Council on Foreign Relation, By Joshua Kurlantzick, 3rd August 2010
အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည် ၎င်း စတင် တာဝန်ယူသည့် ၂၀၀၉ ခုနှစ်မှ စ၍ ယခင် Bush အစိုးရ မူဝါဒကို ပြောင်းပစ်ရာ၌ အာရှတိုက်တွင် မြန်မာနိုင်ငံကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။ အီရန်နှင့် ဆူဒန်တို့ကို ပြုလုပ်ခဲ့သကဲ့သို့ပင် Obama အစိုးရသည် မြန်မာ အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ခဲ့သည်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ယခင်က ကွန်ဂရက်က ချမှတ်ထားခဲ့သော အရေးယူမှုများ အဆုံးသတ်ရေးကိုမူ မပြုလုပ်ခဲ့ပေ။ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ နှစ်ခေါက် သွားရောက်ခဲ့ပြီး၊ ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ ကဲ့သို့သော အရေးကြီးသည့် ကိစ္စများ စကားပြောရန် ကြိုးစားခဲ့သည်။
မြန်မာနိုင်ငံကို ဆက်ဆံခဲ့ခြင်းအားဖြင့် ရလဒ် အချို့ ရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် စကားပြောရန် စိတ်ပါဝင်စားမှု ရှိခဲ့ခြင်းကြောင့် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများကလည်း ဝါရှင်တန်သည် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကို အဆင့်မြှင့်ရန် ကတိပြုလိုက်သလို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ယခင် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံနှင့် ဆိုးရွားသော ဆက်ဆံရေးကြောင့် အခြား အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ခက်ခဲလျက် ရှိခဲ့သည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရန် ကြိုးစားခြင်းအားဖြင့် အိမ်ဖြူတော်သည် သူ၏ အခြား အာရှ မဟာမိတ်များ၏ ပြောစကားကို နားထောင်သည်ဟု ပြလိုဟန် ရှိသည်။ အရှေ့တောင် အာရှနိုင်ငံ အတော်များများက မြန်မာ အစိုးရအား ဆက်ဆံရေးဖြင့် ချဉ်းကပ်ရန် အချိန် အတော်ကြာကပင် အကြံပေး ခဲ့ကြဖူးသည်။
သို့သော် Campbell ၏ ကြိုးစား အားထုတ်မှုများ ရှိခဲ့သော်လည်း အရေးယူမှုများက ရလဒ် အနည်းငယ်သာ ရခဲ့သလိုပင် ယခု ဆက်ဆံရေး မူဝါဒကလည်း အနည်းငယ်သာ အလုပ် ဖြစ်ခဲ့သည်။ Campbell ၏ မေလ ခရီးစဉ်တွင် မြန်မာ အစိုးရသည် ၎င်းအား အဆင့်နိမ့် တာဝန်ခံများနှင့်သာ ပေးတွေ့ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ အစိုးရသည် တွေ့ဆုံ ဆွေးနွေးမှုကို အလေး မထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။ အစိုးရသည် တင်းကြပ်သည့် မတရားသော ဥပဒေများ ထုန်ပြန်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးထားသည့်ပြင် NLD အားလည်း သပိတ်မှောက်ရန် လမ်းကိုသာ ရွေးရန် တွန်းပို့သလို ဖြစ်ပြီး၊ နောက်ဆုံး အစိုးရက ပါတီကို ဖျက်သိမ်းခဲ့သည်။
စိုးရိမ်စရာ အကောင်းဆုံး အချက်မှာ မြန်မာ အစိုးရသည် သတင်းထွက်ပေါ်ခဲ့သည့် နျူကလီယာ အစီအစဉ်များကို တွန်းအားပေးသည်ဟု ယူဆနေရသည်။ မြန်မာ အစိုးရသည် ပြီးခဲ့သော နှစ်များအတွင်း မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပိုမို နီးကပ်စွာ ဆက်ဆံလာရာ၊ ယခု မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် ပြီးဆုံးကာစပင် ရှိသေးသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက Institute of Science and Interanational Security ၏ အစီရင်ခံစာတွင် မြန်မာ အစိုးရသည် အရပ်သုံး အတွက် အနည်းငယ်သာ ဖြစ်ပြီး၊ နျူကလီယာ သို့မဟုတ် ဒုံးကျည် နည်းပညာတွင် သုံးရန် ပစ္စည်း အတော်များများ တင်သွင်းခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။ နောက်လ အတန်ကြာသောအခါ al-Jazeera နှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့သည် မြန်မာနိုငငံမှ ထွက်ပြေးလာသူများနှင့် နျူကလီယာ မပြန့်ပွားရေး ပညာရှင်များနှင့် ပူးပေါင်း၍ သတင်း ထုတ်ပြန်ရာတွင် မြန်မာ အစိုးရသည် ယူရေနီယံများ တူးဖော်လျက် ရှိပြီး နျူကလီယာ လက်နက် ထုတ်လုပ်ရန် နည်းပညာများ စုဆောင်းနေသည်ဟု ဖော်ပြထားသည်။
သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူ အတော်များများက မြန်မာနိုင်ငံသည် နျူကလီယာ လက်နက် အတွက် ထုတ်လုပ်ရန်နှင့် ပိုင်ဆိုင်ရန် အရေးကြီးသော ခြေလှမ်း လှမ်းနေသည် ဆိုသည်ကို သံသယ ရှိနေဆဲ ဖြစ်သည်။ အကယ်၍သာ နျူကလီယာ လက်နက် ထုတ်လုပ်နိုင်ခဲ့လျှင် နိုင်ငံခြားသား ကြောက်သည့် မြန်မာ အစိုးရအား ပြင်ပ ဖိအားကို မဖြုံသည့် အဖြစ်ကို ရောက်စေမည် ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ နျူကလီယာ အရေးကို ခေါင်းထဲ မထည့်ခဲ့သော အမေရိကန် အစိုးရ တာဝန်ရှိသူများပင် သံသယဖြစ်ဖွယ် အထောက်အထားများ အပြည့်အစုံ ရှိကြောင်း ဝန်ခံခဲ့ကြပြီး၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းနေမှုများကို ပိုမို ဖော်ထုတ်ရန် မြန်မာ အစိုးရအား ပြင်းပြင်းထန်ထန် ဖိအားပေးရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ နျူကလီယာ ကင်းမဲ့ဇုန် ဖြစ်ရေး ကြေညာ စာတမ်းတွင် လက်မှတ် ရေးထိုးခဲ့သော်လည်း အဘယ်ကြောင့် နျူကလီယာ နည်းပညာများကို ဝယ်ယူ စုဆောင်းနေသည်ကို ဖော်ထုတ်ရန် ဖိအားပေးရမည်ဟု ဆိုသည်။
မြန်မာ အစိုးရသည် အမေရိကန် ပြည်ထောင်စု နှင့်ပတ်သက်၍ သဘောထား ပြောင်းလဲရန် ခဲယဉ်းသော်လည်း ယခုနှစ်နှင့် နောက်နှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်သည် ယခုထက် ပိုမိုသော အခန်းကဏ္ဍ ရရှိရန် ရှားရှားပါးပါး အခွင့်အလမ်း ရှိနေဆဲ ဖြစ်သည်။ အစိုးရ အပေါ် သြဇာလွှမ်းမိုးမှု အနည်းငယ် ရရှိနိုင်ရန် ဖြစ်နိုင်သေးသည်။
အချို့ အတိုက်အခံ နိုင်ငံရေးသမားများက ရွေးကောက်ပွဲသည် နိုင်ငံ၏ အခက်အခဲများ ကြုံနေရသည့် နိုင်ငံရေးနှင့် စီးပွားရေး အတွက် လမ်းကြောင်း ပြောင်းရန် အကောင်းဆုံး တကယ့် အခွင့်အရေး ရှိလာနိုင်သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
နောက်တစ်ခုမှာ မြန်မာနိုင်ငံသည် ဒေသတွင်း ပါဝါများ တက်လာမှုတွင် ပြိုင်ဘက် တစ်ဦး အနေဖြင့် အရေးကြီးစွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှတိုက်တွင် မဟာဗျူဟာ အရ အရေးပါသော နေရာတွင် ရှိနေပြီး ဒေသတွင်း အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုင်ဆိုင်နေသည်။ ကောက်ချက်ချရမည် ဆိုလျှင် မြန်မာနိုင်ငံ၏ အနာဂတ် လမ်းကြောင်းသည် ဒေသတွင်းတွင် အရေးပါလှပြီး၊ အမေရိကန်၏ မဟာမိတ်များ ဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့အတွက် မရှိမဖြစ် အရေးပါလှသည်။
ဝါရင့် စစ်ဗိုလ်ချုပ်များသည် ကန့်လန့်ကာ နောက်ကွယ်မှ သြဇာ လွှမ်းမိုးနိုင်ရေး အတွက် ၎င်းတို့ သတ်မှတ်ထားသော ပါတီများ အာဏာရရှိရေး အတွက် ရွေးကောက်ပွဲအား အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားမည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော် International Crisis Group မှ ရေးသားသော အစီရင်ခံစာတွင် ရွေးကောက်ပွဲ ကျင်းပသော နေ့တွင်မူ အစိုးရ ၁၉၉၀ တုန်းကကဲ့သို့ လွတ်လွတ်လပ်လပ် တရားမျှတစွာ မဲပေးခွင့် ပေးကောင်းပေးလိမ့်မည်ဟု ရေးသားထားသည်။
အစိုးရက ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သည့် ပါတီများအား မဲရေတွက်ရာတွင် ကြည့်ရှု ခွင့်ပြုမည် ဖြစ်သည်။ NLD ပါတီအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ်မှုများကြောင့် သင့်တော်သော ဆုံးဖြတ်ချက် အဖြစ် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ရွေးချယ်ခဲ့သော်လည်း၊ ပါတီ အချို့ ငယ်ရွယ်သော အဖွဲ့ဝင်များက ကန့်သတ်ချက်များ ရှိသော်လည်း NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်သင့်ကြောင်း၊ မဲဆန္ဒရှင်များနှင့် အစိုးရကို ၎င်း၏ ပေါ်ပြူလာ ဖြစ်ဆဲ အင်အားကို ပြသင့်သည်ဟု ယုံကြည် နေကြသည်။ ထို့ကြောင့် အချို့ NLD အဖွဲ့ဝင်ဟောင်းများသည် ရွေးကောက်ပွဲ ဝင်ကြမည် ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် ပါလီမန်တွင် လက်တဆုတ်စာ ရှိမည် ဖြစ်သော်လည်း လွတ်လပ်သော စိတ်ရှိသော ဥပဒေပြု အမတ်များ အဖြစ် ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအမတ်များ၏ လွတ်လပ်ခွင့်ကို ပါလီမန်တွင် စစ်တပ်က ကန့်သတ်မှုများ ပြုလုပ်လိမ့်ဦးမည် ဖြစ်သော်လည်း ၎င်းတို့သည် နိုင်ငံရေး စနစ် ပိုမို လမ်းပွင့်လာရေးနှင့် ယဉ်ကျေးသော နိုင်ငံ ဖြစ်လာရေး အတွက် အခြေခံ အုတ်မြစ်ချသွားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး စနစ်တွင် အရပ်သားများ၏ ကဏ္ဍပိုမို ပါဝင်လာသည်နှင့်အမျှ အမေရိကန်နှင့် ပိုမို ကျယ်ပြန့်စွာ ဆက်ဆံလာနိုင်မည် ဖြစ်သည့်အပြင် အခြား ဒေသတွင်း ပါဝါရှိ နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းလာနိုင်သည်။ ထို့အပြင် မြန်မာ အစိုးရ၏ လျှို့ဝှက်တတ်ခြင်းနှင့် နိုင်ငံခြားသား ကြောက်ခြင်း အရေခွံများကို ခွာချနိုင်မည် ဖြစ်ကာ အမေရိကန်၏ သြဇာ လွှမ်းမိုးရေး ကြိုးစားမှု အတွက် လမ်းပွင့်လာနိုင်မည် ဖြစ်သည်။
ပို၍ အရေးကြီးသော အချက်မှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဒေသ၊ အထူးသဖြင့် မြောက်ဖက်နှင့် အရှေ့ဖက်တွင် လူသားချင်း စာနာဖွယ် ပဋိပက္ခများ ပြင်းပြင်းထန်ထန် တိုးပွားလာခြင်း ဖြစ်သည်။ ထိုဒေသများကို တိုင်းရင်းသားတပ်များက ထိန်းချုပ်ထားသည်။ ထိုအထဲတွင် အင်အား အကောင်းဆုံးမှာ စစ်သား အင်အား နှစ်သောင်းကျော် ရှိသော ညီညွတ်သော ဝ ပြည်ထောင်စုတပ် (UWSA) ဖြစ်ပြီး၊ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့ ဖြစ်သည်။ အစိုးရသည် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လိုလားလျက် ရှိပြီး၊ လက်ရှိအားဖြင့် အစိုးရနှင့် ၎င်းတို့ကြားတွင် အချိန်မရွေး ပျက်သွားနိုင်သော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်သာ ရှိသည်။ လက်နက်ကိုင် တိုင်းရင်းသား အများစုသည် လက်နက် မချလိုကြပဲ၊ အချို့သည် လက်နက် အင်အား ဖြည့်တင်းလျက် ရှိနေကြသည်။ ထိုအတွက် ငွေကို မူးယစ်ဆေးဝါး ပိုမို ရောင်းချခြင်းဖြင့် ရှာဖွေလျက် ရှိသည်။
ယခုအခါ အဆိုပါ နယ်စွန်နယ်ဖျား ဒေသများတွင် စစ်ဖြစ်ရန် အလားအလာ များနေပြီး၊ ထိုသို့ ဖြစ်ပွားပါက စစ်ပြေး ဒုက္ခသည်များ၊ HIV/AIDS ဖြစ်ပွားမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အတွက် မီးများပင် ဖြစ်သည်။ အဆိုပါ ပဋိပက္ခများသည် ဒေသတွင်းကိုပါ မတည်မငြိမ် ဖြစ်စေမည် ဖြစ်ရာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့ကို သက်ရောက်မည် ဖြစ်ရာ၊ အမေရိကန်က စိုးရိမ်စွာ ပတ်သက်လာရေး အတွက် လုံလောက်သော အကြောင်းပြချက်ပင် ဖြစ်သည်။
စိုးရိမ်ဖွယ် အကောင်းဆုံး အချက်မှာ ထိုသို့ မတည်မငြိမ် ဖြစ်ပွားမှုများ ပျံ့နှံ့လာပါက အစိုးရ၏ နျူကလီယာ အစိတ်အပိုင်းများ၊ လောင်စာ စသည်များသည် သူပုန်များ၊ ထိုဒေသများတွင် ကျက်စားနေသော အကြမ်းဖက်သမားများ၏ ရာဇဝတ်မှု ကွန်ရက်အတွင်း ကျရောက်သွားမည်ကို စိုးရိမ်ရသည်။
ရွေးချယ်စရာ မူဝါဒ
အမေရိကန် အနေဖြင့် နေပြည်တော်ရှိ မြန်မာ အစိုးရ အပေါ် ရွေးစရာ လမ်းကြောင်းမှာ အကန့်အကွက်များ ရှိနေပြီး၊ မြန်မာ အစိုးရအား အထီးကျန် ပစ်ပယ်ထားပြီး ဖြစ်နေသဖြင့် နှစ်နိုင်ငံ ဝေးကွာလွန်း နေသည်။ တချိန်တည်းတွင် အခြား ဒေသတွင်း နိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ အတွက်မူ မြန်မာနိုင်ငံသည် အရေးကြီးလျက် ရှိသည်။ မြန်မာ အစိုးရသည် တရုတ်၏ သြဇာ လွှမ်းမိုးမှုကို လျော့ချရေး အတွက် အမေရိကန်ကို အသုံးပြုနိုင်ရန် အမေရိကန်၏ အသိအမှတ်ပြုမှုကို ရယူလိုဟန် ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အမေရိကန် ကွန်ဂရက် အတွက် အကြောင်းပြချက်ကောင်း ဖြစ်နေသဖြင့်၊ အမေရိကန် အစိုးရ အတွက် ရွေးစရာလမ်းမှာ အကန့်အသတ်များနှင့် ရှိနေဆဲ ဖြစ်သည်။ ကွန်ဂရက်သည် ပြင်းထန်သော အရေးယူမှုများ ချမှတ်နေသည် ဆိုသော်လည်း စင်္ကာပူနှင့် ဒူဘိုင်းရှိ မြန်မာ အစိုးရ၏ ဘဏ်စာရင်းများကို မထိမတို့ရသေးသဖြင့်၊ အစိုးရကို ပြစ်ဒဏ်ခတ်ရန် ကွန်ဂရက် အနေဖြင့် အနည်းငယ် ပိုမို လုပ်နိုင်သေးသည်။
အဆိုပါ ငွေကြေးကိစ္စများကို အသာထား၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် Beijing ဖြင့် နီးကပ်စွာ ပူးပေါင်း၍ နယ်စပ် တည်ငြိမ်ရေး အတွက် ဖြစ်လာနိုင်သည့် မြန်မာ တိုင်းရင်းသား ပဋိပက္ခများကို အသုံးပြု ကိုင်တွယ်နိုင်သည်။ ဝါရှင်တန်နှင့် Beijing တို့သည် မြန်မာနိုင်ငံတွင် လုံခြုံရေး ဆိုင်ရာ ပဋိပက္ခ အနည်းငယ်သာရှိရာ၊ ကိုရီးယား ကျွန်းဆွယ်နှင့် မတူပဲ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် - တရုတ် ပူးပေါင်းမှုကို တကယ့် အခွင့်အလမ်း အဖြစ် ကမ်းလှမ်း နိုင်သည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဖြစ်စေနိုင်သည့် အန္တရာယ်များမှာ ကြီးမားလှသည်။ မူးယစ်ဆေးဝါး၊ HIV ကူးစက်မှုနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ကိစ္စများသည် တရုတ်နိုင်ငံ အတွက် အန္တရာယ် အလွန် ကြီးသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်အား ထက်သန်မှုအား ပြသပြီး ဖြစ်ရာ အမေရိကန်ကို မြန်မာ အစိုးရနှင့် တွေ့ဆုံရေးကို ပံ့ပိုး ကူညီပေးပြီး၊ ပြုံးယမ်းနှင့် အလုပ်လုပ်နေခြင်း ထက်စာလျှင် နေပြည်တော်၏ မတည်ငြိမ်မှုကို ဖန်တီးမှု အတွက် လူသိရှင်ကြား ရှုတ်ချသင့်ပေသည်။
ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် ပူးပေါင်း၍ တိုင်းရင်းသား ဒေသများတွင် လူသားချင်း စာနာသော အကူအညီများ တိုးတက်ပေးနိုင်သည်။ ထိုအကူအညီများကို တရုတ် သို့မဟုတ် ထိုင်းနိုင်ငံ နယ်စပ်မှ တဆင့် ပေးပို့သင့်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ နယ်စပ်များတွင် မြန်မာနိုင်ငံတွင်းသို့ သယ်ယူရန် ကောင်းမွန်သော အခြေခံ အဆောက်အဦးများ ရှိပြီး ဖြစ်သည်။ သို့မဟုတ် မြန်မာပြည်တွင်းမှ တဆင့် နယ်စပ် ဒေသများသို့ ပို့ဆောင်နိုင်သည်။ ထို့အပြင် ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြင်ပ အဆက်အသွယ်များ ရှာဖွေကာ နိုင်ငံ ပြင်ပသို့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို စောင့်ကြည့်ပြီး၊ အကူအညီ ပိုမိုပေးနိုင်ရေး အတွက်နှင့် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရေး အတွက် အဆိုပါ ပွဲစားများကို ကူညီသင့်သည်။ နောက်ဆုံးတွင် အမေရိကန်နှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ အလားအလာရှိသော နျူကလီယာ အစီအစဉ်များကို စောင့်ကြည့်နိုင်ပြီး၊ တဖြည်းဖြည်းနှင့် နေပြည်တော်အား ၎င်း၏ ရည်ရွယ်ချက်များ ဖော်ထုတ်ပြရေး ဖိအား ပိုမို ပေးရမည် ဖြစ်သည်။ ဘေဂျင်း အနေဖြင့်လည်း မြန်မာနိုင်ငံတွင် နျူကလီယာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို အလို မရှိသည်မှာ သေချာသည်။
တရုတ် အမေရိကန် ဆက်ဆံရေးသည် အထူးသဖြင့် အရှေ့တောင် အာရှ ကိစ္စနှင့် ပတ်သက်၍ မပြေလည်မှု တိုးပွားလာသည့် အချိန်တွင် ဘေဂျင်း၏ ပူပန်မှုသည် ပူးပေါင်း ဆောင်ရွက်ရေး ပြတင်းတံခါးကို ဖွင့်ပေးနိုင်မည် ဖြစ်သည်။ ဝါရှင်တန် အနေဖြင့်မူ ရလာမည့် အခွင့်အလမ်းကို အမိအရ ယူနိုင်ရန် အသင့် ဖြစ်နေသင့်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.