Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် လိုအပ်သည် ဟူသော အချက်ကို အရှေ့တောင် အာရှ အဖွဲ့ (အာဆီယံ) ဝင် နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းကို နားလျှံအောင် ဖိအားပေး ပြောဆို ခဲ့ကြကြောင်း အာဆီယံ အကြီးအကဲက ဆိုသည်။

"မနေ့ညက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတော့ နားလျှံထွက်အောင် အပြောခံခဲ့ရတယ် ထင်တယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲ ကျင်းပချိန်တွင်း မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဦးဉာဏ်ဝင်းအပေါ် ဖိအားပေး ပြောဆိုခဲ့မှုများကို ညွှန်းဆို ပြောကြားသည်။

"မြန်မာနိုင်ငံထဲမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ထွန်းလာဖို့ အာဆီယံက အလွန်အမင်း စိုးရိမ်နေသလို အရမ်းလည်း စိတ်ဝင်စားနေပါတယ်" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က ပြောသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် အာဆီယံအပေါ် အပြုသဘော ဆောင်သကဲ့သို့ အပျက်သဘော ဆောင်မည့် ဂယက် ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဦးဉာဏ်ဝင်းအား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ပြောဆိုခဲ့သည်ဟု မစ္စတာဆူရင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည့် အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည် မဟုတ်ဟု အမေရိကန် ပြည်ထောင်စုက ခန့်မှန်းထားသည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က "မြန်မာ ရွေးကောက်ပွဲ မည်သို့ မည်ပုံ ဖြစ်လာမည် ဟူသော အချက်ကို အာဆီယံ အနေဖြင့်
ကြိုတင် ခန့်မှန်းမည် မဟုတ်" ဟု ဆိုသည်။

"ဆိုတော့ ပြောရရင် ကျွန်တော်တို့မှာ ကျိုးကြောင်း ဆက်စပ်မှု ရှိတဲ့ မျှော်လင့်ချက် ရှိပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ညစာစားပွဲ ပြုလုပ်ချိန်တွင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ပြောဆိုမှုများကို လွန်စွာ အာရုံစူးစိုက်၍ နားထောင်နေခဲ့သည်ကို တွေ့ရကြောင်း အာဆီယံ အကြီးအကဲက ပြောသည်။

ကျင်းပရန် ရှိသည့် အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော တိုးတက် ဖြစ်ထွန်းမှုများကို ဦးဉာဏ်ဝင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို ပြောဆိုခဲ့သည်။ သို့သော် ကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။

အာဆီယံသည် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ပတ်သက်၍ ပူပန်မှုမရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်သည့် လုပ်ငန်းစဉ် ပြီးဆုံးပါက ကျင်းပမည့် နေ့ရက် အတိအကျကို ကြေညာမည်ဟု ဦးဉာဏ်ဝင်းက အာဆီယံကို အသိပေး ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောသည်။

ရွေးကောက်ပွဲ အချိန် ကာလအတွင်း မြန်မာနိုင်ငံသို့ အာဆီယံ နိုင်ငံများမှ စောင့်ကြည့် လေ့လာမည့် သူများ စေလွှတ်ပါက ဖြစ်နိုင်ခြင်း ရှိ၊ မရှိ ဟူသော အရေးကိစ္စကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ခဲ့သည် ဟု ဆိုသည်။

"ကျွန်တော်က ဧည့်သည်တော် ဆိုတဲ့အသုံးအနှုန်းနဲ့ ပြောဆိုခဲ့တာပါ။ စောင့်ကြည့် လေ့လာသူ၊ အကဲခတ်သူ စတဲ့ အသုံးအနှုန်းတွေကို ရှောင်ပြီး အဲဒီ 'ဧည့်သည်တော်' ဆိုတဲ့ အခေါ်အဝေါ်ကို သုံးနှုန်းပြောဆိုခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မပြုရေးမူဝါဒကို ကျင့်သုံးလျက် ရှိသည်။

မြန်မာ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် တားမြစ်ထားသောကြောင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု သပိတ်မှောက်ခဲ့သည်။ NLD သာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

သို့သော် မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်ဟောင်းများ ပါတီ နာမည်သစ်ဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင် လျှောက်ထားသည့် ကိစ္စအပေါ် ခွင့်ပြုချက် ပေးခဲ့သည်။

အဆိုပါ အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံတွင်း နျူကလီယာ လက်နက်များ တီထွင် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိပါဟု မြန်မာနိုင်ငံရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အာမခံ ပြောဆိုခဲ့ကြောင်း မစ္စတာ ဆူရင်ပစ်ဆာဝမ်က ပြောသည်။

AFP သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC, 20th July 2010

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုကို ကျော်ဖြတ်ကာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ထိပ်ဆုံး စွမ်းအင်သုံးစွဲသူ ဖြစ်လာသည်ဟု အစီရင်ခံစာ သစ်များက ဆိုပါသည်။

နိုင်ငံတကာ စွမ်းအင် အေဂျင်စီမှ ထုတ်ပြန်သော လတ်တလော ကိန်းဂဏန်းများက "တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်သည် ဆယ်စုနှစ် တစ်ခုအတွင်း ၂ ဆ မြင့်တက်ခဲ့သည်" ဟု ညွှန်ပြနေသည်။

တရုတ်သည် ကမ္ဘာစီးပွားရေး အကျပ်အတည်း၏ ရိုက်ချက်ကို အမေရိကန် လောက် မခံရသဖြင့် ယခု ပထမနေရာသို့ ရောက်လာခြင်း ဖြစ်သည်ဟု နိုင်ငံတကာ စွမ်းအင် အေဂျင်စီက ဆိုသည်။

အစီရင်ခံစာတွေ့ရှိချက်ကို တရုတ်နိုင်ငံက စိမ်ခေါ်လိုက်ပြီး အဆိုပါ ကိန်းဂဏန်းများမှာ ယုံကြည်ရခြင်း မရှိဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အကြီးဆုံး စွမ်းအင်သုံးစွဲသူ အဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု အတွင်း တရုတ် စီးပွားရေး လျှင်မြန်စွာ ကြီးထွားခဲ့ခြင်းကြောင့် တရုတ်ကိုထိပ်သို့ တွန်းတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အင်္ဂါနေ့ အစီရင်ခံစာက ဆိုသည်။

တရုတ် စွမ်းအင် လိုအပ်ချက် မြင့်မားလာခြင်းကို ၎င်းနိုင်ငံ၏ တိုးတက်နေသော လူဦးရေက ဆက်လက် မီးထိုးပေးဦးမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 20th July 2010

အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး နှိပ်စက် ညှဉ်းပန်းမှုများကို လျစ်လျူရှုနေသည်ဟု မကြာခဏ စွပ်စွဲခံနေရသော အာဆီယံ အဖွဲ့က ရှားရှားပါးပါး သဘောထား တစ်ရပ် အဖြစ် မြန်မာနိုင်ငံတွင် လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် တောင်းဆိုထားချိန်တွင် အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးများ ကလည်း မြန်မာ စစ်ဖက် အစိုးရကို ပြစ်တင် မာန်မဲခဲ့ကြသည်။

ဥရောပပုံစံ စီးပွားရေး အသိုင်းအဝိုင်းကို ၂၀၁၅ နောက်ဆုံးထား၍ ဖွဲ့စည်းရေးမှသည် အနောက် နိုင်ငံများနှင့် ဒေသတွင်း အင်အားကြီး တရုတ်၊ ဂျပန်၊ အိန္ဒိယတို့၏ ဆက်ဆံမှုများကို ထောက်ခံရန် အထိ ပါဝင်သော အစီအစဉ် အမျိုးမျိုးကို ကိုင်တွယ်ရန် အတွက် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီများသည် ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် အင်္ဂါနေ့၌ ၎င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးကို စတင်ခဲ့သည်။

သို့သော်လည်း ညီလာခံ အပြီး ညစာစားပွဲတွင်မူ "ရက်သတ်မှတ်ခြင်းမရှိဘဲ ကျင်းပပေးမည်" ဟုသာ မြန်မာအစိုးရက တွင်တွင် ဆိုနေသော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းကို သံတမန်များက ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ပြောကြားခဲ့ကြရာ မြန်မာ ပြဿနာ စင်ပေါ်ရောက်သွားခဲ့သည်။

တက်ရောက်လာသော ဝန်ကြီး မြောက်မြားစွာက မြန်မာနိုင်ငံခြားရေး ဝန်ကြီးအား "မြန်မာအစိုးရ အနေဖြင့် လွတ်လပ်မျှတ၍ အားလုံး ပါဝင်ခွင့် ပေးသော ရွေးကောက်ပွဲများကိုသာ ကျင်းပသင့်ကြောင်း'' ဝိုင်းဝန်း ပြောဆိုခဲ့ကြသည်။ တစ်ဦး၏ ပြည်တွင်းရေးကို တစ်ဦး ကြားဝင် မစွက်ဖက်ရေးကို အခြေခံမူဝါဒ ချမှတ်ထားသော အာဆီယံ အဖွဲ့ဝင်များတွင် ယခုကဲ့သို့ တည့်တည့် ပြောဆိုခြင်း ယခင်က မရှိခဲ့ပါ။

"မြန်မာနိုင်ငံ ကတော့ အာဆီယံက အရမ်းစိတ်ပူနေကြတယ် ဆိုတာကို မနေ့ညက နားမဆံ့အောင် ခံစား လိုက်ရတာပါ'' ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝပ်က အင်္ဂါနေ့ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် သတင်းထောက်များအား ပြောကြားလိုက်သည်။ ရွေးကောက်ပွဲသို့ အကဲခတ် လေ့လာသူများ စေလွှတ်ရန် အာဆီယံ ဝန်ကြီးများက ကမ်းလှမ်းခဲ့ကြသည် ဟုလည်း သိရှိရသည်။

မြန်မာအစိုးရ၏ သင်္ကေတ ဖြစ်သော လျှို့ဝှက်မှုကို ထိန်းသိမ်းခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို အသိပေးခဲ့ခြင်းမရှိပါ။ "ဒီကိစ္စ အတွက် တာဝန်ရှိတာက ရွေးကောက်ပွဲ ကော်မရှင်ပါ၊ နိုင်ငံခြားရေးဝန်ကြီး မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

လာမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ် ၅၀ စစ်အုပ်ချုပ်ရေးကို ခိုင်မာစေရန် လှည့်စား လိမ်ညာထားခြင်းသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောဆိုလျက်ရှိသည်။ အထိန်းသိမ်းခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ဘဲ သူမ၏ ပါတီမှာလည်း ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အတွက် ဖျက်သိမ်းခြင်း ခံရသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာအစိုးရက ပြုမူ ဆက်ဆံနေတဲ့ ပုံစံက အာဆီယံ နိုင်ငံတွေကိုတောင် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်'' ဟု ပြောကြားသူမှာ ကင်ဘာရာ Austalian National University မှ မြန်မာ့အရေး ကျွမ်းကျင်သူ Trevor Wilson ဖြစ်သည်။

တနင်္လာနေ့ကလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြက "မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား အကူအညီဖြင့် နျူကလီယာ လက်နက် အစီအစဉ်ကို ဆောက်ရွက်ရန် စိတ်ဝင်စားနေသည် '' ဟူသော စွပ်စွဲချက်များကို မြန်မာက ငြင်းဆိုထားသည်။

မြန်မာနိုင်ငံ ကိစ္စအပြင် မြောက်ကိုးရီးယား၏ နျူကလီယာ အစီအစဉ်ကိုလည်း ဆွေးနွေးရန် အာဆီယံ အဖွဲ့က မျှော်လင့်ထားသည်။ နျူကလီယာ အစီအစဉ်ကို ရပ်ဆိုင်းအောင် ပြုံးယမ်းအား ဖိအား ပေးနေသည့် ရပ်တန့်နေသော ဆွေးနွေးပွဲများသို့ မြောက်ကိုးရီးယား ပြန်လည် တက်ရောက် လာစေရန် အာဆီယံ အနေဖြင့် ဆွဲဆောင်ရေးကို ဖိလစ်ပိုင်က အဆိုပြုခဲ့သည်ဟု အမည် မဖော်လိုသူ သံတမန် တစ်ဦးက ပြောကြားသည်။

ရေတပ်သား ၄၆ ဦး သေဆုံးသည့် စစ်သင်္ဘော နစ်မြုပ်မှု အတွက် ပြုံးယမ်းကို အပြစ်တင်ခဲ့ပြီးနောက် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် ပတ်သက်ခြင်း မရှိဟု မြောက်ကိုးရီးယားက ငြင်းဆိုထားသည်။

ဟနွိုင်းတွင် ယခု သီတင်းပတ်ကုန်တွင် ကျင်းပမည့် ဒေသတွင်း လုံခြုံရေး ဖိုရမ်သို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟစ်လာရီ ကလင်တန် အပါအဝင် လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ အဖွဲ့ဝင်များ နှင့်အတူ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးလည်း တက်ရောက်မည်ဟု မျှော်လင့်ရသည်။

ကိုးရီးယား ၂ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ပါဝင်သော နောက်ဆုံး ဆွေးနွေးပွဲများကို ဘေဂျင်းတွင် ၂၀၀၈ က ကျင်းပခဲ့သည်။

၁၉၆၇ က စတင် တည်ထောင်ခဲ့သော အာဆီယံ အဖွဲ့ဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.