Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံမည်

(Radio Australia News မှ 24 August 2011 ရက်စွဲပါ “UN Human right envoy to meet Suu Kyi in Burma” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပယ်ချ

(UPI သတင်းမှ 22 August 2011 ရက်စွဲပါ “Myanmar Rebels Reject Peace Call” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို ဗီယက်နမ်လှမ်းမျှော်

(Vietnam News မှ 23 August 2011 ရက်စွဲပါ “Vietnam eyes Myanmar opportunities” ကို ဘာသာပြန်ဆိုသည်)

  1. ဂျပန်တွင် လာမည့်အပတ်အစောပိုင်းတွင် ဝန်ကြီးချုပ်အသစ်တက်မည်

(23 August 2011 ရက်စွဲပါ AP ၏ “Official: Japan to Have new PM early next week” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးမှုကို အမေရိကန်ဆီနိတ်တာ ကြိုဆို

(The Hindu မှသတင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်နှင့် တရုတ် ဒုတိယသမ္မတနှစ်ဦး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

(CNN သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ကနေဒါ၏ အရေးယူ ပိတ်ဆို့မှု ခံရသော (၁၈) နိုင်ငံ

(19 August 2011 ရက်စွဲပါ CBC News မှ 18 Countries under Canadian sanctions ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************************************************

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံမည်

(Radio Australia News မှ 24 August 2011 ရက်စွဲပါ “UN Human right envoy to meet Suu Kyi in Burma” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအာဏာပိုင်များ၏ တစ်နှစ်ကျော်ကြာဟန့်တားမှုကို ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်ခွင့် ရခဲ့သော ကုလ သမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်သည် အင်္ဂါနေ့တွင် လွှတ်တော်သို့ တက်ရောက်လေ့လာကာ အစိုးရထိပ်ပိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ တွေ့ဆုံသူများထဲတွင် လွှတ်တော်ဥက္ကဋ္ဌများ လည်း ပါဝင်သည်ဟု သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေးကွင်တားနား (Tomas Ojea Quintana) သည် ဗုဒ္ဓဟူးနေ (ယနေ့)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်၌ မတွေ့ဆုံမီ နေပြည်တော်တွင် ၃ ရက်ကြာ နေထိုင်ခဲ့သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မစ္စတာကွင်တားနားသည် ယင်း၏ ၂၀၁၀ ဖေဖော်ဝါရီလက နောက်ဆုံးလာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ကျနေခဲ့ကာ ယခုအကြိမ်မှ ပထမဆုံးအကြိမ် သူမနှင့် တွေ့ဆုံခွင့်ရမည်ဖြစ်သည်။ ယင်းသို့ တွေ့ဆုံရမှုမှာ မြန်မာ အစိုးရက ယင်းတို့၏ နိုင်ငံတကာပုံရိပ်တိုးတက်ရေးကို သိသိသာသာ စိတ်ဝင်စားလာသောကြောင့်သာ ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကုလအထူးကိုယ်စားလှယ်သည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရန်ကုန်မြို့တော်သို့ ရောက်ရှိနေကာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသော အင်းစိန်အကျဉ်းထောင် သို့လည်း သွားရောက်ကြည့်ရှုမည်ဖြစ်သည်။

နေပြည်တော်တွင်ရှိနေစဉ်အတွင်း ကုလအထူးကိုယ်စားလှယ်သည် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့်လည်း တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

********************************************************************************

 မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပယ်ချ

(UPI သတင်းမှ 22 August 2011 ရက်စွဲပါ “Myanmar Rebels Reject Peace Call” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက သွေးခွဲ၍ အုပ်ချုပ်ခြင်းနည်းဗျူဟာအရ တစ်ဖွဲ့ချင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုတိုက်တွန်းလာခြင်းကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက ငြင်းပယ်လိုက်ခြင်းသည်ဟု ပြည်ပရောက် မြန်မာသတင်းစာတစ်စောင်က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရအာဘော် New Light of Myanmar သတင်းစာက “ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော လက်နက်ကိုင် အုပ်စုများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုသည် သံလွင်ခက် ကမ်းပေးခြင်း ဖြစ်ကြောင်း၊ အုပ်စုတစ်ဖွဲ့ချင်း၏ ခေါင်းဆောင်ပိုင်းအနေဖြင့် စေ့စပ်ဆွေးနွေးမှု စတင်ရန်အတွက် သက်ဆိုင်ရာပြည်နယ် အစိုးရများကို ဆက်သွယ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း” တိုက်တွန်းရေးသားထားသည်။

သို့သော်လည်း လက်နက်ကိုင်အုပ်စုများ စုစည်းဖွဲ့စည်းထားသည့် United Nationalities Federal Council (UNFC) ၏အဖွဲ့ဝင်များက စေ့စပ် ဆွေးနွေးမှုသည် UNFC နှင့် အစိုးရကြားတွင်သာ ပြုလုပ်ရမည်ဟု ပြောကြားကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြသည်။

“အစိုးရရဲ့ ကမ်းလှမ်းမှုက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ကိုသာ ကျွန်တော်တို့က လိုချင်တာပါ၊ ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ သီးခြား ဆွေးနွေးဖို့ အစိုးရက ကမ်းလှမ်းနေပါတယ်” ဟု KNU ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးစောလှငွေက ပြောကြားသည်။

ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့သော UNFC တွင် အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP စသော အုပ်စုများလည်း ပါဝင်ကြသည်။

KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ လနန်ကလည်း စေ့စပ်ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံး ပါဝင်ရမည်ဟု ပြောကြား သည်။

UNFC အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသော မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ဟံသာက “အုပ်စုလိုက် ဆွေးနွေးပွဲတွေကို သာ လက်ခံနိုင်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ အချိန်ကုန်လူပန်းရုံပဲ ရှိမှာပါ” ဟု မှတ်ချက်ပေးခဲ့သည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုအကြား နှစ်ပေါင်း ၂၀ နီးနီး အပစ်ရပ်သဘောတူထား မှုကြောင့် အချို့ဒေသ များ တွင် ဖွံ့ဖြိုးမှုအချို့ ရှိခဲ့သော်လည်း ယခုအခါ တစ်စတစ်စဖြင့် ပျက်ပြားလာကာ နယ်စပ်မြို့များ အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အစိုးရ၏ ယခုနောက်ဆုံး ကမ်းလှမ်းမှုသည် သူပုန်ခေါင်းဆောင် အများစု လက်မခံနိုင်သော်ငြားလည်း လက်နက်လက်ဝယ် ကိုင်ဆောင်ထားကြသည့် တိုင်းရင်းသားအုပ်စုများအပေါ်တွင် တစ်စိတ်တစ်ပိုင်း တည်မှီနေသည်။

“တကယ်လို့ အစိုးရက ကမ်းလှမ်းတဲ့အတိုင်းသာ လုပ်ရမယ်ဆိုရင် ကျွန်တော်တို့ လက်နက်ချရမှာပေါ့၊ ဒီကမ်းလှမ်းမှုကို ကျွန်တော်တို့ လက်မခံပါဘူး၊ ကျွန်တော်တို့ သွားရောက်ဆွေးနွေးမှာ မဟုတ်ပါဘူး” ဟု လုံးဝအပစ်ရပ်စဲ ထားခြင်းမရှိခဲ့သော ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောကြားသည်။

ဒေသခံ လက်နက်ကိုင်အုပ်စုများကို ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်သို့ သွပ်သွင်းရန် အစိုးရ၏ ယခုနောက်ဆုံး ကြိုးပမ်းမှုသည် နိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သံလွင်ခက်ကမ်းလှမ်းမှုနှင့်အတူ တစ်ပြိုက်နက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည ယခင်တပ်မတော် အစိုးရခေါင်းဆောင် တစ်ဦးဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် သောကြာနေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ပြီ ဖြစ်သည်။

သူမသည် နေပြည်တော် စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ အစိုးရဝန်ကြီးများနှင့် သူမပြုံးရွှင်စွာ နှုတ်ဆက် နေပုံများကို မြန်မာမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့အကြား ထိပ်ဆုံးအဆင့် တွေ့ဆုံမှုသည် သူမနှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးပြီး တစ်ပတ်ခန့်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ တွေ့ဆုံမှုများသည် တပ်မတော်နောက်ခံ အရပ်ဖက်အစိုးရက နိုင်ငံတကာအသိအမှတ်ပြု ခံရအောင် ကြိုးစားသည့် လုပ်ရပ် တစ်ခုသာ ဖြစ်သည်ဟု ဝေဖန်ဆန်းစစ်သူအချို့က မှတ်ချက်ပေးသည်။

ဦးသိန်းစိန်ခေါင်းဆောင်ကာ ရွေးကောက်ပွဲဝင်ခဲ့သော ကြံ့ခိုင်ရေးပါတီ USDP သည် အရပ်သားလုပ်ရန် ယူနီဖောင်း ချွတ်ခဲ့ကြသည့် တပ်မတော်အငြိမ်းစားများဖြင့် အဓိကပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်။ USDP က ရွေးကောက်ပွဲတွင် အများစု အနိုင်ရခဲ့ခြင်းကို ကြိုတင်မျှော်လင့် သိရှိ ထားခဲ့ကြ၍ အံ့ဩခြင်းမရှိကြပါ။ ထို့အပြင် လွှတ်တော် အမတ်နေရာ လေးပုံတစ်ပုံကိုလည်း တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများအတွက် ကြိုတင်ရယူထားပြီး ဖြစ်သည်။

နိုဝင်ဘာလက ရွေးကောက်ပွဲများတွင် ပျောက်ကွယ်နေသူမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး သူမအကျယ်ချုပ်ထိန်းသိမ်းခြင်း ခံနေရသောကြောင့် သူမ၏ NLD ပါတီက ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခြင်းမပြုခဲ့ပါ။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်သူများကို တိုက်တွန်းခဲ့သေးသည်။

နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပနေစဉ် ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် သူပုန်တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားများ ဒါဇင်နှင့်ချီ၍ သေဆုံးကာ ထောင်ပေါင်းများစွာမှာ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးသွားကြသည်ဟု လွတ်လပ်သော မြန်မာသတင်းရင်းမြစ်များက သတင်းပေးပို့ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နယ်စွန်နယ်ဖျားဒေသများတွင် ထောင်ပေါင်းများစွာသော ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်လျက် ရှိသည်ဟု လူမှု ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားထားသည်။ တရုတ်နယ်စပ်တစ်လျှောက် ယာယီရွက်ဖျင်တဲများဖြင့် နေထိုင်နေရသော ကချင်စစ်ပြေး ဒုက္ခသည်များမှာ မြန်မာအစိုးရက စားနပ်ရိက္ခာ အကူအညီပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်တောက်မှုနှင့် မကြာမီ ရင်ဆိုင်ရတော့မည်ဟု ပြည်ပရောက် မြန်မာ သတင်းဌာနများက ပြောကြားသည်။

ထိုင်းနိုင်ငံအခြေစိုက် Kachin Women Association ၏ ခန့်မှန်းချက်အရ လိုင်ဇာမြို့အပါအဝင် တရုတ်နယ်စပ် တလျှောက်၌ ဒုက္ခသည် ၂၀၀၀၀ ခန့်ရှိပြီး မြစ်ကြီးနား၊ ဝိုင်းမော်တစ်ဝိုက်တွင် ဒုက္ခသည် ၃၀၀၀ ကျော် ရောက်ရှိနေသည်ဟု သိရှိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ကဲ့သို့သော နိုင်ငံတကာ NGO အဖွဲ့များမှာ ကချင်ဒုက္ခသည်များထံ ကူညီခြင်း မပြုနိုင်အောင် ပိတ်ပင် တားဆီးခြင်း ခံနေရသည်ဟု KWAT အဖွဲ့က ထုတ်ဖော်အသိပေး ပြောဆိုထားသည်။

*********************************************************************************

မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို ဗီယက်နမ်လှမ်းမျှော်

(Vietnam News မှ 23 August 2011 ရက်စွဲပါ “Vietnam eyes Myanmar opportunities” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အထူးသဖြင့် ရာဘာ၊ ကြံနှင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံချင်စရာ ကောင်းသည့် အခြေ အနေများ လွယ်ကူချောမွေ့စေမည့် မူဝါဒများကို မြန်မာအစိုးရက ချမှတ်လိမ့်မည်ဟု ဗီယက်နမ်နိုင်ငံက မျှော်လင့်လျက်ရှိသည်။

မနေ့က ဟနွိုင်းမြို့တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ကောင်ဒူဖတ်က ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လယ်ယာထွက်ကုန်များ မြှင့်တင်ရေး၊ လယ်ယာကဏ္ဍ သုတေသနနှင့် လူသားရင်းမြစ် ဖွံ့ဖြိုးရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ခြင်းကို တွန်းအားပေးကြရန် နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။

မြန်မာ့လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကလည်း မြန်မာလူဦးရေ ၇၀%သည် ကျေးလက်တွင် နေထိုင်ကြခြင်း၊ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးကြခြင်း၊ နိုင်ငံ၏ GDP ၄၄% ကို လယ်ယာကဏ္ဍမှ ရရှိခြင်း စသည်တို့ကြောင့် မိမိတို့နိုင်ငံတွင် လယ်ယာထွက်ကုန်ထုတ်လုပ်မှု တိုးတက် ဖွံ့ဖြိုးရေးကို စီစဉ်ဆောင်ရွက်နေပါကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာစိုက်ပျိုးရေးကိုယ်စားလှယ်အဖွဲ့၏ ၅ ရက်ကြာ ဗီယက်နမ်ခရီးစဉ်ကို တနင်္ဂနွေနေ့က စတင်ခဲ့ခြင်းဖြစ်သည်။

*********************************************************************************

ဂျပန်တွင် လာမည့်အပတ်အစောပိုင်းတွင် ဝန်ကြီးချုပ်အသစ်တက်မည်

(23 August 2011 ရက်စွဲပါ AP ၏ “Official: Japan to Have new PM early next week” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံတွင် လာမည့်အပတ်အစောပိုင်းတွင် ဝန်ကြီးချုပ်အသစ် တက်မည်ဖြစ်ကြောင်း ဂျပန် ကက်ဘိနက် ဝန်ကြီးတစ်ဦးက ပြောကြား လိုက်သည်။

ဝန်ကြီးချုပ် နာအိုတိုခန်း (Naoto Kan) သည် မတ်လ (၁၁) ရက်နေ့တွင် ငလျင်နှင့် ဆူနာမီကိစ္စ၊ နျူကလီယာ ပြဿနာများကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများကြောင့် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခံနေရသည်။

စီးပွားရေးဝန်ကြီး နာအိုရူ ယိုဆာနို (Naoru Yosano) က ပြောကြားရာတွင် လာမည့်အင်္ဂါနေ့တွင် အားလုံး နုတ်ထွက်ရန် ပြင်ဆင်ထားသင့် သည်ဟု ခန်းက အင်္ဂါနေ့က ကက်ဘိနက်အဖွဲ့ဝင်များအား ပြောကြားခဲ့သည်ဟု ဆိုသည်။ ပါလီမန်သည် သောကြာနေ့တွင် ခန်း အလိုရှိသော အဓိက ဥပဒေနှစ်ရပ်ကို အတည်ပြုမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ခန်းအား လူကြိုက်များမှု ရာခိုင်နှုန်းမှာ ၂၀% အောက်သို့ ရောက်ရှိနေသည်။ ဝေဖန်သုံးသပ်သူ များက ယင်းသည် ခေါင်းဆောင်မှု ညံ့ဖျင်းကြောင်း၊ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နှေးကွေးကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း Seiji Marhara သည် ဝန်ကြီးချုပ်ရာထူးအတွက် ရေပန်းစားလျက်ရှိသည်။ ယင်းသည် တနင်္ဂနွေနေ့တွင် ပါတီ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

*********************************************************************************

မြန်မာသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးမှုကို အမေရိကန်ဆီနိတ်တာ ကြိုဆို

(The Hindu မှသတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုကို အမေရိကန်ထိပ်တန်း ဆီနိတ်တာ ဂျွန်မက်ကိန်းက သြဂုတ်လ ၁၉ ရက်နေ့တွင် ချီးမွမ်း ပြောဆိုလိုက်ပြီး အဆိုပါဖြစ်ရပ်အား ကြိုဆိုရမည့် ဖွံ့ဖြိုးမှုတစ်ရပ်အဖြစ် သတ်မှတ် ဖော်ပြလိုက်သည်။

"ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်သို့ လာရောက်ခွင့်ပြုခဲ့တဲ့ မြန်မာအစိုးရကို ချီးကျူးပါတယ်" ဟု ဆီနိတ်တာ ဂျွန်မက်ကိန်းက ပြောကြားသည်။ နိုဗယ်လ်ငြိမ်းချမ်း ရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ သြဂုတ်လ ၁၉ ရက်နေ့ကသွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံနေရာအချို့သို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့ပြီးနောက် နေပြည်တော်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တကယ်ဆိုရင် ဘာမှမဟုတ်သေးပါဘူး။ ဒါပေမဲ့ သူမနဲ့ နေပြည်တော်အစိုးရအကြား စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဒိုင်ယာလောခ့်နဲ့ ပြန်လည်သင့်မြတ်မှု ဖြစ်ပေါ်ရေးအတွက်အပြုသဘောဆောင်တဲ့ အဆင့်တစ်ခုဖြစ်ပါတယ်" ဟု မစ္စတာ မက်ကိန်းကဆိုသည်။

မကြာသေးခက်ရက်သတ္တပတ်အတွင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင်း လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုဆို ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

"မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့တွေ့ဆုံဆွေးနွေးမှုတွေက ကျွန်မတို့ကိုစိတ်အားတက်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင်း ခရီးထွက်ခွင့် ရတဲ့ကိစ္စနဲ့ ခရီးစဉ်အတွင်း မိန့်ခွန်းပြောဆိုခွင့် ရတဲ့ကိစ္စနဲ့ ခရီးစဉ်အတွင်း သူမ လုံခြုံမှုရှိအောင်၊ အန္တရာယ်ကင်းရှင်းအောင် အစိုးရက တာဝန်ယူခဲ့တဲ့ကိစ္စတွေကြောင့်လည်း ကျွန်မတို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပြန်ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Ms Victoria Nuland က ယခုရက်သတ္တပတ်များအတွင်း သတင်းထောက်များကိုပြောကြားသည်။

မည်သို့ပင်ဆိုစေ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှု အဆင့်ဆင့်မှ ဖြစ်ပေါ်လာမည့် ဖွံ့ဖြိုးမှုများကို အမေရိကန်ပြည်ထောင်စုက အကဲဖြတ်မည်ဖြစ်ကြောင်း၊ ယင်းသို့အကဲဖြတ်ရာတွင် ထုတ်ပြန်ကြေညာချက်များချည်း သက်သက်ကို ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

"ဒီမိုကရေစီထွန်းကားလာရေးအတွက် မြန်မာအစိုးရသစ်ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို ကျွန်မတို့က အကဲဖြတ် သွားမှာပါ" ဟု Ms Victoria Nuland ကဆိုသည်။ "အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန် အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့မှာထုတ်ဖော်ပြောဆိုခဲ့သလိုပါပဲ၊ မြန်မာအစိုးရသစ် အနေနဲ့ တွေ့ဆုံစကားပြောတာချည်း မလုပ်ဘဲ ရှေ့ဆက် လုပ်ဆောင်ရမယ့်ကိစ္စတွေ ဆက်လက်လုပ်ကိုင်သွားဖို့ ကျွန်မတို့အစိုးရက တိုက်တွန်းထားပါတယ်" ဟု သူမက ဆက်လက် ပြောဆိုသည်။

"အဲဒီတော့ ပြောရမယ်ဆိုရင် ကျွန်မတို့က မြန်မာအစိုးရရဲ့ရှေ့ဆက်လုပ်ကိုင်သွားမယ့်ကိစ္စတွေကိုကြည့်ပြီး အကဲဖြတ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးသွားလို့ရတဲ့အတွက်၊ ထုတ်ဖော်ပြောဆိုခွင့်ရရှိတဲ့အတွက်၊ အစိုးရနဲ့ ဒိုင်ယာလော့ခ်လုပ်ခွင့်ရတဲ့အတွက် ကျွန်မတို့တတွေ အားတက် မိပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီလိုမျိုး အလားတူ လုပ်ကိုင်ဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်တာကိုမြင်တွေ့လိုပါတယ်" ဟု Ms Victoria Nuland က ထပ်လောင်း ပြောဆိုသည်။

***********************************************************************************

အမေရိကန်နှင့် တရုတ် ဒုတိယသမ္မတနှစ်ဦး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

(CNN သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုးဘီဒန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး တရုတ် ဒုတိယသမ္မတ ဇီကျားပိန်နှင့် တွေ့ဆုံရာ၌ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ၎င်းတို့ နှစ်ဦးစလုံးက ချီးမွမ်းပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ သို့သော် နှစ်နိုင်ငံ စီးပွားရေးနှင့် ဘိဇနက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၌ အဟန့်အတားများ ကျန်ရှိနေသေးသည်ဟု ၎င်းတို့က ဆိုသည်။

သြဂုတ်လ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောဆိုရာတွင် တရုတ် ဒုတိယသမ္မတ ဇီကျားပိန်က အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် တရုတ်ပြည်က ယုံကြည်စိတ်ချမှု ရှိကြောင်း၊ ယင်းသို့သော ယုံကြည်စိတ်ချမှုဟူသည် ရွှေထက်ပင် ပို၍တန်ဖိုးရှိကြောင်း ထည့်သွင်းပြောဆိုသည်။

Standard and Poor အဖွဲ့က အမေရိကန်ပြည်ထောင်စုစီးပွားရေးကို အဆင့်လျှော့ချသတ်မှတ်လိုက်မှုနှင့် အမေရိကန်ကြွေးမြီ အကျပ်အတည်း ပြဿနာနှင့် ပတ်သက်၍ အချို့က အမေရိကန်ဥပဒေရေးဆွဲသူများ၏ အရည်အချင်းကို မေးခွန်းထုတ်ကြသည်။ ၎င်းတို့အနေဖြင့် ကြွေးမြီ ကိစ္စကို ထိန်းချုပ်ကိုင်တွယ်နိုင်မည့် မူဝါဒချမှတ်နိုင်သည့် အရည်အချင်းရှိ၊ မရှိမေးခွန်းထုတ်ကြခြင်း ဖြစ်သည်။ အမေရိကန်ကြွေးမြီပြဿနာသည် ဥရောပ ကြွေးမြီပြဿနာနှင့် ပူးတွဲဆက်စပ်မှုရှိနေသည်။ အဆိုပါဥရောပကြွေးမြီက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များမှာ တက်လိုက်ကျလိုက် ဖြစ်ပေါ် နေရသည်။

"နိုင်ငံတကာ ငွေကြေးဈေးကွက်များ၊ အဆမတန် အတက်အကျဖြစ်မှုများ၊ မသေချာမရေရာမှုများနဲ့ တည်ငြိမ်မှု မရှိအောင် လုပ်ဆောင်နေတဲ့ ဖက်တာတွေဟာ ယခုဆိုလျှင် ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုဖြစ်စဉ်နဲ့ ထိပ်တိုက် တွေ့နေပြီး အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး တိုးတက်မှုကို စိန်ခေါ်မှုတွေပေးနေပါတယ်" ဟု မစ္စတာ ဇီကျားပိန်ကဆိုသည်။ မစ္စတာ ဂျိုးဘီဒန်ကမူ အမေရိကန်စီးပွားရေးတိုးတက်မှုနှင့် ပြန်လည် နာလန်ထူမှုအပေါ် မိမိအနေဖြင့် တိကျခိုင်မာသော ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

"အမေရိကကို အလောင်းအစားလုပ်ပြီး ဘယ်သူမှ ငွေကြေးရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး" ဟု မစ္စတာ ဂျိုးဘီဒန်က ဆိုသည်။ တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဝမ်ကျားပေါင် နှင့် မစ္စတာ ဂျိုးဘီဒန်တို့ သြဂုတ်လ ၁၉ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း ယုံကြည်စိတ်ချရမှုဟူသည့် အကြောင်းကိစ္စ ထပ်မံ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

"ယုံကြည်စိတ်ချမှုဆိုတာဟာ အင်မတန်အရေးကြီးတဲ့ကိစ္စပါ။ ယခုအဆွေတော်က အမေရိကန်ပြည်ထောင်စုဟာ ကတိကဝတ်များ ပြုထားတဲ့ အတိုင်း အစိုးရကြွေးမြီကိစ္စနဲ့ပတ်သက်ပြီး တာဝန်၊ ဝတ္တရားမပျက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ တရုတ်ပြည်သူတွေသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးလိုက်တဲ့အတွက်ကြောင့် ငွေကြေးလုံခြုံမှု၊ ငွေဖြစ်လွယ်မှုနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့တန်ဖိုးအစရှိတာတွေကို မူလအခြေအနေ ပြန်လည် ရောက်ရှိအောင် လုပ်နိုင်တော့မှာဖြစ်ပါတယ်။ အခုလိုထုတ်ဖော်ပြောဆိုတဲ့အတွက်ကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအပေါ် ပိုမို ယုံကြည်စိတ်ချလာလိမ့်မယ်လို့ ကျွန်ုပ်အသေအချာ ပြောနိုင်ပါတယ်" ဟု တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ဆိုသည်။

တရုတ်နိုင်ငံသည် အမေရိကန်ကြွေးမြီ အများဆုံးရှိထားသည့် မြီရှင်နိုင်ငံဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၉၀၀ ဘီလီယံခန့် ရှိကြောင်း အမေရိကန်ဗဟိုဘဏ်၏ အဆိုအရသိရသည်။ ဒုတိယသမ္မတ ဇီကျားပိန်က အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန် ပါဝင်မှုဖြင့် လုပ်ဆောင်သွားရမည် ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ နှစ်နိုင်ငံအချင်းချင်း အပြန်အလှန်နားလည်မှု၊ ပူးပေါင်းမှုစတာတွေ အတူတကွ လုပ်ကိုင်သွားပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းအောင်၊ ကောင်းမွန်မှုရှိအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ တရုတ်နိုင်ငံအနေ ဖြင့်လည်း သဘောထား လွတ်လပ်အောင် ထားရှိကာ ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမှုတို့ ဖြစ်ပေါ်လာအောင် မမှိတ်မသုန် လုပ်ကိုင်သွားမည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

**********************************************************************************

ကနေဒါ၏ အရေးယူ ပိတ်ဆို့မှု ခံရသော (၁၈) နိုင်ငံ

(19 August 2011 ရက်စွဲပါ CBC News မှ 18 Countries under Canadian sanctions ကို ဘာသာ ပြန်ဆိုသည်)

                ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird သည် မကြာသေးမီက ကနေဒါ၏ စီးပွားရေး အရ အရေးယူ ဆောင်ရွက်သည့် နိုင်ငံများစာရင်းတွင် ဆီးရီးယားကို ထည့်သွင်းခဲ့သည်။ ကနေဒါသည် မကြာသေးမီက မြောက်ကိုးရီးယား အပေါ် အရေးယူသည့် ဥပဒေသစ် ပြဋ္ဌာန်းခဲ့သည်။

                ဆီးရီးယားနှင့် မြောက်ကိုးရီးယားသည် စီးပွားရေးအရ ကန့်သတ်မှုများ ပြုလုပ်ခံရသည့် (18) နိုင်ငံတွင် ပါဝင်သည်။

                ကနေဒါ၏ အရေးယူမှု ခံရသော နိုင်ငံများစာရင်းမှာ ဘယ်လာရုစ်၊ မြန်မာ၊ Cote d’lvoire ၊ ကွန်ဂို၊ အီဂျစ်၊ Eritrea၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ လိုင်ဘေးရီးယား၊ လစ်ဗျား၊ မြောက်ကိုးရီးယား၊ ဆီအာရာလီယွန် (လက်ရှိ အသက်မဝင်တော့ပါ) ၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှားနှင့် ဇင်ဘာဘွေတို့ ဖြစ်သည်။

                ကနေဒါသည် အဆိုပါနိုင်ငံများအပြင် ကုလသမဂ္ဂက အကြမ်းဖက်မှုကို နိုင်ငံတကာတွင် ကျူးလွန်နေမှုအား ရပ်ဆိုင်းရန် ဥပဒေအရေးယူမှု ပြုလုပ် ထားသော အစိုးရများ ကိစ္စတွင်လည်း ပါဝင်ထောက်ခံခဲ့သည်။

                ကုလသမဂ္ဂသည် အကြမ်းဖက်လှုပ်ရှားမှု မှတ်တမ်းများပေါ် အခြေခံ၍ တင်းကြပ်သော အရေးယူမှု sanction များခံနေရသော အယ်ကေဒါ များနှင့် ဆက်စပ်သော တစ်ဦးချင်းပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို အထူးစာရင်း သွင်းကာ ထားရှိသည်။

                ကနေဒါသည် အယ်ကေဒါအပါအဝင် သီးခြားရပ်တည်၍ အကြမ်းဖက်မှုပြုသော အဖွဲ့အစည်းများကို စာရင်း ပြုစုထားပြီး၊ ကနေဒါ၏ သီးခြား ကန့်သတ်မှုများ ပြုလုပ်ရာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်း၊ ၎င်းတို့၏ ရန်ပုံငွေ ရှာဖွေရေးလှုပ်ရှားမှုများကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

***********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs