Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၂.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ပြဿနာအားလုံး မဖြေရှင်းပေးနိုင်ဟု တရုတ်နိုင်ငံပိုင် မီဒီယာကဆို

(21 June 2012 ရက်စွဲပါ VOA News မှ Chinese state media Democracy no`panacea’ for Burma ကိုဘာသာပြန်ဆိုသည်။)

  1. ယူကေသို့ မြန်မာသမ္မတလာရောက်ရန် စီစဉ်နေခြင်းကိုဒေါ်အောင်ဆန်းစုကြည်ကြိုဆိုထောက်ခံ

(Reuters မှ 22 June 2012 ရက်စွဲပါ“SuuKyi welcomes planned UK visit by Burma president” သတင်းကို ဘာသာပြန်ဆိုသည်။)

****************************************************************

ဘာသာပြန်သတင်းများ        

ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ပြဿနာအားလုံး မဖြေရှင်းပေးနိုင်ဟု တရုတ်နိုင်ငံပိုင် မီဒီယာကဆို

(21 June 2012 ရက်စွဲပါ VOA News မှ Chinese state media Democracy no`panacea’ for Burma ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် သာမန်ထက်ပိုသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို လျင်မြန်စွာပြုလုပ်နေခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာများက သတိပေးလျက်ရှိရာ ဒီမိုကရေစီတစ်ခုတည်းဖြင့် မြန်မာနိုင်ငံ၏ ပြဿနာအားလုံးကို ဖြေရှင်းမပေးနိုင်ကြောင်း ဆိုခဲ့သည်။

ကွန်မြူနစ်ပါတီမှ ထုတ်ဝေသော Global Times တွင် ဖော်ပြထားရာ၌ မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်းအစိုးရ ပြုလုပ်သော ပြုပြင်ပြောင်းလဲမှုများသည် တိုင်းပြည်၏ အနာဂါတ်အတွက် တစ်ခါမျှမပေါ်ဖူးသော မျှော်လင့်ချက်များကို သယ်ဆောင်လာသည်ဟု ရေးသားထားသည်။

သို့သော် မြန်မာနိုင်ငံက အနောက်ပုံစံဒီမိုကရေစီကို ကျင့်သုံးခြင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်၍ သတိပေးထားရာတွင် ပြုပြင်ပြောင်းလဲမှုများကို အလျင်စလိုပြုလုပ်မှုသည် အမျိုးမျိုးသော အစွန်းရောက်သူများကို အခွင့်အလမ်းများ ဖွင့်ပေးနေသလို ဖြစ်ကြောင်းဝေဖန်ခဲ့သည်။

၎င်းက မကြာခင်က မြန်မာနိုင်ငံအနောက်ဖက်တွင် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်လူမျိုးများတွင် ဖြစ်ပေါ်သော ပဋိပက္ခများနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

အဆိုပါ ဆောင်းပါးကို“ဒီမိုကရေစီသည် မြန်မာနိုင်ငံမှ ပြဿနာအားလုံးကို ဖြေရှင်းမပေးနိုင်”ဟု ခေါင်းစဉ်တပ်ထားပြီး အကယ်၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုခံရပါက သို့မဟုတ် အနောက်ပုံစံအစိုးရမျိုးကို လွန်ကဲစွာကူးယူမိပါက အဆိုပါ ပဋိပက္ခများသည် ပို၍ဆိုးခြင်း သို့မဟုတ် ထိန်းချုပ်မရနိုင်ခြင်းများ ဖြစ်နိုင်ကြောင်း ရေးသားထားသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ ယခင်ကြမ်းတမ်းသော စစ်အစိုးရ၏ ကာလရှည်ကြာ ရှိခဲ့သောမဟာမိတ်ဖြစ်ခဲ့သည်။

အဆိုပါ ခေါင်းကြီးပိုင်းတွင် မကြာသေးမီက အီဂျစ်တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော တိုင်းပြည်တစ်ခုတွင် ဖြစ်ပျက်နိုင်သည်များအတွက် ဥပမာဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲများသည်လည်း လူ့အဖွဲ့အစည်းအတွင်း အက်ကြောင်းများဖြစ်စေပြီး၊ ဘာသာရေးအရ ပဋိပက္ခများ ပိုမိုဖြစ်ရန် အကြောင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက မြန်မာနိုင်ငံမှ တိုင်းရင်းသားပြဿနာများသည် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး(သို့မဟုတ်)နှစ်ဦး၏ လုပ်ဆောင်ပေးမှုဖြင့် ပြေလည်မှု မရနိုင်ကြောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သိသိသာသာရည်ညွှန်း ပြောဆိုခဲ့သည်။

Global Times ကဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများနှင့် ပြန်လည်စည်းလုံးညီညွတ်မှုရရှိရေး အောင်မြင်အောင် အကူအညီပေးနိုင်မည်လောဟု မေးခွန်းထုတ်ထားသည်။ ထို့အပြင် နိုဘယ်ဆုရှင်သည် ပြီးခဲ့သည့် ရခိုင်ပြည်နယ်ဖြစ်ရပ်တွင် အဖြေရှိပုံမရကြောင်း ပြောကြားခဲ့သည်။

အားနည်းပြီး၊ သွေးခွဲခံထားရသော အစိုးရတစ်ခုသည် ရှုပ်ထွေးသော တိုင်းရင်းသားပြဿနာများကို ဖြေရှင်းမပေးနိုင်ကြောင်း၊ အဆိုပါကိစ္စသည် ဗြိတိသျှကိုလိုနီစနစ်၏ အမွေနှင့်တိုက်ရိုက် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

                                                                ********************************

ယူကေသို့ မြန်မာသမ္မတလာရောက်ရန် စီစဉ်နေခြင်းကိုဒေါ်အောင်ဆန်းစုကြည်ကြိုဆိုထောက်ခံ

(Reuters မှ 22 June 2012 ရက်စွဲပါ“SuuKyi welcomes planned UK visit by Burma president” သတင်းကို ဘာသာပြန်ဆိုသည်။)

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် မကြာမီလပိုင်းအတွင်း လန်ဒန်သို့ သမ္မတဦးသိန်းစိန် သွားရောက်တော့မည်ဖြစ်၍ အဆိုပါကိစ္စသည် မြန်မာနိုင်ငံအပေါ် အတိတ်ကအရိပ်မည်းထိုးနေခြင်းကို ရှောင်ရှားနိုင်အောင် အထောက်အကူပြုလိမ့်မည်ဟု မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယခင်အစိုးရလက်ထက် ၁၅နှစ်ခန့်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီးနောက်ပိုင်း စိတ်လှုပ်ရှားဖွယ် ၁၇ ရက်ကြာ ပထမဆုံး ဥရောပခရီးစဉ်အပြီးသတ်အဖြစ် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာတပ်မတော်အစိုးရဟောင်း၏ ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သူ လက်ရှိသမ္မတအား ဗြိတိန်နိုင်ငံက ဖိတ်ကြားခြင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာနိုင်သော အထင်အမြင်လွဲ ဝေဖန်မှုများကို ကန့်ကွက်ပြောကြားခဲ့သည်။

“အခုလို မြန်မာသမ္မတကိုဖိတ်ကြားတာဟာ မှန်ကန်တယ်လို့ ကျွန်မထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ဟာ အတိတ်ရဲ့အရိပ်မည်းကြောင့် ခြေချုပ်မိမနေချင်တော့လို့ပါပဲ။ ကျွန်မတို့အနေနဲ့ ပျော်ရွှင်စရာအနာဂါတ်ကို တည်ဆောက်ဖို့အတွက်ပဲ အတိတ်ကို အသုံးပြုချင်ပါတယ်”ဟု မနေ့ကလန်ဒန်တွင် ဒေးဗစ်ကင်မရွန်းနှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ယခင်အစိုးရဟောင်းကို မနှစ်ကအစားထိုးလိုက်သော အရပ်သားတစ်ပိုင်းအစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ သမ္မတဦးသိန်းစိန်သည် ယခင် ဖိနှိပ်ချုပ်ချယ်သော နိုင်ငံရေးစနစ်နှင့် ယိုယွင်းနေသော စီးပွားရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းအားဖြင့် နှစ်ပေါင်းများစွာ နိုင်ငံတကာအပယ်ခံ အနေအထားကို အဆုံးသတ်သွားစေရန် လုပ်ဆောင်ခဲ့သည်။

လာမည့်လပိုင်းအတွင်း သမ္မတဦးသိန်းစိန် ဗြိတိန်သို့ လာရောက်ရန်ရှိသည်ဟု ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား ပြောကြားခဲ့သည်။

                                        ****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၂.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်ဥပဒေပြုအမတ်များက မြန်မာနိုင်ငံအပေါ် အရေးယူမှုများနှင့် အာဖရိကကုန်သွယ်ရေး မြှင့်တင်ရေးသက်တမ်း တိုးရန်အဆိုပြု

(21 June 2010 ရက်စွဲပါ Reuters မှ US Lawmakers Push Myanmar Sanction,Africa Trade ကိုဘာသာပြန်ဆိုသည်။)

  1. အစိုးရနှင့် ကချင်တပ်ဖွဲ့အကြားဆွေးနွေးမှုအရှိန်မြင့်

(AFP သတင်းမှ 22 June 2012 ရက်စွဲပါ  “Myanmar steps up dialogue with Kachin rebels” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ခရီးစဉ်တွင် အိမ်ရှေ့မင်းသားချားလ်စ်နှင့် ကြင်ယာတော်ကမ်မီလာတို့က ကြိုဆိုဧည့်ခံ

(Metro News မှ 21 June 2012  ရက်စွဲပါ “SuuKyi greeted by Prince Charles and Camilla as she continues British tour” သတင်းကိုဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

အမေရိကန်ဥပဒေပြုအမတ်များက မြန်မာနိုင်ငံအပေါ် အရေးယူမှုများနှင့် အာဖရိကကုန်သွယ်ရေး မြှင့်တင်ရေးသက်တမ်း တိုးရန်အဆိုပြု

(21 June 2010 ရက်စွဲပါ Reuters မှ US Lawmakers Push Myanmar Sanction,Africa Trade ကိုဘာသာပြန်ဆိုသည်။)

ပါတီနှစ်ခုစလုံးမှ အကြီးတန်း အမေရိကန်ဥပဒေပြုအမတ်များသည် ကြာသာပတေးနေ့က မြန်မာနိုင်ငံတွင် နိုင်ငံရေးအရပြောင်းလဲမှု အခြေအနေများ မသေချာသေးသောကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို ဆက်လက်ပိတ်ပင်ထားရန် အဆိုပြုခဲ့သည်။ တချိန်တည်းမှာပင် အာဖရိကတိုက်မှ အ၀တ်အထည်များ တင်သွင်းရေး မြှင့်တင်ရန်နှင့် နောက်ထပ် ကုန်သွယ်ရေးဥပဒေတိုးချဲ့ရန်လည်း အဆိုပြုကြသည်။

အဆိုပါ ဥပဒေကို ဆီးနိတ်တွင်ရော၊ House of Representatives တွင်ပါ တင်ပြထားပြီး၊ အလျင်အမြန် ကျော်ဖြတ်သွားနိုင်မည်ဟု ထောက်ခံသူများက မျှော်လင့်လျက်ရှိသည်။ ကွန်ဂရက်တွင် အခြားကိစ္စရပ် အများစုကို တဖက်သတ် တိုက်ခိုက်လျက်ရှိသည်။

“အခုလုပ်ရမယ့် ဥပဒေကိုပါတီနှစ်ခုလုံးရော၊ စက်မှုလုပ်ငန်းများကလည်း အားကောင်းကောင်းနဲ့ ထောက်ခံမှုရှိပါတယ်။ ဥပဒေဟာ အမေရိကန်ရဲ့ ကမ္ဘာမှာပြိုင်ဆိုင်မှု၊ အမေရိကန်အလုပ်အကိုင်နဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ အာဖရိကနဲ့ကမ္ဘာ့အနောက်ခြမ်းက အမေရိကန်ရဲ့ကုန်သွယ်ရေးပါတနာ(၅၅)ဦးနဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းစေပါမယ်”ဟု လွှတ်တော်နည်းလမ်းကော်မတီဥက္ကဠ Dave Camp က ကြေငြာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံလွတ်မြောက်ရေးနှင့် ဒီမိုကရေစီဥပဒေကို ၂၀၀၃ တွင် စတင်အတည်ပြုခဲ့ပြီး ဇူလိုင်လတွင် သက်တမ်းကုန်မည် ဖြစ်သည်။

အဆိုပါ ဥပဒေတွင် အိမ်ဖြူတော်က မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းခြင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာချေးငွေများတွင် အမေရိကန်၏ ထောက်ခံပံ့ပိုးမှုကို ပိတ်ပင်ထားခြင်း၊ ဗီဇာပိတ်ပင်ထားခြင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူ အချို့အပေါ် ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်းများကို ပြုလုပ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် အိုဗားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် အချို့အရေးယူမှုများကို ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သည်။

ဥပဒေအသစ်တွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုပိတ်ပင်ထားခြင်းကို သုံးနှစ်ပြုလုပ်ရန်ပါရှိပြီး၊ အိမ်ဖြူတော်အနေဖြင့် အဆိုပါ အရေးယူမှုများကို ရုတ်သိမ်းရန်တောင်းဆိုခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်သည်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အမှန်တကယ် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေ ရှေ့ဆက်လုပ်ဆောင်ရေးသေချာစေဖို့ ဖိအားဆက်ပေးထားဖို့ လိုအပ်ပါတယ်”ဟု ဆီးနိတ်ဘဏ္ဍာရေးကော်မတီဥက္ကဠ မွန်တားနားမှ ဒီမိုကရက် အမတ် Max Baucur က ပြောကြားခဲ့သည်။

အာဖရိကဆာဟာရ နိုင်ငံငယ်များမှ ပြုလုပ်သော အ၀တ်အထည်များ အမေရိကန်သို့ တင်သွင်းရာတွင် သွင်းကုန်ခွန်မကောက်ရေးအတွက် စမ်းသပ်ကာလကို အချိန်တိုးပေးနိုင်ရန် ဥပဒေအသစ်လည်း ပါဝင်သည်။ တရုတ်ကဲ့သို့ တတိယနိုင်ငံများမှလည်း အ၀တ်အထည်ပြုလုပ်ရန် အစများ အမေရိကန်သို့ ၀င်ရောက်သည်။

သွင်းကုန်ခွန်မကောက်ရေး စမ်းသပ်ကာလမှာ စက်တင်ဘာလတွင် သက်တမ်းကုန်မည်ဖြစ်၍ အဆိုပါ အာဖရိကနိုင်ငံများသို့ အမေရိကန်အ၀တ်အထည် မှာယူမှုများမှာ အန္တရာယ်ရှိလာသည်။

အဆိုပါ ဥပဒေကို ၂၀၁၅ စက်တင်ဘာအထိ သက်တမ်းတိုးရန် ဖြစ်သည်။ ထိုအချိန်တွင် အာဖရိကတစ်ခုလုံးဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်းဥပဒေကို အသစ်ပြန်လည်သက်တမ်းတိုးမည် ဖြစ်သည်။ အဆိုပါ ဥပဒေကို ၂၀၀၀ ခုနှစ်က အတည်ပြုခဲ့သည်။

အဆိုပါ သက်တမ်းတိုးမြှင့်ရေးဥပဒေတွင် အမေရိကအလယ်ပိုင်းနိုင်ငံများနှင့် ဒိုမီနီကန်ရီပတ်ဗလစ်တို့မှ အ၀တ်စများနှင့် အထည်များအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းစည်းမျဉ်းများကိုလည်း နည်းပညာအရ ပြုပြင်ခြင်းမှာခေတ်မှီအောင် ပြင်ဆင်ခြင်းများ လုပ်ဆောင်ထားသည်။

“ဒီဥပဒေဟာ နှစ်ဖက်စလုံးအသာစီးရမယ့်ဥပဒေ(Win Win Legislation) ဖစ်ပြီးအာဖရိကနဲ့ စီးပွားရေးအရ ဆက်ဆံမှု အားကောင်းလာစေရေး ကျွန်တော်တို့နိုင်ငံရဲ့ ရည်မှန်းချက်နဲ့ အလယ်ပိုင်းအမေရိကနဲ့ ဒိုမီနီကန်ရီပတ်ဗလစ်တို့နဲ့ ဒေသတွင်းကုန်သွယ်ရေး သဘောတူညီမှုများ ပိုမိုသေချာစေရေးပေါ်မှာ အခြေခံပြီးရေးဆွဲထားတာပါ။”ဟု Utah ပြည်နယ်မှ ရီပတ်ဗလစ်ကင် တစ်ဦးဖြစ်သူ ဆီနိတ်တာ Orrin Hatch ကပြောသည်။

                                                                            ***************************

အစိုးရနှင့် ကချင်တပ်ဖွဲ့အကြားဆွေးနွေးမှုအရှိန်မြင့်

(AFP သတင်းမှ 22 June 2012 ရက်စွဲပါ“Myanmar steps up dialogue with Kachin rebels” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ဖျားတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သောလအတွင်း မြန်မာအစိုးရနှင့် ကချင်တပ်ဖွဲ့အကြား ဆွေးနွေးမှုများ သုံးချီ၊သုံးလားပြုလုပ်ခဲ့သည်ဟု ကြာသပတေးနေ့တွင် နှစ်ဘက်စလုံးက ပြောကြားခဲ့ကြသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO၊ ယင်းအဖွဲ့၏ လက်နက်ကိုင်တပ် KIA တို့မှ ကိုယ်စားလှယ်များနှင့် အစိုးရရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သောကိုယ်စားလှယ်များအကြား ဗုဒ္ဓဟူးနေ့က ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု KIO နိုင်ငံခြားရေးရာဒုတိယဌာနမှုး ဗိုလ်မှုးကြီးသမ်ဒေါင်က ပြောကြားသည်။

စေ့စပ်ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့များအကြား ဆက်ဆံရေးခိုင်မာတိုးတက်စေရန် ရည်ရွယ်ကာ KIA ထိန်းချုပ်နယ်မြေမိုင် ဂျာယန်တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်ဟု KIO တာဝန်ရှိသူက AFP သို့တယ်လီဖုန်းဖြင့် ပြောကြားသည်။

သဘောထားတင်းမာသူများဟု ကချင်အုပ်စုဖက်မှ ရှုမြင်ခြင်းခံရသော ယခင်ကိုယ်စားလှယ်များအစား ဦးအောင်မင်းကို နေရာပေးကာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို မေလအတွင်း ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ယခုဆွေးနွေးမှုသည် ၃ ကြိမ်မြောက် ဖြစ်သည်ဟု မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

မနှစ်က နိုဝင်ဘာလတွင် စတင်ခဲ့သော ယခင်ဆွေးနွေးမှု ၃ ကြိမ်တွင် တိုးတက်မှု တစုံတရာ ပြသနိုင်ခြင်းမရှိသည့်နောက်ပိုင်း တိုးတက်မှုလက္ခဏာများ ယခုသိသိသာသာထွက်ပေါ်လာပြီဟု ဆိုသည်။

တစုံတရာကို သဘောတူညီမှုမယူခင်မှာ ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ လိုအပ်တယ်ဆိုတာကို ဦးအောင်မင်းက“နားလည်ပါတယ်”ဟု ဗိုလ်မှုးကြီးလမ်ဒေါင်က ပြောကြားသည်။

မနှစ်က ဇွန်လတွင် ၁၇ နှစ်ကြာအပစ်ရပ်ဆဲမှု ကျိုးပျက်သွားပြီးနောက်ပိုင်း စစ်ပြေးဒုက္ခသည်သောင်းဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကချင်ပြည်နယ်တွင် နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည့် ကြားမှ ယခုကဲ့သို့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြစ်တွယ်ခဲ့သော ပြည်တွင်းစစ်သည် နိုင်ငံကိုယိုယွင်းစေသော နာတာရှည်ပြဿနာတစ်ခု ဖြစ်သည်။

သို့သော် မနှစ်က အာဏာရလာသော ပြုပြင်ပြောင်းလဲရေးဝါဒီအစိုးရက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အပစ်ရပ်သဘောတူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မြန်မာပြည်တွင်းစစ်အဆုံးသတ်ရေးကို သော့ချက်စည်းကမ်းအဖြစ် သတ်မှတ် တောင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများရပ်ဆိုင်းရန် မြန်မာသမ္မတက အစိုးရလက်နက်ကိုင်တပ်များ(တပ်မတော်)ကို ညွှန်ကြားထားသည့်ကြားမှ ဆက်လက်ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များအပေါ် ခေါင်းဆောင်များက အပြည့်အ၀ထိန်းချုပ်နိုင်မှုရှိရဲ့လားဟူသော သံသယမေးခွန်းများ ထွက်ပေါ်လာစေသည်ဟု မြန်မာ့ရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

ကချင်ပြည်နယ်မှ ပဋိပက္ခသည် အလွန်သိမ်မွေ့နက်ရှိုင်းလွန်းသောကြောင့် လူများစုနားလည်သဘောပေါက်ရန် မဖြစ်နိုင်ဟု မြန်မာ့နိုင်ငံရေးဂုရုအချို့က လမ်းစပေးထားသည်။

                                                                            **************************

ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်ခရီးစဉ်တွင် အိမ်ရှေ့မင်းသားချားလ်စ်နှင့် ကြင်ယာတော်ကမ်မီလာတို့က ကြိုဆိုဧည့်ခံ

(Metro News မှ 21 June 2012  ရက်စွဲပါ “SuuKyi greeted by Prince Charles and Camilla as she continues British tour” သတင်းကိုဘာသာပြန်ဆိုသည်။)

ကမ္ဘာကျော်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေလအိမ်ရှေ့မင်းသားချားလ်စ်နှင့် ကြင်ယာတော် ကမ်မီလာတို့က သူတို့၏ ကလဲရင့်စံအိမ်သို့ ဖိတ်ကြား၍ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှေ့မင်းသားစုံတွဲနှင့် စကားလက်ဆုံမပြောမီ သူတို့၏ စံအိမ်ခြံဝန်းအတွင်း မက်ကနိုးလီးယားပန်းပင်ကို အမှတ်တရစိုက်ပျိုးပေးခဲ့သည်။

ဆွေးနွေးပြောဆိုကြသောအကြောင်းအရာများကို အိမ်ရှေ့မင်းသားချားလ်စ်၏ အရာရှိများကထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သူမနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း၊ မြန်မာနိုင်ငံဒီမိုကရေစီသို့ ဦးတည်နေခြင်း စသောအကြောင်းအရာများနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြပုံရသည်ဟု သိရှိရသည်။

သူမ၏ တော်ဝင်ခရီးစဉ် အစီအစဉ်တစ်ရပ်အဖြစ် ဗြိတိန်လွှတ်တော်နှစ်ရပ်တွင် မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က“မြန်မာ့ဒီမိုကရေစီအစားကို ထောက်ခံအားပေးရာ၌ မိတ်ဆွေရင်းခြာအဖြစ် တန်းတူညီမျှ လုပ်ဆောင်ပေးရန်” ဗြိတိန်နိုင်ငံကို မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်လွှတ်တော်အမတ်များနှင့် ဗြိတိန်သူကောင်းမျိုးများကို မိန့်ခွန်းစကား ပြောကြားရာတွင်“ဒီကနေ့ ကျွန်မတို့နိုင်ငံဟာ တောက်ပတဲ့အနာဂါတ်ကို ဦးတည်တဲ့ခရီးအစမှာ ရှိနေပါတယ်။ တက်ရမယ့်တောင်တွေ အများကြီး ကျန်နေပါသေးတယ်။ ချောက်ကမ္ဘားတွေ တံတားထိုးရဦးမယ်။ အတားအဆီးတွေကို ကျော်ရဦးမယ်။ စိန်ခေါ်မှုတွေများစွာ စောင့်ကြိုနေပါတယ်။ ကျွန်မတို့ စိတ်ဆုံးဖြတ်ချက်ကြောင့် ဒီအခြေအနေကို ရောက်လာနိုင်တာပါ။ ဗြိတိန်ပြည်သူတွေနဲ့ ကမ္ဘာတစ်လွှားပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေကြောင့် ကျွန်မတို့ ဒီထက်အများကြီး ပိုပြီးရောက်အောင် သွားနိုင်ဦးမှာပါ”ဟု ပြောဆိုခဲ့သည်။

ယခင်အစိုးရလက်ထက် ကာလတစ်လျှောက်လုံးနီးပါး အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီးနောက်၊ ၂၄နှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ် ထွက်ခွာလာသော မြန်မာဒီမိုကရေစီခေါင်းဆောင်ကို ဥရောပတစ်လွှား ခြိမ့်ခြိမ့်သဲသဲ ကြိုဆိုခဲ့ကြသည်။

                                                    **************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs