Transparency Myanmar

transparency.myanmar@gmail.com

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၂.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာမရှိပါဘူး ဟု ဦးဌေးဦးပြော

(ပြည်တွင်း၊ ပြည်ပ မီဒီယာများမှဖော်ပြပြီး အင်တာဗျူးများကို  ပြည်သူများ သိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည် တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် မဇ္စိုမဂျာနယ် အတွဲ (၂)၊ အမှတ် (၁၈) တွင်ဖော်ပြပြီးဖြစ်သည်။)

ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော အာဏာရပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ရှိအခင်းအကျင်းရောက်အောင် လုပ်ဆောင်ပေးသွားခဲ့ လွှဲအပ်သွားခဲ့ပြီးနောက် ဝင်ရောက်စွက်ဖက်မှုမရှိတော့ကြောင်း ပြောသည်။

သို့သော် လက်ရှိခေါင်းဆောင်အချို့နှင့် အခါအားလျော်စွာ မိသားစုသဘောတွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်ဟုဆိုသည်။

ပါတီတွင်း အာဏာထက်သူတစ်ဦးဖြစ်သော ဦးဌေးဦးကို ကချင်စစ်ပွဲနှင့် ငြိမ်းချမ်းရေး အခြေအနေ ယခင်အစိုးရခေါင်းဆောင်များနှင့် ပတ်သက်သည်တို့ကို တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လေ့ရှိတယ်လို့သိရှိရပါတယ်။ လက်ရှိကချင်ဒေသ စစ်ပွဲအပေါ် ဗိုလ်ချုပ်မှူးကြီး    ဘယ်လိုသုံးသပ်ပါလဲရှင်။

ဖြေ။ ဟုတ်ပါတယ်။ တွေ့လေ့ရှိပါတယ်။ ကချင်စစ်ပွဲတွေနဲ့ပတ်သက်လို့ သူလည်း သဘောမကျဘူးပေါ့။ သူလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တာပေါ့။ သူ နိုင်ငံတော်ကို တာဝန်ယူတဲ့ အချိန်တုန်းကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့တာပဲလေ။ ကျိန်းသေပါတယ်။ စိတ်ရင်းစေတနာ အမှန်နဲ့ကို ဒီအတိုင်းရှိပါတယ်။

 

မေး။ ဦးဌေးဦးအနေကရော ဒီစစ်ပွဲတွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ။ ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တယ်ဆိုရင်တော့ လက်ရှိနိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ် နောက်ပြီး ကချင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ ညှိနှိုင်းမှုတွေလုပ်ရမှာပေါ့။ အဓိကကတော့ ကျွန်တော်ထင်ပါတယ် အားလုံးစိတ်ရင်းစေတနာအမှန်နဲ့ ငြိမ်းချမ်းရေးကို လိုလားရမယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ နောက် နိုင်ငံတော်မှာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့။ ဒီမူဘောင်ထဲကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

 

မေး။ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးဌေးဦးအနေနဲ့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးရဖို့လုပ်ရာမှာ ပါဝင်ခဲ့ဖူးတာမရှိတာက ထူးဆန်းနေတယ်လို့ ထင်မိပါတယ်။ အနိမ့်ဆုံး ကေအိုင်အို ထိန်းချုပ်ရာ ဒေသကို သွားရောက်ကြည့်ရှုတာမျိုးမရှိခဲ့ပါဘူး။

ဖြေ။ ကျွန်တော်တို့ပါတီက ပါတီဝင်တွေပါတယ်ဆိုရင် ပါတာပါပဲ။ နောက်တစ်ခါ ကျွန်တော်တို့ကို ထောက်ခံသော ပြည်သူတွေပါတယ်ဆိုရင် ပါတာပါပဲ။ ကျွန်တော်တို့ပါတီ အနေနဲ့တိုက်ရိုက်နာမည်ဖော် ပြတာမရှိသော်လည်း ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကိုယ်တိုင်က ငြိမ်းချမ်းရေးမှာ နိုင်ငံတော်က ဖွဲ့စည်းတဲ့အထဲမှာဒုတိယဥက္ကဠအနေနဲ့လည်း သူပါဝင်တယ်။ နောက်တစ်ခါ လွှတ်တော်ထဲမှာလည်း ငြိမ်းချမ်းရေးအဖွဲ့မှာသူက ဥက္ကဠပါပဲ။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့လည်း ဝင်ပြီးဆောင်ရွက်ပေးတယ်။ အခုလည်း ဆောင်ရွက်နေကြပါတယ်။ သို့သော်လည်း ကျွန်တော်ကိုယ်တိုင်လုပ်တာထက်စာရင်တော့ ဦးသိန်းဇော် ကကချင်ပြည်နယ်နဲ့ပိုပြီးနီးစပ်ပါတယ်။  သူက ကချင်ပြည်နယ်တာဝန်ခံလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ ဗန်းမော်သားလည်း ဖြစ်ပါတယ်။ သူက ပိုပြီးသင့်တော်ပါတယ်။ ဆိုလိုတာက ပါတီဆိုတာ အမည်မခံသော်လည်း ကျွန်တော်တို့ပါတီဝင်တွေက ဝင်ပြီးဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။

 

မေး။  ကချင်ဒေသနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာ ဘာများရှိပါသလဲရှင်။

ဖြေ။ ကချင်ဒေသနဲပတ်သက်ပြီးတော့ တည်ငြိမ်အေးချမ်းမှုအရင်ဆုံးရအောင်ဆိုပြီး လွှတ်တော်မှာလည်း အပစ်အခတ်ရပ်စဲဖို့လိုပါတယ်ဆိုတာကို အားလုံး ဝိုင်းထောက်ခံပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ပါတီဝင် ကိုယ်စားလှယ်တွေများပါတယ်။ ကျန်တဲ့ပါတီဝင်တွေလည်း အကုန်ထောက်ခံကြပါတယ်။ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အပစ်အခတ်တွေမရှိရင်ကောင်းတာပေါ့ဗျာ။ ကျန်တဲ့ အကြောင်းရင်းတွေလည်းရှိနိုင်တာပေါ့။ သို့သော်လည်း ဒါတွေက ညှိနှိုင်းပြီးတော့မှ အပစ်အခတ်ရပ်စဲ ရင်ကောင်းမယ်ဆိုတာ ကျွန်တော်တို့သဘော ဒီအတိုင်းပဲရှိပါတယ်။အခု နိုင်ငံတော်ကလည်း အပစ်အခတ်ရပ်စဲပြီဆိုတာ ထုတ်ပြန်တာတွေ့ရပါတယ်။ ဝမ်းသာပါတယ်။

 

မေး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တွေ့ခွင့်ရသူ သွားရောက်တွေ့ဆုံလေ့ရှိသူတွေက ဘယ်သူတွေများလဲ သိပါသလားရှင်။

ဖြေ။  ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အခါအားလျော်စွာ တွေ့တာပါ။ ပုံမှန်သဘောမျိုး မဟုတ်ပါဘူး။ သူလည်း တွေ့ခွင့်ပေးနိုင်တဲ့အချိန်မျိုးမှာ သွားပြီးတွေ့တာပါ။ မိသားစုလိုတွေ့တာပါ။ အလုပ်သဘော မဟုတ်ပါဘူး။

 

မေး။ ဗိုလ်ချုပ်မှူးကြီးက ပါတီခေါင်းဆောင်ကို ပါတီကိစ္စ၊ အစိုးရအဖွဲ့ဝင်ကို အစိုးရကိစ္စ၊ တပ်မတော်ကိစ္စဆို ရင် တပ်မတော်ခေါင်းဆောင်အနေနဲ့ ခွဲတွေ့လေ့ရှိတယ်နဲ့ တူပါတယ်။ ဟုတ်ပါသလားရှင်။

ဖြေ။ ကျွန်တော်သိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးက ဒီစနစ်ကိုရောက်အောင် သူ ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီစနစ်ကိုရောက်အောင်လည်း သူကြိုးစားပေးခဲ့တယ်။ သူ ကြိုးစားပေးခဲ့ပြီးတော့ လက်ရှိတာဝန်ယူနေတဲ့သူတွေကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရသစ်ပေါ်လာတယ်။ လွှတ်တော်တွေလည်းပေါ်လာပြီ။ အဲဒီအချိန်ကစလို့ အားလုံးကို လွှဲပေးလိုက်တဲ့သဘောပါပဲ။ ဘာမှဝင်ရောက်စွက်ဖက်တာ မရှိပါဘူး။

 

မေး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ပြောထားပြီးပြီ၊ ဦးဌေးဦး အနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်အနေနဲ့ သမ္မတရာထူး မျှော်မှန်းထားတာရှိပါသလား။

ဖြေ။ ကျွန်တော်ကတော့ လက်ရှိအနေအထားထိတော့ မရှိပါဘူး။ လက်ရှိအနေနဲ့ကတော့ ကျွန်တော်ဆောင်ရွက်နေရတဲ့ လူတွေကို အကျိုးရှိအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေး နေရတာလေးကိုပဲ ဝမ်းသာပါတယ်။

 

မေး။ ဒါဆိုရင် ပြည်သူအကျိုးအတွက်လုပ်ပေးနေရတာကိုပဲ ပိုပြီးကျေနပ်တယ်လို့ဆိုလိုရမှာပေါ့ရှင်။

ဖြေ။ ကျွန်တော့ အနေနဲ့ကတော့ နေရာတွေထက်စာရင် ကိုယ်လုပ်ဆောင်မှုကိုပဲ အလေးထားပါတယ်။ နေရာတွေရှိပေမယ့်လည်း လုပ်ပေးချင်မှ လုပ်နိုင်တာပေါ့။ နောက်တစ်ခါ အခုအခြေအနေမျိုးက ပိုလွတ်လပ်တာပေါ့။ ပြည်သူကြားထဲလည်း အတူတကွလွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ ဆွေးနွေးလို့ ရတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပိုပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။

 

မေး။ ၂၀၁၅ ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ အလှည့်အပြောင်း ဖြစ်မယ်ထင်ပါသလား။

ဖြေ။ နိုင်ငံရေးဆိုတာက နိုင်ငံနဲ့ပြည်သူ ပြည်သားတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ အချိန်တွေ၊ ကာလတွေ၊ သတ်မှတ်ချက် မရှိပါဘူး။ အမြဲတမ်းလုပ်နေရမှာပါပဲ။ အခုလည်း အရေးကြီးပါတယ်။ နောင်လည်းအရေးကြီးမှာပါပဲ။ ဒီလိုပဲ ကျွန်တော်မြင်ပါတယ် ။ အချိန်တိုင်းက လုပ်နေရမှာပါပဲ။ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အချိန်တိုင်း အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

မေး။ ပြည်ထောင်စု ကြံခိုင်ရေးပါတီအနေနဲ့ ပါတီတွင်းစွမ်းအင်မြှင့်တင်ရေးတွေ နိုင်ငံအဝှမ်းဘယ်လောက် လုပ်ထားသလဲ။ အားနည်းချက်တွေက ဘာတွေလို့ထင်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်လို့ ကျွန်တော်တို့က အရင်အသင်းကို အခြေခံပြီး ဖွဲ့စည်းးတာ ဖြစ်ပါတယ်။ အသင်းတုန်းကလည်း ကျွန်တော်တို့နှစ်သန်းကျော် လေ့ကျင့်ပြီးပါပြီ။ အခုလည်း ပါတီဖြစ်ပြီးနောက်ပိုင်း မြို့နယ်အဆင့်တွေပတ်သက်လို့ အဓိကအားဖြင့်တော့ ရပ်ကျေးစည်းရုံးရေးမှူး တွေကို ကျွန်တော်တို့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဗဟိုမှာလည်းကျွန်တော်တို့ လုပ်နေပါတယ်။

 

မေး။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ရော တွေ့ဆုံတာမျိုး ရှိပါသလား။ ကျန်းမာရေးအနေအထားကော ဘယ်လိုနေလဲ။

ဖြေ။ ကျွန်တော်တို့နဲ့ အဆက်အသွယ်တိုက်ရိုက်မရှိပါဘူး။ သို့သော်လည်း နေကောင်းပါတယ်။ နောက်ပိုင်းတော့ မတွေ့ဖြစ်သေးပါဘူး။ ကြာပါပြီ။ ကျန်းမာရေးကောင်းတယ်လို့ပဲ ကျွန်တော်တို့ ကြားရပါတယ်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. သမ္မတ၏ အပစ်ရပ်အမိန့်ကို တပ်မတော်လစ်လျူရှုနေဟု ကေအိုင်အေ ပြောကြား

(Reuter News မှ 20 Jan 2013 ရက်စွဲပါ “Myanmar rebels say army ignoring president’s ceasefire” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အီရန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းဖွင့်ရန် စီစဉ်

(Ahlul Bayt News မှ 20 Jan 2013 ရက်စွဲပါ “Iran to set up camp for displace Rohingya Muslims in Myanmar” သတင်းကို ဘာသာပြန်ပါဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

သမ္မတ၏ အပစ်ရပ်အမိန့်ကို တပ်မတော်လစ်လျူရှုနေဟု ကေအိုင်အေ ပြောကြား

(Reuter News မှ 20 Jan 2013 ရက်စွဲပါ “Myanmar rebels say army ignoring president’s ceasefire” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတက နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်လိုသည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သော်လည်း ၎င်း၏ အပစ်ရပ်အမိန့်ထုတ်ပြန်ထားသည့်ကြားမှပင် ကချင်ပြည်နယ်မှ သူပုန်စခန်းများကို ထပ်မံတိုက်ခိုက်လျှက်ရှိကြောင်း သူပုန်နှင့် ဒေသခံသတင်းရပ်ကွက်များက ဆိုပါသည်။

တိုက်ခိုက်မှုများ ပြင်းထန်နေသော တရုတ်နယ်စပ်အနီး ကချင်ပြည်နယ် လဂျားယန် ဒေသမှ အစိုးရတပ်များအားဒ အပစ်ရပ်ဆိုင်းရန် သောကြာနေ့တွင် သမ္မတဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်သည် စနေနေ့မနက်တွင် စတင်အာဏာသက်ရောက်ခဲ့သော်လည်း ယခုသတင်းပတ်ကုန် စနေ၊ တနင်္ဂနွေရက်များအတွင်း ကချင်ပြည်နယ်အနှံနှင့် လဂျားယန် နယ်မြေတွင် အစိုးရတပ်များက ဆက်လက်တိုက်ခိုက်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ ဂျိမ်းလမ်ဒေါက Reuters သို့ပြောကြားသည်။

ကေအိုင်အေ၊ ကေအိုင်အိုဌာနချုပ်အခြေစိုက်ရာ လိုင်ဇာကိုသိမ်းပိုက်ရန် တပ်မတော်(အစိုးရတပ်) ကရည်မှန်းထားသည်ဟူသော ပြောဆိုမှုများကို သမ္မတဦးသိန်းစိန်က ငြင်းဆိုလိုက်ပြီး “အခုဆိုရင် တပ်မတော် တပ်ဖွဲ့တွေဟာ လိုင်ဇာနဲ့သေနတ်တစ်ကမ်းကို ရောက်နေပါပြီ။ ဒါပေမယ့် လိုင်ဇာကို မသိမ်းဖို့ ကျွန်တော်ညွှန်ကြားထားပါတယ်” ဟု ရန်ကုန်မြို့တွင် အစိုးရမဟုတ်သော လူထုအခြေပြုအသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ် သမ္မတက ပြောကြား ခဲ့သည်။

“နိုင်ငံတဝှမ်းစဉ်ဆက်မပြတ် ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် ဖြစ်နိုင်သမျှမြန်မြန် စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းကြဖို့ကလွဲရင် တခြားနည်းလမ်း မရှိပါဘူး” ဟု သမ္မတဦးသိန်းစိန် ကပြောဆိုသွားခဲ့သည်။

၂၀၁၁ ဇွန်လတွင် ကချင်ပြည်နယ်၌ ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း ယခုသီတင်းပတ်များအတွင်း တိုက်ပွဲများ အရှိန်မြင့်ပြင်းထန်လာခဲ့သည်။ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သော လပေါင်း ၂၀ ကာလအတွင်း ဒေသခံပြည်သူ ထောင်ပေါင်းများစွား အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး မြန်မာအစိုးရပြုလုပ်နေသော စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ စိတ်ရင်းစေတနာအပေါ် သံသယဖြစ်ပေါ်စေသည်ဟု အကဲခတ် လေ့လာသူအချို့က ထောက်ပြဝေဖန်သည်။

“တနင်္ဂနွေနေ့မနက် ၈ နာရီခန့်က လဂျားယန်ကို တိုက်ခိုက်ရာတွင် လက်နက်ကြီးများနှင့် ခြေလျင်တပ်များ ပါဝင်သည်” ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းလမ်ဒေါ ကပြောကြားသည်။

အမည်မဖော်လိုသူ ဒေသခံ သတင်းပေးတစ်ဦးက “တနင်္ဂနွေနေ့က အစိုးစရတပ်၏ တိုက်ခိုက်မှုများတွင် လိုင်ဇာအနီး ၅ မိုင် အကွာမှ ကေအိုင်အေ စခန်းတစ်ခုတိုက်ခိုက်ခံရကြောင်းနှင့် ဂျက်တိုက်လေယာဉ်များ ပျံဝဲကာခြောက်လှန့်ခဲ့သော်လည်း ဗုံးကြဲပစ်ခတ်မှုမရှိကြောင်း” အတည်ပြုပြောကြားသည်။

မြန်မာအစိုးရတပ်များသည် ပြီးခဲ့သောအပတ်က လိုင်ဇာလူနေရပ်ကွက်များဖက်သို့ အမြောက်ဖြင့် ဗရမ်းဗတာပစ်ခတ်ခဲ့သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က ပြစ်တင်ပြောဆိုခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများကို နယ်စပ်တစ်ဖက်ရှိ မိုင်ဂျာယန်မြို့မှပင် ကြားနေရသည်ဟု ဒေသခံသတင်းရပ်ကွက်က ဆိုပါသည်။

ပိုမိုဖြောင့်မတ်ကောင်းမွန်သေ စိတ်ရင်းစေတနာ လိုအပ်နေ

ကချင်ပြည်နယ်တစ်ခုလုံး အပစ်ရပ်စဲခြင်း (သို့) တိုက်ခိုက်မှု အကြီးအကျယ်လျှော့ချခြင်းအပါအဝင် အစိုးရဖက်မှ သိသာထင်ရှားသော စိတ်ရင်းစေတနာကို မပြသ၍ဆွေးနွေးပွဲများကို တက်ရောက်မည်မဟုတ်ဟု ကေအိုင်အေက သမ္မတထံစာပို့ထားကြောင်း ဂျိမ်းလမ်ဒေါ ကပြောကြားသည်။

“၁၉၉၄ ကတည်းက အပစ်ရပ်သဘောတူထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ အခု ဘာဖြစ်နေပြီလဲဆိုတာ မြင်တဲ့အတိုင်းပါပဲ။ သဘောတူညီချက်တွေကို ကျွန်တော်တို့ဖက်က မချိုးဖောက်ခဲ့ပါဘူး” ဟု ပြောကြားသော ဂျိမ်းလမ်ဒေါက ဦးသိန်းစိန် အစိုးရအာဏာရလာသည့် တိုင်အောင် ဗဟိုချုပ်ကိုင်မှုကျန်ရှိနေခြင်းကြောင့် ကေအိုင်အေက မယုံကြည်ခြင်းဖြစ်သည်ဟု ရှင်းလင်းတင်ပြသည်။

အစိုးရသည် လဂျားယန်တွင် ထိုးစစ်ဆင်ရပ်ဆိုင်းရုံသာမကပဲ ပြည်နယ်တစ်ခုလုံး တိုက်ခိုက်မှုလျှော့်ချ ဖို့လိုသည်ဟု ကေအိုင်အေ အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ဂျိမ်းလမ်ဒေါက ဆက်လက်၍ “အစိုးရသည် သူပုန်စခန်းများကို နောက်ထပ်တိုက်ခိုက်ရန်အတွက် အပစ်ရပ်ဆိုင်းမှုကို အသုံးချကာ အချိန်ယူနေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အပါအဝင် နိုင်ငံတကာမှ သံတမန်ရေးဖိအားပေးမှုများကြောင့် တစ်စိတ်တစ်ပိုင်း အပစ်ရပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။” ဟု ဝေဖန်ပြောဆိုသည်။

လိုင်ဇာကို ဆက်လက်တိုက်ခိုက်နေသည်ဟူသော စွပ်စွဲချက်များကို အစိုးရက လတ်တလောတုန့်ပြန်ခြင်းမရှိသေးသော်လည်း ကချင်ပြည်နယ်တလွှားမှ အကြမ်းဖက်ဖျက်စီးမှုများအတွက် ကေအိုင်အေတွင် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ကေအိုင်အေ အဖွဲ့သည် ဖားကန့်ဒေသ ကာမိုင်းရဲစခန်းကို စနေနေ့က တိုက်ခိုက်ခဲ့သည့်အပြင် ဗန်းမော်-လွယ်ဂျယ် ကားလမ်းကိုလည်း စနေနေ့ ကမိုင်းခွဲခဲ့ကြောင်း ” ပြစ်တင်ပြောဆိုထားသည်။

--------------------------------------------------------------------------------------------------------------

အီရန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းဖွင့်ရန် စီစဉ်

(Ahlul Bayt News မှ 20 Jan 2013 ရက်စွဲပါ “Iran to set up camp for displace Rohingya Muslims in Myanmar” သတင်းကို ဘာသာပြန်ပါဆိုသည်)

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံကျွေးမွေး၊ စောင့်ရှောက်နိုင်မည့် ဒုက္ခသည်စခန်းတစ်ခု တည်ဆောက်ရန် မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိထားပြီးဟု အီရန်လွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးရာမူဝါဒ ကော်မတီ ဒုတိယဥက္ကဌ မန်ဆွာဟာကီကာမူက ပြောကြားသည်။

တီဟီရန် အနေဖြင့် ရိုဟင်ဂျာမူဆလင်များအကြမ်းဖက်ခံရမှု ရပ်ဆိုင်းရေးနှင့် မွတ်ဆလင်အသိုင်းအဝိုင်း၏ လူမှုအခွင့်အရေးပြန်လည်ရရှိရေး ဆိုင်ရာ ကိုယ်ပိုင်အစီအစဉ်ကို မကြာမီအတွင်း ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းကဆိုပါသည်။

ယခုလအစောပိုင်းတွင် အီရန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ ရိုဟင်ဂျာတို့၏ အနေအထားနှင့် ၎င်းတို့ကို ကူညီနိုင်မည့် နည်းလမ်းများကို လာရောက်လေ့လာခဲ့ကြသည်။ ၎င်းအဖွဲ့တွင် အီရန်လွှတ်တော်အမတ်များနှင့် အတူနိုင်ငံခြားရေးဌာန တာဝန်ရှိသူများ၊ လခြမ်းနီအသင်းနှင့် အီမန်ခိုမေနီ ကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလာခဲ့သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင် ၈၀၀,၀၀၀ ခန့်သည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသောကြောင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးကာ လူမှုဒုက္ခများကို ခံစားနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့ကဆိုပါသည်။ ယင်းရိုဟင်ဂျာများကို တရားဝင်နိုင်ငံသားအဆင့်သတ်မှတ်ပေးရန် နိုင်ငံတကာက တွန်းအားပေးနေသော်လည်း မြန်မာအစိုးရက ယခုတိုင်ငြင်းဆန်နေဆဲ ဖြစ်ပါသည်။

မြန်မာအစိုးရသည်မနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်ရပ်များအတွင်း မွတ်ဆလင်အသိုင်းအဝိုင်းကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခံနေရသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ ဘေးထွက်နေသည့် ရပ်တည်မှု သဘောထားကြောင့် အလားတူပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ရိုဟင်ဂျာများသည် ပါးရှန်း၊ တားကစ်ရှ်၊ ဘင်္ဂါလီ၊ ပါသန် မျိုးရင်းမှ ဆင်းသက်လာသော မွတ်ဆလင်များ ဖြစ်ပြီး မြန်မာနယ်မြေတွင် ၈ ရာစု ကတည်းက ရွှေ့ပြောင်းနေထိုင်ခဲ့သူများဖြစ်ကြောင်း စောဒကတက်နေကြသော်လည်း၊ မြန်မာနိုင်ငံကမူ ယင်းရိုဟင်ဂျာဆိုသူများသည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာကြသူ ဘင်္ဂါလီလူမျိုးများသာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။

မည်သို့ပင်ဖြစ်စေ ယင်းရိုဟင်ဂျာများအား ဗုဒ္ဓဘာသာအစွန်းရောက် ဒေသခံများ၏ အန္တရာယ်မှ ကာကွယ်ပေးရန် Amnesty International နှင့် Human Rights Watch လူ့အခွင့်အရေး အဖွဲ့များက မြန်မာအစိုးရအား တောင်းဆိုတိုက်တွန်းသည့် ကြေညာချက် ထုတ်ပြန်ထားသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive