Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာအတွက် ပိုကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုမူဝါဒ

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် ပိုကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုမူဝါဒ

စန္ဒာလွင်နှင့် ၀င်းကိုကိုလတ်

(ဖေဖော်ဝါရီ  ၁၇ ရက်ထုတ်  MYANMAR TIMES အတွဲ (၂၈) အမှတ် (၅၅၇)မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိစ္စနဲ့ပတ်သက်ရင် အခုဖွံ့ဖြိုးမှုနောက်ကျပေမယ့် ဒီလိုနောက်ကျတော့လည်း တခြားရှေ့က ဖွံ့ဖြိုးအောင် လုပ်သွားတဲ့ နိုင်ငံတွေကြုံနေတဲ့ မကောင်းတာတွေ၊ အမှားတွေကို ရှောင်နိုင်တယ်။ ပိုကောင်းတဲ့နည်းနဲ့ ပို ကောင်းမွန်ပြည့်စုံတဲ့ ဖွံ့ဖြိုးမှုရအောင် လုပ်နိုင်တာပေါ့လို့ မြန်မာတွေ အနည်းနဲ့အများ ပြန်ကြုံးဝါးလေ့ရှိတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေ ကြုံနေတဲ့အမှားတွေကို ဂဃနဏ သိလို့ဖြစ်စေ၊ စိတ်ဖြေတာ ဖြစ်စေ၊ မခံချင်တဲ့အနေနဲ့ဖြစ်စေ အဲဒီလို ပြောတတ်လေ့ရှိတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်း အလဲအတိုင်းအတာတစ်ခုအထိ အခြေကျလာပြီး အခြားကဏ္ဍ ဖွံ့ဖြိုးမှုတွေကို ပိုအာရုံစိုက်လာ၊ ပြောင်းလဲ ဖွံ့ဖြိုးအောင်လုပ်ဖို့ ပိုအားထုတ်လာတဲ့ ဒီနေ့အချိန်မှာ တိုက်ဆိုင်စွာ ကမ္ဘာ့စီးပွားရေးပညာ၊ ဖွံ့ဖြိုးရေးပညာလောကမှာလည်း ဖွံ့ဖြိုးပြီးဆိုတဲ့ နိုင်ငံတွေရဲ့ မကောင်းတဲ့အချက်တွေ၊ အမှားတွေကို ပိုပီပြင်ကျယ်ပြန့်စွာသဘော ပေါက်လာပြီး အဲဒါတွေကို ရှောင်ဖို့နည်းလမ်းတွေကို ပိုကြံဆလာချိန်၊ ပြောရဦးမယ် ဆိုရင် အဲဒီနိုင်ငံတွေထက် ပိုကောင်းမွန် ပြည့်စုံတဲ့ ဖွံ့ဖြိုးမှုကို ဖော်ထုတ်ဖို့ ဟောပြောလုပ်ဆောင်လာချိန် ဖြစ်နေပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာမှာ အီးယူ၊ ယူနီဆက်ဖ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ စီစဉ်ပြီး ဖေဖော်ဝါရီလ ၁၃ မှ ၁၅ ရက်အထိ ကျင်းပတဲ့ Conference on Development Options (with Special Reference to Education and Health in Myanmar) ဆိုတဲ့ ကွန်ဖရင့်က ဖွံ့ဖြိုးမှုလမ်းကြောင်းထဲ ခြေချတော့မယ့် မြန်မာနိုင်ငံအတွက် အဲဒီပိုကောင်းမွန် ပြည့်စုံမယ့် နည်းလမ်းတွေကို ဆွေးနွေးရှာဖွေ ဖော်ထုတ်တဲ့ ကွန်ဖရင့်ပဲဖြစ်ပါတယ်။

ဒေါက်တာလှမြင့်၊ ရော်နယ်ဖင်ဒလေ၊ ပါမောက္ခစတစ်ဂလစ်ဆိုတဲ့ ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေရဲ့ မြန်မာနိုင်ငံအတွက် သီးသန့် ပြုစုထားတဲ့ စာတမ်းတွေ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံတွေက တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ စတဲ့ အာရှ စီးပွားရေးနိုင်ငံတွေက တက္ကသိုလ် တွေက ပညာရှင်တွေရဲ့ အတွေ့အကြုံ သင်ခန်းစာ မျှဝေမှုတွေ၊ အီးယူ၊ ယူနီဆက်ဖ်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးရဲ့ အကြံဉာဏ်တွေနဲ့ ဒီကွန်ဖရင့်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုမူဝါဒ အနေနဲ့ လူစုံနယ်ပယ်စုံ အကျုံးဝင် ဟန်ချက်ညီ ဖွံ့ဖြိုးမှု (Inclusive Development) ဖြစ်လာစေမယ့် နည်းလမ်းကို ရှာဖွေနိုင်ဖို့ ဇောင်းပေး ဆွေးနွေးခဲ့ကြတယ်။

ရှေ့ကနိုင်ငံတွေရဲ့ အမှားတွေအဖြစ် ဖွံ့ဖြိုးမှုကို ကုန်ပစ္စည်းထုတ်လုပ်မှုပမာဏအပေါ် သိပ်မူတည်လွန်းခဲ့တာ၊ ဖွံ့ဖြိုးမှုပျံ့နှံ့မှု အချိုးမညီမျှခဲ့တာ၊ ဥပမာ အမေရိကန်နိုင်ငံ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းရဲ့ ဖွံ့ဖြိုးမှုရလဒ်ကို နောက်ဆုံး သတ္တုချလိုက်ချိန်မှာ နိုင်ငံရဲ့ဓနရဲ့ ၉၀ ရာခိုင်နှုန်း လောက်ဟာ နိုင်ငံ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းရဲ့ လက်ထဲကိုရောက်သွားပြီး ကျန်တဲ့ ၉၉ ရာခိုင်နှုန်းသော လူတွေက ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်နိုင်ခွင့် အနေအထား ဖြစ်သွားတာဆိုတဲ့ တုန်လှုပ်စရာရလဒ်ကြီး ထွက်လာတာ၊ လူတွေ တိုးတက်အောင်လုပ်ရာမှာ ဝင်ငွေတိုးမှုအပေါ် အာရုံစိုက်လွန်းခဲ့တဲ့ အတွက် တခြားဘ၀ အရည်အသွေးတွေ ခံစားရမှုနည်းတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးဆက်ဖြစ်ပေါ်စေခဲ့တာ စတဲ့အချက်တွေကို ရှောင်ဖို့ ဆွေးနွေးခဲ့ကြတယ်။

ကွန်ဖရင့်မှာ Current Status of Development in Myanmar စာတမ်းဖတ်တဲ့ ဒေါက်တာဇော်ဦးက Inclusive Development ဆိုတာ လူအားလုံး၊ အကြောင်းအရာ အရေးကိစ္စအားလုံး ပါဝင်ဖွံ့ဖြိုးမှုလို့ အဓိပ္ပာယ်ဖွင့်ပြီး ဒီဖွံ့ဖြိုးမှုကိုရဖို့အတွက် ကုန်ထုတ်လုပ်မှုပမာဏကို ဗဟိုပြုတဲ့ တွေးခေါ်ပုံက စပြောင်းရမယ်လို့ ပြောတယ်။

ဂျီဒီပီကို မူတည်စဉ်းစားတဲ့ Mind set က စပြောင်းရမယ်။ ဒါကို awareness ရပြီး Inclusive Development ရစေမယ့်နည်းလမ်းကို ရှာဖို့ ဒီကွန်ဖရင့် ကို စီစဉ်ကြတာပါလို့ ဒေါက်တာဇော်ဦးက ပြောတယ်။

Inclusive Development ရဲ့ အဓိက ဒေါက်တိုင်သုံးခုက စီးပွားရေးဘက် ဖွံ့ဖြိုးမှု၊ လူမှုရေးဘက်ဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် ဆိုင်ရာ ဖွံ့ဖြိုးမှု တို့လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လူအားလုံး မျှမျှတတ၀င်ငွေလုံလောက်တဲ့ အတိုင်းအတာရနေစေပြီး ဘ၀အရည်အသွေးဆိုင်ရာ လူမှုရေးအရသာတွေကိုလည်း ပြည့်ပြည့်ဝဝ ခံစားနိုင်စေမယ့် သဘာဝပတ်ဝန်းကျင်ရေးကိုလည်း အထောက်အကူပေးစေမယ့် ဖွံ့ဖြိုးရေးမူဝါဒလို့ ဆိုတယ်။

ဒီလိုပိုကောင်းတဲ့နည်းနဲ့ ပိုကောင်းတဲ့ ဖွံ့ဖြိုးမှုကိုယူဖို့စဉ်းစားတာဟာ ကမ္ဘာက စီးပွားရေးပညာရှင်တွေအတွက်တောင် နယ်ပယ်သစ် ဖြစ်နေတော့ မြန်မာတွေအနေနဲ့ အောင်မြင်အောင်လုပ်နိုင် မလားလို့မေးတဲ့အခါ လုပ်နိုင်ပါတယ်။ အဓိက အပြောင်းအလဲတွေကိုတောင် လုပ်နိုင်ခဲ့ တာပဲ။ လုပ်နိုင်ပါတယ်လို့ ဖြေပါတယ်။

ဒီကွန်ဖရင့်မှာ ဒီနေ့ခေတ်ဆွေးနွေးမှုတွေရဲ့ ဇာတ်လိုက်အကြောင်းအရာဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ကမ္ဘာ့စီးပွား ရေး အင်အားကြီးတွေအဖြစ် ထွက်ပေါ်လာမှုနဲ့အတူ ကမ္ဘာ့စီးပွားရေးဟာ အရင်က အနောက်နိုင်ငံတွေကို ဗဟိုပြုနေရာက ယနေ့အရှေ့နိုင်ငံတွေဆီ ဗဟိုချက်ရွေ့လာခြင်းနဲ့ အဲဒီ ဗဟိုချက်အင်အားကြီး နှစ်ခုရဲ့ကြား၊ ဒါ့ပြင် အာဆီယံနိုင်ငံတွေနဲ့ပါ ဆက်စပ်ရာ သုံးပွင့်ဆိုင်နေရာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်း ထွက်ပေါက်ရှည်ကြီး တစ်လျှောက်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ဖုဿရထား ဆိုက်ကိန်းကြုံလာတဲ့ တည်နေရာနဲ့ အခင်းအကျင်းသစ်မှာ မြန်မာက ဖွံ့ဖြိုးဖို့ စလုပ်လာချိန်၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပိုကောင်းမွန်တဲ့ အဓိပ္ပာယ်သစ်ပေါ်လာချိန်၊ ဖွံ့ဖြိုးမှုကို ပိုကောင်းတဲ့နည်းနဲ့ရနိုင်တဲ့ နည်းလမ်းထွန်း ကားစအချိန် ဆိုတဲ့ အချက်တွေအရ မြန်မာနိုင်ငံအတွက် သိပ်ကောင်းတဲ့ အနာဂတ်က စောင့်နေတဲ့ အလားအလာကို အသိအမှတ်ပြု ဆွေးနွေးကြတယ်။

ဒီအလားအလာကို အရယူနိုင်ဖို့ မြန်မာနိုင်ငံဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများကြီးရှိတာကိုလည်း ထည့်သွင်းဆွေးနွေးကြတယ်။

ဒီလိုဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ဖို့ အခရာနည်းလမ်းတစ်ခုက လူမှုရေး ကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ပါမောက္ခစတစ်ဂလစ်က သူ့စာတမ်းမှာ ထည့်သွင်းပြောဆိုပါတယ်။

သူ့ရဲ့ ပြောဆိုမှုနဲ့အညီပဲ ဒီဖွံ့ဖြိုးမှုပုံစံကို ဦးတည်တဲ့ ပညာရေးနဲ့ ကျန်းမာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လည်း စာတမ်းပေါင်း များစွာနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

**********************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment