yangonchronicle2011 Op-Ed |
၁၄.၁၀.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မူဝါဒနှစ်ခုရဲ့ အစွန်းနှစ်ဘက်ကြားက ဖြစ်ပေါ်လာတဲ့အကျပ်အတည်း
*****************************************
ဆောင်းပါးကဏ္ဍ
မူဝါဒနှစ်ခုရဲ့ အစွန်းနှစ်ဘက်ကြားက ဖြစ်ပေါ်လာတဲ့အကျပ်အတည်း
ဗသုန်
အောက်တိုဘာ၁၄ရက်ထုတ် The Voice Weekly ဂျာနယ်အတွဲ(၈) အမှတ်(၄၁)တွင် ပါရှိသည့် ဆောင်းပါးကို ထုတ်နှုတ်တင်ပြချက်။
ယခုနှစ် မိုးရာသီရဲ့စောစောပိုင်းကာလမှာ ရာသီဥတုအကြီးအကျယ် ဖောက်ပြန်ခဲ့တာဖြစ်လို့ နိုင်ငံအတွင်းမှာ စိုက်ပျိုးကြတဲ့ ကောက်ပဲသီးနှံတွေရဲ့ ထွက်ရှိမှုနှုန်းများစွာ လျော့နည်းနိုင်တယ် လို့ စိုက်ပျိုးရေးပညာရှင်များက လေ့လာသုံးသပ် ပြောဆိုကြပါတယ်။ လက်ရှိအခြေအနေမှာတော့ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်းမှာ အဓိက ဆီထွက်သီးနှံဖြစ်တဲ့ မိုးနှမ်းထွက်ရှိမှုဟာ ယခင်နှစ်များထက် များစွာ လျော့နည်းနေတာကို တွေ့ရှိရပါတယ်။ ဒီအခြေအနေဟာ ရောဂါသည်းနေတဲ့ နိုင်ငံအတွင်းက စားသုံးဆီ ကြိတ်ခွဲမှုလုပ်ငန်းများကိုတုတ်နဲ့ ထပ်ရိုက်သလို ဖြစ်နေပါလိမ့်မယ်။
ဒါနဲ့ပတ်သက်လို့တင်ပြရရင် ပြည်တွင်းအခြေခံကုန်ထုတ်လုပ်မှုများရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်းဟာ အကျပ်အတည်းတွေ တွေ့နေရတာ ကာလအတန်ကြာခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာတော့ ပြည်တွင်းရှိ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်း အများစုတို့ဟာ လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ရပ်နားလိုက်ကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ ပြည်တွင်းမှာ အဓိကကျတဲ့ အခြေခံကုန် ထုတ်လုပ်ငန်း တစ်ခု ပထမဆုံးအကြိမ်အဖြစ် ကြီးစွာသော အကျပ်အတည်း ကြုံတွေ့ရခြင်းဖြစ်ပါတယ်။
ဒီလိုအခြေအနေများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ စီးပွားရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ၃၀-၆-၂၀၁၂ နေ့က တွေ့ဆုံပွဲမှာ UMFCCI ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေနဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့က မြန်မာနိုင်ငံရဲ့ အခြေခံကုန်ထုတ်လုပ်ငန်းများဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို တင်ပြခဲ့ကြပါတယ်။
ပြည်တွင်းစားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းဟာ ရှေးမြန်မာဘုရင်များ လက်ထက်ကပင် ရှိခဲ့တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ထိုစဉ်က ရိုးရာသစ်သား ဆီကြိတ်ဆုံများကို နွားနဲ့လှည့်ကာ ကြိတ်ရတဲ့ လုပ်ငန်းဖြစ်ပြီး မြေလတ်ပိုင်းနဲ့ အညာဒေသကျေးရွာတိုင်းမှာ ရှိခဲ့တဲ့လုပ်ငန်းဖြစ်ပါတယ်။ ကိုလိုနီခေတ် နှောင်းပိုင်းနဲ့ လွတ်လပ်ရေးရပြီးကာလတွေကစလို့ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းဟာ ခေတ်မီဆီကြိတ်ဆုံများ၊ စက်များနဲ့ထုတ်လုပ်တဲ့အဆင့် အထိတိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။
သို့သော်လည်း ဖ.ဆ.ပ.လအစိုးရလက်ထက် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ရှိတဲ့နှစ်တွေမှာ အိန္ဒိယမှ မြေပဲဆီ တင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ မ.ဆ.လအစိုးရလက်ထက် စောစောပိုင်းကာလတွေမှာ နိုင်ငံခြားငွေယိုပေါက်တစ်ခု ပိတ်နိုင်ရေးအတွက် ပြည်တွင်းဆီထွက်သီးနှံ ပိုမိုစိုက်ပျိုး ရေးကို အားပေးခဲ့ပြီး ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို ပိတ်ထားခဲ့ပါ တယ်။ ပြည်တွင်းမှထွက်ရှိတဲ့ ဆီထွက်သီးနှံများကိုလည်း နိုင်ငံခြားသို့ တင်ပို့ ရောင်းချခွင့် လုံးဝခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် မ.ဆ.လ အစိုးရရဲ့ ပထမပိုင်းကာလတွေလို့ ပြောရမယ့် ၁၉၇၄ ခုနှစ်လောက် အထိ ပြည်တွင်းစားသုံးမှုနဲ့ ဆီထွက်သီးနှံထွက်ရှိမှုတို့ဟာ မျှတနေတယ်လို့ ဆိုနိုင်ပါတယ်။
သို့သော် ၁၉၇၄ ခုနှစ်နောက်ပိုင်းကာလမှာ မ.ဆ.လရဲ့ အောင်မြင်မှုမရရှိခဲ့တဲ့ သမ၀ါယမစီးပွားရေးစနစ်ဟာ သီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူ လယ်သမားတွေကို အကျပ်အတည်း တွေ့စေခဲ့ပါတယ်။ စပါး၊ မြေပဲ၊ နှမ်းတို့ပါဝင်တဲ့ သီးနှံတချို့ကို စီမံကိန်းသီးနှံအဖြစ် သတ်မှတ်ပြီး ကာလဒေသ ခွဲခြား မနေဘဲ စိုက်ပျိုးစေခြင်း၊ ထွက်ရှိလာသော စီမံကိန်းသီးနှံများကို ကန့်သတ်ဈေးဖြင့် သတ်မှတ်ပေးသော အရေအတွက်အတိုင်း သမ၀ါယမသို့ ရောင်းချ စေခြင်းများ ရှိခဲ့ပါတယ်။
အဲဒီလုပ်ရပ်ဟာ တောင်သူလယ်သမား ညတွေကို အနိုင်ကျင့်သလိုဖြစ်ခဲ့ပြီး ပုဂ္ဂလိကစိုက်ပျိုးထုတ်လုပ်မှုသာ အဓိကဖြစ်နေတဲ့ လယ်ယာ ကုန်ထုတ်စွမ်းအားကို အကြီးအကျယ် ထိခိုက်ကျဆင်းစေခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ပြည်တွင်းစားသုံးမှုအတွက် လောက်ငရုံသာဖြစ်နေတဲ့ ဆီထွက် သီးနှံထွက်ရှိမှုဟာလည်း ဖူလုံမှုမရှိတဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။ ဒါကြောင့် မ.ဆ.လအစိုးရခေတ် နှောင်းပိုင်းကစလို့ ပြည်ပမှ စားအုန်းဆီ တင်သွင်း ခဲ့ရပြီး မြန်မာပြည်သူတို့ဟာလည်း စားအုန်းဆီနဲ့ အကျွမ်းဝင်ခဲ့ရပါတယ်။ နောက်တော့ မ.ဆ.လအစိုးရရဲ့ မူဝါဒမှားယွင်းမှု တွေဟာ ပြည်သူ လူထုကို စားဝတ်နေရေးအထွေထွေ အကျပ်အတည်း ဖြစ်ပေါ်လာစေပြီး ၁၉၈၈ ခုနှစ်မှာ မ.ဆ.လ အစိုးရ ပြုတ်ကျခဲ့ပါတယ်။
မ.ဆ.လ အစိုးရပြုတ်ကျပြီး တက်လာတဲ့ အစိုးရအနေနဲ့လည်း တက်လာခါစ၊ အစောပိုင်းကာလတွေမှာ ပြည်သူလူထု ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအကျပ်အတည်းပြဿနာ ပြေလည်စေဖို့ အပြင်းအထန်ကြိုးစားခဲ့ရတာကို တွေ့ရပါတယ်။ ဆန်အတွက် ဖြေရှင်းမှုကိုတော့ မ.ဆ.လ အစိုးရရဲ့ လက်ငုတ်စနစ်အတိုင်း လယ်သမားတွေထံမှ စပါးကို ကန့်သတ်ဈေးနဲ့ဝယ်ယူပြီး ဖြေရှင်း ပေးခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံခြားသုံးငွေ နည်းပါးမှု အကျပ် အတည်းရှိနေတဲ့အတွက် အစိုးရဟာ စားသုံးဆီမလုံလောက်မှုအတွက် နည်းတစ်မျိုးနဲ့ ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီ နည်းလမ်းကတော့ ဈေးကောင်းကောင်းရမယ့် ပြည်တွင်းဆီထွက် သီးနှံကုန်ကြမ်းများဖြစ်တဲ့ နှမ်းနဲ့မြေပဲဆံတို့ကို ပြည်ပသို့တင်ပို့ ရောင်းချခွင့်ပြုခဲ့ပြီး ဈေးချိုတဲ့ စားအုန်းဆီများကို ပြန်လည်တင် သွင်းစေခြင်း ဖြစ်ပါတယ်။ နောက်တော့ အဲဒီအစိုးရသက်တမ်း ကာလတစ်လျှောက်လုံး ဒီမူဝါဒကို မပိတ်မပင် မပြင်ဆင်ဘဲ ဆက်လက်ကျင့်သုံးခဲ့ပါတယ်။ အဲဒီမူကို လေ့လာဆန်းစစ်မှုမပြုဘဲ ဆက်လက်ကျင့်သုံးရတဲ့အကြောင်းကို လေ့လာကြည့်တဲ့အခါ တာဝန်ရှိသူတွေရဲ့ အမြင်မှာ ဆီထွက်သီးနှံစိုက်ပျိုးတဲ့တောင်သူတွေ ဈေးကောင်းကောင်းရပြီး ၀င်ငွေတိုးကြလိမ့်မယ်ဆိုတဲ့ အမြင်မျိုးသာရှိ နေခဲ့တာကို တွေ့ရပါတယ်။
ဒီအမြင်ဟာ လက်တွေ့အခြေအနေနဲ့ အလွန်ကင်းကွာတဲ့အမြင်ဖြစ်နေပြီး ပြည်တွင်းစားသုံးဆီထုတ်လုပ် မှုလုပ်ငန်းကို လုံးဝဥပေက္ခာပြုတဲ့ အမြင်လည်း ဖြစ်နေပါတယ်။ နောက်ပြီး စားအုန်းဆီတင်သွင်းဖြန့်ဖြူးမှုကို သေချာကျနစွာ ကြီးကြပ်ခြင်း မရှိခဲ့တဲ့အတွက် ပြည်တွင်းစားသုံးသူများဟာ အဆင့်မမီတဲ့ စားအုန်းဆီများကို ပြည်တွင်းက နှမ်းဆီ၊ မြေပဲဆီတို့နဲ့ ဈေးမကွာဘဲ ၀ယ်ယူသုံးစွဲကြရပါတယ်။ တကယ်တော့ ပြည်ပကို သီးနှံများ တင်ပို့ရောင်းချလိုက်တဲ့အတွက် သီးနှံစိုက်ပျိုးတဲ့တောင်သူတွေ ဈေးကောင်းကောင်းရကြတယ် ဆိုတဲ့အမြင်ဟာ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့အမြင် မဟုတ်ပါဘူး။
ပြည်ပကို သီးနှံတင်ပို့ခွင့်ရကြသူများက ပြည်ပကိုပို့ဖို့ ၀ယ်ကြတဲ့အခါ သီးနှံတွေရဲ့ ပထမတန်းစား အနေအထားမျိုးကိုသာ ရွေးချယ်ဝယ်ယူ ကြတာဖြစ်ပါတယ်။ ဒီလိုပထမတန်းစားအနေအထားကို တောင်သူလယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူလို့ မရနိုင်ပါဘူး။ တောင်သူ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေကို အမှိုက်နဲ့သဲ စတာတွေကို ဖယ်ရှားသန့်စင်တာကလွဲလို့ ပထမတန်းစား၊ ဒုတိယတန်းစား စသည်အားဖြင့် အတန်းအစားခွဲခြားမှု မလုပ်ကြပါဘူး။ ဒီသဘောအရ ပြည်ပသို့ သီးနှံတင်ပို့ခွင့်ရသူများဟာ သူတို့လိုချင်တဲ့ အတန်းအစားကို သီးနှံ အရောင်းအ၀ယ် လုပ်ကြတဲ့ သီးနှံ ကုန်သည်များထံကသာတဆင့် ၀ယ်ယူကြရတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပကိုပို့ဖို့ အဆင့်အတန်းမီတဲ့ သီးနှံအတန်းအစားသာ ဈေးကောင်းရကြတာဖြစ်ပြီး ဒီအကျိုးကို တောင်သူလယ်သမားတွေ ခံစားကြရတာ မဟုတ်ပါဘူး။ ပြည်ပကိုပို့ဖို့ အဆင့်မမီတဲ့ အတန်းအစားတွေကိုတော့ ပြည်တွင်းဈေးကွက်မှာပဲ ပြန်လည် ရောင်းချကြရတာဖြစ်ပါတယ်။
ဒါကြောင့် ဆီထွက်သီးနှံများဟာလည်း ဒီသဘောအတိုင်း ဖြစ်နေပြီး ပြည်တွင်းက စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်တဲ့လုပ်ငန်းရှင် များအတွက် ဒုတိယတန်းစား၊ တတိယတန်းစား စတဲ့အညံ့များကိုသာလျှင် ၀ယ်ယူကြိတ်ခွဲဖို့ အခွင့်အရေး ရှိပါတော့တယ်။ တစ်ဆက်တည်းဖြစ်လာတဲ့ အကျိုးဆက် တွေကတော့ ပြည်တွင်းမှာ စားသုံးဆီ သီးနှံကုန်ကြမ်းရှားပါးမှုနဲ့ ကြုံရပါတယ်။ ဒီအချက်ကိုသိတဲ့ သီးနှံကုန်သည်တွေရဲ့ ဈေးကစားမှုကြောင့် သီးနှံအညံ့များကိုပင် ဈေးကြီးစွာနဲ့ ၀ယ်ယူကြိတ်ခွဲရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့ပါတယ်။ ဒုတိယတန်းစား၊ တတိယတန်းစားစတဲ့ အညံ့များကိုသာ ၀ယ်ယူ ကြိတ်ခွဲကြရတာဖြစ်လို့ ဆီထွက်နှုန်းနိမ့်ကျပြီး ထွက်လာတဲ့ ပဲဆီ၊ နှမ်းဆီဈေးနှုန်းတွေကို ချနိုင်ဖို့ ခက်ခဲလာပါတယ်။ ပြည်ပမှ စားအုန်းဆီတင်သွင်းသူ များကလည်း ပြည်တွင်းမှာ သူတို့ ရောင်းနိုင်တဲ့ဈေးနဲ့ ရောင်းတာမျိုး မလုပ်တော့ဘဲ ပြည်တွင်းက နှမ်းဆီ၊ ပဲဆီဈေးကိုကြည့်ပြီး စားအုန်းဆီဈေးကို မြှင့်လို့ရ သလောက်မြှင့်ပြီး ရောင်းချကြပါတယ်။ ဒီအခြေအနေမှာပဲ တရားဝင်တင်သွင်းတဲ့ စားအုန်းဆီထက် ပိုမိုအဆင့်မြင့်တဲ့စားအုန်းဆီများကို တရားမ၀င် လမ်းများမှ အကောက်ခွန်မဲ့ တင်သွင်းလာကာ ပြည်တွင်းစားသုံးဆီ ဈေးကွက်ကို ၀င်ရောက်လာပါတယ်။ နောက်ပိုင်းမှာ တရားမ၀င် လမ်းကြောင်းမှ စားသုံးရန်မသင့်တဲ့ဆီတွေ ပြည်တွင်းစားသုံးဆီ ဈေးကွက်ထဲ ၀င်ရောက်လာခဲ့ပြန်ကာ ပြည်တွင်းစားသုံးဆီလောကမှာ မသမာမှုတွေ၊ အဆင့်နိမ့်ကျမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတွေ ဈေးနှုန်းချိုသာစွာနဲ့ စားသုံးနိုင်စေဖို့ဆိုတဲ့ စေတနာ နဲ့ ရည်ရွယ်ချက်တွေ လုံးဝကွယ်ပျောက်သွားခဲ့ပြီး ပြည်တွင်း စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်းရှင်များဟာလည်း ငုတ်တုတ်မေ့ တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။
ပြည်တွင်းကထွက်ရှိတဲ့ ဆီထွက်သီးနှံကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းကြောင့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အကျဉ်းချုပ်အားဖြင့် တင်ပြရလျှင် (၁) ပြည်တွင်းစားသုံးဆီလောကသို့ မမှန်ကန်သော ဆီများဝင်ရောက်လာသည့် မသမာမှုများ ဖြစ်ပေါ်လာခြင်း၊ (၂) တရားမ၀င်လမ်းကြောင်းမှ စားသုံးဆီများဝင်ရောက်လာသဖြင့် အခွန်ဘဏ္ဍာဆုံးရှုံးရခြင်း၊ (၃) အဆင့်မမီသော ဆီများ၊ စားသုံးရန် မသင့်သောဆီများ စားသုံးဆီဈေးကွက်သို့ ၀င်ရောက်လာခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ (၄) ပြည်တွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်းနှင့်တကွ ယင်းလုပ်ငန်းနှင့် နှီးနွှယ်နေသော စက်မှုလုပ်ငန်းများ၌ အလုပ် အကိုင်ရရှိနေကြသည့် သိန်းဂဏန်းနီးပါးမျှ သော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ရခြင်းစတဲ့ ဆိုးကျိုးတွေဖြစ် ပေါ်ခဲ့ရပါတယ်။
အမှန်အားဖြင့် ပြည်တွင်းဆီထွက်သီးနှံများ ထွက်ရှိမှုအခြေ အနေကို အနီးစပ်ဆုံးဖြစ်အောင် လေ့လာဆန်းစစ်နေသင့်ပြီး ထွက်ရှိတဲ့ ဆီထွက် သီးနှံတို့အခြေအနေအရ ပြည်တွင်းစားသုံးဖို့ အမှန်တကယ် မလုံလောက်မှသာလျှင် ပြည်ပမှစားသုံးဆီ တင်သွင်းခွင့်ပြုသင့်ပါတယ်။ ယခုအခါ နှစ်ပေါင်း များစွာ ကျင့်သုံးလာခဲ့တဲ့ ပြည်တွင်းမှာ စားသုံးဆီမလုံလောက်လို့ ပြည်ပမှ စားသုံးဆီ တင်သွင်းတဲ့မူဝါဒကို ညကျင့်သုံးလျက်ရှိပြီး တစ်ဖက်မှာလည်း ပြည်တွင်းက ဆီထွက်သီးနှံ ကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုတာဟာ မူဝါဒတစ်ရပ်အပေါ်မှာ ဆန့်ကျင်စွာ ရပ်တည်လုပ်ဆောင်နေတဲ့ အစွန်းနှစ်ခု လို ဖြစ်နေပါတယ်။ အထူးသဖြင့် ယခုနှစ်ကဲ့သို့ ရာသီဥတုဖောက်ပြန်လို့ ဆီထွက်သီးနှံများ သေချာပေါက်အထွက်လျော့နည်းမယ့်အချိန်မှာ ဆီထွက်သီးနှံကုန်ကြမ်းများကို ပြည်ပသို့ လုံးဝတင်ပို့ခွင့်မပြုသင့်ပါဘူး။
ဒါကြောင့် လက်ရှိအစိုးရအဖွဲ့သစ်အနေနဲ့ ကောင်းကျိုးထက် အဆမတန် ဆိုးကျိုးများနေတဲ့ ပြည်တွင်းမှ စားသုံးဆီသီးနှံ ကုန်ကြမ်းများ ပြည်ပသို့ တင်ပို့နေမှုရယ် ပြည်ပမှ စားသုံးဆီတင်သွင်းမှု ကိစ္စတွေရယ်ကို လေ့လာဆန်းစစ်ပြီး အမြန်ဆုံးပြုပြင်ဖို့ လိုအပ်နေ ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
****************************************
Google Drive: create, share, and keep all your stuff in one place.