လုပ်ငန်း လည်ပတ်သည့် စားရိတ်စက နည်းပါးခြင်း၊ သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝခြင်း၊ ဈေးကွက် ကြီးမားခြင်း အစရှိသည်တို့ကြောင့် ထိုင်းနိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် နည်းလမ်း ရှာဖွေလျက် ရှိကြောင်း ထိုင်း-မြန်မာ စီးပွားရေး ကောင်စီ၏ အဆိုအရ သိရသည်။
မြန်မာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များ မကြာသေးခင် ကာလက ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ထိုင်းစက်မှု လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စည်းရုံးခဲ့ကြကြောင်း စီးပွားရေး ကောင်စီမှ Santi Vilassakdanont က ပြောသည်။ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း ပြောဆိုခဲ့ကြသည့် အခန်းကဏ္ဍများတွင် အစားအသောက် ထုတ်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော စက်မှုလုပ်ငန်းများ လုပ်ကိုင်ရေး၊ အထည်ချုပ် လုပ်ငန်း တည်ထောင်ရေး အစ ရှိသည်တို့လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် ကုန်ပိုင်းလောက်၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန် ရှိသည်။ အသစ် ဖြစ်ပေါ်လာမည့် မြန်မာအစိုးရ အဖွဲ့ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မက်လုံးများ ပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံး ၂၀၁၅ ခုနှစ်မှစတင်ကာ အာဆီယံ စီးပွားရေး ကွန်မြူနစ်တီ (Asean Economic Community) တစ်ရပ် ထူထောင်သွားရန် သဘော တူညီခဲ့ပြီးနောက် မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမို လမ်းဖွင့်ပေးလာခဲ့သည်။ ယင်း သဘော တူညီချက်အရ အာဆီယံသည် တစ်ခုတည်းသော ဈေးကွက် တစ်ခု ဖြစ်လာမည် ဖြစ်သည်။
အဆိုပါ အခင်းအကျင်းတွင် မြန်မာနိုင်ငံက နောက်ကျ မကျန်ရစ် ခဲ့စေလိုကြောင်း မစ္စတာ Santi Vilassakdanont က ပြောသည်။
"ကျွန်တော်တို့ တတွေ မြန်မာနိုင်ငံက ပုဂ္ဂလိက အခန်းကဏ္ဍတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေကြပါတယ်" ဟု ဆိုသည်။
ပို၍ ဆိုရပါက မြန်မာ အာဏာပိုင်များက အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးလိုကြသည်။ လက်ရှိ အချိန်တွင် မြန်မာ အလုပ်သမား မြောက်မြားစွာမှာ ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်မှု စက်ရုံများတွင် အလုပ်လုပ်ကိုင်လျက် ရှိသည်။ "ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်နေတဲ့ အဲဒီ မြန်မာ အလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ကိုင် စေလိုတဲ့ သဘောပါပဲ" ဟု မစ္စတာ Santi က ဟြေသည်။
ထိုင်း-မြန်မာ စီးပွားရေး ကောင်စီကလည်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၂၀ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ စေလွှတ်ရန် စီစဉ်ထားသည် ဟု ၎င်းက ဆိုသည်။ အဆိုပါ မြန်မာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်များ ထိုင်းနိုင်ငံ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းများသို့ ထောက်ပံ့ ပေးပို့နိုင်ရေးနှင့် ထိုင်းနိုင်ငံမှ အဝတ်အထည်များ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ် ရေးထိုးမည် ဖြစ်သည်။
ယင်းခရီးစဉ်တွင် ထိုင်းကုန်ထုတ် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆက်ဆံရေး တစ်ရပ် ထူထောင်နိုင်မည့် အခွင့်အလမ်းများ ရရှိလိမ့်မည် ဖြစ်သည်ဟု ကောင်စီက ဆိုသည်။
ထိုင်းနိုင်ငံမှ စတီး၊ ဘိလပ်မြေ၊ စွမ်းအင် လုပ်ငန်းများမှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားသည်ဟု ထုတ်ဖော် ပြောဆိုမှုများကိုလည်း မိမိအနေဖြင့် လက်ခံ ရရှိထားသည်ဟု Santi က ပြောသည်။ တရုတ်၊ စင်ကာပူ အစရှိသော အခြားနိုင်ငံများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိရန် နည်းလမ်း ရှာဖွေလျက် ရှိသည်။
နှစ်နိုင်ငံ ပထဝီ အနေအထားအရ ထိစပ်မှု ရှိခြင်း၊ သမိုင်းကြောင်းအရ ပြည်သူ ချစ်ကြည် ရင်းနှီးမှု ရှိခြင်း အစရှိသည့် အကျိုးအမြတ်များကို ထိုင်းနိုင်ငံ အနေဖြင့် အသုံးချရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
"ထိုင်း စက်မှုလုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး အာရုံစိုက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်သမား စရိတ်စက၊ လုပ်ငန်း လည်ပတ်တဲ့ စရိတ်စက နဲ့ မြေယာ စရိတ်စက စတာတွေဟာ ထိုင်းနိုင်ငံမှာထက် နည်းပါးလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ထိန်းချုပ်မှုတွေဟာ ထိုင်းနိုင်ငံမှာလောက် မတင်းကြပ်ပါဘူး" ဟု ၎င်းက ဆိုသည်။
ထိုင်း-မြန်မာ စီးပွားရေး ကောင်စီ (TMBC) ကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်း စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် (FTI)၊ ထိုင်းစက်မှု လက်မှုနှင့် ကုန်သည်ကြီးများ၊ ထိုင်း ဘဏ်လုပ်ငန်းရှင်များ အသင်း (TCCTBA) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် TMBC ကို ထူထောင်ထားခြင်း ဖြစ်သည်။
The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.