ပိတ်ပင်ရသည်အထိ ဖြစ်ခဲ့ပြီး လူမှုမတည်မငြိမ်မှုများလည်း ထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဈေးကွက်စီးပွားရေး အလွန်အမင်း ကြီးထွားလာမှုကို ထိန်းချုပ်သည့် အနေဖြင့် "ဝမ်" ငွေကြေးတန်ဖိုး ပြန်လည်သတ်မှတ်ခဲ့သည်။

ယင်းသို့ ပြုလုပ်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယား နိုင်ငံသားအများစု၏ လက်ဝယ်တွင် တန်ဖိုးမဲ့ ငွေကြေးများ စုပုံကာ လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့ရသည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ဈေးကွက်အမြောက်အမြားကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပိတ်ပစ်ခဲ့ရကြောင်း အစိုးရပိုင်းဆိုင်ရာ စီးပွားရေး ပညာရှင်များက ဆိုသည်။

မတ်လ ၁၂ ရက်နေ့က ပြုံယမ်းမြို့တော်ရှိ အားကစား ရုံတစ်ခုတွင် လက်ရှိ အာဏာရ အလုပ်သမား ပါတီဝင်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ဌာနမှ အရာရှိများ၏ ရှေ့မှောက်၌ ငွေကြေး ပြုပြင်ပြောင်းလဲရေး ပေါ်လစီ ရေးဆွဲခဲ့သူ အဆိုပါ အရာရှိနှစ်ဦးကို တပ်ဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ဆိုသည်။

ယင်းအရာရှိနှစ်ဦးသည် လက်ရှိ အာဏာရပါတီ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ဌာနအကြီးအကဲ Pak Nam Gi နှင့် စီမံကိန်း ရေးဆွဲရေးကော်မရှင် ဒုတိယအကြီး အကဲတစ်ဦးတို့ ဖြစ်ကြသည်။ Pak Nam Gi အား ကွပ်မျက်သည့် သတင်းကို ယခင်လက ထုတ်ဖော်ခဲ့သော်လည်း အတည်မပြုခဲ့ပေ။

ဒုတိယမြောက် ကွပ်မျက်ခံလိုက်ရသော သူ၏ အမည်ကို သက်ဆိုင်ရာ သတင်းအေဂျင်စီက ထုတ်ဖော်ရေးသားခြင်း မရှိသေးပေ။ ကွန်မြူနစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံရသည်ဟု ပထမဆုံး သတင်းထုတ်ပြန် ခံရသူမှာ Pak Nam Gi ပင်ဖြစ်သည်။

သူ၏အမှုကို တရားသူကြီးများက "ပြည်သူများ ဒုက္ခဆင်းရဲတွင်း ရောက်ရှိအောင် ပြုလုပ်သည့် သစ္စာဖောက် Pak " ဟု အမည်ပေးကာ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ကမ္ဘာ့နိုင်ငံများတွင် အထီးကျန်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး
ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ အစရှိသည့် မီဒီယာများကို အစိုးရကသာ လုပ်ကိုင်လျက်ရှိသည်။

မြောက်ကိုရီးယားဆိုင်ရာ သတင်း အချက်အလက်များကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သတင်း အေဂျင်စီများက တရုတ်နိုင်ငံမှတစ်ဆင့် ဆက်သွယ် ရယူကြရပါသည်။ ငွေကြေးတန်ဖိုး ပြုပြင် ပြောင်းလဲမှုများကြောင့် ဈေးကွက်များ ယာယီပိတ်ပင်ခဲ့ရသည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် အခြေအနေများ ပြန်လည်တည်ငြိမ်မှု ဖြစ်ပေါ်လာကြောင်း မြောက်ကိုရီးယား အကြီးတန်း စီးပွားရေးပညာရှင် Ri Ki Song က APTN အသံလွှင့်ဌာနသို့ ပြောကြားပါသည်။

မြောက်ကိုရီးယားသည် ၁၉၉၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က လူပေါင်း ၂ သန်းမျှအထိ သေဆုံးခဲ့ကြရသည်။ မြောက်ကိုရီးယားသည် အစာရေစာ ပြတ်လပ်မှုမှ လွတ်မြောက်စေရန် အခြားနိုင်ငံများ၏ အကူအညီ အထောက်အပံ့များကို
ရယူနေရဆဲ ဖြစ်သည်။

မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံသည် ပြည်သူများအား သတ်ဖြတ်ခြင်း၊ နိုင်ငံရေး သမားများအား ဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ကျူးလွန်သည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ဖော်ပြခံရသူ ဖြစ်သည်။

AFP မှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန်အစိုးရ၏ အကူအညီပေးရေး အေဂျင်စီဖြစ်သော USAID သည် မြန်မာ စစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှု မူဝါဒကို ချိုးဖောက်ခဲ့ သည် ဟူသော US Campaign for Burma(USCB) ၏ စွပ်စွဲပြောဆိုချက်များကို ပယ်ချလိုက်သည်။

USAID သည် အာဆီယံအဖွဲ့၏ စီမံကိန်းတစ်ခုဖြစ်သော ASEAN Competitive Enhancement (ACE) ကို ငွေကြေးရန်ပုံငွေ ထောက်ပံ့ပေးလျက်ရှိကြောင်း အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် USCB က ပြီးခဲ့သည့် မတ်လတွင် ထုတ်ဖော်စွပ်စွဲပြောဆိုသည်။

အဆိုပါ ACE စီမံကိန်း သည် အရှေ့တောင်အာရှ နိုင်ငံများ၏ ခရီးသွား လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ ယင်းစီမံကိန်းကို ထောက်ပံ့ခြင်း သည် အမေရိကန်-မြန်မာ ဆက်ဆံရေး မူဝါဒကို ချိုးဖောက်မှု တစ်ခုဖြစ်သည်ဟု USCB က စွပ်စွဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စုက ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း ခံထားရသည်။ တိုရစ်ဇင် (ခရီးသွားလုပ်ငန်း) အပေါ် ပိတ်ဆို့အရေးယူမှု မှာ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု အစီအစဉ်ထဲတွင် ပါဝင်ခြင်း မရှိသည့်တိုင် USCB အပါအဝင် အခြားသော ဆော်သြရေး အုပ်စုများက အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ တိုရစ်ဇင် လုပ်ငန်းကိုပါ သပိတ်မှောက် ပိတ်ဆို့ရန်  တောင်းဆို ခဲ့ကြသည်။

USAID က အာဆီယံ၏ ACE စီမံကိန်းအား ငွေကြေးထောက်ပံ့နေမှုသည် အမေရိကန် မူဝါဒ ချိုးဖောက်မှု တစ်ရပ်ဖြစ်ရာ အဆိုပါကိစ္စကို ကွန်ဂရက်လွှတ်တော်က စိန်ခေါ် ဖြေရှင်းပေးသင့်ကြောင်း USCB အဖွဲ့မှ ဒါရိုက်တာ Jennifer Quigley က TTR Weekly ခရီးသွား ဝက်ဘ်ဆိုက်သို့ ပြောကြားသည်။

"အမေရိကန်ကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူတဲ့ မူဝါဒရဲ့ အနှစ်သာရဆိုတာ မြန်မာစစ်အစိုးရ လက်ထဲမှာ အမေရိကန်ဒေါ်လာတွေ ရှိမနေစေဖို့ပါပဲ" ဟု မစ္စ Jennifer Quigley က ပြောသည်။

USAID ၏ ဆက်သွယ်ရေး အရာရှိ Hal Lipper က USCB ၏ စွပ်စွဲပြောဆိုချက်များကို ကာကွယ် ပြောဆိုသည်။ USAID သည် အာဆီယံအဖွဲ့က ဒေသကြီးတစ်ခုလုံး အတွက် ရန်ပုံငွေပေးရန် တောင်းဆိုခဲ့သောကြောင့် ထောက်ပံ့ခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တိုရစ်ဇင်အပေါ် ပိတ်ဆို့အရေးယူရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော အငြင်းအခုန်မှာ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ဝန်ဆောင်မှုများ အများစုသည် အစိုးရပိုင်များ ဖြစ်သည့် အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသည်များ၏ ငွေကြေးများသည် နောက်ဆုံးတွင် စစ်အစိုးရ၏ အိပ်ကပ်ထဲသို့သာ ရောက်ရှိသွားသည် ဟူသော အချက်ပင် ဖြစ်သည်။

ပို၍ဆိုပါက အချို့သော လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များက မြန်မာနိုင်ငံရှိ အပန်းဖြေ စခန်းကြီးများနှင့် ဟိုတယ်ကြီးများသည် အဓမ္မ စေခိုင်းခြင်းခံရသော လုပ်သားများဖြင့် တည်ဆောက် ထားသောကြောင့်ဟု စွပ်စွဲပြောဆို နေကြသောကြောင့်ပင် ဖြစ်သည်။

နေအိမ် အကျဉ်းချခံထားရသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်သို့ ရောက်ရှိနေသော နိုင်ငံကို လာရောက် လည်ပတ်ခြင်း မပြုရန် ယခင်က တိုက်တွန်း ပြောဆိုခဲ့ဖူးသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများ တဖြည်းဖြည်းချင်း ပြုလုပ်လာပြီးနောက် ခရီးသွား လုပ်ငန်းအပေါ် ထားရှိသည့် သူမ၏ သဘောထားမှာ ပျော့ပျောင်းလာသည့် သဘောမျိုး ဖြစ်လာသည်။

မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်လိုသော အုပ်စုများကမူ ဤလုပ်ငန်းသည် မြန်မာ နိုင်ငံသားများ၊ ဒေသခံများနှင့် ထိတွေ့ ဆက်ဆံမှုကိုသာ ဖြစ်ပေါ်စေကြောင်း၊ သို့အတွက်ကြောင့် နှစ်ကာလ ကြာမြင့်စွာ အထီးကျန် ဖြစ်နေသော အနေအထားမှ လွတ်မြောက်အောင် အထောက်အပံ့ ဖြစ်စေကြောင်း တိုက်တွန်း ပြောဆိုခဲ့ကြသည်။

လက်ရှိအနေအထားတွင် ခရီးသွားအခန်းကဏ္ဍသည် ဂျီဒီပီ၏ ၀ ဒဿမ ၇ ရာခိုင်နှုန်းတွင် ရှိသည်။ သဘောတရားမှာ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ၏ သက်ရောက်မှုမှာ အနည်းငယ်သာ ရှိသည်။

မြန်မာက အာဆီယံ အပါအဝင် အာရှစီးပွားရေး အင်အားကြီးများဖြစ်သော တရုတ်၊ အိန္ဒိယ တို့နှင့် ကုန်သွယ်ရေး လုပ်ကိုင်လာပြီးနောက် အမေရိကန် စီးပွားရေး ပိတ်ဆို့အရေးယူမှု၏ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု များမှာ တဖြည်းဖြည်းချင်း လျော့နည်းလာသည် ကို တွေ့ရပါသည်။
DVB သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံနိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် ဖြစ်ကြောင်း နေပြည်တော်က တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်၏ ဖိတ်ကြားချက်အရ  ဧပြီလ ၈ ရက် နှင့် ၉ ရက်တို့တွင် ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ဗီယက်နမ်သည် ၂၀၁၀ ပြည့်နှစ်အတွက် အာဆီယံ ဥက္ကဋ္ဌရာထူးကို ရယူထားသော နိုင်ငံ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲတွင် အရေးကြီး ကိစ္စရပ် သုံးခုကို အဓိက ဦးတည် ဆွေးနွေးမည် ဖြစ်ကြောင်း ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Dao Viet Trung က ပြောကြားသည်။ ယင်းကိစ္စ သုံးခုမှာ အာဆီယံ လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး၊ အာဆီယံ ချာတာကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်းကို ရိုက်ခတ်လျက် ရှိသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအပေါ် တုံ့ပြန်ရာတွင် နိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ ဖြစ်သည်။ ထို့ပြင် အာဆီယံ၏ နိုင်ငံတကာ ဆက်ဆံရေး အခန်းကဏ္ဍ မြှင့်တင်ရေးလည်း ပါဝင်သည်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲတွင် ခိုင်မာ တောင့်တင်းမှု ရှိသော အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရန်လည်း ဦးစားပေး ဆွေးနွေးသွားမည်ဟု ဆိုသည်။ အဆိုပါ ခိုင်ခံ့သော စီးပွားရေး အသိုက်အဝန်းမှာ အာဆီယံ၏ ပင်မဒေါက်တိုင် သုံးခုအနက် တစ်ခု ဖြစ်သည်။ ကျန်နှစ်ခုမှာ နိုင်ငံရေးအရ လုံခြုံသော အသိုက်အဝန်းနှင့် လူမှုယဉ်ကျေးမှု အသိုက်အဝန်းတို့ ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ဆွေးနွေးပွဲအတွင်း အရေးကြီးသော စာရွက်စာတမ်း နှစ်ခုကို အတည်ပြုနိုင်ရန် ကြိုးပမ်းသွားကြမည် ဖြစ်သည်။ ယင်းတို့မှာ နာလန်ထူရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် အာဆီယံ ကြေညာချက်နှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် ပူးပေါင်း တုံ့ပြန်မှု ပြုရေးအတွက် အာဆီယံ ကြေညာချက်တို့ ဖြစ်သည်။ အဆိုပါ ကြေညာချက်များ အားလုံးမှာစီးပွားရေး အကျပ်အတည်းများ နာလန်ထူရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုများ အစရှိသည်တို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသတွင်း နိုင်ငံများ အားလုံး လက်တွဲ ဆောင်ရွက်သွားနိုင်ရန် စီစဉ် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး Dao Viet Trung က ပြောသည်။

ဤအတောအတွင်းမှာပင် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်သည် ဧပြီလ ၂ ရက်မှ ၄ ရက်အထိ လုပ်ငန်းစဉ် အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း စီးပွားရေး ရင်းနှီး မြှုပ်နှံရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး အစရှိသည့် အခန်းကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ပေးနိုင်မည့် နားလည်မှု စာချွန်လွှာနှင့် ကန်ထရိုက်စာချုပ် စုစုပေါင်း ၇ ခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ပြီးခဲ့သည့် ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 5th April 2010

Prachuap Khiri Khan နှင့် Kanchanaburi တို့သည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး အဆက်အသွယ်များ တိုးမြှင့်ရန် မျှော်လင့်လျက် ရှိကြောင်း ထိုင်းအစိုးရက ပြောသည်။

Prachuap Khiri Khan ရှိ Singkhorn ကုန်သွယ်ရေး စစ်ဆေးရေး စခန်းသည် မြန်မာနိုင်ငံရှိ မြိတ်မြို့နှင့် ဆက်လျက် ရှိသဖြင့် အမြဲတမ်း ဖြတ်သန်းသွားနိုင်သော စစ်ဆေးရေး စခန်း အဖြစ် အဆင့်မြှင့်ရန် နှစ်နိုင်ငံ သဘော တူညီထားပြီး ဖြစ်သည်။

Kanchanaburi သည် မြန်မာနိုင်ငံရှိ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ဆက်သွယ်သော လမ်းဖောက်လုပ်လျက် ရှိသည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး Alongkorn Ponlaboot သည် မြန်မာ အစိုးရဘက်မှ ဦးအောင်ထွန်း နှင့်အတူ Singkhorn ကုန်သွယ်ရေး စစ်ဆေးရေး စခန်းသို့ ယမန်နေ့က လာရောက် စစ်ဆေးခဲ့သည်။

ဝန်ကြီးများ၏ ခရီးစဉ်သည် ဟွာဟင်းတွင် ယနေ့ ပြီးဆုံးသွားသော လေးရက်ကြာ ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေး၏ အစိတ်အပိုင်း တစ်ခု အဖြစ် Prachuap Khiri Khan သို့ လာရောက်ခြင်း ဖြစ်သည်။

Prachuap Khiri Khan ကုန်သည်ကြီးများ အသင်း ဒုဥက္ကဋ္ဌ Chote Chotiyakorn က ပြောကြားရာတွင် Singkhorn နယ်စပ် အမြဲတမ်း ဖြတ်ကျော်ရေး စခန်း ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြင့်လာစေလိမ့်မည် ဖြစ်သည်။

Mr. Chote က ပြောကြားရာတွင် Singkhorn မြိတ် လမ်းကြောင်းသည် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်နှင့် ငါးများကို ပို့ဆောင်ရာတွင် ယခု အသုံးပြုနေသော ရနောင်း ဖြတ်ကျော်လမ်းထက် စရိတ် သက်သာမည် ဖြစ်သည်။

သို့သော် ယခု လမ်းကြောင်း ဖွင့်လိုက်ပါက ရနောင်းတွင် ကုန်သွယ်ရေး လုပ်ငန်းများ ကျဆင်းသွားမည်ကို အချို့က စိုးရိမ်လျက် ရှိနေကြသည်။

ရင်းနှီးမြှုပ်နှံသူများကို ရနောင်းမှ ၎င်းတို့၏ အရင်းအနှီးများကို Prachuap Khiri Khan သို့ ရွှေ့ပြောင်းရန် ပြောကြားထားကြောင်း၊ နေရာသစ်တွင် အခွင့်အလမ်း ပိုကောင်းသည်ဟု ပြောထားကြောင်း Mr. Chote က ပြောကြားသည်။

စနေနေ့က Alongkorn နှင့် ဦးအောင်ထွန်းတို့သည် Kanchanaburi သို့ သွားရောက်၍ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေး စီမံကိန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Mr. Alongkorn က ပြောကြားရာတွင် ၁၃၀ ကီလိုမီတာ ရှည်သော ကချာနာဘူရီ - ထားဝယ် လမ်းသည် မဲခေါင် ဒေသခွဲ အတွက် ကုန်သွယ်ရေး တိုးချဲ့လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ အဆိုပါ လမ်းစီမံကိန်းသည် ဘတ်သန်း ၃၅၀ ကုန်ကျမည် ဖြစ်ပြီး ၂၀၁၃ တွင် ပြီးစီးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washington Post, 4th April 2010

တစ်နည်းအားဖြင့် စဉ်းစားကြည့်ပါက လူဦးရေ သန်း ၅၀ ကျော်သော အရှေ့တောင် အာရှနိုင်ငံ တစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် ရုပ်လုံး ပေါ်လာပြီ ဖြစ်သည့် ရယ်စရာ ရွေးကောက်ပွဲမှ ကောင်းသတင်းများ ထွက်ပေါ်လာသည်ဟု ဆိုနိုင်သည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် နိုင်ငံတကာ၏ သဘောထားကို ဂရုစိုက်ခြင်း မရှိပါက ဒီမိုကရေစီ ပေါ်ထွန်းအောင် ဖန်တီးမည့် ဆောင်ရွက်ချက်များကို ပြုလုပ်လိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီကို အားပေး မြှင့်တင်ရန် စိတ်ဝင်စားသည့် ပြင်ပ နိုင်ငံများသည် အများ ယုံကြည်ထားသည်ထက် ပို၍ ခွန်အား စိုက်ထုတ်ရမည် ဆိုသည်ကို ဤအချက်က ညွှန်ပြနေသည်။

အခြား တစ်ဖက်တွင်လည်း ၎င်းနိုင်ငံများသည် အဆိုပါ ခွန်အားကို အပြုသဘော ဆောင်သော နည်းလမ်းတွင် အသုံးပြုရန် လိုလားသည် ဆိုရုံမျှနှင့်ပင် ကောင်းသတင်းများ ကြားသိရသည်ဟု ဆိုချင်သည်။ အဆိုပါ မျက်နှာစာတွင် သွားစရာ ခရီးရှည် ရှိနေသည်။

ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ကျင်းပမည်ဟု ဆိုသည့် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် အတိုက်အခံ NLD ပါတီက ယခင် အပတ်က တရားဝင် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ မလွှဲမရှောင်သာ ဆုံးဖြတ်ချက်သည် စစ်ဖက် အုပ်ချုပ်သူများက အသိပေး ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေး အကျဉ်းသား ပါတီဝင်များကို ထုတ်ပယ်မှသာ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် နိုင်မည်ဟု ဆိုခြင်းကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်တွင် NLD ခေါင်းဆောင် အတော်များများ အပါအဝင် တိုင်းပြည်၏ ထင်ရှားသော နိုင်ငံသား အမြောက်အမြား ပါဝင်နေသည်။ ပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။

"သူတို့ မပါရင် ကျွန်တော်တို့ ပါတီက ဘာမှ မရှိတော့ပါဘူး" ဟု မကြာသေးမီက ထောင်မှ လွတ်လာသော ဦးဝင်းတင်က အင်္ဂါနေ့တွင် စာဖြင့် ရေးသား ပေးပို့ခဲ့သည်။ "သူတို့ဟာ သူတို့ရဲ့ ဒီမိုကရေစီ ယုံကြည်ချက်ကြောင့် ထောင်ထဲ ရောက်နေသူတွေ ဖြစ်ပါတယ်။ ယုံကြည် လေးစားထိုက်တဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ် ဖြစ်ဖို့ အတွက် ဆိုရင် သူတို့ အမြန်ဆုံး လွတ်မြောက်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

မည်သို့ပင် ဖြစ်စေ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ရွေးကောက်ပွဲ နှင့်အတူ ရှေ့ဆက်ရန် အတွက် မျှော်လင့်နိုင်သည်။ ၂၀၀၈ ခုနှစ်က ပြည်သူများကို ရေအောက်သို့ ပို့ပစ်ခဲ့သည့် ဆိုးဝါး ကြမ်းတမ်းသော ဆိုင်ကလုန်း မုန်တိုင်းသည်ပင် စစ်ဗိုလ်ချုပ်များ၏ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ကျင်းပခြင်းကို မတားဆီး နိုင်ခဲ့ပါ။ လူများစု၏ ဆန္ဒကဲ့သို့သော တစ်စုံတစ်ရာ အသေးအဖွဲကမှ ၎င်းတို့၏ အာဏာကို ဆွဲယူနိုင်လိမ့်မည် မဟုတ်ကြောင်း သေချာစေရန် အတွက်လည်း လုံလောက်သော လွှတ်တော် ကိုယ်စားလှယ် နေရာများကို တပ်မတော်သို့ ပေးရန် ဥပဒေက အာမခံ ပေးထားသည်။ ၎င်းတို့ အတွက် သေချာအောင် ပြုလုပ်သည့် အနေဖြင့် အစိုးရက ရွေးကောက်ပွဲ ဥပဒေကို စီမံ ရေးဆွဲခဲ့သည့် အတွက် ၁၉၉၀ အစစ်အမှန် ရွေးကောက်ပွဲကို လွှမ်းမိုးခဲ့သော NLD ပါတီမှာ ယခုအခါ ပါဝင် ယှဉ်ပြိုင်နိုင်မည် မဟုတ်တော့ပါ။

သို့ဖြစ်ရာ ရယ်စရာ ကောင်းပြီး၊ လူတိုင်း သိနေသည့် လှည့်စားမှုများကို အစိုးရက အဘယ်ကြောင့် ပြုလုပ်ပါသနည်းဟု မေးစရာ ရှိသည်။ အဖြေမှာ ကမ္ဘာ့ အရက်စက်ဆုံး၊ အဖိနှိပ်ဆုံး အစိုးရများထဲမှ တစ်ခု ဖြစ်သည်ဟု အများက သတ်မှတ်ထားကြခြင်းကို စစ်ဗိုလ်ချုပ်များက ဖုံးကွယ်လိုခြင်းပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ချမှတ်ထားသော ဘဏ္ဍာရေး နှင့် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများမှလည်း လွတ်မြောက်လိုပုံ ရသည်။ ထို့အပြင် ၎င်းတို့အား တလေးတစား ဆက်ဆံခြင်းကိုလည်း ခံယူချင်ပုံ ရသည်။

ကမ္ဘာ့ နိုင်ငံများ အနေဖြင့် မိုက်ရူးရဲ ရှေ့တိုးနေသော မြန်မာနိုင်ငံ နောက်ပြန်လှည့်မှုကို အမှန်တကယ် ကြိုဆိုမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသသင့်သည်။ သို့ရာတွင် မြန်မာ အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးခြင်း နှင့် တိုင်းရင်းသားများ အပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ရပ်ဆိုင်းခြင်း တို့ကိုမူ ပြုလုပ်ရလိမ့်မည်။ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ချက်သမ္မတနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု စသော နိုင်ငံ အနည်းငယ်ကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ထောက်ခံသည့် သိက္ခာရှိ နိုင်ငံများ အဖြစ် မြင်တွေ့ရသော်လည်း အိန္ဒိယ နိုင်ငံနှင့် ဒီမိုကရေစီဟု ယူဆရသော စင်္ကာပူ နိုင်ငံတို့မှာမူ ထိုသို့ မဟုတ်ပါ။ ဒီမိုကရေစီ ထောက်ခံသော နိုင်ငံများသည် အတူတကွ ပေါင်းစည်းခြင်းဖြင့် အမှန်တကယ် သြဇာသုံး လွှမ်းမိုးနိုင်သည်။

အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ၎င်းတို့ပိုင် ဓန ဥစ္စာများကို အမှန်တကယ် ပစ်မှတ်ထားသည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို တင်းကျပ် နိုင်သည်။ အဓမ္မ ခိုင်းစေမှုနှင့် အုပ်စုဖွဲ့ အဓမ္မကျင့်မှု စသော မြန်မာ အစိုးရ၏ စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ ယန္တရားကို တွန်းအား ပေးနိုင်သည်။ ထိုသို့ ပြုလုပ်ရန် ယခုအချိန်သည် အချိန်ကောင်း ဖြစ်ပြီး တစ်နည်းအားဖြင့် ပြောရလျှင် စားပွဲပေါ်တွင် ဖုံတက်နေသော (သို့မဟုတ်) အသုံးမပြု ရသေးသော စွမ်းအား၊ ခွန်အားများကို စုစည်း ညီညွတ်စွာ အသုံးပြုရမည့် အချိန် ဖြစ်သည်ဟု တင်ပြလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.