yangonchronicle 2011- (1)
၁၅.၁.၂၀၁၃
ဘာသာပြန်သတင်းများ
- ကချင်ပြဿနာ နိုင်ငံရေးအရအဖြေရှာ
(15 Jan 2013 ရက်စွဲပါ Bangkok Post မှ Nehginpao Kipgen ရေးသားသော Address Kachin Problem Politically ကိုဘာသာပြန်ပါသည်)
- လိုအပ်ချက်ရှိသော ဆန္ဒပြခွင့်ဥပဒေကြောင့် မြန်မာနိုင်ငံဝေဖန်ခံရ
(UPI Newsမှ 14 Jan 2013 ရက်စွဲပါ "Myanmar criticized for protest Laws" သတင်းကို ဘာသာပြန် ပါသည်)
- ရန်ကုန်မြို့အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု အမှတ်တရနေရာပြုလုပ်ရန် တောင်ကိုရီးယားနှင့် မြန်မာသဘောတူ
(The Chosun ilbo News မှ 15 jan 2013 ရက်စွဲပါ "Korea Burma agree on Rangoon bombing memorial" သတင်းကို ဘာသာပြန်ပါသည်)
- ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တရုတ်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျား
(The New York Times မှ 14 Jan 2012 ရက်စွဲပါ Thomas Fuller ၏ Myanmar Fighting Edges Toward China ကိုဘာသာပြန်ဆိုသည်)
**************************************************************************************
ဘာသာပြန်သတင်းများ
ကချင်ပြဿနာ နိုင်ငံရေးအရအဖြေရှာ
(15 Jan 2013 ရက်စွဲပါ Bangkok Post မှ Nehginpao Kipgen ရေးသားသော Address Kachin Problem Politically ကိုဘာသာပြန်ပါသည်)
(စာရေးသူသည် အမေရိကန်အခြေစိုက် Kuki နိုင်ငံတကာဖိုရမ်အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ၎င်း၏ သုတေသနသည် တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံရေးကို အာရုံပြုပါသည်)
တိုင်းရင်းသားလက်နက်ကိုင်အများစုသည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ၎င်း၏စစ်တပ်ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် မြန်မာ့တပ်မတော်နှင့် စစ်ပွဲများဆက်လက်ဖြစ်ပွားနေသော အဓိကလက်နက်ကိုင်အုပ်စု ဖြစ်နေပါသည်။
အစိုးရသည် KIO/KIA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဘယ့်ကြောင့်မရရှိရသနည်း ဆိုသည့်မေးခွန်းကို ယခုအချိန်တွင် မေးမြန်းခြင်းမှာ သင့်လျှော်သည်ဟု ထင်ပါသည်။ ထိုနည်းတူစွာပင် အခြားအဓိက တိုင်းရင်းသားအုပ်စုများသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူနိုင်ချိန်တွင် ကချင်များသည် အဘယ့်ကြောင့် ဆက်လက်တိုက်ပွဲဝင်နေသနည်းဟု မေးရမ်ာဖြစ်ပါသည်။ ၎င်းတို့၏ တောင်းဆိုမှုများသည် အခြားတိုင်းရင်းသားများ၏ တောင်းဆိုမှုများနှင့် မတူလေရောသလား။
ကချင်များသည် ၁၉၄၇ ခုနှစ်က အခြား ချင်း၊ ဗမာ များနှင့်အတူ သမိုင်းဝင်ပင်လုံစာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။ သို့သော် ထိုစဉ်ကတည်းက ကချင်တို့သည် ခွဲခြားဆက်ဆံခံရသည်ဟု ခံစားခဲ့ကြပါသည်။
ပင်လုံစာချုပ်တွင် ဖော်ပြထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်ကို ငြင်းပယ်ခဲ့ပါသည်။ ထို့အပြင် ခရစ်ယာန်များစုဖြစ်သော ကချင်လူမျိုးများသည် ပါလီမန်ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ်ဦးနုက နိုင်ငံတော်၏ ဘာသာကို ဗုဒ္ဓဘာသာဟု သတ်မှတ်ရန်ကိစ္စကို ဆန့်ကျင်ခဲ့ကြပါသည်။
KIO/KIA ကို ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အစပထမတွင် လွတ်လပ်ရေးတောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ပါသည်။ ကချင်အုပ်စုသည် ၁၉၉၄ ခုနှစ်တွင် ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
ကချင်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ၂၀၁၁ ခုနှစ်ဇွန်လတွင် အရေးကြီးသောအကြောင်းပြချက်နှစ်ခုကြောင့် ပျက်ပြယ် သွားခဲ့ပါသည်။ ပထမတစ်ခုမှာ ၂၀၀၉ ခုနှစ် ဧပြီလက KIO/KIA က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ ဒုတိအချက်အားဖြင့် ကချင်ပြည်နယ်မှ သယံဇာတများနှင့် ရေအားလျှပ်စစ်ကဲ့သို့သော စစ်တပ်၏အကျိုးစီးပွါးထိန်းချုပ်ရန်အလို့ငှာ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်တွင် KIA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ပဋိပက္ခသည် နှစ်ဖက်စလုံးတွင် ထောင်ပေါင်းများစွာသော လူများအသက်ဆုံးရှုံးမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ရမှုများ ဖြစ်စေပါသည်။ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ခိုင်မာသောရလာဒ်များ မရရှိခဲ့ပေ။ KIA က လက်နက်ကိုင်ပဋိက္ခများ ရပ်ဆိုင်းခြင်းသည် နိုင်ငံရေးအရ အဖြေရရှိရေးကို အာမခံချက်ရှိရမည်ဟု တောင်းဆိုခဲ့ပါသည်။
အစိုးရအနေဖြင့် တိုင်းပြည်တစ်ခုလုံး တိုင်းရင်းသားများနှင့် ရန်ပွဲဖြစ်နေမှုများအဆုံးသတ်၍ ပင်လုံညီလာခံကဲ့သို့သော ညီလာခံတစ်ခုခေါ်ယူရေး ကြေညာရန် ကချင်က တောင်းဆိုခဲ့ပါသည်။ အစိုးရ၏အနေအထားမှာ အပစ်အခတ်ရပ်စဲမှုများမှ တဆင့်နိုင်ငံရေးအရဆွေးနွေးမှုများ ဆက်လုပ်သင့် ပါသည်။ မြန်မာအစိုးရက တိုင်းရင်းသားအုပ်စုတစ်ခုချင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးရန် ဆန္ဒရှိသော်လည်း ကချင်တို့က တစ်ပြည်လုံး အတိုင်းအတာအတွက် တောင်းဆိုခဲ့ပါသည်။
ပဋိပက္ခများအရှိန်မြင့်လာပြီး အစိုးရသည် ဇန်နဝါရီလ (၃) ရက်နေ့က KIA တို့အား တိုက်လေယာဉ်များ ရဟတ်ယာဉ်များ အသုံးပြုခဲ့သည်ဟု ဝန်ခံခဲ့ပါသည်။ အစိုးရက ၎င်းတို့၏ရိက္ခာပို့သည့် တပ်များက တိုက်ခိုက်သည့် KIA များကို ရှင်းလင်းရန်လိုအပ်သောကြောင့်ဟု အကြောင်းပြခဲ့ပါသည်။
KIA/KIO ကမူ အစိုးရသည် ၎င်းတို့၏ ဌာနချုပ်လိုင်ဇာကို တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟု ဆိုပါသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းသည် အုပ်စုနှစ်ခုကြားတင်းမာမှုများပိုမိုမြင့်တက်လာပြီး တစ်ဦးကိုတစ်ဦးမယုံကြည်မှုများ တိုးပွားလာခြင်း ကို ပြသနေခြင်းဖြစ်ပါသည်။ လက်ရှိပြင်းထန်သော ဖြစ်ရပ်များသည် ဖြေရှင်းခြင်းမပြုခဲ့သည့် သမိုင်းကြောင်းတစ်လျှောက် ပြဿနာများ၏ အကျိုးဆက် ဖြစ်ပြီး သီးခြားကိစ္စရပ်အဖြစ် ရှုမြင်ခြင်းပြုသင့်ပေ။ တိုင်းပြည်တွင် ပိုမိုကြီးမားသော တိုင်းရင်းသားပြဿနာများဖြစ်လာနိုင်သည့် အကြောင်း ရင်းဖြစ်ပါသည်။
တိုင်းရင်းသားများက နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အစဉ်တစိုက်တောင်းဆိုခဲ့ကြပါသည်။ ကချင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်နေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို နှောင့်နှေးစေသည့် အကြောင်းဖြစ်ပါသည်။ အဆိုပါ ပဋိပက္ခသည် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ကြီးစွာစိတ်ဝင်စားကြောင်းစတင်ပြသလာချိန်တွင် တိုင်းပြည်၏ပုံရိပ်ကို ထိခိုက်လှပါသည်။
အခြေအနေပိုမို ပျက်ယွင်းလာချိန်တွင် နှစ်ဖက်စလုံးက လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လာသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရက်တစ်အတိုက်အခံသည် ယခုကိစ္စကို ဆက်လက်၍ ရေငုံနှုတ်ပိတ် မနေသင့်တော့ပေ။ ကချင်ပြဿနာမှာ အရေးတကြီး ဖြေရှင်းရန် လိုအပ်နေပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အများစုအနိုင်ရရေးကိုသာ ဦးစားမပေးသင့်ပေ။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူထားသော လက်နက်ကိုင်တိုင်းရင်းသား အုပ်စုများ နားလည်ထားသင့်သော ကိစ္စမှာ စစ်မှန်သောငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးရေးသည် တစ်ဦးချင်းအပေါ် အခြေခံ၍ မရနိုင်ဟူသောအချက်ဖြစ်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အတူတကွကြိုးပမ်းခဲ့သည့်နည်းတူ ယခုအခါတွင်လည်း တိုင်းရင်းသားကချင်တို့နှင့် စည်းလုံးညီညွတ်မှုရှိကြောင်းပြသရန် ထပ်တူမျှအရေးကြီးပါသည်။
အချို့ပူးပေါင်းကြိုးပမ်း အားထုတ်မှုများသည် တိုင်းရင်းသားကိစ္စကို အလေးအနက်ပြုရေးအတွက် အထောက်အကူပြုခဲ့ပါသည်။ ယခုကဲ့သို့သော နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကာလတွင် ကချင်တို့အား သီးခြားချန်ထားခဲ့မည်ဆိုပါက သာတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုင်းရင်းသားများ၏ ဘုံကြိုးပမ်းအားထုတ်မှုမှ ရရှိလာသော ချစ်ကြည်ရေးနှင့် အခြားကတိကဝတ်များကို အားနည်းသွားစေ မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ကြသော နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ယခုပြသဿနာပြီးဆုံးရေးအတွက် အသုံးပြုသင့်ပါသည်။ ကချင်ပဋိပက္ခရပ်ဆိုင်းသွားခြင်း မရှိပါက အမေရိကန် အစိုးရအနေဖြင့် ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန်နှင့် ထိုင်းတို့ ဦးဆောင်ကျင်းပမည့် နိုင်ငံစုံစစ်ရေးသရုပ်ပြပွဲတွင် မြန်မာစစ်တပ်ကို ဖိတ်ကြားရန် ရည်မှန်းထားမှုကို ပြန်လည်စဉ်းစားသင့်ပါသည်။
အာဆီယံအနေဖြင့်လည်း ကချင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များဆက်လက်ဖြစ်ပွားနေခြင်းကို လက်မခံနိုင်ကြောင်းပြော၍ ဖိအားပေးသင့် ပါသည်။ KIO/KIA သည် ပြည်ထောင်စုမှ ခွဲထွက်၍ လွတ်လပ်ရေး တောင်းနေခြင်းမဟုတ်သည့်အတွက် နိုင်ငံရေးအရ ပြေလည်မှုရရန်မှာ မဖြစ်နိုင်သော ကိစ္စမဟုတ်ပေ။
မြန်မာနိုင်ငံမှ တိုင်းရင်းသားပြဿနာများကို စစ်ရေးဖြင့် ဖြေရှင်း၍မရဟု သမိုင်းကပြသခဲ့ပြီး ဖြစ်ပါသည်။ နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး အပြစ်တင်နေခြင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရရှိနိုင်မည်မဟုတ်ပေ။ နှစ်ဖက်စလုံး တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိရန်လိုအပ်ပါသည်။
နှစ်ဖက်စလုံးကပါဝင် ပြီး ကတိကဝတ်များ ပြုကြရမည် ဖြစ်ပါသည်။
နောက်ဆုံးရည်မှန်းချက်သည် စစ်ပွဲသဏ္ဍာန်အခြေအနေကို အဆုံးသတ်ရန် ဖြစ်သင့်ပါသည်။ အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူများကို အကူအညီများပေးရန် ဖြစ်သင့်ပါသည်။ ကာလကြာရှည်ပြဿနာအတွက် နိုင်ငံရေးအရ အဖြေရအောင်ရှာရန် ဖြစ်ပါသည်။
----------------------------------------------------------------------------
လိုအပ်ချက်ရှိသော ဆန္ဒပြခွင့်ဥပဒေကြောင့် မြန်မာနိုင်ငံဝေဖန်ခံရ
(UPI Newsမှ 14 Jan 2013 ရက်စွဲပါ "Myanmar criticized for protest Laws" သတင်းကို ဘာသာပြန် ပါသည်)
မြန်မာအစိုးရအနေဖြင့် ၎င်းတို့၏လူထုဆန္ဒဖော်ထုတ်မှု(ဆန္ဒပြမှု)ဆိုင်ရာဥပဒေများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင်ပြင်ဆင်သင့်သည် ဟု Human Rights Watch က ပြောကြားသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်းက အာဏာပိုင်များ၏ ခွင့်ပြုချက်မရပဲ ဆန္ဒပြမှုဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူကိုးဦးကို တရားစွဲဆိုခဲ့ခြင်း ကြောင့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူ HRW အုပ်စုက ယခုကဲ့သို့ ထောက်ပြဝေဖန်ခြင်း ဖြစ်သည်။
"မြန်မာအစိုးရအနေဖြင့် လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ကိုက်ညီအောင် ဒီမိုကရေစီနှင့် ပတ်သက်သည့် ခံယူချက်သဘောထားကို ပြန်လည်အကဲဖြတ်ရန်အတွက် စိတ်နေစိတ်ထား ပြန်လည်ပြင်ဆင်ဖို့လိုအပ်သည်" ဟု Human Rights Watch ၏ အာရှရေးရာ ဒါရိုက်တာ ဖီလ်ရောဘတ်ဆန် ကပြောကြားပါသည်။
မြန်မာအာဏာပိုင်များသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးကို စတင်ကြိုးစားလုပ်ဆောင်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရသည် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များအပေါ် တုန့်ပြန်မှုပုံစံကြောင့် လည်းကောင်း၊ လိုအပ်ချက်များရှိနေသည့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်သော အုပ်စုများ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။
ဘန်ကောက်မြို့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖီလ်ရောဘတ်ဆန်က "မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းထားသောဥပဒေများကို ပြင်ဆင်သင့်ကြောင်း၊ ခွင့်ပြုချက်မရပဲ ဆန္ဒပြမှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်ခြင်း မပြုနိုင်အောင် ဆောင်ရွက်သင့်ကြောင်း" ပြောကြားခဲ့သည်။
"မြန်မာအစိုးရဟာ လွတ်လပ်နိုးကြားတဲ့ ဒီမိုကရေစီအတွက်ပြုလုပ်နေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အသိအမှတ်ပြုဖို့အတွက် စိတ်နေ သဘောထားပြင်ဆင်ဖို့ သိသိသာသာလိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာစုဝေးမှုကို အားပေးတဲ့ဥပဒေတွေ၊ ဒါကို နားလည်သဘောပေါက်ပြီး လေးစားမှုရှိတဲ့ အာဏာပိုင်တွေ ရှိဖို့ အမှန်တကယ် လိုအပ်နေပါပြီ" ဟု ဖီလ်ရောဘတ်ဆန် ကထောက်ပြပြောဆိုသွားသည်။
---------------------------------------------------------------------
ရန်ကုန်မြို့အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှု အမှတ်တရနေရာပြုလုပ်ရန် တောင်ကိုရီးယားနှင့် မြန်မာသဘောတူ
(The Chosun ilbo News မှ 15 jan 2013 ရက်စွဲပါ "Korea Burma agree on Rangoon bombing memorial" သတင်းကို ဘာသာပြန်ပါသည်)
တောင်ကိုရီးယား ၁၇ ဦး အသက်ဆုံးရှုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိစေခဲ့သော မြောက်ကိုရီးယားအေးဂျင့်များ၏ လက်ချက် ၁၉၈၃ ရန်ကုန်မြို့ဗုံးပေါက်ကွဲမှုတွင် ကျဆုံးခဲ့ရသူများအတွက် အမှတ်တရနေရာ တည်ဆောက်ရန် တောင်ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံ သဘောတူလိုက်ကြပြီ ဖြစ်သည်။
၎င်းအမှတ်တရနေရာကို မြို့တော်ဟောင်းရန်ကုန်ရှိ အာဇာနည်ဗိမာန်အနီးတွင် တည်ဆောက်မည်ဟု ဆိုသည်။
တောင်ကိုရီးယားအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ဦးဆောင်သည့်အဖွဲ့ကို မြန်မာနိုင်ငံသို့ လာမည့်လတွင် စေလွှတ်မည်ဖြစ်ပြီး အဆောက်အဦးဗိသုကာနှင့် မြေယာရှုခင်းဗိသုကာများ လိုက်ပါသွားကြမည်ဟု သိရှိရသည်။
မြန်မာအာဏာပိုင်များက အာဇာနည်ဗိမာန် ရဲကင်းအနီး ၂၆၀ စတုရန်းမီတာအကျယ်မြေနေရာကို ခွင့်ပြုခဲ့ပြီး ထိုနေရာမှ အမှန်တကယ် ဗုံးပေါက်ကွဲခဲ့သော နေရာကိုလှမ်းမြင်နိုင်မည်ဟု သံတမန်သတင်းရပ်ကွက်ကပြောကြားသည်။ ကျဆုံးသွားခဲ့သော တောင်ကိုရီးယားတာဝန်ရှိသူများ အတွက် အမှတ်တရနေရာသည် ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်နှင့် မီတာ ၅၀ ခန့်ကွာဝေးပြီး ရွှေတဂုံဘုရားအနီးတွင် တည်ရှိသည်ဟုဆိုသည်။
အမှတ်တရဗိမာန်တည်ဆောက်မှုကို ဗုံးပေါက်ကွဲမှု အနှစ် ၃၀ ပြည့်သည့် ယခုနှစ်အောက်တိုဘာ ၉ ရက်မတိုင်မှီ အပြီးသတ်ရန် ဆိုးလ် အာဏာပိုင်များက စီစဉ်ထားပါသည်။
သမ္မတလီမြောက်ဘက် သည် မနှစ်ကမေလ မြန်မာနိုင်ငံခရီးစဉ်တွင် အာဇာနည်ဗိမာန်သို့သွားရောက်၍ တောင်ကိုရီးယားကျဆုံးသူများကို ဂါဝရပြုခဲ့သော်လည်း ၎င်းတို့အတွက် အမှတ်တရနေရာသတ်မှတ်ထား ခြင်းမရှိခဲ့ပါ။
သို့ဖြစ်၍ အမှတ်တရ ကျောက်တိုင်စိုက်ထူရန် Chosun Ilbo အပါအဝင် တောင်ကိုရီးယား မီဒီယာများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
၁၉၈၃ အောက်တိုဘာလ ၉ ရက်နေ့က တောင်ကိုရီးယားသမ္မတ ချမ်ဒူးဝှမ် ရန်ကုန်မြို့အာဇာနည်ဗိမာန်သို့ လာမည့်အချိန်တွင် မြောက်ကိုရီးယားအေးဂျင့်များက အချိန်ကိုက်ဗုံးပေါက်ခွဲခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ် ဆူဆွပ်ဂျွန် နှင့် နိုင်ငံခြားရေးဝန်ကြီး လီဘွမ်ဆွတ် တို့အပါအဝင် တောင်ကိုရီးယား အရာရှိ ကြီး ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
----------------------------------------------------------------------------------------------
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တရုတ်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျား
(The New York Times မှ 14 Jan 2012 ရက်စွဲပါ Thomas Fuller ၏ Myanmar Fighting Edges Toward China ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်အုပ်စုနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှုများက အိမ်နီးချင်း တရုတ်နိုင်ငံ တွင်းသို့ ကူးစက်ပျံ့နှံ့မည့်အနေအထားသို့ ခြိမ်းခြောက်ရောက်ရှိနေကြောင်း လက်နက်ကိုင်အဖွဲ့များကပြောကြားသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရရှိသော သတင်းများအရ နယ်စပ်ဒေသ လိုင်ဇာမြို့တွင် အမြောက်များဖြင့်ပစ်ခတ်ခံရမှုကြောင့် လူသုံးဦးသေဆုံးကြောင်းသိရသည်။
မြန်မာစစ်တပ်သည် လတ်တလော ရက်သတ္တပတ်များအတွင်း ကချင်ပြည်နယ်ကျပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ကြိုးပမ်းနေသော ကေအိုင်အေ တပ်ဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့ ထိုးစစ်ဆင်မှုများ အပြင်းအထန်ပြုလုပ်လျက်ရှိသည်။
ကေအိုင်အေမှ အရာရှိတစ်ဦးဖြစ်သူ Awng Jet က တယ်လီဖုန်းမှတစ်ဆင့်ပြောကြားရာတွင် "တနင်္လာနေ့နံနက်အစောပိုင်း အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ခရစ်ယာန်သာသနာပြုအဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းသားတစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးကြောင်း" ပြောကြားသည်။
ကချင်ပြည်နယ်မှ အခြားသော သတင်းရင်းမြစ်များကမူ ဒဏ်ရာဖြင့်သေဆုံးနေသူများ၏ ရုပ်အလောင်းများပါရှိသည့် ဓာတ်ပုံများကို ဖြန့်ဝေခဲ့ကြသည်။
မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင်ထုတ်ဖော်ပြောဆိုပြီး ယင်းကိစ္စကို လွတ်လပ်စွာ အတည်ပြုရန်လိုအပ်ကြောင်း ဆိုသည်။
မြန်မာအစိုးရစစ်တပ်က သူပုန်များကိုတိုက်ခိုက်ရာတွင် လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့်အချိန်မှစ၍ ကချင်သူပုန်များနှင့် စစ်တပ်အကြား တိုက်ခိုက်မှုများပြင်းထန်လာသည်။ ယခင်က ကေအိုင်အေတို့ ထိန်းချုပ်ခဲ့သော မဟာဗျူဟာတောင်ကုန်းတစ်ခုကို ယခုအခါစစ်တပ်က သိမ်းယူထားပြီဖြစ်သည်။ ယင်းတောင်ကုန်းကို သိမ်းယူလိုက်နိုင်သဖြင့် အစိုးရစစ်တပ်သည် လိုင်ဇာနှင့် နီးကပ်သည့် နေရာသို့ရောက်ရှိသွားသည်။
ကေအိုင်အေနှင့် စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပယ်ပျက်သွားကာ ယခုကဲ့သို့ စစ်မက်ပဋိပက္ခများဖြစ်ပေါ်လာမှုသည် ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီဖော်ဆောင်ရန်ကြိုးပမ်းနေသော သမ္မတဦးသိန်းစိန်အစိုးရအတွက် ကြီးမားသောအနှောက်အယှက်ကြီးတစ်ခု ဖြစ်စေသည်။ နှစ်ပေါင်း ၁၇ ကျော်ကြာရယူနိုင်ခဲ့သော ယင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ သမ္မတဦးသိန်းစိန်အစိုးရအာဏာရရှိလာပြီး လပိုင်းမျှအကြာ၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ပယ်ပျက်သွားခဲ့သည်။
ကချင်သူပုန်များအား ဆက်လက်တိုက်ခိုက်သွားရန် မြန်မာစစ်တပ်၏ ဆုံးဖြတ်ချက်မှာ အန္တရာယ်ကြီးမားသော ကိစ္စတစ်ခုလည်းဖြစ်နေသည်။ အကြောင်းမှာ တိုက်ခိုက်မှုများဖြစ်ပွားနေသည့် နေရာဒေသများမှာ တရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိပြီး နယ်စပ်ဒေသပြဿနာများစွာကို ဖြစ်ပေါ်စေနိုင် သောကြောင့်ဖြစ်သည်။ ထို့ပြင် စစ်တပ်၏ဆုံးဖြတ်ချက်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူမည်ဟု ဆိုထားသည့် သမ္မတဦးသိန်းစိန်အစိုးရ၏ သဘောထားနှင့်လည်း ဆန့်ကျင်ဘက်သဖွယ်ဖြစ်နေသည်။
တရုတ်နိုင်ငံကမူ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း နယ်စပ်ဒေသသို့ တပ်ဖွဲ့များအနည်းငယ်စေလွှတ်ကာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံပိုင်မီဒီယာကမူ ယင်းနယ်စပ်ဒေသကို တည်ငြိမ်မှုမရှိသောနေရာဟု ရေးသားဖော်ပြသည်။ အဆိုပါ နယ်စပ်ဒေသသို့ သွားရောက်ခဲ့သူ ဓာတ်ပုံဆရာတစ်ဦးအဆိုအရ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ခန့် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများမှာ တောတောင်ထူထပ်ပြီး ကချင်တိုင်းရင်းသားတို့၏ ဇာတိမြေတွင်ဖြစ်ရာ ၎င်းတို့အနေဖြင့် အလွယ်တကူပင်သွားလာလှုပ်ရှားနိုင်သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့တွင် တိုက်ပွဲများ၊ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သော မြန်မာစစ်တပ်အနေဖြင့်မူ ကေအိုင်အေတို့လောက် နယ်မြေအနေအထားကို သိရှိပုံမရပေ။ သို့အတွက်ကြောင့် စစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု အချို့သော လေ့လာဆန်းစစ်သူများကဆိုသည်။ လေကြောင်းထိုးစစ်ဆင်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ်တစ်စင်းမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပျက်ကျခဲ့ရာ ပိုင်းလော့နှစ်ဦးနှင့် အရာရှိတစ်ဦးသေဆုံးခဲ့သည်။ ကချင်သူပုန်များက ရဟတ်ယာဉ်ကို ၎င်းတို့ပစ်ချခဲ့ကြောင်း ပြောဆိုသော်လည်း အစိုးရက အင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်မှ စစ်ဘက်နှင့် အစိုးရအရာရှိကြီးများက နယ်စပ်ဒေသတစ်လျှောက် အခြေအနေကို အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာကရေးသားဖော်ပြသည်။
တရုတ်နိုင်ငံပိုင် Global Times သတင်းစာက နယ်စပ်ဒေသ Nabang မြို့မှ ကွန်မြူနစ်ပါတီ ဒုတိယအကြီးအကဲ Shang Haifeng ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် "အဆိုပါမြို့ကျပ် ယူနန်စစ်ဌာနချုပ်ရုံးဖွင့်လှစ်ထားပြီဖြစ်သည်" ဟု ဆိုသည်။
Wuhan စီတီတွင်ထုတ်ဝေသော Changjiang Daily သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခများမှာ ပြင်းထန်လာလျက်ရှိပြီး ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် လိုင်ဇာနှင့် ကပ်လျက်ရှိသည့် Nabang မြို့သို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်များကျရောက်သည့် နေရာတွင် နေထိုင်သော တရုတ်နိုင်ငံသားများအား အခြားနေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ယင်းသတင်းစာကဆိုသည်။
ကချင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်ကို တရုတ်နိုင်ငံက ကိုင်တွယ်ဖြေရှင်းမှုများမှာ ရှုပ်ထွေးမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ အကြောင်းမှာ ကချင်တိုင်းရင်းသားများသည် နယ်စပ်ဒေသ နှစ်ဖက်စလုံးတွင်နေထိုင်ကြသောကြောင့်ဖြစ်သည်။ Nabang မြို့တွင် နေထိုင်သော ကချင်တိုင်းရင်းသား ထောင်ပေါင်းများစွာတို့သည် မကြာသေးခင်ရက်ပိုင်းက နယ်စပ်ဒေသဂိတ်သို့ စုဝေးရောက်ရှိလာပြီး မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ကန့်ကွက်ဆန္ဒပြကြကြောင်း လိုင်ဇာဒေသသို့ရောက်ရှိနေသူ ဓာတ်ပုံဆရာ Ryan Roco ကပြောသည်။ မြန်မာနိုင်ငံဘက်မှ ကချင်တိုင်းရင်းသား ၂၀၀၀ ကျော်ခန့်လည်း အဆိုပါဆန္ဒပြရာနေရာသို့ စုဝေးရောက်ရှိလာကာ စည်းလုံးညီညွတ်မှုရှိပုံကို ဖော်ပြခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
မစ္စတာ Roco ပေးပို့သော အီးမေးလ်ထဲတွင် လိုင်ဇာနှင့် Nabang အကြား နယ်စပ်ဒေသသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ခန့်ရောက်ရှိလာသည်ဟု ဆိုသည်။
လက်ရှိအနေအထားတွင် တရုတ်နိုင်ငံထဲသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာမည့် အရေးကိစ္စကို တရုတ်အစိုးရက စိုးရိမ်ပူပန်လျက်ရှိနေသည်ဟု ယူဆရသည်။ ယမန်နှစ်က တိုက်ခိုက်မှုများပြီးဆုံးသွားချိန်တွင် တရုတ်အာဏာပိုင်များက ကချင်ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ဖိအားပေးစေလွှတ်ခဲ့သည်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားသော စစ်မက်ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ရာနှင့်ချီ၍ တစ်နှစ်အတွင်း သေဆုံးခဲ့ရသည်။
ကချင်ပြည်နယ်မှရရှိသော သတင်းပေးပို့ချက်များအရ ယခုလိုပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာဗဟိုအစိုးရအပေါ်ထားရှိသည့် ကချင်အရပ်သားတို့၏သဘောထားများ ပိုမိုတင်းမာလာလျက်ရှိသည်။ ကချင်တိုင်းရင်းသားများထုတ်ဖော်လျက်ရှိသော ရန်ငြိုးဖွဲ့မှုများနှင့် ဒေါသများက တိုင်းရင်းသားပြန်လည်စည်းလုံးရေးအတွက် မျှော်လင့်ချက်များကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့မှ Coordinator ဖြစ်သူ Moon Nay Li က ကချင်သူပုန်များကို စစ်တပ်က လိုက်လံ တိုက်ခိုက်နေသည့်အချိန်မှစ၍ သူမအနေဖြင့် မြန်မာအစိုးရအပေါ် ယုံကြည်မှုများစွာလျော့ကျသွားကြောင်းပြောဆိုသည်။
"မြန်မာနိုင်ငံထဲက ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်မတို့ဘယ်လိုယုံကြည်ရမှာလဲ" ဟု ၎င်းက မေးခွန်းထုတ်သည်။
ကချင်တိုင်းရင်းသားများသည် မြန်မာအစိုးရအပေါ်သာမက ယခင်စစ်အစိုးရအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျက်ဒေါသထွက်လျက်ရှိသည်။
ယမန်နှစ်က ကချင်အဖွဲ့အစည်း ၂၃ ခုမှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာတစ်ပေးပို့ခဲ့ရာကျပ် Moon Nay Li လည်းပါဝင်ခဲ့သည်။
ယခုအခါ ပါလီမန်လွှတ်တော်အမတ်တစ်ဦးဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ဗမာတိုင်းရင်းသားဖြစ်ပြီး ကချင်စစ်မက်နှင့်ပတ်သက်၍ အနည်းငယ်မျှသာ ထုတ်ဖော်ပြောဆိုထားသည်။
*******************************************************************************************