Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာအတွက် ပိုကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုမူဝါဒ

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် ပိုကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုမူဝါဒ

စန္ဒာလွင်နှင့် ၀င်းကိုကိုလတ်

(ဖေဖော်ဝါရီ  ၁၇ ရက်ထုတ်  MYANMAR TIMES အတွဲ (၂၈) အမှတ် (၅၅၇)မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိစ္စနဲ့ပတ်သက်ရင် အခုဖွံ့ဖြိုးမှုနောက်ကျပေမယ့် ဒီလိုနောက်ကျတော့လည်း တခြားရှေ့က ဖွံ့ဖြိုးအောင် လုပ်သွားတဲ့ နိုင်ငံတွေကြုံနေတဲ့ မကောင်းတာတွေ၊ အမှားတွေကို ရှောင်နိုင်တယ်။ ပိုကောင်းတဲ့နည်းနဲ့ ပို ကောင်းမွန်ပြည့်စုံတဲ့ ဖွံ့ဖြိုးမှုရအောင် လုပ်နိုင်တာပေါ့လို့ မြန်မာတွေ အနည်းနဲ့အများ ပြန်ကြုံးဝါးလေ့ရှိတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေ ကြုံနေတဲ့အမှားတွေကို ဂဃနဏ သိလို့ဖြစ်စေ၊ စိတ်ဖြေတာ ဖြစ်စေ၊ မခံချင်တဲ့အနေနဲ့ဖြစ်စေ အဲဒီလို ပြောတတ်လေ့ရှိတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်း အလဲအတိုင်းအတာတစ်ခုအထိ အခြေကျလာပြီး အခြားကဏ္ဍ ဖွံ့ဖြိုးမှုတွေကို ပိုအာရုံစိုက်လာ၊ ပြောင်းလဲ ဖွံ့ဖြိုးအောင်လုပ်ဖို့ ပိုအားထုတ်လာတဲ့ ဒီနေ့အချိန်မှာ တိုက်ဆိုင်စွာ ကမ္ဘာ့စီးပွားရေးပညာ၊ ဖွံ့ဖြိုးရေးပညာလောကမှာလည်း ဖွံ့ဖြိုးပြီးဆိုတဲ့ နိုင်ငံတွေရဲ့ မကောင်းတဲ့အချက်တွေ၊ အမှားတွေကို ပိုပီပြင်ကျယ်ပြန့်စွာသဘော ပေါက်လာပြီး အဲဒါတွေကို ရှောင်ဖို့နည်းလမ်းတွေကို ပိုကြံဆလာချိန်၊ ပြောရဦးမယ် ဆိုရင် အဲဒီနိုင်ငံတွေထက် ပိုကောင်းမွန် ပြည့်စုံတဲ့ ဖွံ့ဖြိုးမှုကို ဖော်ထုတ်ဖို့ ဟောပြောလုပ်ဆောင်လာချိန် ဖြစ်နေပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အီးယူ၊ ယူနီဆက်ဖ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ စီစဉ်ပြီး ဖေဖော်ဝါရီလ ၁၃ မှ ၁၅ ရက်အထိ ကျင်းပတဲ့ Conference on Development Options (with Special Reference to Education and Health in Myanmar) ဆိုတဲ့ ကွန်ဖရင့်က ဖွံ့ဖြိုးမှုလမ်းကြောင်းထဲ ခြေချတော့မယ့် မြန်မာနိုင်ငံအတွက် အဲဒီပိုကောင်းမွန် ပြည့်စုံမယ့် နည်းလမ်းတွေကို ဆွေးနွေးရှာဖွေ ဖော်ထုတ်တဲ့ ကွန်ဖရင့်ပဲဖြစ်ပါတယ်။

ဒေါက်တာလှမြင့်၊ ရော်နယ်ဖင်ဒလေ၊ ပါမောက္ခစတစ်ဂလစ်ဆိုတဲ့ ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေရဲ့ မြန်မာနိုင်ငံအတွက် သီးသန့် ပြုစုထားတဲ့ စာတမ်းတွေ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံတွေက တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ စတဲ့ အာရှ စီးပွားရေးနိုင်ငံတွေက တက္ကသိုလ် တွေက ပညာရှင်တွေရဲ့ အတွေ့အကြုံ သင်ခန်းစာ မျှဝေမှုတွေ၊ အီးယူ၊ ယူနီဆက်ဖ်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးရဲ့ အကြံဉာဏ်တွေနဲ့ ဒီကွန်ဖရင့်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုမူဝါဒ အနေနဲ့ လူစုံနယ်ပယ်စုံ အကျုံးဝင် ဟန်ချက်ညီ ဖွံ့ဖြိုးမှု (Inclusive Development) ဖြစ်လာစေမယ့် နည်းလမ်းကို ရှာဖွေနိုင်ဖို့ ဇောင်းပေး ဆွေးနွေးခဲ့ကြတယ်။

ရှေ့ကနိုင်ငံတွေရဲ့ အမှားတွေအဖြစ် ဖွံ့ဖြိုးမှုကို ကုန်ပစ္စည်းထုတ်လုပ်မှုပမာဏအပေါ် သိပ်မူတည်လွန်းခဲ့တာ၊ ဖွံ့ဖြိုးမှုပျံ့နှံ့မှု အချိုးမညီမျှခဲ့တာ၊ ဥပမာ အမေရိကန်နိုင်ငံ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းရဲ့ ဖွံ့ဖြိုးမှုရလဒ်ကို နောက်ဆုံး သတ္တုချလိုက်ချိန်မှာ နိုင်ငံရဲ့ဓနရဲ့ ၉၀ ရာခိုင်နှုန်း လောက်ဟာ နိုင်ငံ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းရဲ့ လက်ထဲကိုရောက်သွားပြီး ကျန်တဲ့ ၉၉ ရာခိုင်နှုန်းသော လူတွေက ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်နိုင်ခွင့် အနေအထား ဖြစ်သွားတာဆိုတဲ့ တုန်လှုပ်စရာရလဒ်ကြီး ထွက်လာတာ၊ လူတွေ တိုးတက်အောင်လုပ်ရာမှာ ဝင်ငွေတိုးမှုအပေါ် အာရုံစိုက်လွန်းခဲ့တဲ့ အတွက် တခြားဘ၀ အရည်အသွေးတွေ ခံစားရမှုနည်းတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးဆက်ဖြစ်ပေါ်စေခဲ့တာ စတဲ့အချက်တွေကို ရှောင်ဖို့ ဆွေးနွေးခဲ့ကြတယ်။

ကွန်ဖရင့်မှာ Current Status of Development in Myanmar စာတမ်းဖတ်တဲ့ ဒေါက်တာဇော်ဦးက Inclusive Development ဆိုတာ လူအားလုံး၊ အကြောင်းအရာ အရေးကိစ္စအားလုံး ပါဝင်ဖွံ့ဖြိုးမှုလို့ အဓိပ္ပာယ်ဖွင့်ပြီး ဒီဖွံ့ဖြိုးမှုကိုရဖို့အတွက် ကုန်ထုတ်လုပ်မှုပမာဏကို ဗဟိုပြုတဲ့ တွေးခေါ်ပုံက စပြောင်းရမယ်လို့ ပြောတယ်။

ဂျီဒီပီကို မူတည်စဉ်းစားတဲ့ Mind set က စပြောင်းရမယ်။ ဒါကို awareness ရပြီး Inclusive Development ရစေမယ့်နည်းလမ်းကို ရှာဖို့ ဒီကွန်ဖရင့် ကို စီစဉ်ကြတာပါလို့ ဒေါက်တာဇော်ဦးက ပြောတယ်။

