Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရားမဝင် နိုင်ငံခြားသားများသည် ဝင်ရောက်ရန် လွယ်ကူသည့် နယ်စပ် ဒေသများကို ကျော်ဖြတ်ကာ လစာ အနည်းငယ်သာ ရရှိမည့် အလုပ်အကိုင် ရှာဖွေနေကြသည်။ အကြောင်းမှာ ပြည်တွင်း အလုပ်သမားများ၏ အခြေခံလစာ မြင့်တက်လာခြင်း၊ အလုပ်သမားများက လစာ ပိုမို တောင်းခံလာခြင်းတို့ကြောင့် အလုပ်ရှင် သူဋ္ဌေးများက ဈေးပေါပေါဖြင့် ခိုင်းစေနိုင်မည့် တရားမဝင် လုပ်သားများကို အလိုရှိနေသောကြောင့် ဖြစ်သည်။ သူဋ္ဌေးများက ပြည်တွင်းမှ နိုင်ငံသား အလုပ်သမားများလောက် လစာကောင်းကောင်း ပေးမည် မဟုတ်သည်ကို တရားမဝင် လုပ်သားများ ကောင်းစွာ သိကြသည်။ သို့သော် ထိုအလုပ်ကိုပင် ရရန် ဆန္ဒရှိသောကြာင့် ရသည့် နည်းလမ်းဖြင့် နယ်စပ် ဖြတ်ကျော်ရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်းဒေသ Guangxi နှင့် Guangdong ပြည်နယ်များတွင် အဆိုပါ အရေးကိစ္စများ အများဆုံး တွေ့မြင်ရသည်။ နှစ်စဉ် ဗီယက်နမ် နိုင်ငံနှင့် အခြား အရှေ့တောင် အာရှ နိုင်ငံများမှ တရားမဝင် လုပ်သား ထောင်ပေါင်းများစွာ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ပြီး ဈေးပေါသည့် အလုပ်အကိုင်များ ရရန် ရှာဖွေလျက် ရှိသည်။ သို့အတွက်ကြောင့် ဗီယက်နမ်နှင့် တရုတ် အစိုးရ အရာရှိများမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ အကြား လူကုန်ကူးသည့် စီးပွားရေး လုပ်ငန်း ကြီးထွားလာသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

သို့သော် တရုတ်နိုင်ငံထဲမှ စက်ရုံ၊ အလုပ်ရုံများက လူကုန်ကူးသည့် စီးပွားရေး အလားအလာကို ပပျောက်သွားအောင် ဆောင်ရွက်ပေးလိုခြင်း မရှိပေ။ လတ်တလော တရုတ်နိုင်ငံတွင် အလုပ်သမား အရေးကိစ္စများနှင့် ပတ်သက်ပြီး Honda မော်တော်ကား ကုမ္ပဏီတွင် ပဋိပက္ခများ ဖြစ်ပွားသည်။ Silicon Vally က ထောက်ပံ့ ပေးထားသော Foxconn စက်ရုံတွင်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့သည်။

တရုတ်အစိုးရက လတ်တလော ပြင်ဆင် သတ်မှတ်လိုက်သည့် ယွမ်ငွေကြေး တန်ဖိုးကြောင့်လည်း စက်ရုံပိုင်ရှင် အတော်များများမှာ လုပ်ခလစာငွေ ပေးချေရေးအတွက် အကျပ် ရိုက်လျက် ရှိသည်။ အချို့ အလုပ်သမားများမှာမူ လစာငွေ ရရှိမှု နည်းပါးသော အလုပ်အကိုင်ကို ပြောင်းလုပ်ရသည် အထိ ဖြစ်ခဲ့ရသည်။

ဆိုခဲ့ပါ ဖြစ်ရပ်များကြောင့် တရုတ်နိုင်ငံတွင်း တရားမဝင် အလုပ်သမား ဝင်ရောက်မှုမှာ ပိုမို ကြီးထွားနေခြင်း ဖြစ်သည်။ သတင်းများအရ တရုတ် အစိုးရ အာဏာပိုင်များသည် ဗီယက်နမ်မှ
တရားမဝင် လုပ်သားများ ခေါ်ယူပေးသည့် ရာဇဝတ်ဂိုဏ်း အများစုကို ဖြိုခွင်းနိုင်ခဲ့သည် ဟုဆိုသည်။  Guangxi ပြည်နယ်တွင် လှုပ်ရှားနေသည့် လူကုန်ကူး ကွန်ယက် နှစ်ခုကိုလည်း ဖြိုခွင်းနိုင်ခဲ့ပြီး တရုတ်နိုင်ငံ တောင်ပိုင်းဒေသမှ တစ်ဆင့် ဝင်ရောက်လာသော တရားမဝင် အလုပ်သမား ၃၆၉ ဦးကိုလည်း တရုတ်ရဲများက ဖမ်းဆီးရမိခဲ့သည်။

စုံစမ်း လေ့လာမှုများအရ တရားမဝင် အလုပ်သမားများ ခေါ်ယူပေးသည့် ပွဲစားတစ်ဦးသည် တစ်လလျှင် ဒေါ်လော ၂၀၀ ထက် မနည်း ဝင်ငွေ ရရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် မှတ်ပုံ မတင်ဘဲ နေထိုင်သော အလုပ်သမားများ နည်းတူပင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ စသည့် လုပ်သားများမှာ တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး ကြံစိုက်ခင်းများ၊ အထည်ချုပ် စက်ရုံများ၊ အလုပ်ရုံများ (ဝပ်ရှော့) နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်ကာ ဘဝ ဇာတ်မြှုပ် ထားကြရသည်။

အဆိုပါ အလုပ်အကိုင်များမှ တစ်နေ့လျှင် ၅ ဒေါ်လာခန့် ရရှိကြသည်။ နိုင်ငံသား အလုပ်သမားများ အနေဖြင့် အချိန်ပို အလုပ်ဆင်းခနှင့် အခြား အမြတ်အစွန်းငွေများကို တောင်းခံပိုင်ခွင့် ရှိသော်လည်း တရားမဝင် အလုပ်သမားများမှာမူ အဆိုပါ အခွင့်အရေးများ မရရှိကြပေ။ ယနေ့ဆိုလျှင် တရုတ်နိုင်ငံတွင်း အလုပ်သမား ဈေးကွက်တွင် ခွဲခြား ဆက်ဆံမှုများ ပိုမို ဖြစ်ပေါ်လျက် ရှိသည်ကို  ပိုမို တွေ့မြင်လာရသည်။

ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေး စတင်ချိန် ဆယ်စုနှစ် တစ်ခုလောက်က ဖွံ့ဖြိုးပြီး နိုင်ငံများသည် တရုတ်ပြည်မှ အလုပ်သမားများကို မျက်နှာသာ ပေးခဲ့ကြသော်လည်း ယခုအခါ တရုတ်ပြည်မှ အလုပ်အကိုင်များသည် နိုင်ငံခြားသားများ လက်ထဲသို့ စတင် ရောက်ရှိနေပြီ ဖြစ်သည်။

"သူတို့တတွေက အလုပ်ကြမ်းသမားတွေပါ၊ အမိန့် နာခံတတ်တဲ့ အလုပ်သမားတွေလည်း ဖြစ်ပါတယ်" ဟု Dongguan မြို့ရှိ ဖိနပ် စက်ရုံပိုင်ရှင် Zeng Xiangbiao က ပြည်ပမှ လာသော အလုပ်သမားများနှင့် ပတ်သက်၍ မှတ်ချက်ပေး ပြောဆိုသည်။ မစ္စတာ Zeng Xiangbiao ၏ ဖိနပ်စက်ရုံတွင် လောလောဆယ် ကမ္ဘောဒီးယား၊ လာအို တို့မှ အလုပ်သမား ၂၀၀ ကျော် လုပ်ကိုင်လျက် ရှိသည်။

"သူတို့တတွေက တစ်နေ့ကို ၁၅ နာရီကနေ ၁၆ နာရီလောက် အထိ အလုပ် လုပ်နိုင်ကြတယ်၊ တစ်လလုံး နားရက်မယူဘဲ လုပ်နိုင်ကြတယ်။ ၁၉၈၀ ပြည့်နှစ်တွေမှာ မွေးခဲ့တဲ့ ပြည်တွင်း လုပ်သား အနည်းသာ သူတို့လို လုပ်နိုင်ကြတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လက်ရှိ အချိန်ကာလအထိ တရားမဝင် အလုပ်သမားများ ဝင်ရောက် လုပ်ကိုင်မှုနှုန်း မြင့်တက်လျက် ရှိဆဲပင် ဖြစ်သည်။ သို့သော် အကျပ်အတည်း ဖြစ်မှု တစ်စုံတစ်ရာ မကြားရသေးပေ။ တရုတ် အလုပ်သမား ဈေးကွက်သည် လစာငွေ အနည်းငယ်သာ ပေးရသော အလုပ်သမားများကို ခေါ်ယူနိုင်စွမ်း ရှိသည်ဟု ဆိုနိုင်သည်။ ဗီယက်နမ် အလုပ်သမား ဈေးကွက်မှာမူ လုပ်ခ ကောင်းမွန်စွာ ပေးနိုင်သော အလုပ်အကိုင်များ အလုံအလောက် မရှိဟု ကောက်ချက်ချနိုင်သည်။

ယင်းသို့ တရုတ်နိုင်ငံသို့ အလုပ်ရရှိရန် အလို့ငှာ နယ်စပ်ဒေသမှ ဖြတ်ကျော် ဝင်ရောက်လာသူများသည် Guandong ပြည်နယ် ဒေသတွင် အများဆုံး ပြောဆိုသော ကန်တုံ ဘာသာ စကားကိုလည်း တတ်ကျွမ်းကြရာ အလုပ်အကိုင် ရှာဖွေရေး၊ သွားလာ လှုပ်ရှားရေးအတွက် ပူပင်စရာ မလိုဘဲ ရှိသည်။

ဤသို့ဖြစ်ပါက တရုတ်နိုင်ငံသည် တရားမဝင် (မှတ်ပုံ မတင်ထားသော) အလုပ်သမားများ လက်ဝယ် ရရှိထားသော်လည်း အမေရိကန် ပြည်ထောင်စုလောက် အန္တရာယ် ကြီးမားမှုမျိုး မရှိပေ။ အမေရိကန် ပြည်ထောင်စုတွင်မူ ယင်းသို့သော အလုပ်သမား သန်းနှင့် ချီ၍ ရှိရာ ပြဿနာမျိုးစုံ ဖြစ်ပေါ်လျက် ရှိသည်။

တရုတ်အစိုးရက တရားဝင် ထုတ်ပြန်သော စာရင်းဇယားများ အရ Guangxi နယ်စပ် ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၁၈၂၀ ဖမ်းမိခဲ့သော်လည်း ထောင်ပေါင်း များစွာ ကျန်ရှိသေးကြောင်း၊ ၂၀၀၉ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေရေးအတွက် နယ်စပ် ဖြတ်ကျော်ရန် ကြိုးပမ်းသူ ၄၈၃၉ ဦးကို ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် အလုပ်သမား ဌာနမှ ဒုတိယ ဒါရိုက်တာ Vi Xuan Mai က Forbes မဂ္ဂဇင်းသို့ ပြောကြားရာတွင် တစ်နှစ်လျှင် အလုပ်သမား ၅၀၀၀ ခန့် တရုတ် နယ်စပ်ဒေသသို့ ဖြတ်ကျော် ဝင်ရောက်လျက် ရှိသည်ဟု ဆိုသည်။ ဤသို့ ဆိုပါက တရားမဝင် အလုပ်သမား ထောင်ပေါင်းများစွာကို မည်သို့မည်ပုံ ဟန့်တားမည်နည်း ဟု မေးစရာ ရှိလာသည်။

"ဒီလို ဖြစ်စဉ်မျိုးတွေ တဖြည်းဖြည်းချင်း ကြီးထွားလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒါကို ရပ်တန့်သွားအောင် မလုပ်နိုင်သေးပါဘူး" ဟု ၎င်းက မှတ်ချက်ပြုသည်။

Forbes Asia မဂ္ဂဇင်းမှ သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment