Telegraph.co.uk, By Simon Scott Plummer, 2nd Sept 2010
သဘာဝ ဘေးအန္တရာယ်များသည် အစိုးရ၏ အမှားများကို ပိုမို ထုတ်ဖော် ပြသစေသလို ဖြစ်နေသည်ကို ယခုနှစ် နွေရာသီတွင် ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်။ ရုရှားနိုင်ငံတွင် မီးသတ်ပစ္စည်း ကိရိယာများ မပြည့်စုံမှုကို အူကြောင်ကြောင် စတန့်များ လူရှေ့တွင် လုပ်ပြကာ အာရုံလွှဲရန် ကြိုးစားခဲ့သည်။ ပါကစ္စတန် နိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒုမြစ်ရေ ကြီးမှုသည် အာဏာပိုင်များကို များစွာ အလုပ်ရှုပ်စေသည်။
အဆိုပါ ရေကြီးမှု၊ မီးလောင်မှုများကြောင့် ကျွန်ုပ်တို့ တွေးထင်ထားသလို ဆုံးရှုံးမှုများ စိတ်မသက်သာဖွယ် ကြုံတွေ့ရသည်ဟု ဆိုလျှင် ၂၀၀၈ ခုနှစ်မေလ နာဂစ် ဆိုက်ကလုံး တိုက်ခတ်စဉ်က မြန်မာ အစိုးရ၏ တုန့်ပြန်မှုများကလည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်အတွင်း စစ်အစိုးရသည် တိုင်းပြည်ကို ဆင်းရဲ မွဲတေအောင် လုပ်ခဲ့ပြီး၊ ၎င်းအား ဆန့်ကျင်သူများကို ချေမှုန်းပစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရခဲ့မှုအား လစ်လျူရှုခဲ့သည်။
ထိုကိစ္စသည် အစိုးရကို အမည်းစက် ဖြစ်စေပြီး မြန်မာ ဗိုလ်ချုပ်များအား အထီးကျန် ဖြစ်စေပြီး ၎င်းတို့၏ အာဏာစွန့်ရမည်ကို ကြောက်စိတ်မှာ ပိုမို ပေါ်လွင်လာသည်။ နာဂစ် ဆိုက်ကလုံး တိုက်ခတ်စဉ်ကလည်း ၎င်းတို့၏ တုန့်ပြန်မှုမှာ ထိုသဘောအတိုင်း ၎င်းတို့ ချုပ်ကိုင်မှု မဆုံးရှုံးရေးကို ဦးတည် တုန့်ပြန်ခဲ့သည်။ ထို့ကြောင့် အစ ပထမတွင် နိုင်ငံခြား အကူအညီ ပေးရေး လုပ်သားများ မြန်မာပြည်သို့ လာရောက်မှုကို ငြင်းပယ်ခဲ့ပြီး တိုင်းပြည်ထဲရှိ နိုင်ငံခြားသားများကိုလည်း ရန်ကုန်တွင်သာ နေစေသည်။
အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိုဆိုးဝါးသော အဖြစ်အပျက် အတွက် လူရှေ့ ထွက်ပြရန် အချိန် နှစ်ပတ်ကျော် ယူခဲ့သည်။ ထို့နောက် မေလ (၁၀)ရက်နေ့တွင် စစ်တပ် အုပ်ချုပ်ရေး အမြစ်တွယ်အောင် ရေးဆွဲထားသော အခြေခံ ဥပဒေကို ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ တောက်ခံမဲ ၉၀ % ကျော်ရခဲ့သည်ဟု နောက်ပိုင်း ကြေညာခဲ့သည်။ အဆိုပါ အကျည်းတန်သော လုပ်ရပ်မှာ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်တွင် နာဂစ်ဒဏ်ကြောင့် ပျက်စီးသွားရချိန်တွင် ပြုလုပ်ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း ငါးသိန်းခန့် အသက် ဆုံးရှုံးရပြီး တိုင်းပြည်၏ ဆန်ထုတ်လုပ်မှု ၆၅ % နှင့် ငါးထုတ်လုပ်မှု ၈၀ % မြစ်ဝကျွန်းပေါ် ဒေသ ပျက်စီးခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်များ၏ တစ်ခုတည်းသော အာရုံမှာ ၎င်းတို့၏ နိုင်ငံရေး ဘဝ ဆက်လက် ရှင်သန်နေရေးပင် ဖြစ်သည်။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner ၏ တစ်ခုတည်းသော ဆန္ဒမှာ အကူအညီများ အတင်းအကြပ် ပို့ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို လုပ်ပိုင်ခွင့် ပေးရန် နားချနိုင်ရန် ဖြစ်သည်။ အစိုးရက လူများ တဖြည်းဖြည်း သေအောင် ပြုလုပ်လျက် ရှိရာ လူအများ၏ အသက်ကို ကယ်သင့်သည်ဟု ဆိုခဲ့သည်။
Emma Larkin သည် ဘန်ကောက် အခြေစိုက် အမေရိကန် စာရေးဆရာမ၏ ကလောင်အမည် ဖြစ်ပြီး သူမသည် ၁၉၉၀ ခုနှစ်များ ကတည်းက မြန်မာနိုင်ငံသို့ တိုးရစ်ဗီဇာဖြင့် မကြာခဏ ဝင်ရောက်နေသူ ဖြစ်သည်။ သူမသည် နာမည်ရင်းကို မသိစိမ့်သောငှာ အင်တာဗျူးရာတွင် နာမည်ဝှက်ဖြင့် ဗျူးလေ့ ရှိသည်။
၂၀၀၈ နာဂစ်နှင့် ပတ်သက်၍ သူမ၏ ရေးသားချက်များမှာ အသေးစိတ် ကျပြီး ရှင်းလင်းလှသည်။ သူမသည် နေပြည်တော်ရှိ အဆောက်အဦးများကို ကြည့်၍ အစိုးရ၏ အာဏာရူးသော သဘာဝကို ထုတ်ဖော်ခဲ့ပြီး ထူးထူးဆန်းဆန်း ဗေဒင်၊ ယန္တရားများကို ယုံကြည်မှုကိုလည်း ရေးသားခဲ့သည်။
သူမ၏ စာအုပ် အဆုံးပိုင်းတွင် ပြီးခဲ့သည့် နှစ်က ရန်ကုန်အနီးရှိ ရှေးဟောင်း ဓနုတ်စေတီ ပြိုကျမှုကို ရေးသားထားရာ သန်းရွှေ၏ ဇနီးက အခမ်းအနားဖြင့် ထီးတင်အပြီး မကြာမီ ပြိုကျကြောင်း ဖော်ပြထားသည်။ ၎င်းမှာ အစိုးရအတွက် ကြောက်စရာ ခြောက်လှန့်မှု ဖြစ်ကြောင်း မမြင်နိုင်သော တန်ခိုးရှင်များက လက်ရှိ အုပ်ချုပ်သူများကို မကျေနပ်ကြောင်း ပြလိုက်ခြင်း ဖြစ်သည်ဟု သူမက ရေးသားထားသည်။
မမြင်နိုင်သော တန်ခိုးရှင်များက စိတ်ဆိုးသည်ဟုဆိုလျှင် ကျွန်ုပ်တို့ ကိုယ်၌က သည်းခံနိုင်မှု များနေလေသလား။ Larkin က စစ်အစိုးရ၏ သဘာဝကို မချွင်းမချန် ရေးသားခဲ့သော်လည်း၊ ၎င်း၏ အိမ်နီးချင်းနိုင်ငံများ အပေါ် ရေးသားရန် လိုအပ်ခဲ့သည်။
တရုတ်သည် မြန်မာနိုင်ငံတွင် အာဏာရှင် စနစ် ရှိနေစေရန်သာ ပိုမို နှစ်သက်သည့် အလျောက် ဗိုလ်ချုပ်များကို စစ်ရေးနှင့် စီးပွားရေး အကူအညီများ ပေးခဲ့သည်။ တရုတ်၏ မဟာဗျူဟာ ပြိုင်ဖက် အိန္ဒိယကလည်း နောက်ကျ ကျန်ခဲ့မည်ကို မလိုလားပေ။ အာဆီယံ အသင်းကြီးကလည်း မြန်မာ အစိုးရ၏ အကျည်းတန်လှသော လူ့အခွင့်အရေး လုပ်ရပ်များကို မှန်မှန် ထိုးနှက်လျက် ရှိသည်။
တစ်ခုမှာ မြန်မာ ဗိုလ်ချုပ်များသည် မြောက်ကိုးရီးယား ကဲ့သို့ပင် ရွေးစရာ သိပ်မရှိသော သံတမန် နည်းလမ်း အချို့အနက်မှ အကောင်းဆုံး အသုံးချတတ်ကြသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.