Inclusive Development ရဲ့ အဓိက ဒေါက်တိုင်သုံးခုက စီးပွားရေးဘက် ဖွံ့ဖြိုးမှု၊ လူမှုရေးဘက်ဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် ဆိုင်ရာ ဖွံ့ဖြိုးမှု တို့လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လူအားလုံး မျှမျှတတ၀င်ငွေလုံလောက်တဲ့ အတိုင်းအတာရနေစေပြီး ဘ၀အရည်အသွေးဆိုင်ရာ လူမှုရေးအရသာတွေကိုလည်း ပြည့်ပြည့်ဝဝ ခံစားနိုင်စေမယ့် သဘာဝပတ်ဝန်းကျင်ရေးကိုလည်း အထောက်အကူပေးစေမယ့် ဖွံ့ဖြိုးရေးမူဝါဒလို့ ဆိုတယ်။

ဒီလိုပိုကောင်းတဲ့နည်းနဲ့ ပိုကောင်းတဲ့ ဖွံ့ဖြိုးမှုကိုယူဖို့စဉ်းစားတာဟာ ကမ္ဘာက စီးပွားရေးပညာရှင်တွေအတွက်တောင် နယ်ပယ်သစ် ဖြစ်နေတော့ မြန်မာတွေအနေနဲ့ အောင်မြင်အောင်လုပ်နိုင် မလားလို့မေးတဲ့အခါ လုပ်နိုင်ပါတယ်။ အဓိက အပြောင်းအလဲတွေကိုတောင် လုပ်နိုင်ခဲ့ တာပဲ။ လုပ်နိုင်ပါတယ်လို့ ဖြေပါတယ်။

ဒီကွန်ဖရင့်မှာ ဒီနေ့ခေတ်ဆွေးနွေးမှုတွေရဲ့ ဇာတ်လိုက်အကြောင်းအရာဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ကမ္ဘာ့စီးပွား ရေး အင်အားကြီးတွေအဖြစ် ထွက်ပေါ်လာမှုနဲ့အတူ ကမ္ဘာ့စီးပွားရေးဟာ အရင်က အနောက်နိုင်ငံတွေကို ဗဟိုပြုနေရာက ယနေ့အရှေ့နိုင်ငံတွေဆီ ဗဟိုချက်ရွေ့လာခြင်းနဲ့ အဲဒီ ဗဟိုချက်အင်အားကြီး နှစ်ခုရဲ့ကြား၊ ဒါ့ပြင် အာဆီယံနိုင်ငံတွေနဲ့ပါ ဆက်စပ်ရာ သုံးပွင့်ဆိုင်နေရာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်း ထွက်ပေါက်ရှည်ကြီး တစ်လျှောက်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ဖုဿရထား ဆိုက်ကိန်းကြုံလာတဲ့ တည်နေရာနဲ့ အခင်းအကျင်းသစ်မှာ မြန်မာက ဖွံ့ဖြိုးဖို့ စလုပ်လာချိန်၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပိုကောင်းမွန်တဲ့ အဓိပ္ပာယ်သစ်ပေါ်လာချိန်၊ ဖွံ့ဖြိုးမှုကို ပိုကောင်းတဲ့နည်းနဲ့ရနိုင်တဲ့ နည်းလမ်းထွန်း ကားစအချိန် ဆိုတဲ့ အချက်တွေအရ မြန်မာနိုင်ငံအတွက် သိပ်ကောင်းတဲ့ အနာဂတ်က စောင့်နေတဲ့ အလားအလာကို အသိအမှတ်ပြု ဆွေးနွေးကြတယ်။

ဒီအလားအလာကို အရယူနိုင်ဖို့ မြန်မာနိုင်ငံဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများကြီးရှိတာကိုလည်း ထည့်သွင်းဆွေးနွေးကြတယ်။

ဒီလိုဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ဖို့ အခရာနည်းလမ်းတစ်ခုက လူမှုရေး ကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ပါမောက္ခစတစ်ဂလစ်က သူ့စာတမ်းမှာ ထည့်သွင်းပြောဆိုပါတယ်။

သူ့ရဲ့ ပြောဆိုမှုနဲ့အညီပဲ ဒီဖွံ့ဖြိုးမှုပုံစံကို ဦးတည်တဲ့ ပညာရေးနဲ့ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လည်း စာတမ်းပေါင်း များစွာနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

**********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၉.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ
  2. ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ
  3. တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာကို ကေအိုင်အိုနှင့်အစိုးရတို့ ရွေးချယ်နေ
  1. ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လားရှိုးသို့ မတ်လတွင် သွားရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ

နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးအဖွဲ့အား အငြိမ့်ဆက်မကရန် ဘုရားဂေါပကအဖွဲ့မှ တားမြစ်ခဲ့ခြင်းကြောင်း ပွဲကန်ထရိုက်က ဂေါပကအဖွဲ့အား တရားစွဲဆိုထားကြောင်း သိရသည်။

ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ကျင်းပသည့် သန်လျင် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီး အငြိမ့်အဖွဲ့အား ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ ရက်နေ့အထိ ကပြရန် ပွဲကန်ထရိုက်တာ ဦးမျိုးသိန်းမှ ငှားရမ်းခဲ့သည်။

“ရက်ကြေး သုံးရက်စာကို သိန်းလေးဆယ်ကျော် ပေးပြီးသွားပြီ။ ဇာတ်ပွဲတွေထုံးစံကလည်း နောက်ဆုံးနေ့မှ လူ စည်တာလေ။ဒါကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်ပဲ ကပြရသေးတယ်။ ဆက်မကရဘူးလို့ ဂေါပကက အမိန့်ထုတ်တော့ ကျွန် တော် နာတာပေါ့”ဟု ယင်းဇာတ်ပွဲကန်ထရိုက်မှ ဆိုသည်။

သက်ဆိုင်ရာ ဒေသအာဏပိုင်မဟုတ်ဘဲ တားမြစ်သဖြင့် ယင်းဖြစ်ရပ်အား တောင်ပိုင်းခရိုင်တရားရုံးသို့ တရားလိုအဖြစ် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

သီးလေးသီးအငြိမ့်မှ ဘုရားဖူးပရိတ်သတ်များကို ဖျော်ဖြေရာတွင် ဂေါပကအား ပျက်လုံးထုတ်သဖြင့် ယင်းသို့ ဆက်မကရန် တားမြစ်ရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားမှ ဂေါပကတစ်ဦးက ရန်ကုန်ခရော်နီကယ် သို့ ပြောကြားသော်လည်း မည်သို့သော အဓိပ္ပာယ်ရသည့် ပျက်လုံးမျိုးကြောင့် တားမြစ်ရသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

“သီးလေးသီးတွေက ပျက်တဲ့ပျက်လုံးတွေက အိပ်နေတဲ့  ဘုရားဂေါပကကို ကျော်ခွမသွားနဲ့။ ကျော်ခွသွားရင် ငရဲကြီးတယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ဗိုက်ထဲမှာ ဘုရားဌာပနာတွေရှိလို့ဆိုတဲ့ ပျက်လုံးတွေပျက်တယ်ဗျ” ဟု သန်လျင်မြို့ခံ တစ်ဦးအား ရန်ကုန်ခရော်နီကယ်မှ ဆက်သွယ် မေးမြန်ရာတွင် ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကျိုက်ခေါက် ဘုရားဂေါပကအဖွဲ့မှ သန်လျင်မြို့ခံ လူမှုရေး အသင်းအဖွဲ့များအား ဖြေရှင်းရန် ပြင်ဆင် နေကြောင်း သိရသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ

ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများထံမှ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ၏ ဆက်စပ်ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်း ဈေးကွက်လုယူခဲ့သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းအချို့မှ လုပ်ငန်းရပ်နားရသည်အထိ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရန် ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းကာလများတွင် နိုင်ငံသားပိုင်ကုမ္ပဏီများမှ ဈေးကွက်လုယူခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်လာသည့် အတွက် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို ပြည်တွင်းကကုမ္ပဏီတွေ အထိနာအောင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက တိုက်ခိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စတွေကို ရပ်တန့်သင့်ပါပြီ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြား လုပ်ငန်းရှင်တွေကို တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါပြီ” ပာု ပြောကြားသည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံသား ခရီးသွားကုမ္ပဏီများ၏ အကျိုးကိုကြည့်၍ ကာကွယ်ရန် လိုအပ်ပြီး လက်ရှိ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခြင်းများကို ရပ်တန့်နိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မျက်များ တင်ပို့ရောင်းချရာတွင် ယခင်က တရုတ်နိုင်ငံဘက်မှ အခွန်ကင်း လွတ်ခွင့်ပြုထားခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ ၎င်း အခွန်ကင်းလွတ်ခွင့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခွန်နှုန်းထားအား ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မြန်မာ့သတ္တုကဏ္ဍတွင် ယခင်ထက် ကန်ဒေါ်လာ သန်း ရာကျော် အရောင်းကျဆင်းသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းကဏ္ဍ၌ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၀၂ ဘီလီယံ ရှိခဲ့ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်းတွင် ယခင် ဘဏ္ဍာရေးနှစ်ထက် ပိုမိုလျော့ကျသွားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍကဲ့သို့ သစ်တောထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု များမှာလည်း ဒေါ်လာသန်းချီကာ ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍ အားကောင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၅ ဒဿမ ၂ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင်မူ သွင်းကုန်ကဏ္ဍသာ အားကောင်းလျက်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု မှာ ၁၅ ဒဿမ ၁ ဘီလီယံသာရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

Ref:Popular News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာကို ကေအိုင်အိုနှင့်အစိုးရတို့ ရွေးချယ်နေ

အပစ်အခတ်ရပ်စဲရေးအဆင့်ကို မတက်လှမ်းနိုင်သေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့(A)တို့အကြား ဆွေးနွေးရန် နေရာကို ရွေးချယ်နေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ကို ယင်းတို့၏အခြေခံဒေသသို့ ခေါ်ဆောင်ပြီး အစိုးရ အနေဖြင့် ကေအိုင်အိုအား နေပြည်တော်သို့ လာရောက်ဆွေးနွေးရန် ခေါ်ဆောင်နေခြင်းကြောင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် နေရာရွေးချယ်မှုနှင့် ရပ်တန့်နေကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အစိုးရဘက်ကလည်း မလိုက်ရဲဘူး။ လိုင်ဇာက ရဟတ်ယာဉ်နဲ့ သွားရမယ့်ခရီးဆိုတော့ အောက်ကနေ တစ်ယောက်ယောက်က ပစ်ချလိုက်ရင် အကုန်သေကုန်မှာလေ”ဟု ယင်းက ဆက်လက်ပြောကြားသည်။

ခွဲထွက်ရေးကို တောင်းဆိုခဲ့သည့် ကေအိုင်အိုအဖွဲ့အနေဖြင့် ယင်းတို့၏ တပ်တွင်းမှာပင် စည်းကမ်းဖောက်ဖျက်မှုများကို ကြုံတွေ့နေရပြီး စစ်ရင်ဆိုင်မှု ကြာရှည်ပါက ယခုအခြေအနေထက်ပို၍ တပ်တွင်း စည်းကမ်းဖောက်ဖျက်မှုများကို ကြုံတွေ့လာနိုင်ကြောင်း တရုတ်နိုင်ငံတွင် နေထိုင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးက သုံးသပ်ပြသည်။

ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်အပြေဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့(A)၏ တာဝန်ရှိသူ ဦးအောင်သောင်းမှာ အစိုးရအဖွဲ့တွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့(A)နှင့် အဖွဲ့(B)ဟူ၍ နှစ်ဖွဲ့ ဖွဲ့ပေးထားကာ အဖွဲ့(A)အား တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား လည်းကောင်း၊ အဖွဲ့(B)အား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား လည်းကောင်း ဦးဆောင်ရန် တာဝန်ပေးထားသည်။

KS

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လားရှိုးသို့ မတ်လတွင် သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လတွင် လားရှိုးမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ် အဖြစ် သွာရောက်ရန်ရှိပြီး ထိုမှတစ်ဆင့် ကျန်မြို့နယ်များသို့ ဆက်လက်သွားမည်ဟု သိရသည်။

လားရှိုးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်သူမှာ NLDပါတီမှ ရှေ့နေတစ်ဦးဖြစ်သူ ဦးစိုင်းမြင့်မောင်ဖြစ်ပြီး ၎င်းအနေဖြင့် စည်းရုံးရေးဆင်းမည့်ရက်အား တစ်ပတ်ကြို၍ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် သက်ဆိုင်ရာသို့ စာတင်ထားကြောင်းနှင့် ၂၇ရက်နေ့တွင် စည်းရုံးရေး စဆင်းရန်ရှိသည်ဟုလည်း သိရသည်။

“ကျေးလက်မှာတော့ နိုင်ဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းရယ်က ဒေသခံတွေ ပြောတာကတော့ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့က ကျေးလက်က ဒေသခံတွေကို ပြည်ခိုင်ဖြိုးကို မဲပေးဖို့နဲ့ မဲမပေးရင် ရွာကမောင်းထုတ်မယ်ဆိုပြီး ခြိမ်းမြောက်တာတွေ ရှိနေတယ်လို့ သိရတယ်ဗျ။ ဒါပေမယ့် အထောက်အထား သက်သေတော့ မရှိဘူး။ တိုင်လို့လည်း မဖြစ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ တရားမျှတမယ် မမျှတဘူးဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမယ်”ဟု ဦးစိုင်းမြင့်မောင်မှ သျှမ်းတော်ဆင့် သတင်းဌာနသို့ ပြောပြချက်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။

၎င်းသည် ယခင်က SSDP(Shan State Democratic Party)တွင် ပါဝင်ဆောင်ရွက်ဖူးကြောင်းနှင့် ၈၈အရေးအခင်း နောက်ပိုင်းတွင် NLDအဖွဲ့ချုပ်၌ ဝင်ရောက်ခဲ့သည်ဟုလည်း သိရပြီး ၎င်း၏အလုပ်အကိုင်သည် ရှေ့နေလုပ်ငန်းအား လုပ်ကိုင်သူတစ်ယောက်ဖြစ်သည်ဟုလည်း သိရသည်။

ယင်းရှမ်းပြည်မြောက်ပိုင်းတွင် အမျိုးသားလွှတ်တော်နေရာ၌ NLDပါတီ၊ SNDPပါတီ၊ USDPနှင့် ကိုးကန့်ပါတီတို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ရုပ်မြင်သံကြားမှ ပောာပြောခွင့်ရရှိ

ဧပြီလ ၁ ရက်နေ့၌ ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ(၁၇) ပါတီမှ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို ရေဒီယိုနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များမှ ပောာပြောတင်ပြခွင့်များ ရရှိနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၂/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

၎င်းကြေညာချက်၌ ကြားဖြတ်ရွေးကောက်ပွဲဝင်ပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ(သို့) အတွင်းရေးမှူးများက မိမိတို့ပါတီအတွက် အချိန်ဇယားဖြင့် သတ်မှတ်ပေးသည့် ရက်မတိုင်မီ အနည်းဆုံး(၇)ရက် ကြိုတင်၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ ပောာပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင် သံကြားမှတစ်ဆင့် အလှည့်ကျ ပောာပြောခွင့် ရရှိနိုင်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ တစ်ဆင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ခွင့်ပြုချိန် ၁၅ မိနစ် ရရှိမည်ဖြစ်ပြီး ပါတီ၏ သီချင်းများကိုလည်း ပောာပြောချိန် ၁၅ မိနစ်ခွင့်ပြုချိန်ထဲတွင်သာ ထုတ်လွှင့်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ များတွင် လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ပါတီများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို လိုက် နာရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးပါတီ(၁၇) ပါတီ၏ ရေဒီယိုနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များမှ မဲဆွယ်စည်းရုံး ပောာပြောတင်ပြနိုင်ရန် အချိန်ဇယားကို  ဖေဖော်ဝါရီ ၁၈ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားရာ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောရန် အလှည့်ကျသည့်နေ့မှာ မတ်လ ၁၄ရက်နေ့ ဖြစ်ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လုပ်စရာတွေက အများကြီးပါ။ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံး ပြုပြင်ရမှာက ငွေလဲနှုန်းထိန်းညှိဖို့ရယ်၊ မြေယာပြုပြင်ပြောင်းလဲမှုကိစ္စ၊ မြေယာပြုပြင်ပြောင်းလဲမှုကိစ္စ၊ ဈေးကွက်တွေပိုပြီးယှဉ်ပြိုင်နိုင်အောင် လုပ်ပေးဖို့ နဲ့လက်ဝါးကြီးအုပ်မှုတွေကို ဖယ်ရှားဖို့လည်း အရေးကြီးပါတယ်”

ဖေဖော်ဝါရီ ၁၆ ထုတ် 7DAY NEWS အတွဲ (၁၀)၊ အမှတ် (၄၈) တွင်ပါသည့် “ငွေလဲနှုန်းပြင်ဆင်ရန် အရေးကြီး ကြောင်း စတစ်ဂလစ်ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရုပ်ဝတ္ထုပစ္စဖြစ်တဲ့ Infrastructure တွေ တိုးတက်ရုံသာမက ပြည်သူပြည်သားတွေရဲ့ စားဝတ်နေရေးနဲ့ စိတ်ဓာတ်ရေးရာပိုင်းတွေမှာလည်း တိုးတက်ဖို့ လိုပါတယ်။ နိုင်ငံတစ်ခုမှာ GDP တိုးတက်ရုံနဲ့ ပြည်သူအများစုလူနေ မှုအဆင့်အတန်း တိုးတက်လာတာ မဟုတ်သေးပါဘူး။ တိုင်းပြည်ကြွယ်ဝမှုရဲ့ ၈၀ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းသာ လူဦးရေက ပိုင်ဆိုင်နေပြီး ကြွယ်ဝမှုရဲ့ ကျန် ၂၀ ရာခိုင်နှုန်းကို လူများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းက ပိုင်ဆိုင်နေရင် ဒီနိုင်ငံ တိုးတက်ပြီးလို့ မဆိုနိုင်သေးပါဘူး”

ဖေဖော်ဝါရီ ၁၆ ထုတ် 7DAY NEWS အတွဲ (၁၀)၊ အမှတ် (၄၈) တွင်ပါသည့် “အခြေခံအဆောက်အအုံများ ဦးစား ပေးခဲ၍ ပညာရေး၊ ကျန်းမာရေးတွင် နောက်ကျခဲ့” သတင်းမှ မင်းလှမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားခြင်း ရှိပါသလား။

ဖြေ- ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ထည့်သွင်းပြဋ္ဌာန်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါရီ အခြေခံမူအရတော့ ခိုင်မာမှုရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်ရပါတယ်။ တကယ်လို့ မပါခဲ့ရင် လွှတ်တော်ထဲမှာ အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ခန့်အပ်ရပါတယ်။ သဘောက ဥပဒေတစ်ခုနဲ့ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားတယ်ဆိုတော့ လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ဖော်ညွှန်းတဲ့ သဘောပါ။ လွတ်လွတ်လပ်လပ်နဲ့ပိုပြီး ဆောင်ရွက်နိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ နိုင်ငံတော်သမ္မတကြီးက ခန့်အပ် ထားတာပါ။ တစ်ခု ရှိတာက ပါရီအခြေခံမူမှာပဲ မိမိနိုင်ငံရဲ့ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်မယ့် အခြေအနေမျိုးနဲ့ ခန့်အပ်လို့ရတာမျိုးလည်း ရှိပါတယ်။

ဖေဖော်ဝါရီ ၁၇ ထုတ် BiWeeklyELEVEN အတွဲ (၄) အမှတ် (၄၆) တွင်ပါသည့် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရနှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs