Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၎.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ရန်ကုန် တက္ကသိုလ်ဝင်တန်း အောင်ချက်မကောင်း

 ရန်ကုန်၊ ဇွန် ၄။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်ဆယ်တန်းအောင်ချက်သည် ပြီးခဲ့သည့်နှစ် အောင်ချက်ကို မမီကြောင်း မြန်မာစာဂုဏ်ထူးဦးသိန်းနိုင်က ပြောကြားသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်း အောင်ချက်ကို နိုင်ငံပိုင်သတင်းစားများတွင် ထုတ်ပြန်ခြင်းမပြုဘဲ အောင်စာရင်း ကပ်ထားမည့် ကျောင်းများနှင့် မြန်မာအသံမှ ထုတ်လွှင့်ကြေညာမည့် အောင်စာရင်များကိုသာ ထုတ်ပြန်ကြေ ညာခဲ့သည်။

"အောင်ချက်အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောင်ချက်ကိုတော့ မမီဘူးလို့တော့ကြားတယ်။ လောလောဆယ် ဒဂုံ (၁) က ဘာသာစုံ ၂၅ ဦး ဂုဏ်ထူးထွက်တယ် ကြားတယ်။ ခါတိုင်းဆို ဆယ်တန်းအောင်စာရင်းထွက် တဲ့နေ့ဆို သတင်းစာတွေက အောင်ချက်ထုတ်တယ်။ ဒီနှစ်က မထုတ်တာ  အောင်ချက်နည်းလို့သာ မထုတ်တာ"ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသားအများစု ဖြေဆိုရန်ခက်ခဲသည့် ဘာသာမှာ ဓာတုဗေဒဘာသာ ဖြစ်ပြီး အဆိုဘာသာကြောင့် သိပ္ပံတွဲဘာသာယူထားသည့် ကျောင်းသားအများစုမှာ အောင်နိုင်ရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

"သမီးတို့ဆီမှာတော့ အောင်ချက်မဆိုးဘူး။ ရွာမှာ အယောက်၂၀ ဝန်းကျင်ဖြေတာကို တစ်ဝက်ကျော်ကျော် အောင်တယ်"ဟု မွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့နယ် နှစ်ကိုင်းကျေးရွာမှ ယခုနှစ်အတွင်း ဆယ်တန်းအောင်သွားသည့် မနှင်းဝေဝေက ပြောကြားသည်။

ဆယ်တန်းအောင်စာရင်းသည် ပြီးခဲ့သည့်နှစ်များတွင် ဇွန်လ ၂၀ရက်နေ့ နောက်ပိုင်းမှ ထွက်လာလေ့ရှိသော်လည်း ယခုနှစ်သည် စောထွက်သည့် အနေနှင့် ဇွန် ၄ရက်တွင် ထွက်ခဲ့သည်။

“ စောထွက်မယ်ဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှ ထွက်မယ်ထင်နေတာ အခုလို စနေနေ့ကြီး ထွက်လာလိမ့်မယ်လို့ မထင်ဘူး။  စောထွက်တော့လည်း ရှုံးတဲ့ကလေးတွေ ကျောင်းမြန်မြန် အပ်နိုင်တော့ကောင်းတယ်” ဟု ရန်ကုန်မြို့မှ နာမည်ကျော် ကျူရှင်ဆရာတစ်ဦးကလည်း ပြော ကြားသည်။

ယခုအခါ ဆယ်တန်းကျောင်းသားများသည် နှစ်ခါကျပါက ကျောင်းတက်ရောက်ပြီး ဖြေဆိုခွင့်မရှိသောကြောင့် ယခုကဲ့သို့ အောင်စာရင်းမြန်မြန် ထုတ်ပေးခြင်းသည် ကောင်းသည့်အခြေအနေတစ်ခုဖြစ်ပြီး တခါကျသွားသော ကျောင်းသားများ ကျောင်းမြန်မြန်အပ်နှံနိုင်မည်ဖြစ်သည်။

ယခင်က ဆယ်တန်းအောင်စာရင်းများကို မေလကတည်းက စောထုတ်သည်များလည်း ရှိခဲ့သည်ဟု ဆိုသည်။

 “အောင်ချက်အနေနဲ့ ဘာမှတော့ မပြောနိုင်သေးဘူး။ ခန့်မှန်းရခက်နေတယ်။ ၂၀၀၉လောက် မနည်းဘဲ ၂၀၁၀ လောက်လည်း မများဘူးလို့ ခန့် မှန်းထားတယ်။ မြန်မာစာဂုဏ်ထူးကတော့ နည်းလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ၃၉ရာခိုင်နှုန်း ဖြစ် သည်။

စနိုင်း(BHO)

-----------------------------------------------------------------------------------------------------------------------------------

အခက်အခဲပြဿနာများကြားက တောင်သူများ

ရန်ကုန်။ ဇွန် ၄။

နိုင်ငံရှိတောင်သူအချို့မှာ လယ်ပိုင်ရှင်ဘဝမှ စာရင်းဌားဘဝသို့ရောက်ရှိသွားခြင်း၊ စိုက်စရိတ်နှင့် ပြန်ရငွေမှာ မကာမိခြင်း၊ လယ်လုပ်သား ရှားပါး ခြင်းနှင့် ဈေးမြင့်ခြင်း၊ ရာသီဥတု ဆိုးရွားဖောက်ပြန်ခြင်းစသည့် ပြဿနာ အခက်အခဲများကြောင့် တော်ရုံလူ လယ်မလုပ်နိုင်တော့သည့် အခြေအနေမျိုးနှင့် ကျပ်တည်းစွာ ရပ်တည်နေရကြောင်း သိရသည်။

မိမိတို့ဆီ၌ လယ်လေးငါးဧက ပိုင်ဆိုင်သည့် လယ်ပိုင်ရှင်များမှာ တဖြည်းဖြည်း လယ်ယာလက်မဲ့ ဖြစ်လာကြောင်း၊ စိုက်ပျိုးရန် နည်းစနစ်များ ပေးသော်လည်း ငွေမရှိသည့်အတွက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း၊ ကြွေးများမဆပ်နိုင်တော့သည့်အတွက် လယ်တစ်ဧကလျှင် နှစ်သိန်း၊ ငါးသိန်း လောက်နှင့် ထိုးအပ်လျှက်ရှိကြောင်း၊ စက်ပိုင်များမှာလည်း လယ်မလုပ်တတ်သည့်အတွက် တောင်သူများဆီမှ သီးစားအနေဖြင့်သာ ပြန်လုပ်စားနေရ ကြောင်း၊ လယ်ပိုင်ရှင်ဘဝမှ လယ်ယာပြန်လည်ဌားယူရသည့် တောင်သူများမှာ တစ်ဝက်ခန့် ရှိလာပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်မှ တောင် သူတစ်ဦးက ပြောကြားခဲ့သည်။

တောင်သူများမှာ ချေးငွေရရှိရန်သာ မျှော်လင့်၍ လယ်စိုက်ပျိုးရသည်ဖြစ်သည့်အတွက် လယ်စိုက်ပျိုးရန် ချေးငွေပမာဏ ပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်းနှင့် တွက်ဆ၍ တစ်နှစ်လျှင် အမြတ်ကျန်သည်မရှိပဲ အရှုံးများပင်ပေါ်နေကြောင်း သိရသည်။

လယ်တစ်ဧကလျှင် စိုက်ပျိုးရန် ကုန်ကျစရိတ်မှာ ပျှမ်းမျှ ကျပ် ၁၄၀,၀၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ စပါးမှာ တစ်ဧကလျှင် တင်း ၆၀ ခန့် ထွက်ရှိ ကြောင်း၊ စပါးတစ်တင်းလျှင် ကျပ် ၂၄၀၀ ဖြစ်သည့်အတွက် တင်း ၆၀ ဆိုပါက ၁၄၄,၀၀၀ သာရရှိသည့်အတွက် အမြတ်မရှိဘဲ အရှုံးပြနေသေးကြောင်း တိုက်ကြီးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကောက်ရိတ်သည့်အချိန်မျိုး၌လည်း ကောက်စိုက်ခအား တစ်ယောက်လျှင် ကျပ် ၁၃၀၀ ပေးရပြီး ၁၂ ယောက် ခေါ်ယူဌားရမ်း၍ ရိတ်ရ သည့်အတွက် ကျပ် ၁၆,၀၀၀ ဝန်းကျင်ခန့် ပေးရပြီး စပါးရိတ်ခမှာ တစ်ဧကလျှင် ကျပ် ၁၈,၀၀၀ သာ ရရှိကြောင်း သိရသည်။

တောင်သူများ စပါးရှုံး၊ ပဲရှုံးသည့် ဒဏ်များကို ခံနိုင်ရန် အရန်စီမံကိန်းများ ထားရှိရန်လိုအပ်ကြောင်း၊ ဒေသနှင့် သင့်တော်သည့် စီးပွားရေး လုပ်ငန်းများနှင့် မိတ်ဆက်ပေးသင့်ကြောင်း၊  အညာမှ တောင်သူများအား နည်းပညာပေး၍ တမာစိုက်ခိုင်းပါက ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မျိုးစေ့ဘဏ် ချထားပေးခြင်းမျိုး ပြုလုပ်ပါက ငွေလိုအပ်သည့် အချိန်မျိုးတွင် မျိုးရောင်းခြင်းမျိုး ပြုလုပ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးကလည်း ပြောကြားခဲ့ သည်။

မိမိတို့လယ်သမားအများစုမှာ အားကုန်ခမ်းနေပြီဖြစ်ကြောင်း၊ ရသည့် စပါးဈေးနှင့် အတိုးနှုန်းမှာ တောင်သူများ မမျှတသည့်အတွက် ဝမ်းဝရုံမျှ လုပ်ကိုင်နေရကြောင်း၊ မိုးစပါး စိုက်ပျိုးရန် တောင်သူအများစုမှာ အဆင်သင့်ပင် မဖြစ်သေးကြောင်း၊ အိမ်မြေ ၂၀၀ ကျော်၌ လေး၊ ငါး၊ ဆယ်အိမ်သာ လယ် ကောင်းကောင်း လုပ်နိုင်တော့ကြောင်း ဝေါမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

နေပြည်တော်- ရန်ကုန်အမြန်လမ်း၌ အဝေးပြေးယာဉ် ပထမဆုံးတိမ်းမှောက်

ရန်ကုန်၊ ဇွန်လ ၁။

ရန်ကုန်- နေပြည်တော် အဝေးပြေးလမ်းမပေါ်တွင် ပထမဆုံးအကြိမ် အဝေးပြေးကားတိမ်းမှောက်မှုတစ်ရပ်  ယခုလ ၁ရက်နေ့တွင် နေ့လည်ပိုင်း တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ နေ့လယ်တစ်နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်-နေပြည်တော် အဝေးပြေးကားလမ်းမပေါ်ရှိ ပဲနွယ်ကုန်းအနီးတွင် ရွှေစင်စင်္ကြာ ရန် ကုန်- နေပြည်တော် အဝေးပြေး လေအိပ်နေ့ကားမှာ လမ်းချော်ကာ တိမ်းမှောက်သွားခြင်းဖြစ်ပြီး ခရီးသည် ၄၅ ဦး ပါရှိသွားကြောင်း ရွှေစင်စင်္ကြာမှ တာဝန် ရှိသူတစ်ဦးဖြစ်သူ ဦးနေမျိုးက ပြောကြားသည်။

“ကားကစလစ်ဖြစ်သွားတာပါ။ လူအသေအပျောက်မရှိဘူး။ ဒဏ်ရာတော့ အနည်းအပါးရသွားတယ်။ နေပြည်တော်လမ်းမပေါ်မှာ အဝေးပြေးကား အနေနဲ့ ဒါပထမဆုံး တိမ်းမှောက်တာလို့ ပြောလို့ရတယ်”ဟု ၎င်းက ပြောကြားသည်။

ဒဏ်ရာရသူများကို ကျောက်တံတားဆေးရုံကို တင်ထားပြီး ဒဏ်ရာရသူ အရေအတွက် အတိအကျကိုမူ သိရှိခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရ သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးသည် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း မကြာခဏ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ကိုယ်ပိုင်ဇိမ်ခံ ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။

ရွှေစင်စင်္ကြာ အဝေးပြေးကား ဝန်ဆောင်မှုကို ၂၀၀၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ရေဦး၊ ဘားအံ၊ မော်လမြိုင်၊ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူစသည်တို့တွင် ပြေးဆွဲလျက်ရှိသည်။

စနိုင်း(BHO)

-----------------------------------------------------------------------------------------------------------------------------------

မြို့ကြီးလေးမြို့၌ မီဒီယာကော်နာများ ထပ်မံတိုးချဲ့မည်

လက်ရှိ လုပ်ကိုင်လျှက်ရှိသည့် မီဒီယာကော်နာများအား မြို့ကြီးလေးမြို့တွင် BOT စနစ်ဖြင့် တိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာ ပေနှင့် စာနယ်ဇင်းအဖွဲ့မှ သိရှိရသည်။

မီဒီယာကော်နာဆိုင်များအား ယခုအခါ ရန်ကုန်မြို့တွင်းတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့ကြီးများတွင် တိုးချဲ့ဖွင့်လှစ်ရန် တောင်းဆိုထားခြင်း မျိုး ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွှတ်ပါက ဖွင့်လှစ်ခွင့်များ ပေးသွားမည်ဖြစ်ကြောင်း မီဒီယာကော်နာ စီစဉ်ကြီးကြပ်ရေးကောက်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ယခု မီဒီယာကော်နာများ ထပ်မံတိုးချဲ့မည့် မြို့ကြီးလေးမြို့မှာ နေပြည်တော်၊ မန္တလေး၊ ပျဉ်းမနားနှင့် ပခုက္ကူ မြို့များ၌ BOT စနစ်ဖြင့် ထပ်မံတိုးချဲ့ သွားမည်ပာု သိရသည်။

မီဒီယာကော်နာဆိုင်များအား ဖွင့်လှစ်ချင်သည့်မြို့များ၌ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဒီဇိုင်းပုံစံများအတိုင်း မိမိအစီအစဉ်နှင့် တည် ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းဖွင့်လှစ်သည့်ဆိုင်များအား နှစ်အလိုက်သာ ဖွင့်လှစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းကာလများမှသာ စာပေစာ နယ်ဇင်းအဖွဲ့မှ လွှဲပြောင်းရယူမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၌လည်း မြို့နယ်ခြောက်မြို့နယ်တွင် မီဒီယာကော်နာဆိုင်များကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အထင်ကရနေရာများ၌ မီဒီယာကော်နာဆိုင်များကို ဖွင့်လှစ်ခဲ့ရာ ယခုအခါ ဆိုင်ပေါင်း ၁၆ ဆိုင်ကို ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။

မီဒီယာကော်နာဆိုင်များရောက်ရှိလာသည့်အတွက် လမ်းဘေးဆိုင်များသို့ အကျိုးသက်ရောက်မှု အများကြီးမရှိကြောင်း၊ ရောင်းချသည့် ပုံစံမှာ လည်း တူညီမှုမရှိကြောင်း၊ ဈေးတန်းတူသာ ရောင်းခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် မီဒီယာကော်နာဆိုင်များသည် စာနယ်ဇင်းများ၏ လိုအပ်ချက်တစ်ခု အနေဖြင့်သာ ဖြည့်စွက်ခြင်းဖြစ်ကြောင်း စာပေတိုက်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယင်း မီဒီယာကော်နာဆိုင်များကို ထပ်မံ၍ မြို့ကြီးခြောက်မြို့နယ်တွင် ထပ်မံဖွင့်လှစ်မည်ဖြစ်သည့်အတွက် ဖွင့်လှစ်ရန် လျှောက်ထားလိုသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

(ရန်ကုန်တိုင်းမ်၊ အတွဲ-၇၊ အမှတ်-၂၀ ပါ “မီဒီယာကော်နာများ နေပြည်တော်၊ မန္တလေး အပါအဝင် မြို့ကြီးလေးမြို့၌ တိုးချဲ့ သွားမည်”  သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NDF မှ ဦးသိန်းညွန့်အား ထုတ်ပယ်ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတည်ပြု

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်လိုက်သည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန့်ညွန့်အား တစ်သီးပုဂ္ဂလ အမတ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ  သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန့်ညွန့်အား အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ မှ ထုတ်ပယ်လိုက်သည့် ကိစ္စရပ် အား မေလ ၃၁ရက်နေ့တွင် စာအမှတ် ၁၉/ပသ/ကမရ ဖြင့်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လက်မှတ်ရေးထိုး အတည်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးသိန်းညွန့်ကို ပါတီ ဒုခေါင်းဆောင်အဖြစ်ကရော ပါတီဝင်အဖြစ်ကပါ ရပ်စဲထုတ်ပယ်ပြီးဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားပြီး ဦးသိန်းညွန့်ကလည်း ၎င်းကို မတရားထုတ်ပယ်ခြင်းဖြစ်ကြောင်း ကော်မရှင်သို့ တိုင်တန်းခဲ့သည်။

တိုင်တန်းမှုများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ကို ကော်မတီဖွဲ့စုံစမ်းစစ်ဆေးရန် တာဝန်ပေးရာ ရန်ကုန်တိုင်းကော်မရှင်က ကော်မတီဖွဲ့ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တာဝန်ရှိသူတွေရော ဦးသိန်းညွန့်အပါအဝင် သက်သေများကို ခေါ်ယူမေးမြန်းခဲ့ပြီး မေးမြန်းချက်များအရ အမျိုးသားဒီမိုကရေစီအင်အားစုက စည်းမျဉ်းစည်းကမ်းနဲ့အညီ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည့်အတွက် ဦးသိန်းညွန့်အား အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် မပတ်သက်တော့သည့် တစ်သီးပုဂ္ဂလအမတ်တစ်ဦးအဖြစ် ကော်မရှင်က အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံရေးကို စိတ်ဝင်စားပြီး လေ့လာနေတဲ့ ကျွန်တော့်အတွက် ဦးသိန်းညွန့်ကို NDF ကနေ ထုတ်ပယ်လိုက်တဲ့အတွက် ကောင်းတဲ့ဆုံးဖြတ်ချက် ကို ကော်မရှင်က ချပေးလိုက်တာလို့ တကယ်ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီပုဂ္ဂိုလ်က မီဒီယာတွေပေါ်မှာ ပြောနေတဲ့ကိစ္စတွေက တကယ့် စိတ်ပျက်ဖွယ် တွေပဲ။ ကျွန်တော်တို့လို နိုင်ငံရေး စိတ်ဝင်စားတက်ကြွတဲ့ လူငယ်တော်တ်ာများများက သူတို့လို လူကြီးတွေလိုကို လိုက်ကြည့်နေတာဗျ။ ဟိုတလောဆိုဗျာ ဆွေငြိမ်းပါတီနဲ့ သင်္ကန်းကျွန်းNDF နှစ်ခြမ်းကွဲသွားပြီတို့ ဘာတို့ဗျာ သူပြောနေတာ အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတာဗျာ ။ တကယ့် စိတ်ပျက်ဖွယ်ရာ နိုင်ငံရေးမြင်ကွင်းပဲ။ ဘာလို့လဲဆိုတော့ သူသုံးနှုန်းတာတွေကို ဖတ်ကြည့်ရင် အရင်နှစ်ခြမ်းကွဲ မြန်မာ့နိုင်ငံရေး ဇာတ်လမ်းအဟောင်းလိုပဲဗျာ။ သူက မီဒီယာ ပေါ်က လူသားလည်း ဖြစ်ချင်ပုံပေါ်တယ်ဗျ။ သူပြောနေတာတွေကို အားတက်သရော ရေးပေးတဲ့ မီဒီယာတွေကို ခင်ဗျားသေချာကြည့်ရင် အဲ့ဒီလူတွေ ဘာလိုချင်တာလဲဆိုတာ သိလိမ့်မယ်။ ဒီလူကြီးက ဒါတွေ သဘောမပေါက်ဘူး။ ဘေးလွယ်အိတ်ကြီးလွယ်၊ ရပ်ကွက်ထဲ ရေရအောင် ဆင်းလုပ်နေတာကို သူ့ အလုပ်ထင်၊ လွှတ်တော်အမတ်တယောက် ဘာလုပ်ရတယ်ဆိုတာ သူတကယ့်ကို သိပုံမပေါ်ဘူး။ ကျွန်တော်တော့ သူ့ကို ထုတ်ပစ်လိုက်တာ တကယ့်ကို ကျေနပ်တယ်”ဟု နိုင်ငံရေးလေ့လာနေသူ လူငယ်တစ်ဦးက ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိကြသည့် ဒီမိုကရေစီ အင်အားစုပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များအနက် ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်တို့ နှစ်ဦးကိုသာ အမှတ်(၂) စက်မှု ဝန်ကြီးဌာနထုတ် ချယ်ရီဝယ်ဂွန်(ခေါ်) မြန်မာမီနီဆလွန်းကား ဝယ်ယူရန် လျှောက်ထားခြင်း မရှိသော်လည်း ရောင်းချပေးခဲ့သည့် ကိစ္စကလည်း လွှတ်တော်အမတ်များအတွင်း ပြောစရာဖြစ်နေသည့် ကိစ္စတစ်ရပ်ဖြစ်နေသည်။

 Moe Z

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲကို အကန့်အသတ်ဖြင့်ဝင်မည့်  ဒီငြိမ်းပါတီ

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စဉ်းစားထားသည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

အတိအကျ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယတိပြတ် ဆုံးဖြတ်ထားခြင်းမျိုး မရှိသေးကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာပါက ဒီမိုကရေစီ အင် အားစု မိတ်ဆွေပါတီများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နေရာအနည်းငယ်ပဲ ပြိုင်နိုင်တယ်ဆိုတာ ငွေရေးကြေးရေးနဲ့လည်း ဆိုင်တယ်။ ကျွန်တော်တို့က နဂိုကတည်းက အကန့်အသတ်  နဲ့ လုပ်ဆောင် တာပါ။ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ရအောင် ပါတီထောင်ပြီး စတိဝင်ပြိုင်ခဲ့တာပါ။ အဲဒီအမြင်က အခုထိ မပြောင်းလဲသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် ဝန်ကြီးချုပ်ဟောင်း ဦးနုတည်ထောင်ခဲ့သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်ကို ပါတီအမည် ပြောင်း လဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပညာရေးကဏ္ဍမှာ Resource Persons တွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးပိုင်းတွေ မြင့်ဖို့လိုပါတယ်။ ပြီးတော့ မူဝါဒပိုင်းဆိုင်ရာ ချမှတ်မယ့် သူတွေဘက်ကလည်း အရေးပါပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ ပညာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတွေ ခဏခဏ ပြောင်းလဲ တာဝန်ထမ်းဆောင်လေ့ မရှိဘူး။ နှစ်ရှည်တာဝန် ထမ်းဆောင်ကြတာ တွေ့ရတယ်။ ကဏ္ဍတစ်ခုဖွံ့ဖြိုးဖို့ ဒီအချက်တွေကလည်း အရေးပါလှပါတယ်။ မူဝါဒချမှတ်မယ့်သူအနေနဲ့ အပြောထက် အလုပ်များများ လုပ်ပြမှသာ ပညာရေးသာမက ကဏ္ဍစုံမှာ တိုးတက်လာမှာပါ"

ဇွန် ၃ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၉) တွင်ပါသည့် ဗဟိုသမဝါယမကောလိပ်၏ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့် (စွန့်ဦးတီတွင်)နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လောလောဆယ်မှာ ရန်ကုန်မြို့အတွက်အလှည့်ကျမီးပေးစနစ်ကို စတင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အခုအချိန်အထိ ပုံမှန်အတိုင်း ဆက်လက်မီးပေးဝေ နေပါတယ်။ စက်မှုဇုန်တွေကိုတော့ တစ်ရက်ကို နာရီ ၂၀ နှုန်းနဲ့ပဲ မီးဆက်လက် ပေးဝေသွားဖို့ ရှိပါတယ်"

ဇွန် ၃ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၉) တွင်ပါသည့် "ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့တွင် လျှပ်စီးမီး မကြာခဏပြတ် တောက်ခြင်းမှာ ဓာတ်အားပေးစက်ရုံအချို့ ချွတ်ယွင်းမှုကြောင့်ဟုသိရ" သတင်းမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"မြန်မာပြည်မှာ လွှတ်တော်ပေါ်လာတယ်။ နိုင်ငံတော်သမ္မတ ခေါင်းဆောင်တဲ့ အစိုးရသစ်တက်လာတယ်။ ဒီမိုကရေစီနိုင်ငံကို သွားမယ်လို့ အတိအလင်း ကြေညာတယ်။ ဖြေရှင်းတဲ့နည်းလမ်းမှာ ဒါနဲ့ပဲ မပြီးသေးဘူး။ တိုင်းရေးပြည်ရေးမှာ အရေးကြီးတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် တစ်မျိုးသားလုံး ပြည်လည် သင့်မြတ်ရေး တစ်မျိုးသားလုံး ရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်မှရမယ်။ အဲဒါမှသာလျှင် မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်ဖြောင့် တန်းတန်း ညီညီ ညွတ်ညွတ်သွားလို့ရမှာ။ သမိုင်းမှာ 'တရုတ်ဖြူဆန့်ကျင်ရေး ပြည်သူ့ လှုပ်ရှားမှု' အရေးတော်ပုံကြီး ဖြစ်ခဲ့တုန်းက ပြည်သူနဲ့ အစိုးရ ညီညွတ် တယ်။ ကိုယ့်တိုင်းပြည်ကို ကျူးကျော်တဲ့သူတွေကို ခုခံပေးတဲ့ တပ်မတော်ကို နောက်ကနေ တစ်ခဲနက် အားပေးကြတယ်။ အဲဒီလိုညီညွတ်မှုကြီးပေါ့။ တစ်ခု တည်းသော ပန်းတိုင်ကြီးကို အတူတူလက်တွဲပြီးသွားကြမယ်ဆိုရင် ညီ ညွတ်ရေး တည်ဆောက်ကြဖို့ အရေးကြီးဆုံးပဲလို့ ကျွန်တော်ပြောချင်ပါတယ်"

ဇွန် ၂ ထုတ် ပြည်သူ့ခေတ် အတွဲ(၁) အမှတ် (၄၅) တွင်ပါသည့် သတင်းစာဆရာ မောင်ဝသံနှင့် အင်တာဗျူး ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အမှန်တော့ ဒါတွေကို ဖွင့်ပေးရမှာဗျ။ တချို့ကုန်တွေက စစ်ဆေးဖို့မလိုသလို တချို့စစ်ဆေးရေးဂိတ်တွေကလည်း မလိုအပ်တော့ဘူး။ ကုန်စည် စီးဆင်း တာမြန်ဆန်ဖို့ စစ်ဆေးရေးဂိတ်တွေမှာ အချိန်မကြာဖို့တော့ လိုတာပေါ့။ နယ်စပ်ကုန်သွယ် ရေးဆိုတာ သူများနဲ့ တစ်တန်းတည်ဖြစ်မှာပေါ့"

ဇွန် ၃ ထုတ် The Myanmar Times အတွဲ(၂၆) အမှတ်(၅၂၀) တွင်ပါသည့် "နယ်စပ်ကုန်သွယ်ရေး ပိုဖွံ့ဖြိုးဖို့ ကြန့်ကြာမှု နည်းဖို့လို" သတင်းမှ မူဆယ်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မက်ကိန်း လာရောက်မှုက ဘာထူးခြားစေခဲ့သလဲ

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခဲ့ပြီး မြန်မာအစိုးရဘက်မှ လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊ ဒုတိယသမ္မတ  သီဟသူရဦးတင်အောင်မြင့်ဦး၊ လွှတ်တော်နာယက ဦးခင်အောင်မြင့်တို့နှင့်တွေ့ဆုံခဲ့ပြီး၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်၊ လွှတ်တော်တွင်းမှ နိုင်ငံရေး အင်အားစုများ၊ အခြား အင်အားစုများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံအပေါ် အထူးသဖြင့် ယခင်စစ်အစိုးရနှင့် ပတ်သက်၍ သဘောထားတင်းမာသူအဖြစ် နာမည်ကြီးပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အိုဘားမားနှင့် ယှဉ်ပြိုင်စဉ်က မြန်မာနိုင်ငံအပေါ်တွင် ပြင်းထန်စွာ ကိုင်တွယ်မည်ဟု ပြောကြားခဲ့ဖူးသူဖြစ်ရာ ယခုကဲ့သို့ လာ ရောက်မှုက အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ယူဆသူတို့က ယူဆကြသည်။

သို့သော် မက်ကိန်းလာရောက်မှုက မြန်မာ့ဒီမိုကရေစီရေးအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောစေခဲ့ပြီး  ဗီယက်နမ် စစ်ပြန်ကြီးသည် လူကြီးလူ ကောင်းဆန်စွာပင် ချဉ်းကပ်သွားခဲ့သည်။ အကဲဆတ်မခံသော ဘားမားနှင့် မြန်မာဟူသော ဝေါဟာရများကို မသုံးဘဲ ဒီနိုင်ငံ၊ ဒီနေရာဟုသာ သုံးနှုန်းသွား ခဲ့ပြီး မြန်မာအစိုးရပိုင်းနှင့် ပြောဆိုရာတွင်လည်း အကူအညီပေးရေးနှင့် မြန်မာအစိုးရဘက်မှ ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ပြောကြားသွား ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းနှင့် တွေ့ဆုံအပြီးတွင် မက်ကိန်းက မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များ အမေရိကန်လွှတ်တော်သို့ လာ ရောက်လေ့လာလည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ဦးသူရရွှေမန်းကလည်း ဗိုလ်ချုပ်ကြီးဟောင်းထက် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်နေရာမှ ပြောကြားသွား ခဲ့ပြီး ဂျွန်မက်ကိန်းကို တင်းမာစွာ ဆက်ဆံခြင်းမပြုသကဲ့သို့ အားကိုး အားထားပြုသည့်ပုံလည်းမပြဘဲ မိမိထံလာသောဧည့်သည်ကို  ပျူငှာစွာ ဆက်ဆံသည့် ပုံစံသာ ရှိခဲ့သည်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီး၏ အတွေ့အကြုံများကို သင်ယူရန်ရှိပါကြောင်း ပြောကြားခဲ့ခြင်းက အမေရိကန်လွှတ်တော်သို့ လာ ရောက်လည်ပတ်ရန် ဖိတ်ကြားချက်နှင့်နှင့် မြန်မာအစိုးရသည် အမေရိကန်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရရှိရန် လိုလားကြောင်း မှတ်ချက်ပြုမှုကို ရရှိခဲ့သည်။ မက်ကိန်း၏ ခရီးစဉ်တွင်  ၎င်းသဘောအကျဆုံးသူမှာ ဦးသူရ ရွှေမန်းပင် ဖြစ်ပေလိမ့်မည်။

ICRC အနေဖြင့် အကျဉ်းထောင်များသို့ လွတ်လပ်စွာသွားလာခွင့်အတွက် မြန်မာအစိုးရဘက်မှ စဉ်းစားပေးမည့် ကတိကဝတ်များ ရရှိခဲ့သည်။ ထို့ အပြင် အားလုံးစိုးရိမ်မကင်းဖြစ်နေကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်တွင် တိုင်းပြည်ဆူပူမှု တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ပါက လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း မြန်မာဒုသမ္မတက ပြောကြားခဲ့သည်။

မက်ကိန်းအနေဖြင့် အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း တင်ပြသွားမည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ရေးအတွက်လည်း ဖြစ်နိုင်သည့်ဘက်မှ အကူအညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ထိ တွေ့ဆက်ဆံရန် စကားလုံးများထက်ပိုမိုသက်သေပြသွားရန် လိုအပ်ကြောင်းလဲ ထောက်ပြခဲ့သည်။

မြန်မာအစိုးရကို နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ကိစ္စနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာ ရေးကဏ္ဍများနှင့် ကောင်းမွန်သော အုပ်ချုပ်မှုတို့အတွက် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားကိစ္စရပ်များသည် မြန်မာနိုင်ငံအပေါ်တွင် အမေရိကန်ပြည်ထောင်စုမှ ချမှတ်ထားသော ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အထူးအရေးကြီးကြောင်း၊ အလွတ်သဘော ပြောဆိုအပြီးတွင် တရားဝင် စာထုတ်၍ မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးပြောင်းလဲမှုကို ပြုလုပ်ရန် ခိုင်မာစွာဆုံးဖြတ်ပြီးပါက အမေရိကန် ပြည်ထောင် စုအနေဖြင့် မိတ်ဆွေကောင်းဖြစ်နိုင်ကြောင်းလဲပြောကြားခဲ့သည်။

သို့ရာတွင် စစ်ပြန်ကြီးသည် အမေရိကန်စကားပုံကဲ့သို့ စကားပြောကောင်းပြီး တုတ်ကြီးကြီးလဲ ကိုင်ထားသူ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေးအတွက် အမေရိကန်၏ အကူအညီပေးနိုင်မှုကို ဆွေးနွေးသွားသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် အပြောင်းအလဲကို မစတင်လျှင် အာရပ်ကမ္ဘာကဲ့သို့ လူထုအုံကြွမှုကြီးများနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း စစ်ပြန်ကြီးက သတိပေးပြောကြားခဲ့သည်။

ခြုံငုံ၍ ဆိုရလျှင် ဂျိုးဇက်ယွန်းလာရောက်မှုသည် အမေရိကန်အစိုးရကို ကိုယ်စားပြု၍ မက်ကိန်း လာရောက်မှုသည် အမေရိကန်လွှတ်တော်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ်တွင်ထားရှိသော သဘောထားကို သမ္မတ တစ်ဦးတည်းဖြင့် လုပ်ဆောင်၍မရ၊ လွှတ်တော်၏ သဘောတူ ညီမှုပါမှသာ မြန်မာနိုင်ငံကို ချမှတ်ထားသည့် ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်သည်ဖြစ်ရာ မက်ကိန်းလာရောက်မှုက ပိုမိုအရေးပါသည်ဟု မှတ်ယူနိုင်သည်။ ကမ္ဘာ့ အသိုင်းအဝိုင်းသို့ မြန်မာနိုင်ငံကို ဆွဲခေါ်ရန် လက်ကမ်းသူရှိလာချိန်တွင် လက်လှမ်းရမည့်သူကလည်း အဆင်သင့်ဖြစ်နေရန်သာ လိုအပ်တော့သည်ဟု ဆိုရ မည်သာ ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs