Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၂.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၁)

  1. မြန်မာနိုင်ငံမှ မှန်ကန်သော လုပ်ရပ်များသေချာစေဖို့

(VOA News မှ 18 February 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Ensuring due process in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနှင့် တရုတ်သို့ပို့မည့်   ရူပီ ၁၀ သန်းတန် မူးယစ်ဆေးဝါးများမိ

(The Asian Age မှ 19 February 2012 ရက်စွဲပါ Narcotics Worth 1 cr seized, 2 arrested ကို ဘာသာပြန်ဆိုသည်)

  1. နယ်မြေသစ်မှ စိန်ခေါ်မှုများ

(Bangkok Post မှ 20 Feb 2012 ရက်စွဲပါ "Challenges on the new frontier" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. ဝန်ကြီးချုပ်ဟောင်း အဘီဆစ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(Bangkok Post မှ 19 February,2012 ရက်စွဲပါ "Abhisit calls on Suu Kyi" ကို ဘာသာပြန်ဆိုသည်။)

************************************************************************

မြန်မာနိုင်ငံမှ မှန်ကန်သော လုပ်ရပ်များသေချာစေဖို့

(VOA News မှ 18 February 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Ensuring due process in Burma ကို ဘာသာ ပြန်ဆိုသည်)

ကျွန်ုပ်တို့သည် မြန်မာအစိုးရအား မကြာမီက လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးရန် တောင်းဆိုသည်။ အာဏာပိုင်များသည် ဇန်နဝါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့သော ဦးဂမ္ဘီရအား နာရီအတန်ကြာ ထိန်းသိမ်း မေးမြန်းပြီး ပြန်လွှတ်ခဲ့သည်။ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ်က ဘုန်တော်ကြီးများဦးဆောင်သော ဆန္ဒပြမှုတွင် ခေါင်းဆောင်ခဲ့သူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရ၏ ဦးကမ္ဘီရကဲ့သို့သော နာမည်ကျော်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာ ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း၊ လူထုအခြေပြုအဖွဲ့အစည်းများအတွက် နေရာ ပိုမိုပေးလာခြင်းနှင့် အတိုက်အခံများရွေးကောက်ပွဲဝင်နိုင်ရန် ခွင့်ပြုလာခြင်းသည် နောက်ထပ် ထပ်မံ လုပ်ဆောင်လိမ့်ဦးမယ်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအပြည့်အဝ ပြန်လည် ထူထောင်ရန် ကတိပြုခဲ့ပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသို့သွားရာလမ်းနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် တိုးတက်မှု များအပေါ် ဆက်လက်ထောက်ခံရန် လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ရှိ နေရန် ကတိများရှိနေဆဲဖြစ်သည်။ ဒီမိုကရေစီအတွက် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည်။ ထို့ကြောင့် မြန်မာအစိုးရအား နိုင်ငံသားအားလုံးက အခြေခံရပိုင်ခွင့်များကို ကာကွယ်ပေးရေးလုပ်ဆောင်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ထိုသို့ဆိုရာတွင် မကြာသေးမီကလွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသားလည်းပါဝင်သည်။

ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ခြင်း ချွင်းချက်မရှိ လွှတ်သင့်သည်။ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် အမှန်တကယ် ရည်ရွယ်ပါက လွှတ်ပြီးသော အကျဉ်းသားများအပေါ် အခြေအနေများကန့် သတ်ထားမှုကို ဖယ်ရှားသင့်လှသည်။

******************************************************************

မြန်မာနှင့် တရုတ်သို့ပို့မည့်   ရူပီ ၁၀ သန်းတန် မူးယစ်ဆေးဝါးများမိ

(The Asian Age မှ 19 February 2012 ရက်စွဲပါ Narcotics Worth 1 cr seized, 2 arrested ကို ဘာသာပြန်ဆိုသည်)

ဒေလီရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့သည် မဏိပူရမှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါးရောင်း ဝယ်ခြင်းနှင့် ပတ်သက်သော ဆင်ဒီကိတ် တစ်ခုကို ဖြိုခွင်းနိုင်ခဲ့သည်။ လူနှစ်ဦးအားဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ ရူပီ ၁၀ သန်းတန်းဖိုးရှိ ၁၅၀ ကီလိုဂရမ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် Deepak Rastogi (၂၉)နှစ်နှင့် Gurbachan Singh(၃၆ နှစ်) တို့အား သောကြာနေ့ညနေ(၆)နာရီ ခန့်တွင် P.K Puram တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ အက်ဖီဒရင်း ၁၅၀ ကီလိုဂရမ်၊ ဆူဒိုအက်ဖီဒရင်းဖြစ်သော Actifin ဆေးပြားကဒ်(၁၈၀၀၀)ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှစ်ဦး အသုံးပြုသော ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်အား ဖမ်းဆီးရမိခဲ့သည်။

“ကျွန်တော်တို့မကြာသေးခင်က မူးယစ်ဆေးဝါး အတော်များများဖမ်းမိခဲ့ရာမှာ နိုင်ငံတကာဈေးကွက် ပါတီတွေမှာ သုံးတဲ့ Ecstasy နဲ့ Ice တွေ ပါဝင်ပါတယ်။ စစ်ဆေးလိုက်တော့ မြန်မာနိုင်ငံနဲ့ တရုတ်ကို မဏိပူရ ကတဆင့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဆင်ဒီကိတ်တစ်ခုရှိတယ်ဆိုတာ ပေါ်လာပါတယ်”ဟု ရဲတပ်ဖွဲ့မှ Arun Kampani က ပြောသည်။ “သောကြာနေ့မှာ သတင်းအတိအကျရတယ်။ Deepak ဟာ ကြီးမားတဲ့ ပမာဏတစ်ခု အလုပ်လုပ်ဖို့ရှိ တယ်လို့ သတင်းရပါတယ်။ သူ့လူ Gurbachan ရဲ့ အကူအညီနဲ့ R.k Puram အတွက် 7 မှ ပစ္စည်းတွေ ဖွက် ထားပါတယ်။ ညနေ ၆ နာရီမှာ Gurbachan ဟာ သူရဲ့ Indigo ကားနဲ့ ပစ္စည်းတွေလာသယ်ပါတယ်။ သူဟာ မြန်မာနိုင်ငံနဲ့ တရုတ်ကို မဏိပူရက တဆင်ပို့မယ့် ပစ္စည်းတွေ ပါလာသေးတယ်။ Deepak ဆီက ၅၀ ကီလိုနဲ့ Gurbachan ထံက ကီလိုဖမ်းဆီးမိပါတယ်”ဟု Kampani က ပြောသည်။

***************************************************************************

နယ်မြေသစ်မှ စိန်ခေါ်မှုများ

(Bangkok Post မှ 20 Feb 2012 ရက်စွဲပါ "Challenges on the new frontier" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အားရစရာ ကောင်းပြီး နောက်ပြန် မလှည့်နိုင်တော့သော်လည်း စီးပွားရေး တစ်ခုလုံး၊ ငွေကြေးစနစ်၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု စသဖြင့် အလုံးစုံပြင်ဆင်ရေးကိစ္စကို ကြီးမားသောစိန်ခေါ်မှုတစ်ခု အဖြစ် ရင်းနှီး မြှုပ်နှံသူများက ရှုမြင်ထားကြသည်။ အရှေ့တောင် အာရှ၏ နယ်မြေသစ်တစ်ခုဖြစ်နေသော မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့သဖြင့် လွန်ခဲ့သော နှစ် ၂၀၊ ဗီယက်နမ်နိုင်ငံ တံခါးဖွင့်ချိန်ကဲ့သို့ လက်မလွတ်သွားစေရန် ထိုင်းကုမ္ပဏီများကို ဝိုင်းဝန်း တိုက်တွန်း အားပေးနေကြသည်။

"ဗီယက်နမ်နိုင်ငံ တံခါးဖွင့်ချိန်တုန်းက ထိုင်းကုမ္ပဏီတွေရဲ့ တုန့်ပြန်မှုကို ကြည့်မယ်ဆိုရင် လက်သွက်၊ ခြေသွက် မရှိဘူးလို့ ပြောရပါလိမ့်မယ်" ဟု ယခင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဟောင်း ကွန်ချာတီ ကာဗန်နစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် အိန္ဒိယအတွက် မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်များနှင့် ပတ်သက်၍ ဘန်ကောက်တွင် လတ်တလော ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ကာဗန်နစ်က "ဗီယက်နမ် တံခါးဖွင့်မှာ လက်နှေးခဲ့တဲ့ အကြောင်းရင်းတွေ များစွာ ရှိနိုင်ပေမယ့် အဓိကကတော့ ပြိုင်ဖက်လို သဘော ထားခဲ့ကြတဲ့ ၂ နိုင်ငံ အကြားက အေးစက်စက် သမိုင်းကြောင်းဆက်ဆံရေးကနေ မြစ်ဖျားခံလာတဲ့ အယူအဆတွေကြောင့်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဒီလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တိုးတက်လာတာဟာ ထိုင်းနိုင်ငံအတွက် ခြိမ်းခြောက်မှု မဟုတ်ပဲ ကြီးမားတဲ့ အခွင့်အလမ်း တစ်ရပ်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ကာဗန်နစ်က ဆက်လက်၍ "ချမ်းသာကြီးပွားလာသော အိမ်နီးချင်းသည် ထိုင်းနိုင်ငံသို့ တိုးရစ် ခရီးသွား အရေအတွက် များများ ရောက်လာအောင် ကူညီဆွဲဆောင်ပေးမည် ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံတွင် နှစ်စဉ် ခရီးသွား ၇၅ သန်းခန့် လာရောက်လည်ပတ်ကြခြင်းသည် အိမ်နီးချင်းနိုင်ငံများ ချမ်းသာကြွယ်ဝသောကြောင့် တိုးရစ်များက ပြင်သစ် သာမကပဲ အနီးတဝိုက် နိုင်ငံများကိုပါ ဆက်လက် သွားရောက် လည်ပတ် ကြခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍ (သို့) ထုတ်လုပ်ရေးကဏ္ဍ မည်သို့ပင် တံခါးဖွင့်သည်ဖြစ်စေ၊ ခြိမ်းခြောက်မှု မဟုတ်ပဲ အခွင့်အလမ်းသာ ဖြစ်ကြောင်း" ရှင်းလင်း ပြောဆိုသည်။ အခြား ဆွေးနွေး ဟောပြောသူများကလည်း မြန်မာတို့၏ အပြောင်းအလဲ နောက်ပြန် မလှည့်တော့ဟု သဘောတူခဲ့ကြသည်။ "သူတို့ (မြန်မာအစိုးရ)က နောက်ပြန် မလှည့်နိုင်တဲ့ လမ်းပေါ် ရောက်နေပါပြီ။ ပြန်လှည့်ဖို့ သိပ်ကို ဝေးလွန်းသွားပါပြီ" ဟု ပြောကြားသူမှာ အာရှဖွံ့ဖြိုးရေးဘဏ်၏ ထိုင်းနိုင်ငံ ဌာနေဒါရိုက်တာဟောင်း (ယခု West Indochina တွင် လုပ်ကိုင်နေသူ) Jean-Pierre Verbiest ဖြစ်သည်။

ယင်းအယူအဆကို ထိုင်းအစိုးရ တာဝန်ရှိသူများ၊ PTTEP နှင့် Yoma Strategic Holdings စသော ကုမ္ပဏီကြီးများမှ အမှုဆောင်များကလည်း ထပ်တူထပ်မျှ ထောက်ခံ ပြောဆိုကြသည်။ "ဗီယက်နမ် နိုင်ငံ၏ ၂ ဆ ကျယ်ဝန်းကာ လူဦးရေ သန်း ၆၀ နေထိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ထုတ်ယူ သုံးစွဲခြင်း မပြုခဲ့သော သဘာဝ သယံဇာတများ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ အလားအလာမှာ အလွန် ကြီးမားနေသည်။ ထို့အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင်လည်းကောင်း၊ အာဆီယံအဖွဲ့တွင် လည်းကောင်း မဟာဗျူဟာမြောက် တည်ရှိနေမှုသည်လည်း လွန်စွာ အဓိကကျ အရေးပါသည်" ဟု ယင်းတို့ အားလုံးက ထုတ်ဖော် ပြောကြားကြသည်။ သို့သော် မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် တစ်ဦးခြင်း ဂျီဒီပီ ၇၄၄ ဒေါ်လာ (သို့) ၂၀၀၉ ခုနှစ်အတွက် ဝယ်ယူ သုံးစွဲနိုင်စွမ်း နှိုင်းယှဉ်ချက် ၁၁၉၆ ဒေါ်လာသာရှိသောကြောင့် အာရှိတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲ ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက အသိအမှတ်ပြု ဝန်ခံခဲ့ကြသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့သုံးစွဲမှု ၂၅%ကို ဖြည့်ဆည်းပေးနေပြီး ယင်းဓာတ်ငွေ့များကို ထိုင်းနိုင်ငံက လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအတွက် အသုံးပြုသည့် PTTEP ကဲ့သို့သော ရေနံ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေကာ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်းနေကြသောကြောင့် အထက်ပါ ကိန်းဂဏန်း ဆက်လက် တိုးပွားလာမည့် အလားအလာ ရှိနေသည်။ လာမည့် နှစ်ပေါင်း ၅၀ ဆက်လက် ထုတ်ယူနိုင်သော ဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် ၂၀၁၄ ဓာတ်ငွေ့ ထုတ်လုပ်မှု ၂ ဆ တိုးလာမည်ဟု Mr.Verbiest က ပြောကြားသည်။ အဆိုးဖက်က ရှုမြင်ကြည့်သည့်တိုင်အောင် မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်ကအတိုင်း နှစ်စဉ် ဂျီဒီပီ ၅%ခန့် တိုးတက်ဖွယ် ရှိနေပြီး အကယ်၍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက နှစ်စဉ် ဖွံ့ဖြိုးမှုနှုန်း ၈%သို့ ရောက်ရှိလာလိမ့်မည်ဟု ယင်းက သုံးသပ် ပြောဆိုသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ကြီးမားသော်ငြားလည်း မြန်မာနိုင်ငံ ကဲ့သို့သော နယ်မြေသစ်များသည် ချို့ယွင်းချက်များစွာ ရှိနေပြီး လက်ရှိအာဏာရ အစိုးရသစ်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို သာမကပဲ အခြာအရာ များစွာကိုလည်း ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်နေသည်။ အစိုးရ၏ တရားဝင်ဘဏ္ဍာငွေ လွန်စွာ နည်းပါးခြင်း၊ အသုံးစရိတ်များပြားခြင်း၊ အတိုးနှုန်းအမှန်ကို ထိန်းချုပ်ထားခြင်း စသော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် မက်ခရိုစီးပွားရေး တစ်ခုလုံးကို အစအဆုံး ပြင်ဆင်ရန် အဓိကလိုအပ်လျက် ရှိသည်။

ထို့အပြင် အပ်ငွေ (စုဆောင်းငွေ) အတိုးနှုန်းနိမ့်ခြင်း၊ စွမ်းဆောင်ရည်နှင့် အုပ်ချုပ်စီမံမှု ဆိုင်ရာ အကောင်အထည် ဖော်မှု အားနည်းခြင်း၊ ဘဏ်စနစ်နှင့် ငွေကြေးစနစ် မဖွံ့ဖြိုးခြင်း စသော အခြား အားနည်းချက်များလည်း ရှိနေသည်။ သယံဇာတနှင့် လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် မှီခိုရခြင်းကြောင့် ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ လဲလှယ်မှု အခွန်သည်လည်း နိုင်ငံ၏ စီးပွားရေးကို ဆွဲချနေသော အကြောင်းရင်း တစ်ခု ဖြစ်သည်။ အခြေခံ အဆောက်အဦး၊ အင်စတီကျူးရှင်းများနှင့် စီးပွားရေးဝန်းကျင် နယ်ပယ်အားလုံး ယေဘူယျ နိမ့်ကျနေမှုသည် အဓိက စိန်ခေါ်မှုများ ဖြစ်သည်ဟု Mr. Verbiest က မှတ်ချက်ပေးသည်။ မည်သို့ပင် ဖြစ်စေ ၂၀၃၀ တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေသည် ဒေါ်လာ ၃၅၀၀ အထိ တက်လာကာ စီးပွားရေး ကဏ္ဍတစ်ခုလုံး၏ တန်ဖိုး ၂၅၀ ဘီလျံခန့် ရှိလာမည်ဖြစ်၍ ထိုအချိန်တွင် ခန့်မှန်းထားသော ထိုင်းနိုင်ငံ ဂျီဒီပီ၏ လေးပုံတစ်ပုံ နီးပါး ရှိလာလိမ့်မည်ဟု Mr. Verbiest က ယုံကြည်ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ လူသား အရင်းအမြစ် ပြန်လည် တည်ဆောက်ရန် လိုအပ်ခြင်းသည် မကြာမီ တွေ့ကြုံရမည့် စိန်ခေါ်မှုကြီးများထဲမှ တစ်ခု ဖြစ်လိမ့်မည်ဟု ဆွေးနွေး ဟောပြောသူများက ဆိုသည်။ မြန်မာနိုင်ငံ၌ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အပြီးတွင် အာဏာသိမ်းခဲ့သော တပ်မတော် အစိုးရက တက္ကသိုလ်နှင့် အဆင့်မြင့် ပညာရေးကဏ္ဍကို ဖျက်သိမ်းခဲ့သောကြောင့် ပညာရေးအခွင့်အလမ်းများ ပျက်စီးသွားခဲ့သော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကဲ့သို့ပင် မျိုးဆက် ပြတ်တောက်မှု ဖြစ်စဉ်ကို ကြုံတွေ့ ရင်ဆိုင်နေရသည်။ ပညာမဲ့ခြင်း၏ ဆိုးကျိုးများကို မြန်မာအာဏာပိုင်များ အမှန်တကယ်နားလည် သဘောပေါက်ရန် လွန်စွာ အရေးကြီးနေသည်။ "မြန်မာနိုင်ငံမှာ ပညာတတ်မျိုးဆက် ခါးပြတ်သွားပြီ။ ဒီနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်လောက် တက္ကသိုလ် စစ်စစ်တွေ မရှိတော့လို့ ပညာတတ်(ပညာရှိ)တွေ ဆုံးရှုံးသွားရတာဟာ ကျွန်တော်တို့ အကြောက်ဆုံးစိုးရိမ်မှုပဲ ဖြစ်ပါတယ်" ဟု ပြောကြားသူမှာ Mega We Care ၏ အကြီးအကဲ ဗီဗက်ဒါဝန် ဖြစ်သည်။ သူ၏ ဆေးဝါး ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသော်လည်း မြန်မာနိုင်ငံတွင် ဝန်ထမ်း ၁၀၀၀ ခန့် အလုပ်ပေးထားကာ လုပ်ကိုင်လည်ပတ်လျက် ရှိသည်။

အထက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံ၌ အလုပ်ကြမ်း လုပ်သားပေါများသော်လည်း ကျွမ်းကျင် လုပ်သား မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည့် ကုမ္ပဏီ အကြီးအကဲများ၏ စိုးရိမ် ပူပန်မှုများပင် ဖြစ်သည်။

***************************************************************

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(Bangkok Post မှ 19 February,2012 ရက်စွဲပါ "Abhisit calls on Suu Kyi" ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင်အဘီဆစ်ဗဲ့ဂျာဂျီဗားသည် စနေနေ့က မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံ၏ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။ မြန်မာအတိုက်အခံ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်က "ထိုင်းပြည်သူများနှင့်ထိုင်းအစိုးရသည် လည်းကောင်း၊ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် လည်းကောင်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများ တိုးတက်မှုရှိသည်ကို တွေ့မြင်ရန်ဆန္ဒရှိနေကြသည်" ဟု ပြောကြားခဲ့ပြီး လက်ရှိထိုလမ်းကြောင်းအတိုင်း ပြောင်းလဲနေမှုများကိုလည်း အသိအမှတ်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ စီးပွားရေး၊လူမှုရေး ခြုံငုံသုံးသပ်မှုတွေ အပါအဝင် ကိစ္စရပ်အမျိုးမျိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံကို စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို နိုင်နိုင်နင်းနင်း ကိုင်တွယ်မလဲ ဆိုတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်" ဟု အဘီဆစ်က ပြောကြားသွားခဲ့သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment