Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၅.၂၀၁၁

ဘာသာပြန်သတင်းများ

စူပါပါဝါ အမေရိကန်နေရာကို တရုတ်ရယူနေပြီလော

(ဟားဗက်တက္ကသိုလ် ပေါမောက္ခ Joseph S.Nye ၏ Is China Overtaking America? ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့လူဦးရေနှင့် စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် အာရှပြန်လည်ရယူနေပြီဟူသော အချက်ကို မျက်မှောက်ခေတ် ၂၁ ရာစုကြီးက သက်သေပြလျက် ရှိသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ၊ ၁၈၀၀ ပြည့်နှစ် ခန့်တွင် အာရှဟူသည် ကမ္ဘာ့လူဦးရေနှင့် ကုန်ထုတ်လုပ်မှု၏ ထက်ဝက်မျှကိုပိုင်ဆိုင်ခဲ့သော ဒေသကြီးဖြစ်ခဲ့သည်။ သို့သော် ၁၉၀၀ ပြည့်နှစ်အရောက်တွင် အာရှသည်ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်တော့သည်။ ဤသို့ဖြစ်ရခြင်းမှာ အာရှတွင်အန္တရာယ်ဆိုးကြီး တစ်စုံတရာကျရောက်ခဲ့၍ မဟုတ်ပေ။ စက်မှုတော်လှန်ရေးကြောင့် ဥရောပ အသွင်ကူးပြောင်းခဲ့ပြီး မြောက်အမေရိက ကမ္ဘာ့ အလုပ်ရုံကြီးထဲသို့ တိုးဝင်လာသောကြောင့်ဖြစ်သည်။

အာရှပြန်လည်နလန်ထူလာမှု သို့မဟုတ် အာရှတစ်ဖန် ခေါင်းထောင်လာမှုမှာ ဂျပန်တွင် စတင်ခဲ့သည်။ ထို့နောက် တောင်ကိုရီးယား။ ထိုမှ တစ်ဆင့် အရှေ့တောင်အာရှဆီမှ စင်ကာပူနှင့် မလေးရှားသို့ရောက်လာသည်။ ယခုအခါတွင်မူ အာရှ နလန်ထူမှု၏ ဖိုးကပ်စ်မှာ သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်းမှ လွတ်မြောက်ရေးဟူသည့် အိပ်မက်ကို အကောင်အထည်ဖော်နေသည့် တရုတ်ဖြစ်သည်။ ဤသို့သော ပြောင်းလဲမှုက နိုင်ငံ များအကြား ဆက်ဆံရေးတွင် ပါဝါ အရွှေ့အပြောင်းများ ဖြစ်ပေါ်လာလေမလား ဟူသည့် စိုးရိမ်မှုများကိုဖန်တီးပေးနေသည်။ ရင်းနှီးမြှုပ်နှံရေး ဘဏ်ကြီး တစ်ခု ဖြစ်သော Goldman Sachs ကတော့ တရုတ်ပြည်၏ စီးပွားရေးတစ်ခုလုံး အရွယ်အစားမှာ လာမည့် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ထက် ကျော် လွန်သွားမည်ဟု ခန့်မှန်းထားသည်။

သို့သော် အကယ်၍ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်၏ ဂျီဒီပီတစ်ခုလုံး အမေရိကန်ပြည်ထောင်စုနှင့် တန်းတူရည်တူအဆင့်သို့ ရောက်သွားမည်ဆိုလျှင်သော်လည်း နှစ်နိုင်ငံစလုံး၏ စီးပွားရေးမှာ ဖွဲ့တည်ပုံချင်း တူညီလိမ့်မည် မဟုတ်ပေ။ တရုတ်ပြည်တွင် ယနေ့ချိန်အထိ ဖွံ့ဖြိုးမှု နောက်ကျသော ကျေးလက်ဒေသများရှိနေဆဲဖြစ်သည်။ ၂၀၃၀ ပြည့်နှစ် ကျော်လွန်သွားပါက တရုတ်ပြည်၏ ဂျီဒီပီတိုးတက်မှုမှာ ၆ ရာခိုင်နှုန်း နှင့် အမေရိကန်ပြည်ထောင်စုမှာ ၂ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ တရုတ်ပြည်အနေဖြင့် ရာစုနှစ်တစ်ခု၏ ဒုတိယထက်ဝက်ခန့် ကာလအထိ လူတစ်ဦးချင်းစီ ဝင်ငွေအရဆိုပါက အမေရိကန်ပြည်ထောင်စုနှင့် တူညီမည် မဟုတ်ပေ။ ပို၍ဆိုပါက တရုတ်၏စီးပွားရေး တိုးတက်မှု လားရာမှာ လွဲမှား ကောင်းလွဲမှားနေနိုင်သည်။ ထွန်းသစ်စနိုင်ငံများဟူသည် စီးပွားရေး စတင်ဖွံ့ဖြိုးလာသည့် အဆင့်တွင် ပြည်တွင်းသို့ တင်သွင်းလာသော နည်းပညာများ မှ အကျိုးအမြတ်ရလေ့ရှိသည့် သဘောတွင်ရှိသည်။ သို့သော် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုနှုန်းများမှာ ယေဘုယျအားဖြင့် နှေးကွေးနေတတ်သည်။ အကြောင်း မှာ ဖွံ့ဖြိုးမှုမြင့်မားသော အဆင့်များသို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။

တရုတ်စီးပွားရေးမှာ စဉ်ဆက်မပြတ်တိုးတက်မှုကိုသွားရာတွင် လွန်စွာဆိုးရွားသော ဆူးငြှောင့်ခလုတ်များ၊ အဟန့်အတားများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။ စွမ်းဆောင် ရည်နည်းပါးသော နိုင်ငံပိုင်လုပ်ငန်းများရှိနေခြင်း၊ မညီမမျှဖြစ်မှု တိုးပွားလာခြင်း၊ အစုလိုက်အပြုံလိုက်ပြည်တွင်း၌ ပြောင်းရွှေ့အချေချနေထိုင်လာခြင်း၊ ကုံလုံမှုမရှိသော လူမှုလုံခြုံရေး စနစ်များ ရှိနေခြင်း၊ ခြစားမှုများရှိနေခြင်းနှင့် အင်စတီကျူးရှင်းကောင်းများ အလုံ အလောက်မရှိခြင်း အစရှိသည် တို့ကြောင့် ဖြစ်သည်။ ပြောပါက အဆိုပါအနေအထား အားလုံးသည် နိုင်ငံရေးမတည်မငြိမ်မှုများကိုပင် ဖန်တီးလာနိုင် သည်။ တရုတ်ပြည် မြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသတို့မှာ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့ထက် သာလွန်သွားပြီဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား တရုတ်တစ်နိုင်ငံတည်းသာ အိုမင်းရင့်ရော်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရသည်။ အိုမင်း ရင့်ရော်မှုဒဏ် ခံနေရသည်ဆိုရခြင်းမှာအခြားမဟုတ်။ အသက်အရွယ်ကြီးရင့်သူဦးရေ အလွန်အမင်း တိုးပွားနေသည်ကို ဆိုလိုခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် တရုတ်ပြည်၌ ကလေးသူငယ်ဦးရေထက် အသက်အရွယ်ကြီးရင့်ကာ မှီခိုသူဦးရေက ပိုမို များပြား နေပေလိမ့်မည်။ အချို့ သော လူဦးရေဆိုင်ရာလေ့လာသူ တရုတ်ပညာရှင်များကမူ တရုတ်ပြည်ကြီး သူဌေး မဖြစ်ခင် အိုမင်းသွားမည်ကို စိုးရိမ်နေကြသည်။

တရုတ်ပြည်သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာပေါ်၌ ကုန်ပစ္စည်းအများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်သော ဂျာမနီကိုဖယ်ရှားကာ ၎င်း၏ နေရာကို ရယူနိုင်ခဲ့သည်။ ကုန်ပစ္စည်းအများဆုံးတင်ပို့သည့်နိုင်ငံများစာရင်းတွင် နဝမမြောက်အဆင့်မှနေ၍ ထိပ်ဆုံးသို့ရောက်လာခြင်းဖြစ်သည်။ သို့သော် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ချိန်ခွင်လျှာမှာ အငြင်းပွားစရာများ ပိုမိုများပြားလာသည်ဖြစ်ရာ ပြည်ပတင်ပို့မှုဗဟို ပြုသော တရုတ်ပြည်၏ စီးပွားရေး မိုဒယ်လ်ကိုလည်း ပြုပြင်ထိန်းညှိမှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သည်။ ယခု အကောင်အထည်ဖော်နေသည့် တရုတ်ပြည်၏ ၁၂ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းသည် ပြည်ပတင်ပို့မှုအပေါ် အလွန်အမင်းမှီခိုအားထားရမှုကို လျှော့ချရန်နှင့် ပြည်တွင်းဝယ်လိုအား မြှင့်တင်ရန် အဓိက ဦးတည်ထားသည်။ စီမံကိန်းအမှန်အတကယ် အလုပ်ဖြစ်၊ မဖြစ်ကိုမူ မသိနိုင်သေးပေ။

အာဏာရှင်ဆန်မှု၊ ဖိနှိပ်တင်းကြပ်မှုများ ရှိနေသော်ငြား တရုတ်ပြည်၏ နိုင်ငံရေးစနစ်ကို ကြည့်လျှင် တိကျရေရာမှု ရှိသော ပန်းတိုင်များကို ရောက်အောင်သွားနိုင်ပြီး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စွမ်းရှိကြောင်းလုပ်ဆောင် ပြထားသည်ကို တွေ့ရသည်။ ဥပမာပြရမည်ဆိုပါက အိုလံပစ်အားကစားပွဲတော်ကြီးတစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း၊ မြန်နှုန်းမြင့်မီးရထားလမ်းများ ဖောက်လုပ်နိုင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေး အကျပ်အတည်းများကြားမှ စီးပွားရေးပြန်လည်နိုးထလာအောင် လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ ယခုလိုမျိုး အရည်အသွေးမျိုးနှင့် စွမ်းဆောင်မှုမျိုးကို မည်သည့် အချိန်ကာလအထိ ကြာရှည်စွာထိန်း သိမ်းထားနိုင်မည်နည်း ဟူသောအချက်ကို ပြင်ပကမ္ဘာမှ လေ့လာ စောင့်ကြည့်သူ ပညာရှင်များသာမက တရုတ်ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ပင် ပဟေဠိဖြစ်နေကြသည်။

အချို့သော စောင့်ကြည့်လေ့လာသူပညာရှင်များက တရုတ်ပြည်သည် ကမ္ဘာ့စူပါပါဝါတည်း ဟူသော အမေရိကန် ပြည်ထောင်စု၏ နေရာကို ရယူစိန်ခေါ်ရန် ရည်မှန်းနေသည်ဟု ဆိုကြသည်။ တရုတ်ပြည်၏ ဦးတည်ချက်များအပေါ် အဆိုပါ လေ့လာသူပညာရှင်များ တိကျမှန်ကန်စွာ အကဲဖြတ် နိုင်ခဲ့သည်ဖြစ်စေ သို့မဟုတ် တရုတ်လူမျိုးများအနေဖြင့် အနာဂတ် မျိုးဆက်သစ်များ၏ အမြင်ကိုသိမြင်နိုင်မှုမရှိသည်ဖြစ်စေ တရုတ်ပြည်အနေဖြင့် အမေရိကန်စူပါပါဝါနေရာကို ရယူနိုင်စွမ်း ရှိအောင်လုပ်ပေးနိုင်မည့် စစ်ရေးစွမ်းဆောင်မှုမျိုးပိုင်ဆိုင်ရေးမှာ သံသယများဖြင့်ပြည့်နှက်နေသည်။ သေချာ တာတစ်ခုတော့ ရှိသည်။ ယင်းမှာ တရုတ်ပြည်၏ စစ်ရေးအသုံးစရိတ်မြင့်တက်မှုမှာ စီးပွားရေးထက်ပင် ပိုမိုများပြားနေသည်ကိုတွေ့ရသည်။

ယခုနှစ်အတွင်း စစ်အသုံးစရိတ်မှာ ၁၂ ရာခိုင်နှုန်းအထိပင် မြင့်တက်လာသည်။ တရုတ်ခေါင်းဆောင်များအနေဖြင့် အခြားသော နိုင်ငံများ၏ တုံ့ပြန်ချက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သလို ပြည်ပဈေးကွက်လိုအပ်ချက်၊ နိုင်ငံစီးပွားရေး တိုးတက်မှုဆိုင်ရာ ဦးတည်ချက်များပြည့်မီရေးအတွက် လိုအပ်သောအရင်းအမြစ်လိုအပ်ချက်များကြောင့်ဖြစ်ပေါ်လာသော ဖိအားများကိုပါ ရင်ဆိုင်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံစစ်တပ်၏ သဘောထားမှာ လွန်စွာရန်လိုသည့်အနေအထားတွင်ရှိရာ အိမ်နီးချင်းနိုင်ငံများအကြား တန်ပြန် ချိန်ခွင်လျှာမျှသည့် ညွှန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းမှုမျိုးကိုဖြစ်ပေါ်စေနိုင်သည်။ ဥပမာပြပါက ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသည့်တရုတ် ပြည်၏ နိုင်ငံခြားရေးမူဝါဒမှာ ငါသိငါတတ်ပုံစံမျိုးများ ပိုမို ပါဝင်လာသည်ကိုတွေ့ရသည်။ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား တို့နှင့်ဆက်ဆံရေးမှာလည်း ထိခိုက်မှုများရှိလာသည်။ သို့အတွက်ကြောင့် တရုတ်အနေဖြင့် အာရှလုံခြုံရေးအတွက် စီစဉ်လုပ်ကိုင်ရာတွင် အမေရိကန်ကို ပထုတ်ရန် ပိုမို ခက်ခဲသည့် အနေအထားမျိုးနှင့်ကြုံလာစရာရှိသည်။

တရုတ်ပြည်၏ စီးပွားရေးအရွယ်အစားနှင့် စီးပွားရေးတိုးတက်သည့်နှုန်းမြင့်မားမှုသည် လာမည့် ဆယ်စုနှစ်များအတွင်း အမေရိကန်နှင့် နှိုင်းစာလျှင် မလွဲမသွေ အားကောင်းမောင်းသန် ဖြစ်လာမည်ဖြစ်သည်။ ဤသို့သော အားကောင်းမောင်းသန်မှုက ပါဝါအရင်းအမြစ်ဟူသော သဘောအရ တရုတ်ကို အမေရိကန်နှင့် ပိုမိုနီးကပ်အောင် သေချာပေါက်လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ သို့သော် တရုတ်အနေဖြင့် ပါဝါအရှိဆုံး၊ အင်အားအကြီး ဆုံး နိုင်ငံ တစ်ခု အဖြစ် အမေရိကန်ကို ကျော်တက်လိမ့်မည်မဟုတ်ပေ။

အကယ်၍ တရုတ်နိုင်ငံတွင် အခြေအနေအရပ်ရပ်ကို ဆိုးရွားစေနိုင်သည့် ပြည်တွင်းနိုင်ငံရေးပြဿနာ ရှိခဲ့လျှင်သော်မှ ဂျီဒီပီ တိုးတက်မှု တစ်ခု တည်းကို အခြေခံသော လတ်တလော ခန့်မှန်းခြေများမှာ ရှုထောင့်တစ်ခုတည်းမှ ဖြစ်နေသည်ကိုတွေ့ရသည်။ ခန့်မှန်းပြောဆိုမှုများသည် အမေရိကန် စစ်ရေးအင်အား၊ ပါဝါအပျော့နှင့်ပတ်သက်သော အားသာချက်များကို လျစ်လျူရှုထားသလို အာရှဒေသတွင်း ပါဝါချိန်ခွင်လျှာတွင် တရုတ်နိုင်ငံ၏ အား နည်းချက်များကို လည်း ဥပက္ခာပြုထားသည်ကို တွေ့ရသည်။ ကျွန်တော်၏ ပုဂ္ဂလခန့်မှန်းချက်ကို ပြောရမည်ဆိုပါက ဖြစ်နိုင်ခြေရှိသော အနာဂတ် ကာလများထဲတွင် ဖြစ်နိုင်ခြေအရှိဆုံး အခင်းအကျင်းမှာ တရုတ်က အမေရိကန်နှင့် အစွမ်းကုန်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ယခုရာစုနှစ်၏ ပထမထက်ဝက်အတွင်း အမေရိကန်ကို ကျော်တက်မည်မဟုတ်ပေ။

များစွာအရေးကြီးသောအချက်မှာ အမေရိကန်နှင့် တရုတ်တို့အနေဖြင့် တစ်ဦး၏ စွမ်းဆောင်မှုနှင့် ဦးတည်ချက် များကို တစ်ဦးကပုံကြီးချဲ့ကာ အပြန်အလှန်ထိတ်လန့်နေမှုမျိုးကို ရှောင်ရှားသင့်ပါသည်။ ပဋိပက္ခဖြစ်လေမလားဟု ကြိုတင် စဉ်းစားနေခြင်းသည်ပင် ပဋိပက္ခတစ်ခု၏ ဇာစ်မြစ်မဟုတ်ပါ လော။ လက်ရှိပကတိတရားကိုကြည့်မည်ဆိုပါက အမေရိကန် နှင့် တရုတ်တွင် အကျိုးစီးပွားနှင့်ပတ်သက်သော ပဋိပက္ခမျိုး နက်နက်နဲနဲ အမြစ်တွယ် နေမှုမျိုးမရှိပေ။ နှစ်နိုင်ငံစလုံးတွင် အခြားနိုင်ငံများနည်းတူ ပူးပေါင်းဆောင်ရွက်မှုတည်း ဟူသောအရေးကိစ္စဖြင့် ပန်းတိုင်ရောက်အောင် လုပ်ကိုင်စရာ မြောက်မြားစွာ ရှိနေကြောင်း တင်ပြလိုက်ပါသည်။

**********************************************************************************

အီးယူက FTA ကိစ္စ မြန်မာမှအပ အခြား အာဆီယံနိုင်ငံများနှင့် ဆွေးနွေးမည်

(7th May 2011 ရက်စွဲပါ The Jakarta Post မှ EU to negotiate FTA with all ASEAN countries, except Myanmar ကို ဘာသာပြန်ဆိုသည်။)

ဥရောပ သမဂ္ဂသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အတွက် ဆွေးနွေးလျက် ရှိရာ ဥရောပ သမဂ္ဂ ကုန်သွယ်မှု ကော်မရှင်နာ Karel De Gueht သည် The Jakarta Post မှ Sita Winiawati Dewi နှင့် အခြား သတင်းထောက်များအား သောကြာနေ့က ဂျာတာကာတွင် တွေ့ဆုံခဲ့သည်။

အင်ဒိုနီးရှားနှင့် FTA ညှိနှိုင်းမှုများ တိုးတက်မှု မည်သို့ရှိပါသနည်း။

အင်ဒိုနီးရှားနှင့် အခြေအနေမှာ ပြီးခဲ့သည့်နှစ်က Vision Group တစ်ခုထားရှိ၍ အစီရင်ခံစာ တင်ပြရန်ဖြစ်ပြီး၊ ၎င်းတို့ဟာ ဇွန်လမှာ ၎င်းတို့၏ အစီရင်ခံစာကို ဥရောပ၌ ပေးအပ်မည် ဖြစ်ပါတယ်။ ကျွန်တော်တို့ စောင့်နေတာကတော့ တရားဝင် စတင် ကျင့်သုံးနိုင်ဖို့ အင်ဒိုနီးရှားဘက်က လက်မှတ် ရေးထိုးဖို့ စောင့်နေပါတယ်။ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ တိုးတက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ရက်အတိအကျတော့ မပြောလိုသေး ပါဘူး။ ဘာလို့လဲ ဆိုတော့ အင်ဒိုနီးရှားမှာ တာဝန်ခံရတာတွေ အများကြီးရှိနေပါသေးတယ်။ သူတို့အပေါ်မှာ အများကြီး မူတည်ပါတယ်။

အခုကိစ္စဟာ ဒေသတွင်း အချင်းချင်း ချဉ်းကပ်မှုလား။ ဒေသတစ်ခုနဲ့ တိုင်းပြည် တစ်ခုကြား ဆက်သွယ်မှု အတွက်လား။ ဘယ်လိုပါလဲ။

ကျွန်တော်တို့ စတင် ဆွေးနွေးစဉ်ကတော့ အာဆီယံ အဖွဲ့ကြီး အနေနဲ့ပါပဲ။ ဒါပေမယ့် အကြောင်းပြချက် နှစ်ခုကြောင့် ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ရ ပါတယ်။ ပထမတစ်ချက်ကတော့ တိုင်းပြည်တစ်ခုချင်းဟာ တိုးတက်မှု အဆင့်အတန်းတွေ မတူကြပါဘူး။ ဒီတော့ ဆွေးနွေး ညှိနှိုင်းဖို့ အလွန်ခက်ပါ တယ်။

ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံကြောင့်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒေသကြီး နှစ်ခုကြား လုပ်ဆောင်နိုင်ရေး ဆွေးနွေးမယ် ဆိုရင်တောင်၊ တစ်နိုင်ငံချင်းစီနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ်နေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတွေမှာ အကောက်ခွန်နှုန်းထားတွေ၊ အကောက် ခွန် ယူနီယံတွေ ပြည်တွင်းဈေးကွက်တွေ မတူကြဘူးလေ။ ဒါက ဘာကိုပြသလဲဆိုတော့ တစ်နိုင်ငံချင်းစီနဲ့ သီးခြားစီ အစီအစဉ်တွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာ ပြနေပါတယ်။ ဒါကြောင့် အခြေခံ ကျောရိုးတစ်ခုတည်း ဖြစ်အောင် တစ်နိုင်ငံချင်းစီနဲ့ ညှိနေရပါတယ်။ အခုလဲ ဗီယက်နမ်နဲ့ ညှိနေပါတယ်။ အခြေခံ ကျောရိုးနဲ့ တူအောင် သဘောတူညီချက် ရလိုပါတယ်။ အဖွဲ့ဝင် တစ်ဦးချင်းနဲ့ ညှိနှိုင်းလို့ ပြီးစီးတဲ့ တစ်နေ့မှာ ကျွန်တော်တို့ စီးပွားရေး အသိုင်း အဝိုင်းကြီး ပေါ်ထွက်လာမှာပါ။ ဒေသကြီး နှစ်ခုကြား ညှိနှိုင်းမှု အဆင်ပြေရေးအတွက် အထက်က ပြောခဲ့တဲ့ နည်းလမ်းကသာ မှန်ကန်တဲ့နည်း ဖြစ်ပါ လိမ့်မယ်။

အာဆီယံ တစ်ခုလုံးမှာ ကိုက လူ့အခွင့်အရေး အခြေအနေ ဆိုးရွားပါတယ်။ ဒီမိုကရေစီ မှတ်တမ်းတွေက မကောင်းပါဘူး။ တချို့ဆို ပေကပ်ကပ်နဲ့၊ ခေတ်နောက်ပြန်တောင် သွားနေသေးတယ်။ အဲတော့ ဘာလို့ မြန်မာနိုင်ငံကိုမှ ရွေးပြီး အာရုံပြုနေရသလဲ။ ဒီပြဿနာကိုရော ပြီးမြောက်အောင် မြင်နိုင်မယ်လို့ ထင်ပါသလား။

ပထမဆုံး ပြောလိုတာက ဒေသကြီး နှစ်ခုကြား ညှိနှိုင်းရာမှာ မြန်မာနိုင်ငံကို ဖယ်ထုတ်ခဲ့မယ်လို့ ကျွန်တော် မပြောပါဘူး။ ဒါမှန်ကန်တဲ့ အဖြစ် မဟုတ်ပါဘူး။ ဒေသကြီး နှစ်ခု အဆင့်မှာ ညှိနေရင် အချိန်တွေ ကြာသွားနိုင်တယ်လို့ ပြောလိုတာပါ။ လက်တွေ့ရဖို့ ရလဒ်ရဖို့ တစ်ခုပြီးမှ တစ်ခု စဉ်းစား လုပ်ဆောင်တာ ပိုကောင်းပါတယ်။ အမှန်အတိုင်း ပြောရရင် မြန်မာကိစ္စဟာ ဥရောပမှာ အထိမခံတဲ့ အကိုင်အတွယ်ရခက်တဲ့ ကိစ္စဖြစ်ပါသည်။ ဒါပေ မယ့် ကျွန်တော်တို့ ပြောင်းလဲမှုတွေ အတွက် လမ်းဖွင့် ပေးထားပါတယ်။ ဥပမာဆိုရင် မကြာခင်က ရွေးကောက်ပွဲ လုပ်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်ပေးတာ တွေ့ရပါတယ်။ ကျွန်တော်တို့ကလည်း တချို့ Sanction တွေ လျော့ပေးပြီး တုန့်ပြန်ထားပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ အတွက် တုန့်ပြန်ဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ဒီထက်မက ပိုလုပ်ပြသင့်ပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နိုင်ဖို့ ဖိအားပေးပြီး အပေါင်း လက္ခဏာဆောင်တဲ့ နေရာကနေ လုပ်ဆောင်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခု ခင်ဗျားတို့ ပြောတယ်နော်။ အချို့ အာဆီယံ နိုင်ငံတွေမှာ လူ့အခွင့်အရေး ပြဿနာတွေ ရှိတယ်ဆိုတာ။ ကျွန်တော် ဘယ်သူရယ်လို့ မပြောလိုပါဘူး။ ကျွန်တော်ကတော့ FTA နဲ့ Partership Cooperation Agreement (PCA) ကိုပဲ ဦးတည် ပြောမှာပါ။ ဒီကိစ္စတွေကတော့ စဉ်းစားတဲ့နေရာမှာ နိုင်ငံရေး ရှုဒေါင့်အနေနဲ့ ပါတာပေါ့။ ကျွန်တော်တို့ မူဝါဒကတော့ PCA ကို FTA မတိုင်ခင်၊ ဒါမှမဟုတ် တချိန်တည်း သဘော တူညီမှု ရလိုပါတယ်။

အီးယူအနေနဲ့ ဆယ်နိုင်ငံ စလုံးနဲ့ ညှိသွားမှာလား။ ညှိနှိုင်းမဲ့ နိုင်ငံ အရေအတွက် ကန့်သတ်ထားတာများ ရှိပါသလား။

ကျွန်တော်တို့ကတော့ ညှိနှိုင်းဖို့ တောင်းဆိုလာတဲ့ နိုင်ငံမှန်သမျှနဲ့ ဆွေးနွေးသွားမှာပါ။ ကျွန်တော်ထင်တယ်။ လောလောဆယ်တော့ မြန်မာ နိုင်ငံနဲ့ FTA ကိစ္စညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာ ထင်ရှားနေပါတယ်။ အကန့်အသတ်လည်း မရှိပါဘူး။ ရှိရင်လည်း ပျောက်သွားမှာပါ။ ဒါပေ မယ့် အခုအခြေအနေမှာ မြန်မာနိုင်ငံဖက်က ဆွေးနွေးဖို့ တောင်းဆို လာခဲ့ရင်တော့ ကျွန်တော်တို့က မဖြစ်နိုင်သေးပါဘူးလို့ ပြောမှာပါ။

*************************************************************************

အာဆီယံ ထိပ်သီး အစည်းအဝေးတွင် လွှမ်းမိုးနေသည့် ပဋိပက္ခများ

(7th May 2011 ရက်စွဲပါ The Straits Times မှ Conflicts cloud Asean summit ကို ဘာသာပြန်သည်။)

အရှေ့တောင် အာရှ အသင်းကြီး (အာဆီယံ) မှ ခေါင်းဆောင်များသည် အင်ဒိုနီးရှား နိုင်ငံ၌ စနေနေ့တွင် တွေ့ဆုံကြမည် ဖြစ်ရာ ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည့် ကိစ္စများ၏ အရိပ် လွှမ်းမိုးနေမည် ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ဂျကာတာတွင် နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး မစတင်မီကပင် ဒုက္ခပေးနေသော အဖွဲ့ဝင် နိုင်ငံများမှ သတင်းဆိုးများက ဆွေးနွေးရမည့် အကြောင်းအရာများကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေပေသည်။

စစ်တပ် ဦးဆောင်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော မြန်မာနိုင်ငံက ၂၀၁၄ တွင် အာဆီယံ ဥက္ကဌ နေရာအတွက် တောင်းဆိုလာ ခြင်းကြောင့် သောကြာနေ့ သတင်း ခေါင်းစဉ်များတွင် ထိုအကြောင်းအရာက နေရာယူထားသည်။ အမေရိကန် အခြေစိုက် Human Rights Watch (HRW) က ပြောကြားရာတွင် အထီးကျန် ပစ်ထားခြင်း ခံရသော မြန်မာနိုင်ငံအား ဥက္ကဌ နေရာပေးလိုက်ပါက အများ လက်ခံအောင် ကြိုးစားနေသော အသင်းကြီး အနေဖြင့် လက်ခံနိုင်ဖွယ်ရာ မရှိသော လုပ်ရပ်ကို ပြုလုပ်သလို ဖြစ်သွားမည်ဟု ဆိုခဲ့သည်။

ရွေးကောက်ပွဲ အတုအယောင် ကျင်းပပြီး နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိနေသော နိုင်ငံအပေါ် အာဆီယံ ဥက္ကဌနေရာပေးပြီး ချီးမြှောက်ခြင်းသည် ဒေသတွင်းအဖို့ ရှက်ဖွယ်ကိစ္စ ဖြစ်ကြောင်း HRW မှ ဒုတိယ အာရှ ဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ အာဆီယံ ခေါင်းဆောင်များ ဆုံးဖြတ်ရန် လိုသည့်အချက်မှာ အကယ်၍ ၎င်းတို့အနေဖြင့် နိုင်ငံတကာ အလယ်တွင် မှားယွင်းသော လုပ်ရပ်အရ ရယ်စရာကောင်း အောင် မြန်မာနိုင်ငံအား ခွင့်ပြုမည်လား ဆိုသည့် အချက်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က နိုင်ငံတကာ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှုကြောင့် အာဆီယံ ဥက္ကဌ ရာထူးကို ငြင်းပယ်ခဲ့သည်။ သို့သော် အဆင်သင့်ဖြစ်သည့် အချိန်တွင် နေရာယူရန် ပြောကြားမည် ဟူသော အချက်ဖြင့် ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မြန်မာနိုင်ငံ၏ တောင်းဆိုမှုကို နှစ်ရက်ကြာ ကျင်းပမည့် ထိပ်သီး အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် အဆင်သင့် ဖြစ်မဖြစ် အကဲဖြတ်ခြင်းများ ပြီးဆုံးသည်အထိ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် အစည်းအဝေးတွင် လူကုန်ကူးမှုများ၊ တောင်တရုတ် ပင်လယ်တွင် နယ်မြေ အငြင်းပွားမှုများနှင့် အရှေ့တီမော၏ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုများစသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမည် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

**********************************************************************************

၂၀၁၄ အာဆီယံ ဥက္ကဌ နေရာကိုလဲရန် လာအို သဘောတူ

(The Nation သတင်းမှ 6th May 2011 ရက်စွဲပါ Laos agrees to swap Asean Chair in 2014 သတင်းကို ဘာသာ ပြန်ဆိုသည်။)

၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူးအတွက် မြန်မာနိုင်ငံနှင့် နေရာလဲရန် လာအိုနိုင်ငံက သဘောတူခဲ့သည်ဟု The Nation သတင်းဌာနက ကြားသိရသည်။ အာဆီယံ ထိပ်ပိုင်း တာဝန်ရှိသူများ၏ အစည်းအဝေးတွင် လာအို တာဝန်ရှိသူများက ၎င်းတို့ အနေဖြင့် ၂၀၁၄ အာဆီယံ ဥက္ကဌ နေရာ အတွက် မြန်မာနိုင်ငံနှင့် နေရာလဲရခြင်းကို စိတ်အနှောင့်အယှက် ဖြစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းက ၂၀၁၂ နှင့် ၂၀၁၃ အတွက် အာဆီယံ ဥက္ကဌ နေရာကို အသီးသီး တာဝန်ယူကြမည် ဖြစ်သည်။

ပြီးခဲ့သော မတ်လကုန်တွင် သမ္မတ ဦးသိန်းစိန် လက်အောက်မှ အရပ်ဖက် အစိုးရသစ်ကို ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံက အာဆီယံ ခေါင်းဆောင်များထံ ပေးစာ ရေးသားရာ၌ “အာဆီယံ၏ ဖိအားပေးမှုကြောင့် ၂၀၁၅ သို့ အလှည့်ကျော် သွားခဲ့သော အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို စတင် တာဝန်ယူရန် မြန်မာနိုင်ငံက အဆင်သင့် ဖြစ်နေပြီ” ဟု ဖော်ပြထားသည်။

**********************************************************************************

ထိုင်းနှင့် ကမ္ဘောဒီးယား အရေးတွင် အာဆီယံ၏ ဂုဏ်သိက္ခာကို လောင်းကြေးထပ်

(AFP သတင်းမှ 5th May 2011 ရက်စွဲပါ “Asean Credibility at stake in Thai-Cambodia row” သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနှင့် ကမ္ဘောဒီးယား အကြား ဖြစ်ပွားနေသော သွေးထက်သံယို နယ်ခြား ပဋိပက္ခသည် ယခု သီတင်းပတ်ကုန် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးညီလာခံတွင် လူပြောများသည့် ပြဿနာတစ်ခု ဖြစ်ဖွယ်ရှိနေပြီး ၂၀၁၅ တွင် ဒေသတွင်း ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး အာဆီယံ အဖွဲ့က လေလုံးထွားနေခြင်းအပေါ် သံသယများ ဖြစ်ပွားစေသည်။

ဧပြီလ ၂၂ ရက် နောက်ပိုင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ရသည့် နယ်စပ် တိုက်ပွဲများသည် စနေနေ့ ဂျကာတာတွင် စတင်မည့် ၂ ရက်ကြာ အာဆီယံ ထိပ်သီး ညီလာခံတွင် ဦးစားပေး ဆွေးနွေးမည့် အဓိက အကြောင်းအရာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ရသည်။

လက်ရှိ အာဆီယံ ဥက္ကဌအင်ဒိုနီးရှားက ကြားဝင်စေ့စပ်မူကို ဦးဆောင်လှုပ်ရှားကြိုးပမ်းနေသဖြင့် တိုက်ပွဲ ပြင်းထန်မှု မရှိတော့သော်လည်း အခြေအနေမှာ တင်းမာနေဆဲ ဖြစ်ပြီး နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

“၂၀၁၅ မှာ အာဆီယံ လူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ရည်မှန်းချက်နဲ့ အာဆီယံ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခက ပြတ်ပြတ်သားသား စိမ်ခေါ်လိုက်တာပါပဲ” ဟု သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး ယူနီဗာစီတီမှ ပါမောက္ခ Cart Thayer က ပြောကြားသည်။ “နိုင်ငံရေး အဖြေထွက်အောင် ကြားဝင် စေ့စပ်သည့် အာဆီယံ၏ မအောင်မြင်မှုသည် အလားအလာ ကောင်းသော ဒေသတွင်း အဖွဲ့အစည်း ဖြစ်သည့် အာဆီယံ အဖွဲ့၏ ဂုဏ်သိက္ခာ အပေါ် အလွန် မလိုလားအပ်သော သက်ရောက်မှု ဖြစ်ပေါ်စေမည်” ဟု ၎င်းက AFP သို့ ပြောကြားသည်။

သို့ရာတွင် ပါမောက္ခ Thayer က ဆက်လက်၍ “အင်ဒိုနီးရှားက တက်တက်ကြွကြွရှိသော သံတမန် ညှိနှိုင်းမှု ကဏ္ဍမှ ဆက်လက်ပါဝင်သည့် အခွင့်အလမ်းကို အသုံးပြုနိုင်သလို အခြား အာဆီယံ နိုင်ငံများကလည်း ဘန်ကောက်နှင့် ဖနွမ်းပင်ကို စေ့စပ် ညှိနှိုင်းကြရန် ဖိအားပေးနိုင်သည်” ဟု ပြောကြားသည်။

နှစ်ဖက်စလုံးမှ အရပ်သား ၈၅၀၀၀ ခန့် နေစရာမရှိ ဖြစ်ရသော ပဋိပက္ခကို ဖြေရှင်းကြရန် ဘန်ကောက်နှင့် ဖနွမ်းပင်ကို အာဆီယံ ခေါင်းဆောင် များက တောင်းဆိုကြဖွယ် ရှိသည်ဟု သံတမန် သတင်းရပ်ကွက်က ဆိုသည်။ ဖေဖော်ဝါရီလက အာဆီယံ ဝန်ကြီးများ အထူးအစည်းအဝေးတွင် ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်၌ အင်ဒိုနီးရှား စစ်ရေး အကဲခတ်များ ထားရှိမည့် အစီအစဉ်ကို စစ်ဖက် ဖြစ်ပွားနေသည့် အိမ်နီးချင်း နှစ်နိုင်ငံက သဘောတူ လက်ခံခဲ့ကြပြီး ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs