Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. စင်္ကာပူဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုဂျောက်တောင် မြန်မာနိုင်ငံသို့ သွားရောက်မည်          

(10 June 2012 ရက်စွဲပါ Channels News Asia မှ ESM Goh to visit Myanmar ကိုဘာသာပြန်ဆိုသည်)

  1. နယ်စပ်ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းအောင် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ ကူညီပံ့ပိုးမှု အရေးကြီး

(Bangkok Post မှ 11 June 2012 ရက်စွဲပါ “Thai support crucial for building better border health survices” သတင်းကို ဘာသာပြန်ဆိုသည်။)

****************************

ဘာသာပြန်သတင်းများ

စင်္ကာပူဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုဂျောက်တောင် မြန်မာနိုင်ငံသို့ သွားရောက်မည်          

(10 June 2012 ရက်စွဲပါ Channels News Asia မှ ESM Goh to visit Myanmar ကိုဘာသာပြန်ဆိုသည်)

စင်္ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး(Emeritus Senior Minister)ဂိုဂျောက်တောင်သည် ဘက်စုံ အေဂျင်စီများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်၍ မြန်မာနိုင်ငံသို့ ဇွန်လ ၁၁ မှ ၁၄ အထိ သွားရောက်မည် ဖြစ်သည်။

၎င်းသည် သမ္မတဦးသိန်းစိန် ဇန်နဝါရီလက စင်္ကာပူသို့ လာရောက်ခဲ့ခြင်းနောက်တွင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများရှာဖွေရန် လာရောက်ခြင်းဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Khaw Boon Wan၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Teo Ser Luck၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ စင်္ကာပူငွေကြေးအာဏာပိုင် အဖွဲ့နှင့် စင်္ကာပူနိုင်ငံတကာ အင်တာပရိုက်စ်မှ တာဝန်ရှိသူများပါဝင်သည်။

ဂိုဂျောက်တောင်သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ စက်မှုဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးစိုးသိန်း တို့အပြင် အခြားသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် ၎င်းသည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်း တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ဂိုဂျောက်တောင်သည် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိမ်း၊ သမ္မတ၏ စီးပွားရေးအကြံပေးများ ဖြစ်သော ဦးမြင့်၊ ဝင်စတန် ဆက်အောင်တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

၎င်းတို့သည် ရန်ကုန်တိုင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့် တို့အား တွေ့ဆုံ၍ ရန်ကုန်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမည်ဖြစ်သည်။

              ဂိုဂျောက်တောင်သည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် ဇွန်လက နောက်ဆုံးလာရောက်ခဲ့သည်။

*************************

နယ်စပ်ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းအောင် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ ကူညီပံ့ပိုးမှု အရေးကြီး

(Bangkok Post မှ 11 June 2012 ရက်စွဲပါ “Thai support crucial for building better border health survices” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်တွင် အပစ်ရပ်စဲထားသည့်တိုင်အောင် လူသားခြင်း စာနာမှုဆိုင်ရာ နာတာရှည် ပြဿနာကို ဆက်လက် ရင်ဆိုင်နေရသည်ဟု တပ်ခ်ပြည်နယ် မယ်တော်ဆေးဆိုး ထူထောင်သူ ဒေါက်တာစင်သီယာမောင်က ပြောကြားသည်။

နယ်စပ်တစ်လျှောက်မှ ဒုက္ခသည်များကို နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဒေါက်တာစင်သီယာမောင်က သူမ၏ဇာတိ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လတ်တလော ပြုလုပ်နေပြီ ဖြစ်သော်လည်း အရှေ့ပိုင်းနယ်စပ်တွင် အကူအညီ လိုအပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးမီက ထိုင်းနိုင်ငံခရိးတွင် မယ်တော် ဆေးခန်းသို့ ရောက်မလာနိုင်ခဲ့ခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်ရသည်ဟု ဒေါက်တာစင်သီယာက ထုတ်ဖော် ပြောဆိုသည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ လုံးလုံး နယ်စပ်ဒေသမှ အရေးပေါ်ကိစ္စများကို ဖြေရှင်းရာတွင် လူထုလူတန်းစား အဖွဲ့အစည်းများနှင့် အာဏာပိုင်များ မည်သို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ကို ပြသနိုင်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် လွန်စွာအရေးပါသည်ဟု သူမက မှတ်ချက်ပေးသည်။

“ထိုင်း-မြန်မာ အရပ်ဘက် အဖွဲ့အစည်းနဲ့ ဒေသအာဏာပိုင်တွေအကြား ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီး ဆိုင်ရာ၊ ကလေးသူငယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နှစ်နိုင်ငံအကြား အနာဂါတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ ပေါင်းကူးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်”ဟု ဒေါက်တာစင်သီယာက ပြောဆိုသည်။

“အခုအတိုင်းဆိုရင် နယ်စပ်တစ်လျှောက် ဖွံ့ဖြိုးလာတော့မယ့် စီးပားရေးဇုန်တွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖန်တီးတော့မှာ ဖြစ်ပြီး၊ ဒီပြဿနာကို တုန့်ပြန်ဖြေရှင်းဖို့ မြန်မာနိုင်ငံရဲ့စနစ်က အဆင်သင့် မဖြစ်သေးပါဘူး”ဟု သူမက သုံးသပ်ပြောကြားသည်။

မယ်တော်ဆေးခန်းသည် ပြည်တွင်း စစ်ဒဏ်ခံဒေသမှ ထွက်ပြေးတိမ်းရှောင်သူများကို အကူအညီ ပေးရန်အတွက် မြန်မာနိုင်ငံတွင်းမှ ကျန်းမာရေး လုပ်သားများ၊ စေတနာ့ ဝန်ထမ်းများအား လေ့ကျင့်သင်တန်း ပေးရာတွင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိသည်။ ကရင် နယ်စပ်ဒေသများတွင် အပစ်ရပ် သဘောတူထားသည့် နယ်မြေများအပါအဝင် အရေးကြီးသော နေရာများသို့ နိုင်ငံတကာကျန်းမာရေး နှင့် လူသားခြင်း စာနာရေးကူညီမှု လုပ်သားများ ယခုတိုင် အပြည့်အဝ လက်လှမ်းမမှီသေးပါဘူး”ဟု ဒေါက်တာစင်သီယာက ထောက်ပြသည်။

တိုင်းရင်းသားအဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းအာဏာပိုင်များအကြား နယ်စပ် ဖြတ်ကူး ရင်းနှီးမှု၏ အရေးပါအရာရောက်ပုံကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ ခေါင်းဆောင် များ နားလည်သဘောပေါက်ရန် လိုအပ်သည်ဟုလည်း သူမက ပြောကြားသည်။

လူမှုဆိုင်ရာ နိုင်ငံတကာဂုဏ်ပြုဆုများစွာ ရရှိထားသူ ဒေါက်တာစင်သီယာက “အလုပ်သမားစီမံခန့်ခွဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တည်ဆောက်ရာတွင် ထိုင်းနိုင်ငံ၏ အတွေ့အကြုံသည် အလွန်တန်ဖိုးရှိပြီး၊ ထိုင်းနိုင်ငံ၏ အကူအညီသည် မြန်မာတို့အတွက် အလွန်အရေးကြီးသည်”ဟု ပြောဆိုသည်။

၁၉၈၉ တွင် လူနာ ၂၀၀၀ ခန့်နှင့် စတင်ခဲ့သော မယ်တော်ဆေးခန်းသည် ယခုအခါတစ်နှစ်လျှင် လူနာပေါင်း ၄၂၀,၀၀၀ ခန့်အထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသော်လည်း ဆရာဝန်နှင့် သူနာပြု ၃၀၀ အပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ခန့်သာရှိသည်ဟု သိရှိရသည်။

“မြန်မာအစိုးရရဲ့ နယ်စပ်ဒေသကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်စွမ်း တိုးတက်လာတယ်ဆိုရင် မြဝတီဆေးရုံမှာ လူနာများလာပြီး၊ ထိုင်းနိုင်ငံဘက်က မယ်တော်ဆေးခန်းနဲ့ မဲဆောက်ဆေးရုံမှာ လူနာ လျော့သွားရမှာပေါ့”ဟု သူမက ရှင်းလင်းပြောကြားသည်။

ကူးစက်ရောဂါ ထိန်းချုပ်မှု၊ လူနာလွှဲပြောင်းမှု၊ လူသားရင်းမြစ် လေ့ကျင့်သင်တန်းပေးခြင်းနှင့် သတင်း အချက်အလက် ဖြန့်ဝေမှုစနစ်တွေ တိုးတက်လာစေဖို့အတွက် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ မြဝတီ အာဏာပိုင်တွေ ပိုပြီးအားတက်သရောရှိလာတာကို ကျွန်မတို့ မြင်တွေ့ချင်ပါတယ်”ဟု ဒေါက်တာစင်သီယာက ဆိုသည်။

“မြန်မာအစိုးရအနေနဲ့ ပြည်တွင်းနဲ့ဒေသခံ လူထုလူတန်းစား အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒါမှသာ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ အရေးကြီး ကိစ္စရပ်တွေမှာ ဒီလူတွေက ပါဝင်ကူညီနိုင်မှာပါ”ဟုလည်း သူမက ထောက်ပြပြောဆိုသည်။

“အခုလက်ရှိမှာတော့ နိုင်ငံတကာ လူသားခြင်းစာနာတဲ့ အကူအညီတွေ အပြည့်အဝ လက်လှမ်းမမှီတဲ့ စစ်ဘေးသင့်နယ်မြေတွေမှာ ကျောပိုးအိပ်ထမ်း ကျန်းမာရေးလုပ်သားလို့ခေါ်တဲ့ သူတွေကိုပဲ ကျွန်မတို့ ကူညီလေ့ကျင့် သင်တန်းပေးနေပါတယ်”ဟု သူမက ပြောကြားသည်။

“ကချင်၊ ကရင်၊ ရှမ်း ပြည်နယ်တွေမှာရှိတဲ့ စေတနာ့ဝန်ထမ်း ၉၀လောက်ကို မယ်တော်ဆေးခန်းက လေ့ကျင့်ပေးပြီး ထောက်ပံ့ပေးနေတာပါ”ဟု သူမက ဆိုသည်။

      ဒေါက်တာစင်သီယာက ဆက်လက်၍ “ကျန်းမာရေး၊ ပညာရေးနယ်ပယ်များတွင် လုပ်ကိုင်နေသော တိုင်းရင်းသားအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများ ပိုမိုများပြားလာသည်။ မြန်မာ့ကျန်းမာရေးကဏ္ဍသည် အမှန်တကယ် လိုအပ်ချက်များပြားနေခြင်းကြောင့် ဤအချက်သည် အပြုသဘော ဆောင်သော လက္ခဏာတစ်ရပ်ဖြစ်သည်”ဟု ပြောကြားသွားသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းကွန်ဒိုကုမ္ပဏီ မြန်မာနိုင်ငံသို့ ခြေလှမ်းရန် စဉ်းစားနေ

(Bankok post မှ 8 Jun 2012 ရက်စွဲပါ "Fragrant consider Myanmar move" သတင်းကို ဘာသာပြန်ဆိုသည်)

  1. အခြေခံဥပဒေ ပြင်ဆင်ရန်ဆွေနွေးမှုကိုအောက်လွှတ်တော် ဥက္ကဋ္ဌ လမ်းဖွင့်ပေးမည်

(Asahi Shimbu မှ 8 June 10, 2012 ရက်စွဲပါ "Speaker of Myanmar's Lower house open to constitutional revisions" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဂျပန်ငွေရေးကြေးရေး ကုမဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စောင့်စား

(9 June 2012 ရက်စွဲပါ The Japan Times မှ Junko Horiuchi ရေးသားသော “Financial firms await Myanmar entry”  ကိုဘာသာပြန်ဆိုသည်။)

  1. လောလောဆယ်နျူကလိယ လက်နှက်ရောင်းချရန် အစီအစဉ်မရှိဟု မြောက်ကိုးရီးယာပြော

(9 June 2012 ရက်စွဲပါ BBC News မှ North Korea မှ “North Korea No plan for nuclear test 'at present” ကိုဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ထိုင်းကွန်ဒိုကုမ္ပဏီ မြန်မာနိုင်ငံသို့ ခြေလှမ်းရန် စဉ်းစားနေ

(Bankok post မှ ၈ရက် ဇွန် ၂၀၁၂ နေ့စွဲပါ "Fragrant consider Myanmar move" သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ကွန်ဒိုမီနီယံ တည်ဆောက်သောကုမ္ပဏီ Fragrant property Co သည် မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် မြန်မာ့ ဈေးကွက်သို့ ဝင်ရောက်ဖွယ် ရှိနေသည်။

"မြန်မာနိုင်ငံမှာ မြေပေါတဲ့အတွက် ကွန်ဒိုမီနီယံတွေဟာ ဆွဲဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်နေပါတယ်။ မြန်မာနိုင်ငံက ကွန်ဒိုမီနီယံ ဝယ်သူတွေဟာ များသောအားဖြင့် ၂၅ ရာခိုင်နှုန်း စရံသတ်ပြီး ၅၀ ရာခိုင်နှုန်း တစ်ခါတည်း ငွေချေလေ့ရှိတဲ့အတွက် ဆုံးရှုံးနိုင်ခြေကလည်း အရမ်းနည်းပါတယ်။ "ဟု ထိုင်း Fragrant ကုမ္ပဏီ အကြီးအကဲ ဂျိမ်းဒူယွမ် ကမနေ့က ပြောကြားသည်။ Fragrant အိမ်ခြံမြေကုမ္ပဏီက မြန်မာအစိုးရဌာန တစ်ခု  ဖွင့်လှစ်ခဲ့ဖူးသော ရုံးအဆောက်အအုံတစ်ခု လေလံပစ်ခြင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းလေလံအောင်သွားပါက အခန်း ၂၀၀ ပါ ဟော်တယ်အဖြစ် ပြုပြင်မွမ်းမံရန် ဘတ်ငွေသန်း ၃၀၀ သုံးစွဲသွားမည်ဖြစ်သည်။ Fragrant ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံအတွင်း၌မူ ဘတ်ငွေ ၃ ဘီလီယံတန်ဖိုးရှိ ဆူခွန်ဗစ် ၁၁နှင့်၁၂ ကွန်ဒိုစီမံကိန်းသစ်နှစ်ခုကို တတိယ သုံးလပတ်အတွင်း လုပ်ငန်းစတင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ မစ္စတာဂျိမ်းဒူယွမ်က  ၎င်း၏ ကုမ္ပဏီသည် ယင်းစီမံကိန်းများ တည်ဆောက်မည့် မြေကွက်များအတွက် ဘတ်ငွေ သန်း ၆၀၀ ပေးချေခဲ့ရပြီး နောက်ထပ် တည်ဆောက်မည့် ကွန်ဒိုမီနီယံ စီမံကိန်းများအတွက် နောက်ထပ်နေရာကောင်း နှစ်ကွက်ကို နောက်ထပ် ဘတ်ငွေ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံထားသည်ဟု ပြောကြားသည်။ တည်ဆောက်မည့် စီမံကိန်းများ၏ ကုန်ကျစရိတ်မှာ တစ်မီတာပတ်လည်အတွက် ဘတ် ၁၄၀၀၀၀ ခန့်ရှိသည်။ ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်သည် ကြီးထွားရန်အလားအလာရှိနေပြီး အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးသက်သာနေဆဲဖြစ်သည်ဟု ဒူယွမ်က မှတ်ချက်ပေးသည်။ ဒါပေမဲ့လည်း ဥရောပစီးပွားရေး ကျဆင်းမှုနှင့် ထိုင်းနိုင်ငံရေကြီးမှု အပါအ၀င် ဆုံးရှုံးနိုင်ခြေ အချက်တွေလည်း ရှိနေပါတယ်ဟု ဒူယွမ်က ဆိုသည်။

လတ်တလောတွင် Fragrant ကုမ္ပဏီသည် ဘန်ကောက် ပတ်ချာဘူရီလမ်းသစ်တွင် ဘတ်ငွေ ၇.၈ ဘီလျံတန် Circle Living Prototype ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော် နေရာတွင် ပထမတာဝါမှာ အခန်း၈၀ (သို့မဟုတ်) ၁၀ ရာခိုင်နှုန်းခန့်သာ ရောင်းရန်ကျန်ရှိပြီး ၂၀၁၄ တွင်ပြီးစီးမည့် ဒုတိယတာဝါမှာလည်း ၇၀ ရာခိုင်နှုန်း ရောင်းချပြီး ဖြစ်သည်။

ကုမ္ပဏီသည် Circle ကွန်ဒို ပထမတာဝါမှ ယခုနှစ် ၅ လအတွင်း ဘတ်ငွေ ၁.၃ဘီလျံရရှိခဲ့ပြီး ယခုနှစ်ကုန်တွင် စုစုပေါင်း ၃ ဘီလီယံ ရရှိမည်ဟု မျှော်လင့်ရသည်။

ဆူခွန်ဗစ်ရပ်ကွက်ကို နိုင်ငံခြားသားများ ကြိုက်နှစ်သက်သောကြောင့် ကွန်ဒိုတွင် နိုင်ငံသားများ ရောင်းချ ပေးမည့် ကိုတာပြည့်သွားမည်ဟု သိရသည်။

နိုင်ငံခြားသားဖောက်သည် အများစုမှာ အနောက်နိုင်ငံသားများ သာမကဘဲ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူတို့မှ အာရှသားများလည်း ပါဝင်ကြသည်။ ဝယ်ယူသူများ၏ တစ်ဝက်ခန့်မှာ ကိုယ်တိုင်နေထိုင်ရန်ဖြစ်၍ ကျန်တစ်ဝက်ခန့်မှာ ရေရှည်မြှုပ်နှံထားရန် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော သုံးနှစ်အတွင်း ပတ်ချာပူရီလမ်းသစ်တွင် ကုမ္ပဏီပေါင်းစုံ တည်ဆောက်ခဲ့သော ကွန်ဒိုအားလုံး၏ ရောင်းရငွေတန်ဖိုးမှာ စုစုပေါင်း ဘတ်ငွေ ၃၀ ဘီလျံခန့်ရှိပြီး ဈေးနှုန်းများမှာ တစ်စတုရန်းမီတာလျှင် ဘတ် ၈၀၀၀၀ မှ ၁၃၀၀၀၀ အထိရှိသည်ဟု သိရသည်။

*****************************************

အခြေခံဥပဒေ ပြင်ဆင်ရန်ဆွေနွေးမှုကို အောက်လွှတ်တော် ဥက္ကဋ္ဌ လမ်းဖွင့်ပေးမည်

(Asahi Shimbu မှ 8June 10, 2012 ရက်စွဲပါ "Speaker of Myanmar's Lower house open to constitutional revisions"သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးမှုများကို လွှတ်တော်တွင် ခွင့်ပြုသွားမည်ဟု အောက်လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းက အဆာဟီရှင်ဘွန်းနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

တပ်မတော်သားများကို လွှတ်တော်အမတ်နေရာ ပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အကြီးဆုံးအတိုက်အခံပါတီ NLD က ယခင်ကပင် တောင်းဆိုထားခဲ့သည်။

ဇွန်လ(၇)ရက်နေ့က နေပြည်တော်လွှတ်တော် အဆောက်အဦးတွင် ဂျပန်သတင်းစာဌာနနှင့် ပြုလုပ်သော အင်တာဗျူး၌ ဦးသူရရွှေမန်းက "တကယ်လို့ အခြေခံဥပဒေကပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့မကိုက်ညီတော့ဘူးဆိုရင် ဘာလုပ်ဖို့လိုသလဲ ဆိုတာကို စဉ်းစားသုံးသပ်ကြရမှာပေါ့"ဟု ပြောကြားသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား သီးသန့်နေရာပေးထားရန် လိုအပ်မှုနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်အမြင်ကိုမေးသောအခါ သူရဦးရွှေမန်းက"အခြေခံဥပဒေကို ပြင်ဆင်ဖို့ လို/မလို ကိုဆုံးဖြတ်ခြင်း ဟာ တစ်ဦးချင်းကိစ္စမဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ ကိစ္စဖြစ်ပါတယ်"ဟု သွယ်ဝိုက်ပြောဆိုခဲ့သည်။

လာမည့်လတွင် ခေါ်ယူမည့် အောက်လွှတ်တော်အစည်းအဝေး၌ ယခုအခါ NLD ပါတီ ပါဝင်လာတော့မည် ဖြစ်သည်။

NLD နှင့်ပတ်သက်၍ မေးမြန်းသောအခါ  သူရဦးရွှေမန်းက "NLD ကိုအတိုက်အခံပါတီလို့ ကျွန်တော်မစဉ်းစားပါဘူး။ နိုင်ငံနှင့် ပြည်သူ ကိုယ်စားပြု လုပ်ကိုင်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ပဲ မျှော်လင့်ပါတယ်။ နိုင်ငံရေးပါတီတွေအကြား အမြင်ကွဲလွဲမှုတွေကို ဆွေးနွေးငြင်းခုန်တာတွေ ဖြစ်လာနိုင် တာပေါ့"ဟု ပြောကြားသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကိုလည်း သူက ချီးမွမ်းပြောဆိုသည်။

"ဒီလိုဖြစ်နေတာကို မြင်ရတာ တကယ်ကို ဝမ်းသာပါတယ်။ အပြောင်းအလဲဖြစ်စဉ် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ရွေ့နေလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်"ပာု ဦးရွှေမန်းက ဆိုသည်။

အစိုးရဝန်ကြီးအချို့နှင့် လွှတ်တော်အမတ်အချို့က ဒီမိုကရေစီပြောင်းလဲခြင်းကို သံသယဖြင့် စောင့်နေသည်ဟူသော ဝေဖန်မှုများကို အရေးမပါသယောင် လျှော့ပေါ့ပြောဆိုသည်။

"'ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးကို ဦးတည်ဖို့ လိုအပ်ချက်ကို အခြေခံဥပဒေက ဖွင့်ဆိုထားတာပါ။ ဒါကို ထည့်တွက်မယ့်သူ မရှိပါဘူး"ဟု သူကဆိုသည်။ ဂျပန် အပါအဝင် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားကုမ္ပဏီများက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် အထူးစီးပွားရေးဇုန်ဥပဒေများကဲ့သို့သော စီးပွားရေးဆိုင်ရာ ဥပဒေကြောင်း ပြင်ဆင်မှုများကို ဇောင်းပေးပြောဆိုလျက်ရှိသည်။

သို့သော်လည်း မြန်မာလွှတ်တော်သည် ယင်းဥပဒေများကို ပြဌာန်းရန် မနှစ်က ပျက်ကွက်ခဲ့ပြီး ယခုဆက်လက် ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။

"ဒီဥပဒေတွေကို လက်တွေ့၊ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုအသုံးပြုနိုင်မလဲ ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဌာနဆိုင်ရာတွေက ထိထိရောက်ရောက် စဉ်းစားပေးဖို့ လိုအပ်နေပါတယ်"ဟု သူရရွှေမန်းက ပြောဆိုကာ အချိန်လိုအပ်ကြောင်း ထောက်ပြသည်။

လွှတ်တော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် အစိုးရနှင့် အဓိက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးရွှေမန်းက ဆိုသည်။

"အောက်လွှတ်တော်ဟာ ဒီလိုဥပဒေတွေကို အတည်ပြုဖို့သာမကဘဲ သက်ဆိုင်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေကို အသေးစိတ် ဆွေးနွေးနိုင်ဖို့လည်း ကြိုးပမ်းသွားမှာပါ"ဟု အောက်လွှတ်တော် ဥက္ကဌက ပြောကြားသည်။

၂၀၀၈ ခုနှစ်က ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌတာဝန်ယူစဉ်အချိန်က ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် စစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့ဖူးပြီး ၊ထိုစဉ်က ပြုံးယမ်းနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် တာဝန်ယူခဲ့သည်ဟု ယုံကြည်ရသည်။

ဦးရွှေမန်းက မြောက်ကိုးရီးယားနှင့် ယခင် စစ်ဖက်ဆက်ဆံရေးကို ဝန်ခံခဲ့သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အမြဲတမ်း တိတိကျကျ လေးစားလိုက်နာခဲ့တယ်ဟု ပြောကြားသည်။

အမှန်စင်စစ် ဦးရွှေမန်းသည် မြောက်ကိုးရီယားထံမှ ဒုံးကျည်နည်းပညာ အစိတ်အပိုင်းများ၊ နျူကလိယားလက်နှက် အစီအစဉ်တို့ကို မြန်မာက လက်ခံရရှိခဲ့သည်ဟူသော သံသယသတင်းများကို ငြင်းဆန်ခဲ့ဖူးသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးမူဝါဒများ၊ မဟာဗျူဟာများကို တိတ်တဆိတ် ကြိုးကိုင်နေသည်ဟု နိုင်ငံရေးဂုရုဟောင်းများ၏ သံသယဝင်ခြင်းကိုခံနေရဆဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ ဦးဆောင်ခဲ့သော ယခင် တပ်မတော်အစိုးရ လက်ထက် တွင် နံပါတ်(၃)အဆင့် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ယခင်အစိုးရအကြီးအကဲ၏ အစီအစဉ်အရ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ တပ်မတော်မှ အငြိမ်းစားယူကာ အရပ်ဖက်နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

*****************************************

ဂျပန်ငွေရေးကြေးရေး ကုမ္မဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စောင့်စား

(9 June 2012 ရက်စွဲပါ The Japan Times မှ Junko Horiuchi ရေးသားသော Financial firms await Myanmar entry ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ပိတ်ပင်ထားဆဲ ဖြစ်သော်လည်း၊ အဓိက ဂျပန်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ယခုထက်ပို၍ ပါဝင်ပတ်သက်ရန် ခြေလှမ်းလျှက်ရှိပြီး၊ မြန်မာအစိုးရက ၎င်းတို့ အပြည့်အဝ လုပ်ကိုင်ရန် မီးစိမ်းပြမည့် အချိန်ကို စောင့်ဆိုင်းလျှက် ရှိသည်။

“လောလောဆယ်တော့ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် စုဆောင်းဖြန့်ဝေခြင်းအတွက် အကန့်အသတ်နဲ့ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပင်မငွေကြေးစီးပွားရေးလုပ်ငန်းကို ထူထောင်နိုင်လိမ့်လို့ ထင်ပါတယ်”ဟု Mizuho Corporate Bank မှ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲ ဒုအထွေထွေမန်နေဂျာ Tetsuya Akutsu က ပြောကြားသည်။

အဆိုပါဘဏ်သည် ၂၀၀၃ မှစ၍ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တွင် ဧပြီလက ကိုယ်စားလှယ်ရုံးတစ်ရုံး ပြန်လည် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် နိုင်ငံခြားဘဏ်များမှာ တင်းကြပ်သော စည်းမျဉ်းများအောက်တွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ကိုယ်စားလှယ်ရုံးသာ ဖွင့်လှစ်ခွင့်ရှိပြီး၊ ဘဏ်လုပ်ငန်း သို့မဟုတ် နိုင်ငံခြား ငွေလဲလှယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုခြင်း မရှိသေးပေ။

“ကျွန်တော့်ကိုယ်ပိုင် အမြင်ကိုပြောရရင်၊ မြန်မာနိုင်ငံမှာ အစိုးရိမ်ရဆုံးကိစ္စက၊ ငွေကြေးကဏ္ဍမှာ တိုးတက်မှု အရမ်းနှေးကွေးတဲ့ ကိစ္စဖြစ်ပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံတကာဗျူရို ဒုတိယညွှန်ကြားရေးမှူးချုပ် Daikichi Monma က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်တဲ့ အာဏာပိုင်တွေဟာ ငွေကြေးကဏ္ဍအတွက် ဦးတည်ချက် တစ်ခုချမှတ်ပြီး၊ ဘဏ်လုပ်ငန်း ကဏ္ဍမှာ စည်းမျဉ်းတွေ ဖြေလျော့ပေးဖို့ ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု Monma က ပြောသည်။

၎င်းက ပြောကြားရာတွင် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ဂျပန်ဘဏ်များသည် ထိုနိုင်ငံများတွင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၌ အကြံပေးသော နေရာတွင် လုပ်ဆောင်ကြရကြောင်း၊ ထိုမှတဆင့် အလုပ်အကိုင် ဖန်တီးပေးမှုများ ဖြစ်စေကြောင်းပြောသည်။

အခြေအနေအရပ်ရပ် ကောင်းမွန်ခြင်း မရှိသေးသော်လည်း Mizuho၊ Sumitomo Mitsui Banking Corp၊ Bank of Tokyo-Mitshbishi UFJ၊ အပါအဝင် အဓိက ဂျပန်ဘဏ်များသည် ကိုယ်စားလှယ်ရုံးများဖွင့်၍ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုတင်သိမြင်နိုင်ရန် သတင်းယူလျှက် ရှိသည်။

“မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးရှိတဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ကနဦး လက္ခဏာတွေကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ မပတ်သက်ပေမယ့်လည်း၊ ကျွန်တော်တို့လုပ်ငန်း မပတ်သက် ပေမယ့်လည်း၊ ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးတွေဟာ ဖောက်သည်တွေ မြန်မာနိုင်ငံကို လာတဲ့အခါ လမ်းညွှန်ပေးလို့ ရပါတယ်”ဟု Akutsu က ပြောသည်။

Sumitomo Mitsui Bankingက ပြောကြားရာတွင် မေလနှောင်းပိုင်းက ၎င်းသည် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်အား ဘဏ်ပညာရပ်များနှင့် စီမံခန့်ခွဲမှု နည်းပညာများ ပေးအပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။ အဆိုပါ လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံတွင် မကြာသေးမီက ဒီမိုကရေစီ တိုးတက်မှုများတွင် ဂျပန်ဘဏ်များအနက် ပထမဆုံး လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းကပြောသည်။

ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများနှင့် သက်ဆိုင်သော ကဏ္ဍတွင်လည်း Daiwa Securiies Group Inc ၏ သုတေသနဌာနခွဲဖြစ်သော Daiwa Research Institute နှင့် Tokyo Stock Exchange Group Inc. တို့သည် မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်းထူထောင်ရန်နှင့် ငွေအရင်းအနှီး ဈေးကွက် တစ်ခုပျိုးထောင်ရန် သဘောတူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အနာဂါတ်တွင် ဈေးကွက်အမှန်တကယ် ဖွံ့ဖြိုးလာပါက ပြိုင်ဆိုင်မှုအတွက် လက်ဦးမှုရရန် ရည်ရွယ်ခဲ့သည်။

ပြီးခဲ့သည့်လက Daiwa၊ TSE နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ လက်မှတ်ရေးထိုးခဲ့သည့် MOU တွင် ငွေကြေးဆိုင်ရာ စာချုပ်များလဲလှယ်ရေး ဒီဇိုင်းတွင် နည်းပညာဆိုင်ရာ အကူအညီပေးရေး၊ စတော့အိတ်ချိန်း စည်းမျဉ်းများ သတ်မှတ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးတွင် ထောက်ပံ့ကူညီရေး၊ ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်အတွက် ဆွေးနွေးပွဲများ ကျင်းပရေးပါဝင်သည်။

“ကျွန်တော်တို့နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆက်ဆံရေး အလွန်တရာ ချောမွေ့နေပါတယ်”ဟု TSEဥက္ကဌ Atsushi Saito က မကြာမီက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “စတော့အိတ်ချိန်း ဈေးကွက် ဖွံ့ဖြိုးရေးကတော့ နှစ်အတန်ကြာ လိုအပ်ဦးမှာပါ၊ ၂၀၁၅ ဒါမှမဟုတ်၂၀၁၆ မှဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ အခုမှစတာပါ”ဟု ၎င်းကပြောသည်။

စတော့အိတ်ချိန်းကဲ့သို့သော ရည်မှန်းချက်များ ထားရှိလင့်ကစား၊ မြန်မာပြည်သူများ၏ နေ့စဉ်ဘဝများသည် အခက်အခဲများနှင့် ရုန်းကန်နေရဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် မြန်မာနိုင်ငံ၏ စီးပွားရေးရာသီဥတု တိုးတက်ရေးအတွက် အရေးပါဖွယ်ရာ ရှိသည်။ သို့သော် ကြီးမားစွာ လိုအပ်ချက်များရှိနေသော အခြေခံအဆောက်အအုံများအတွက် ချက်ခြင်းဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ကဏ္ဍစုံ၌ ပါဝင်ရန်ကြီးစွာ စိတ်ဝင်စားလျက်ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ် အလုပ်ဖြစ်လိမ့်မယ် ဆိုတဲ့အပေါ် ကျွန်တော် သံသယရှိနေပါတယ်။ လုပ်အားခ ဈေးပေါတယ်။ လူတွေကြိုးစားကြပါတယ်”ဟု Akutsu က ပြောသည်။

ထိုနေရာတွင် ဂျပန်အစိုးရက နှစ်ပေါင်း(၂၅)နှစ်အတွင်း အကူအညီများ အပြည့်အဝ ပြန်လည်ပေးအပ်ရန် မကြာမီက ဆုံးဖြတ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူမှုရေးအခြေခံအဆောက်အဦး တိုးတက်ရေးအထောက်အကူ ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်လိမ့်မည် ဟု ၎င်းကပြောကြားခဲ့သည်။        

*****************************************

လောလောဆယ်နျူကလီယား လက်နှက်ရောင်းချရန် အစီအစဉ်မရှိဟု မြောက်ကိုးရီးယားပြော

(9 June 2012 ရက်စွဲပါ BBC News မှ North Korea မှ North Korea No plan for nuclear test 'at present'ကိုဘာသာပြန်ဆိုသည်။)

မြောက်ကိုးရီးယားက လက်ရှိအားဖြင့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ပြောစကားအရ တောင်ကိုးရီးယား၏ ရန်စမှုကို လက်တုန့်ပြန်ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။

ဆိုးလ်သည် DPRK အား စိတ်ဆွပေးရန် ကြိုးစားနေမှုကြောင့် နျူးကလီးယားစမ်းသပ်ရန် အကြောင်းဖန်လာစေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်များကို ပြုံးယမ်း၏ တရားဝင် အေဂျင်စီဖြစ်သော KCNA ကပြောခဲ့သည်။ ယခု မှတ်ချက်များမှာ ဂြိုလ်တုမှ ဒုံးပှံလွှတ်တင်သည့် နေရာတွင် အကြီးစား အဆင့်မြှင့်တင်မှုပုံများ ပေါ်ထွက်လာပြီး ရက်သတ္တပတ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

Musudai-ri တွင် လုပ်ကိုင်နေမှုများမှာ ၂၀၁၂ နှစ်လယ်မှစတင်၍ လျင်မြန်စွာ တိုးတက်မှုရှိသည်ကို တွေ့ရကြောင်း အမေရိကန် အဖွဲ့အစည်း တစ်ခုက သုံးသပ်ထားသည်

ထို့ကြောင့် မြောက်ကိုရီးယားအနေဖြင့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်နိုင်သည်ဟု မှန်းဆချက်များ ထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား ဧပြီလက မအောင်မြင်နိုင်သော ဒုံးပျံလွှတ်တင်မှု အပြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ပြုံးယမ်းအပေါ် အရေးယူမှုများပိုမို တင်းကျပ်ခဲ့ပြီး နောက်မှန်းဆချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုးရီးယား၏ ဒုံးပျံလွှတ်တင်မှုများကြောင့် ကုလသမဂ္ဂက အရေးယူမှုများ ချမှတ်မှုအပြီးတွင် ပြုံးယမ်းသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တွင် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်၍ တုန့်ပြန်ခဲ့သည်။

နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါက ဒေသတွင်းမှ လျင်မြန်သော သေချာသည့် တုန့်ပြန်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းအမေရိကန်က သတိပေးခဲ့ပြီး ပြုံးယမ်း၏ ထိုသို့လုပ်ဆောင်မှုသည် ကြီးမားသည့် တွက်ချက်မှု မှားယွင်းချက်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်ကင်ဂျုံအီ ဒီဇင်ဘာလက သေဆုံးပြီး ၎င်း၏သား ကင်ဂျုံအွန်းကို ဆက်ခံစေအပြီးတွင် ပြုံးယမ်း၏ ဒုံးကျည်နှင့် နျူကလီယား ရည်မှန်းချက်များကို အများက သေချာစွာစောင့်ကြည့်နေခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs