Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက ငွေကြေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့သော အရာရှိတစ်ဦးအား ကွပ်မျက်ခဲ့သည်ဟု ပြီးခဲ့သည့်လက သတင်း ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ် ကွပ်မျက်ခဲ့သည်မှာ အရာရှိနှစ်ဦးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ငွေကြေးတန်ဖိုး ပြောင်းလဲသတ်မှတ်မှုကြောင့် နိုင်ငံတွင်း ဈေးကွက်များ ခတ္တခဏမျှ ပိတ်ပင်ရသည်အထိ ဖြစ်ခဲ့ပြီး လူမှုမတည်မငြိမ်မှုများလည်း ထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဈေးကွက်စီးပွားရေး အလွန်အမင်း ကြီးထွားလာမှုကို ထိန်းချုပ်သည့် အနေဖြင့် "ဝမ်" ငွေကြေးတန်ဖိုး ပြန်လည်သတ်မှတ်ခဲ့သည်။

ယင်းသို့ ပြုလုပ်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယား နိုင်ငံသားအများစု၏ လက်ဝယ်တွင် တန်ဖိုးမဲ့ ငွေကြေးများ စုပုံကာ လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့ရသည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ဈေးကွက်အမြောက်အမြားကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပိတ်ပစ်ခဲ့ရကြောင်း အစိုးရပိုင်းဆိုင်ရာ စီးပွားရေး ပညာရှင်များက ဆိုသည်။

မတ်လ ၁၂ ရက်နေ့က ပြုံယမ်းမြို့တော်ရှိ အားကစား ရုံတစ်ခုတွင် လက်ရှိ အာဏာရ အလုပ်သမား ပါတီဝင်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ဌာနမှ အရာရှိများ၏ ရှေ့မှောက်၌ ငွေကြေး ပြုပြင်ပြောင်းလဲရေး ပေါ်လစီ ရေးဆွဲခဲ့သူ အဆိုပါ အရာရှိနှစ်ဦးကို တပ်ဖွဲ့တစ်ခုက သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု ဆိုသည်။

ယင်းအရာရှိနှစ်ဦးသည် လက်ရှိ အာဏာရပါတီ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ဌာနအကြီးအကဲ Pak Nam Gi နှင့် စီမံကိန်း ရေးဆွဲရေးကော်မရှင် ဒုတိယအကြီး အကဲတစ်ဦးတို့ ဖြစ်ကြသည်။ Pak Nam Gi အား ကွပ်မျက်သည့် သတင်းကို ယခင်လက ထုတ်ဖော်ခဲ့သော်လည်း အတည်မပြုခဲ့ပေ။

ဒုတိယမြောက် ကွပ်မျက်ခံလိုက်ရသော သူ၏ အမည်ကို သက်ဆိုင်ရာ သတင်းအေဂျင်စီက ထုတ်ဖော်ရေးသားခြင်း မရှိသေးပေ။ ကွန်မြူနစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံရသည်ဟု ပထမဆုံး သတင်းထုတ်ပြန် ခံရသူမှာ Pak Nam Gi ပင်ဖြစ်သည်။

သူ၏အမှုကို တရားသူကြီးများက "ပြည်သူများ ဒုက္ခဆင်းရဲတွင်း ရောက်ရှိအောင် ပြုလုပ်သည့် သစ္စာဖောက် Pak " ဟု အမည်ပေးကာ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ကမ္ဘာ့နိုင်ငံများတွင် အထီးကျန်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး
ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ အစရှိသည့် မီဒီယာများကို အစိုးရကသာ လုပ်ကိုင်လျက်ရှိသည်။

မြောက်ကိုရီးယားဆိုင်ရာ သတင်း အချက်အလက်များကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သတင်း အေဂျင်စီများက တရုတ်နိုင်ငံမှတစ်ဆင့် ဆက်သွယ် ရယူကြရပါသည်။ ငွေကြေးတန်ဖိုး ပြုပြင် ပြောင်းလဲမှုများကြောင့် ဈေးကွက်များ ယာယီပိတ်ပင်ခဲ့ရသည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် အခြေအနေများ ပြန်လည်တည်ငြိမ်မှု ဖြစ်ပေါ်လာကြောင်း မြောက်ကိုရီးယား အကြီးတန်း စီးပွားရေးပညာရှင် Ri Ki Song က APTN အသံလွှင့်ဌာနသို့ ပြောကြားပါသည်။

မြောက်ကိုရီးယားသည် ၁၉၉၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က လူပေါင်း ၂ သန်းမျှအထိ သေဆုံးခဲ့ကြရသည်။ မြောက်ကိုရီးယားသည် အစာရေစာ ပြတ်လပ်မှုမှ လွတ်မြောက်စေရန် အခြားနိုင်ငံများ၏ အကူအညီ အထောက်အပံ့များကို
ရယူနေရဆဲ ဖြစ်သည်။

မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံသည် ပြည်သူများအား သတ်ဖြတ်ခြင်း၊ နိုင်ငံရေး သမားများအား ဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ကျူးလွန်သည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ဖော်ပြခံရသူ ဖြစ်သည်။

AFP မှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment