Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁ဝ.၁ဝ.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. လွှတ်တော်ပါဝါလျော့နည်းလာမည်ကို စိုးရိမ်ကြောင်း ဦးဝင်းထိန် ပြောကြား
  2. တရားမဝင် ကားထုတ်လုပ်မှုကို အရေးယူနိုင်ရေး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့ အပြိုင်လုပ်ဆောင်
  3. ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတကြီး အိန္ဒိယမသွားခင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်နိုင်ကြောင်း လေ့လာသူများသုံးသပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. သုံးကမ္ဘာနှင့် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

လွှတ်တော်ပါဝါလျော့နည်းလာမည်ကို စိုးရိမ်ကြောင်း ဦးဝင်းထိန်ပြော

မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ သမ္မတကလွှတ်တော်ကို သဝဏ်လွှာပေးပို့ပြီးရပ်ခိုင်းလိုက်သည့်အတွက် လွှတ်တော်၌ လုပ်ဆောင်နိုင်မှုစွမ်းရည်ပါဝါ အားနည်းသွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဝင်းထိန်က ပြောကြားလိုက်သည်။

“အခုကတော့ ပြည်သူတွေကြိုက်တဲ့အရာမို့လို့ပေါ့ ပြည်သူတွေမကြိုက်တဲ့အရာဆို ဘယ့်နဲ့လုပ်မလဲ” ဟု ၎င်းက ပြောဆိုသည်။ သဝဏ်လွှာကို လွှတ်တော်နှင့် သမ္မတအပြန်အလှန်ပေးပို့ခွင့်ရှိပြီး လွှတ်တော်က မကြိုက်ပါက မဲခွဲဆုံးဖြတ်နိုင်ကြောင်း နိုင်ငံတကာဆက်ဆံရေးပညာရှင် တစ်ဦးက ဆို သည်။

ဝန်ကြီးဦးဇော်မင်းသည် မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားထားသည့်အတွက် ယခုပွဲတွင် လူဆိုးနေရာတွင် ပါဝင် သရုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရသစ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သမ္မတနှင့် လွှတ်တော်သည် အပြန်အလှန် နားလည်မှုဖြစ်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြစ်ဆုံကို သမ္မတမှ ဆောင်ရွက်ပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုကို လွှတ်တော်မှ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတ၏သဝဏ်လွှာသည် ပြည်သူလူထုအသံကိုနားထောင်ပြီး လုပ်ဆောင်ထားသည့်အတွက် အများစုက ကြိုဆိုကြသော်လည်း သမ္မတ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ လုပ်ဆောင်သွားမှုအပေါ် တချို့က စိုးရိမ်လျက်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။ သမ္မတသည် ပြည်သူလူထုအသံကို နားထောင်ရာတွင်လည်း အဆင့်တန်းခွဲခြားခြင်း မရှိဘဲ အလွှာစုံရှိ အသံများကို နားထောင်ပြီး ပညာရှင်များ၏ စကား ကိုသာ နားထောင်၍ မလုပ်ဆောင်သင့်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲ အမတ်လောင်းဖြစ်သူ ဒေါက်တာဖုန်းဝင်းက ပြောသည်။

                                                                                               Peace Press

--------------------------------------------------------------------------------------------------------------------------------

တရားမဝင် ကားထုတ်လုပ်မှုကို အရေးယူနိုင်ရေး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့ အပြိုင်လုပ်ဆောင်

နိုင်ငံတော်ဘဏ္ဍာအား လျော့နည်းစေသည့် တရားမဝင်ကားထုတ်လုပ်မှုများကို အရေးယူနိုင်ရန် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး အဆင့်တို့ အပြိုင်အဆိုင် ဆောင်ရွက်နေကြောင်း သိရသည်။

အမှတ်(၁)နှင့်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တရားမဝင် ကားထုတ်လုပ်မှုများရှိသည့် စက်မှုဇုန်များကို စစ်ဆေးရန် ညွှန်ကြား ခဲ့ပြီး နောက်တွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားထုတ်လုပ်သည့် စက်ရုံ များကို ဝင်ရောက် စစ်ဆေးရန် ပြီးခဲ့သည့် ကက်ဘိနက်အစည်းအဝေးက ညွှန်ကြားလိုက်သည်။

ယင်းစစ်ဆေးမှုများကို တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ ဦးဆောင်မည်ဖြစ်ကာ Working Group များ ဖွဲ့စည်း၍ စစ်ဆေး ရမည် ဖြစ်ကြောင်းသိရပြီး ယင်းအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံရပ်မိ၊ ရပ်ဖများ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။

“ရှောင်တခင် ဝင်စစ်ဆေးရမှာဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်တယ်ဆိုတာ ပိုပြနိုင်မှာပါ”ဟု တိုင်းဒေသကြီး ရုံးမှ အကြီးတန်းအရာရှိတစ်ဦး က ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္က လာနှင့် မင်္ဂလာဒုံမြို့နယ်များတွင် တည်ရှိသော စက်မူဇုန်အားလုံးအား ရှောင်တခင် ဝင် ရောက်စစ်ဆေးမည်ဖြစ်ကာ၊ ဒေသခံအုပ်ချုပ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူများကို ကြိုတင် အကြောင်းကြားမည် မဟုတ်ကြောင်း ယင်းသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ စက်မှုဇုန်များရှိ ကားထုတ်လုပ်သည့် စက်မှုဇုန်များကို ဝင်ရောက်စစ်ဆေးခြင်းကိစ္စရပ်အား ဆောင်ရွက်ရန် အမှတ်(၁)နှင့်(၂) စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသည်မှာ စက်တင်ဘာ ပထမပတ်ကတည်းက ဖြစ်ကြောင်း ယင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တိုင်းဒေသကြီးတွေ မလုပ်ခင်ကတည်းက ကျွန်တော်တို့ဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့် လုပ်နေတာ ရှိပါတယ်။ အဓိက ပစ်မှတ်က ရန်ကုန် နဲ့ မန္တလေးက စက်မှုဇုန် ၁၈ ခုပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အစိုးရသစ်ပြောင်းလဲပြီးသည့် နောက်ပိုင်းတွင် ပြည်တွင်းရှိ စက်မှုဇုန်များမှ တရားမဝင် ကားထုတ်လုပ်မှုများနှင့် အမည်ခံကားရောင်းချမှုများကို စစ်ဆေးကာ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း၊ လက်ရှိတွင် အမှတ် (၁) နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ အိမ်စီးကားများကို ထုတ်လုပ်ရောင်းချ ပေးလျက် ရှိသည်။

KS

--------------------------------------------------------------------------------------------------------------------

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်

ပြည်ပမှ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများအရေအတွက်သည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ် ကြောင်း သိရှိရသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းအရေအတွက်မှာ အခြား ပြည်နယ်နှင့် တိုင်း ဒေသကြီးများထက် လုပ်ငန်းအရေအတွက် များပြား သော်လည်း ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ လျော့နည်းနေသေး ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၂၄၂၀. ၂၇ သန်း ရှိသော်လည်း၊ ကချင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုသာ ရှိပြီး၊ ရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ  ၈၂၆၄. ၈၂ သန်း ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုလုပ်ငန်း စုစုပေါင်း ၂၇၀ ကျော်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံကျော် ရှိကြောင်း သိရ သည်။

ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်း၊ လူနေအဆောက်အအုံ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းစသော လုပ်ငန်း အမျိုး အစား ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံထားကြသည်။

ပြည်တွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

Ref : ENVOY

----------------------------------------------------------------------------------------------------------------------

က္ပုဏီဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေး

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ကုမ္ပဏီလုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အချို့ကုမ္ပဏီများအနေဖြင့် လာရောက်မှတ်ပုံတင်စဉ် ဖော်ပြပါရှိသောလိပ်စာ၌ ဖွင့်လှစ် နေထိုင်မှု မရှိခြင်း၊ ဒါရိုက်တာ များ လိပ်စာအတည်မဖြစ်ခြင်း၊ လိုအပ်သည့် စာရွက်စာတမ်း တင်ပြနိုင်မှု မရှိခြင်း စသည် တို့ကို စိစစ်တွေ့ရှိသဖြင့် အဆိုပါ ကုမ္ပဏီများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ် (၃၂) နေပြည်တော်သို့ အောက်တိုဘာ ၁၁ ရက်မှစ၍ တစ်လအတွင်း လာရောက် ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ရက် ကျော်လွန်ပါက ထုတ်ပေးထားသော ကုမ္ပဏီ မှတ်ပုံတင်ဖွဲ့စည်းခွင့် လက်မှတ်(ယာယီ)နှင့် ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုး လက်မှတ်(ယာယီ)တို့အား ကုမ္ပဏီများ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းမှတ်ပုံတင်ကြေးနှင့် သက်တမ်းတိုး ကြေး တို့အား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။

အချက်အလက် မပြည့်စုံသော ကုမ္ပဏီများမှာ နေပြည်တော်၌ ခြောက်ခု၊ ရန်ကုန်တိုင်းဒေသကြီး၌ ၁၄၁ ခု၊ မန္တလေးတိုင်းဒေသကြီး၌ ၁၅ ခု၊ ဧရာဝတီတိုင်းဒေသကြီး၌ တစ်ခု၊ ကချင်ပြည်နယ်၌ တစ်ခု၊ ကယားပြည်နယ်၌ တစ်ခု၊ ကရင်ပြည်နယ်၌ တစ်ခု၊ မွန်ပြည်နယ်၌ တစ်ခုနှင့် ရှမ်းပြည်နယ်၌ ရှစ်ခုတို့ ဖြစ်ပြီး ကုမ္ပဏီစာရင်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ထုတ်ပြန် ကြေညာထားကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတကြီး အိန္ဒိယမသွားခင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်နိုင်ကြောင်း လေ့လာသူများသုံးသပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယင်း၏သက်တမ်းအတွင်း ပထမဆုံးခရီးစဉ်ဖြစ်သည့် အိန္ဒိယနိုင်ငံသို့ အလည် အပတ်ခရီးမသွားမီ ပြည်သူ့ လွှတ်တော်မှ အဆိုတင်သွင်းထားပြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံချက် ပေးထားသည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြု ပေးဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ကြာမြင့်မည့် ယင်းခရီးစဉ်သည် အစိုးရသစ်၏ နိုင်ငံတကာနှင့် သက်ဆိုင်သည့် မဟာဗျုဟာ လမ်းစဉ်များကို စတင် အကောင်အထည် ဖော်ဆောင်မည့် ခရီးစဉ်ဖြစ်နိုင်ပြီး ယင်းခရီးစဉ်မတိုင်မီ နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိရန် လွှတ်ငြိမ်း ချမ်းသာခွင့် ကိစ္စကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်တွင်းနိုင်ငံရေး ပါတီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက ကာလုံကလည်း ဒီကိစ္စကို ထောက်ခံချက်ပေးပြီဆိုတော့ သမ္မတကြီးအပေါ်မှာ မူတည်နေတယ်။ သမ္မတကြီးသာ ဒီကိစ္စကို မြန်မြန် မလုပ်ရင် သူတည်ဆောက်ထားတဲ့ နိုင်ငံတကာနဲ့ ပြည်သူရဲ့ ယုံကြည်မှုကို လျော့ပါးစေနိုင် တယ်”ဟု ဆိုသည်။

ပထမဆုံးနိုင်ငံခြားခရီးစဉ် မထွက်ခွာမီ လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ပေးသင့်ကြောင်း ယင်းမှသာ နိုင်ငံတကာ၏ ထောက်ခံမှုနှင့် ပြုပြင် ပြောင်းလဲရေးအတွက် အားပေးကူညီမှုကို ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင် ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့က ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် တဆင့်ပြီးတဆင့်ဖြစ်နိုင်တယ်”ဟု သမ္မတ အကြံပေးတစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံ တစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိပြီး ယင်းအကျဉ်းသား စာရင်းသည် တိကျမှုမရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

KS

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နုတ်ချက်များ

ရက်ပိုင်းအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E Mr.Espen Barth Eide  နှင့် အောက်တို ဘာ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် တွေ့ဆုံစဉ် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ် ရှိ/မရှိအား မေးမြန်းရာ သူရဦးရွှေမန်းက ရက်ပိုင်းအတွင်း လွှတ်ပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အောက်တိုဘာ ၁၁ ထုတ် True News အတွဲ (၄) အမှတ် (၃) တွင်ပါသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ရက်ပိုင်း အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု သူရဦးရွှေမန်းပြောဆို” သတင်းမှ ကောက်နုတ်ချက်

----------------------------------------------------------------------------------------------------------------------

“Multi Level Marketing ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ အမေရိကန်ကစတာပေါ့။ တစ်ဆင့်ပြန်ယူပြီး ရောင်း ချတဲ့သူ တွေနဲ့ မသမာသူတွေရဲ့ အမြတ် ကြီးစားမှုကြောင့် ဈေးနှုန်းက အဆမတန်မြင့်တက်တာတွေဖြစ်နိုင်ပါ တယ်။ သူတို့အနေနဲ့ ကလည်း ဆေးဝါးရဲ့ အကျိုးအာနိသင် ကောင်းတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ဈေးကစားကောင်း ကစားနိုင်ပါတယ်။ ဒီ ဈေးကွက်က စနစ်တကျကိုင်တွယ် လုပ်ဆောင်မယ်ဆိုရင် ကောင်းပါတယ်။ ကုမ္ပဏီအနေနဲ့ မရိုးမသားနဲ့ စီမံခန့်ခွဲမှု ကလည်း ညံ့ဖျင်းမှုမျိုးလည်း မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ကလည်း ကြီးကြပ်မှုမှန်ကန်ရပါမယ်။ ဆေးဝါးသုံးစွဲချင်တဲ့ သူတွေ အနေနဲ့ကလည်း ကိုယ့်ကိုလာရောင်းတိုင်း မဝယ်မိစေဖို့နဲ့ အာမခံချက်ရှိတဲ့ ကုမ္ပဏီကြီးတွေဆီကပဲ ဝယ်ယူသင့်ပါတယ်။ Multi Level Marketing နဲ့ ရောင်းချမယ်ဆိုရင်တော့ ဆေးဝါးဆိုရင် နိုင်ငံအလိုက်သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင်ပြီးမှ ရောင်းချခွင့်ရှိပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ထားတဲ့ ဆေးဝါးကို အကြောင်းပြပြီး တစ်ခြားစီက တရားမဝင်တဲ့ ဆေးတွေကို ရောက်ပြီးတော့ မရောင်းသင့်ပါဘူး”

အောက်တိုဘာ ၁၂ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂) တွင်ပါသည့် “ကွန်ရက်စနစ်ဖြင့် ဈေးကွက် ဖြန့်ချိခြင်း စနစ် အသုံးပြုခဲ့သည့် အမည်ပျက်စာရင်းဝင် သိမ်းငှက်ကမ္ဘာကုမ္ပဏီအား တရားရုံးအမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်း” သတင်းမှ မြန်မာ နိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူး သူ ဒေါက်တာ မောင်မောင်လေး၏ ပြောကြားချက် အပေါ် ကောက်နုတ်ချက်

-------------------------------------------------------------------------------------------------------------------

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာပါ။ မက်ခရိုအဆင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ငွေကြေးနဲ့ ဘဏ္ဍာရေးမူဝါဒက အရေးကြီးပါတယ်။ ဒါကြောင့် ငွေကြေးမူဝါဒကို ဗဟိုဘဏ်ကလွတ်လပ်စွာ တစ်ဖက်က ကိုင်တွယ်ပြီး ဘဏ္ဍာရေးမူဝါဒကို ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက် နေပါတယ်”

အောက်တိုဘာ ၁၂ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂) တွင်ပါသည့် “မြန်မာနိုင်ငံ၏ ငွေကြေး မူဝါဒကို ဗဟိုဘဏ်မှ လွတ်လပ်စွာ ကိုင်တွယ်ရန်ပြင်ဆင်နေ” သတင်းမှ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နုတ်ချက်

-------------------------------------------------------------------------------------------------------------------

မေး- တချို့ စိုးရိမ်မှုတွေရှိနေပါတယ်။ သမ္မတက ပြည်သူ့ရဲ့အရေးကို ထည့်တွက်စဉ်းစားလာတယ်။ ဒီမိုကရေစီမှာ ဘယ်သူ မဆိုလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတော့ ဆန္ဒပြမှုတွေလဲ ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီအတွက်ကိုရော ဆရာဘယ်လို ထင်မြင်ချက်ပေးပြီး ပြောဆိုလိုပါသလဲ။

ဖြေ- လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်ဆိုပေမယ့် အများကိုတော့ ကိုယ်စားပြုရလိမ့်မယ်။ ကိုယ်အလုပ် မလုပ်ဘဲ ကိုယ့်အိမ်က ဆန်အိုးထဲ ဆန်မရှိတာမျိုးအတွက်တော့ မဖြစ်သင့်ဘူးပေါ့။ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်။ ဒါပေမဲ့ စည်းကမ်းနဲ့ စနစ်ဘောင်ထဲကဖြစ်သင့်တယ်။ အများကို ကိုယ်စားပြုတဲ့ ကိစ္စမျိုး၊ အမျိုးသားအဆင့် ဒါမှမဟုတ် လူ့အဖွဲ့အစည်းနဲ့ ဆိုင် တာမျိုး အဆင့်ကိုတော့ သမ္မတအဆင့်က ဆောင်ရွက်ပေးမှာပေါ့။ ဌာနဆိုင်ရာအဆင့် ရပ်ကွက်၊ မြို့နယ်အဆင့် ဆိုရင် တော့လဲ သူ့အဆင့်ဆင့်က ဖြည့်ဆည်းသွားနိုင်ကြပါလိမ့်မယ်။ လွှတ်တော်တွေက တစ်ဆင့်လဲ ဆန္ဒထုတ်ဖော်ခွင့် ရှိနေကြ ပါပြီ။

အောက်တိုဘာ ၁၁ ထုတ် The Flower News အတွဲ (၇) အမှတ် (၃၉) တွင်ပါသည့် “နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံ ပေး(အဖွဲ့ဝင်) ဒေါက်တာနေဇင်လတ်နှင့် အင်တာဗျူး” ကောက်နုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သုံးကမ္ဘာနှင့် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ

(ဘုန်းထက်ဝင်း)

မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ်လည်းကောင်း၊ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း နေသည့် နိုင်ငံတစ်ခုအဖြစ်လည်းကောင်းရှုမြင်ကြသည်ကို နိုင်ငံတကာ မီဒီယာ အသိုင်းအဝိုင်း၏ တင်ပြချက်များအရသိရသည်။ ကိုလိုနီအုပ်ချုပ်ရေးစနစ်မှ လွတ်လပ်ကာစ ကာလတုန်းက မြန်မာနိုင်ငံ သည် အာရှတိုက်တွင် ဖွံ့ဖြိုးတိုးတက်မှုရှိရန် အလားအလာအကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။ သို့သော် ပြည်တွင်း စစ်ဒဏ်ကို အလူးအလိမ့် ခံခဲ့ရသည့်အတွက်ကြောင့် ဖွံ့ဖြိုးရေးသစ်ပင်မှာ ဆက်လက် ရှင်သန်မှုမရှိခဲ့ပေ။ သို့နှင့် စစ်တပ် အာဏာသိမ်းအပြီး တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ ထိုနောက် တစ်ပါတီအာဏာပိုင်စနစ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးစီမံခန့်ခွဲမှု အမှားများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားခဲ့လေသည်။ ၁၉၉၀ နောက်ပိုင်း အခြေခံအဆောက်အအုံ (စီးပွားရေး) ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သော်လည်း အပေါ်ထပ်အဆောက်အအုံဖြစ်သော နိုင်ငံရေးမှာ အာဏာပိုင်စနစ်ဖြစ်ခဲ့ခြင်း၊ ခေါင်းဆောင်ပိုင်း၏ အာဏာပါဝါ တိုက်ပွဲများ၊ အမြင်မတူညီမှုများကြောင့်  အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုကို မရရှိခဲ့ပါ။ ယခုအချိန်ထိတိုင် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေသော၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစားလျှောက်လှမ်း ဖြတ်သန်းရာဝယ် ကိုယ့်ရှေ့က ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများ(အထူးသဖြင့် အရှေ့အာရှနိုင်ငံများ)၏ ဖွံဖြိုးရေး အတွေ့အကြုံများမှာ အတုယူဖွယ် ကောင်းပါသည်။

၂၀ ရာစုမှစတင်၍ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် အာဏာပိုင် အုပ်ချုပ်ရေးစနစ်ဟူ၍  အုပ်ချုပ်ရေး စနစ် ၂ ရပ် ထွန်းကားလာ ခဲ့သည်။ အမေရိကန်၊ ဂရိတ်ဗြိတိန်တို့မှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စနစ်တကျ ကျင့်သုံး သောနိုင်ငံများ ဖြစ်လာပြီး စတာလင်ဝါဒီ ရုရှား၊ ဖက်ဆစ်ဝါဒီ အီတလီ၊ ဂျပန်နှင့် နာဇီဝါဒီ ဂျာမနီတို့မှာ အာဏာပိုင် အုပ်ချုပ်ရေးစနစ်များ ဖြစ်လာကြသည်။ သို့နှင့် ထိုအုပ်ချုပ်ရေးစနစ်မတူညီသည့် အုပ်စုနှစ်စု၏ အားပြိုင်မှုကြောင့် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တည်းဟူသော အနိဋ္ဌာရုံ စစ်ပွဲကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် မဟာမိတ်များအနိုင်ရပြီး၊ ဝင်ရိုးတန်းနိုင်ငံများ ရှုံးနိမ့်သွားသော်လည်း သဘောတရားရေး အယူအဆ မတူညီသည့် နိုင်ငံများနှင့် စုပေါင်းထားသည့် အုပ်စုကြီးသုံးခု ပေါ်ထွန်းလာပြီး စစ်အေးလှုပ်ရှားမှုအသွင်ဖြင့် အာဏာပါဝါ အရေးအတွက် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းအုပ်စုကြီးသုံးခုကို သုံးကမ္ဘာအယူအဆဖြင့် တင်ပြခဲ့သူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖခင်ကြီး တိန့်ရှောင်ဖိန် ဖြစ်ပါ သည်။ ယင်းသုံးကမ္ဘာမှာ အရင်းရှင်စနစ်ကျင့်သုံးသော နိုင်ငံများကို ပထမကမ္ဘာ၊ ကွန်မြူနစ် စနစ် ကျင့်သုံးသော နိုင်ငံများကို ဒုတိယကမ္ဘာနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို တတိယကမ္ဘာဟု အဓိပ္ပယ်ဖွင့်တင်စားခဲ့လေသည်။ ၎င်းသုံးကမ္ဘာကို စီးပွားရေးအရရော၊ နိင်ငံရေးနှင့် အယူဝါဒရေးရာအရရော၊ မဟာဗျူဟာ မြောက် မျက်နှာစာပေါင်းစုံဖြင့် ခွဲခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။  စက်မှုဖွံ့ဖြိုးမှုရှိသော အနောက်နိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်တွင် လူအများသည် လူနေမှု အဆင့်အတန်းလည်းမြင့်ကာ အလျှံပယ်ကြွယ်ဝသော လူ့အဖွဲ့အစည်းဖြစ်သောကြောင့် စီးပွားရေးအရခွဲခြားလျှင် “ပထမ” ဖြစ်လေသည်။ ၁၉၈၃ခုနှစ်တွင် ယင်း ပထမနိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါ သည်။ သို့သော် ယင်းနိုင်ငံ များ၏ စုစုပေါင်းထုတ်ကုန်မှာ ကမ္ဘာ့ GDP ၏ ၆၃ ရာခိုင်နှုန်းရှိလေသည်။

ဒုတိယအုပ်စုဝင် ကွန်မြူနစ်အုပ်ချုပ်ရေးစနစ် ကျင့်သုံးသောနိုင်ငံများမှာလည်း စက်မှုဖွံ့ဖြိုးမှုရှိပြီး ၎င်းတို့ ပြည်သူ များကို အခြေခံ ရုပ်ဝထ္တုပိုင်း လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ခဲ့လေသည်။ ယင်းနိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းရှိပြီး စုစုပေါင်းထုတ်ကုန်မှာ ကမ္ဘာ့ GDP ၏ ၃၅ ရာခိုင်နှုန်းရှိ လေသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများဖြစ်သော အာဖရိက၊ အာရှနှင့် လက်တင်အမေရိကန်တို့မှာ စီးပွားရေးအရ လွတ်လပ်မှု မရှိသည့်အပြင် ဆင်းရဲ မွဲတေမှုလည်း မြင့်မားသောနိုင်ငံများ ဖြစ်လေသည်။ ယင်းနိုင်ငံများမှာ ကမ္ဘာ့လူဦးရေ၏  ၅၂ ရာခိုင်နှုန်းရှိသော်လည်း ကမ္ဘာ့ GDP ၏ ၁၈ ရာခိုင်နှုန်းသာထုတ်လုပ်နိုင်ခြင်းရှိခဲ့လေသည်။

သို့သော် ၁၉၇၀ ခုနှစ်ကတည်းက အဆိုပါ သုံးကမ္ဘာအယူအဆမှာ မှန်ကန်မှုရှိတော့သည်မဟုတ်ပါ။ ရေနံဈေး ခုန်တက်မှုကြောင့် အရှေ့အလယ် ပိုင်းရေနံထုတ်လုပ်သည့် နိုင်ငံများသည် ယခင်ကထက်ပိုကြွယ်ဝလာခဲ့ပါသည်။ ထို့အပြင် အရှေ့အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် လက်တင်အမေရိကားမှ နိုင်ငံတချို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အသစ်ဖြစ်ထွန်းလာသော စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ ဖြစ်လာခဲ့ လေ သည်။ ကမ္ဘာကြီးမှာ လည်း ဆင်းရဲ၊ ချမ်းသာကွာဟမှု အတော်ပင် ကြီးမားလာခဲ့လေသည်။ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံများဆိုလျှင် ဆင်းရဲမှု အဆိုးရွားဆုံးနိုင်ငံများဖြစ်လာပြီး ကမ္ဘာ့ပေါ်တွင် ဖြစ်ပေါ်နေသော ပြဿနာအများစုမှာ အဆင်းရဲဆုံးနိုင်ငံများမှ သန္ဓေတည်ကာ ဖြစ်ပေါ်လာကြောင်း တွေ့ရှိခဲ့လေသည်။ အချို့ပညာရှင်များက ထိုနိုင်ငံများကို “စတုတ္ထကမ္ဘာနိုင်ငံများ” အဖြစ် တင်စားခေါ်ရသည်အထိ အဆင်းရဲဆုံး နိုင်ငံများ၏ မတည်ငြိမ်မှုများသည် ကမ္ဘာကြီးကို ခြိမ်းခြောက်လျက် ရှိနေပါသည်။

ယင်းအပြောင်းအလဲများတွင် အသစ်ဖြစ်ထွန်းလာသော စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့၏ ဖွံ့ဖြိုး တိုးတက်လာမှုကို စီးပွားရေးပညာရှင်များက အာရှအံ့တနန်းဟု တင်စား ခေါ်ဝေါ်ခဲ့ရ သည်အထိပင် ဖြစ်လေသည်။ အနောက်စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် လစ်ဘရယ် ဒီမိုကရေစီမှာ နိုင်ငံရေးလွတ်လပ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ခဲ့သည့်အတွက် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွား ရေးစနစ်သည်သာ တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးသည့် ရေခံမြေခံများဖြစ်ကြောင်း မှတ်ယူထားခဲ့ကြသည်။ သို့သော် အရှေ့အာရှနိုင်ငံများဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ တစ်မျိုးတစ်ဘာသာဖြစ်လေသည်။ အနောက်တိုင်းနိုင်ငံများလို စီးပွားရေးကို ဈေးကွက်က ဦးဆောင် သည်မဟုတ် အစိုးရ၏ ကမကထပြုမှုဖြင့် ဈေးကွက်ကိုတည်ဆောက်ကာ ဖွံ့ဖြိုးမှု အရယူခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် အနောက်တိုင်းနိုင်ငံများလို လူတစ်ဦးချင်းလွတ်လပ်ခွင့်၊ အခွင့်အရေးကို ကာကွယ် ပေးအပ်ခြင်း မဟုတ်ဘဲ အုပ်စုလိုက်လုပ်ဆောင်မှု၊ အကြီးအကဲပေါ်မှာ ရိုသေသိတတ်မှုအစရှိသည့် အာရှတန်ဖိုး (တနည်း ကွန်ဖြူးရှပ်အတွေးအခေါ်) ကိုသာ အလေးထား အကောင်အထည်ဖော်သည်ကို တွေ့ရလေသည်။ အနောက် တိုင်းဝေဖန် သူများ ကတော့ အာရှတန်ဖိုးနှင့် ယှဉ်သောအုပ်ချုပ်ရေးဆိုသည်မှာ အာဏာပိုင်စနစ်ပင် ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံဆိုလျှင် မျိုးဆက်တစ်ဆက်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အဖြစ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဖခင်ကြီး လီကွမ်ယု၏ စာအုပ်နာမည်နှင့်ဆိုရလျှင်မူ တတိယကမ္ဘာမှ ပထမ ကမ္ဘာသို့ တက်လာခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖွံ့ဖြိုးရေးပြိုင်ပွဲကြီးတွင် အကြိတ်အနယ်ယှဉ် ပြိုင်နေပြီ ဖြစ်လေသည်။ မြန်မာနိုင်ငံနှင့် အရပ်ရပ်အခြေအနေ မတိမ်းမယမ်းရှိခဲ့သော လာအို၊ ကမ္ဘာဒီယားနိုင်ငံ တို့သည်မှာလည်း ဖွံ့ဖြိုးရေး လမ်းကြောင်း ပေါ် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမည် ဖြစ်လေသည်။ အမျိုသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ကျွန်တော်တို့တွေ “ပြဲနေအောင်လုပ်ဖို့” လိုပါသည်။ သို့မှသာ အကြိမ်ကြိမ်အခါခါ သေသွားခဲ့ရသည့် ဖွံ့ဖြိုးရေးမျိုးစေ့ကို စနစ်တကျစိုက်ပျိုးကာ ရရှိလာမည့်အသီးအပွင့်ကိုလည်း ကျွန်တော်တို့ မခံစားရလျှင်တောင် နောင်လာ နောင်သား တို့  ခံစားနိုင်စေရန် မြန်မာတို့ အမျှော်အမြင်ကြီးကြီးထားရမည် အချိန်ဖြစ်ပါကြောင်း…………..။              

                                                                                                                                    Ref: Politics by Andrew Heywood

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs