Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၂)

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

  1. မြန်မာ့စီးပွားရေး ၆ ရာခိုင်နှုန်းကျော်တိုး

(The Nation မှ 9 April 2013 ရက်စွဲပါ Myanmar’s Economy grows more than 6 percent သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကိုရီးယား KAL နှင့် မြန်မာ MAI တို့ သဘောတူညီချက် ရရှိ

(Korea Joong Ang Daily မှ 10 April 2013 ရက်စွဲပါ “KAL reaches agreement with Myanmar Airways” သတင်းကို ဘာသာပြန်ဆိုသည်)

  1. UNDP က မြန်မာနိုင်ငံအား ၂၀၁၃ အတွက် ဖွံ့ဖြိုးရေးအကူအညီပေးမည်

(Bernama News မှ 9 April 2013 ရက်စွဲပါ UNDP provides development aid to Myanmar for 2013-15 သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပုဂ္ဂလိကသတင်းမီဒီယာများအတွက် မြန်မာအစိုးရ တံခါးဖွင့်ပေး

(The Globe and Mail မှ 9 April 2013 ရက်စွဲပါ Myanmar opens door to private media, but how much latitude is there? ကိုဘာသာပြန်ဆိုသည်)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

အပိုင်း ၂

ရွှေဘီးကုတ်

မီးပွားမှာ ရိုးရိုးလေးပင် ဖြစ်ပါသည်။ ရွာမှ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးအေးနိုင်သည် မတ်လ ၂၀ ရက်နေ့က အလှူပြုလုပ်ရန်ငွေလိုသဖြင့် သူ၏ ရွှေဘီးကုတ်ကိုယူ၍ မြို့သို့ တက်ခဲ့ပါသည်။ သူ၏ ယောင်္ကျား၊ ညီမ တို့နှင့်အတူ မူဆလင်ပိုင်သော နယူးဝိန့်စိန်ရွှေဆိုင်သို့ သွားရောက်ရောင်းချပါသည်။ ဆိုင်က တစ်သိန်းရှစ်ထောင်ကျပ်သာ ပေးသော်လည်း ၎င်းတို့က အနည်းဆုံး တစ်သိန်းတစ်သောင်းကျပ်ခန့်လိုချင်ပါသည်။

ဆိုင်မှ ဝန်ထမ်းများက ဘီးကုတ်ကို မှတ်ကျောက်တင်ရန် ယူသွားပြီး ပြန်ယူလာရာ ပစ္စည်းမှာ ပျက်စီးသွားသည်ဟု ဒေါ်အေးအေးနိုင်က ပြောပါသည်။ အသက် ၂၀ ကျော်အရွယ်ရှိ ဆိုင်ပိုင်ရှင်အမျိုးသမီးက ငါးသောင်းကျပ်သာပေးတော့သဖြင့် ပစ္စည်းပိုင်ရှင်က ကန့်ကွက်ခဲ့ပါသည်။ ဆိုင်ရှင်က ၎င်းအားရိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြပါသည်။ ဒေါ်အေးအေးနိုင်၏ ယောင်္ကျားက အော်ဟစ်သဖြင့် ဆိုင်ပြင်သို့ဆွဲထုတ်ပြီး ဆိုင်ဝန်ထမ်းသုံးဦးက ရိုက်နှက်ခဲ့သည်ဟု မျက်မြင်သက်သေ နှစ်ဦး သုံးဦးက ပြောပါသည်။

ကြည့်ရှုသူများ များပြားလာပါသည်။ ရဲများရောက်လာပြီး ဒေါ်အေးအေးနိုင်နှင့် ဆိုင်ရှင်ကို ရဲစခန်းသို့ ခေါ်သွားပါ သည်။ ဗုဒ္ဓဘာသာအများစုပါဝင်သော လူအုပ်ကြီးမှာ အကြမ်းဖက်မှုအသွင် ပြောင်းသွားခဲ့ပြီး ခဲများဖြင့်ပစ်ပေါက်ခြင်း၊ မူဆလင် ဆန့်ကျင်ရေးများ အော်ဟစ်ခြင်းနှင့် ဆိုင်တံခါးများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု မျက်မြင်အချို့က ပြောပါသည်။ မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရခြင်း၊ အသတ်ခံရခြင်းတော့မရှိချေ။ သို့သော် ရွှေဆိုင်ရှိသော မူဆလင်ပိုင် အဆောက်အအုံနှင့် အခြားအဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသည်။

“ဒီဆိုင်က ပတ်ဝန်းကျင်မှာ နာမည်သိပ်မကောင်းဘူး၊ သူတို့ဆိုင်ရှေ့မှာ ကားမရပ်ရဘူး ဘာဘူး ညာဘူးဆိုပြီး ရန်လိုလေ့ရှိတယ်။ သူတို့ကို နဂိုတည်းက အမုန်းတရားအခံ ရှိခဲ့ပြီးသားပါ”ဟု မျက်နှာချင်းဆိုင်တွင်ရှိသော စတိုးဆိုင်မှ ဒေါ်ခင်စန်းက ပြောပါသည်။

အဆိုပါအဖြစ်အပျက်မတိုင်မီ ရက်အနည်းငယ်က “အကူအညီမဲ့နေသည်ဟုခံစားရသော ဗုဒ္ဓဘာသာများ” အမည် တပ်ထားသော အုပ်စုမှ စာများဖြန့်ဝေခဲ့ခြင်းသည် အမုန်းတရားကို ပို၍ ပွားစေခဲ့ပါသည်။ အဆိုပါစာတွင် မိတ္ထီလာမှ မူဆလင်များသည် ဗုဒ္ဓဘာသာဝင်များအပေါ် အန္တရာယ်ပြုရန် လျှို့ဝှက်တိုင်ပင်နေကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံမှ ငွေများ ထောက်ပံ့ကူညီပြီး ဗလီများတွင် လျှို့ဝှက်တွေ့ဆုံကြသည်ဟု ဖော်ပြထားသည်။ အဆိုပါစာကို ထိုနယ်တစ်ဝိုက်မှ ဘုန်းကြီးများ ရေးသားထားပါသည်။

တင်းမာမှုများ မြင့်တက်လာပါသည်။ ညနေ ငါးနာရီခွဲခန့်တွင် မူဆလင်လေးဦးသည် လမ်းဆုံတွင်စောင့်နေပါသည်။ ဘုန်းကြီးတစ်ပါးသည် မော်တော်ဆိုင်ကယ်နောက်တွင် ထိုင်လိုက်လာသည်ကို တွေ့သောအခါ ၎င်းတို့က စတင်တိုက်ခိုက် ခဲ့ပါသည်။ တစ်ဦးက ဆိုင်ကယ်မောင်းလာသူအား ဓားဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆိုင်ကယ်မှောက်သွားခဲ့ရာ နောက်တစ်ဦးက ဘုန်းကြီးခေါင်းကို ဓားဖြင့်ခုတ်သည်ဟု မျက်မြင်များက ပြောပါသည်။ တစ်ဦးက ၎င်းအား ဓာတ်ဆီလောင်း ကာ မီးရှို့ခဲ့သည်ဟု မြင်တွေ့ခဲ့သူ စက်ပြင်ဆရာ ဦးစိုးသိမ်းကပြောပါသည်။ ဘုန်းကြီးသည် ဆေးရုံတွင် ပျံလွန်တော်မူခဲ့သည်။

ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဦးစိုးသိမ်းက ဈေးသို့ ပြေးသွားပြီး “ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်ဟေ့”ဟု အော်ဟစ်ခဲ့ပါသည်။ ၎င်းပြန်ပြေးလာသောအခါ လူအုပ်ကြီးမှာ နောက်ကလိုက်လာပြီး အဓိကရုဏ်း စတင်ခဲ့ပါသည်။ မူဆလင် နေအိမ်များ ဆိုင်များ မီးရှို့ခံခဲ့ရပါသည်။

ဦးစိုးသိမ်းက တိုက်ခိုက်သူများကို အမည်နှင့် တကွ ပြောပြခဲ့ပြီး ဘုန်းကြီးအသတ်ခံရပြီး ရက်အတန်ကြာအထိ အချို့ကို ရွာထဲတွင် တွေ့နေရကြောင်း ဆိုပါသည်။ ရဲများကမူ မိတ္ထီလာကိစ္စတွင် အဖမ်းခံထားရသူ ၁၃ ဦးတွင် ၎င်းတို့ ပါမပါ ပြောကြားခြင်းမရှိပေ။

အဆိုပါညနေတွင် မိတ္ထီလာ အရှေ့ဘက် မူဆလင်အများစု နေထိုင်ရာရပ်ကွက်ဖြစ်သည့် မင်္ဂလာဈေးရုံး၏ နေရာတော်တော်များများ မီးလောင်သွားခဲ့ရပါသည်။ ရာပေါင်းများစွာ ထွက်ပြေးခဲ့ကြပါသည်။ အချို့သည် ဗုဒ္ဓဘာသာ မိတ်ဆွေများ၏ အိမ်တွင် ပုန်းနေကြရသည်ဟု မျက်မြင်သက်သေများက ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က လူအုပ်ကြီးများလာသောအခါ တားဆီးဖို့ ကြိုးစားသော်လည်း တား၍မရကြောင်းဆိုပါသည်။ “တစ်ယောက်က ကျွန်တော့်လက်မောင်းကိုင်ပြီး သတိထားပါ။ မဟုတ်ရင် သားကောင်ဖြစ်သွားမယ်လို့ ပြောပါတယ်”ဟု ဆိုပါသည်။

အင်အား ၂၀၀ ခန့်ရှိသော ရဲတပ်ဖွဲ့သည် အဓိကရုဏ်းဖြစ်နေသော နေရာအနီးအနားတွင် ကြည့်နေကြပြီး သန်းခေါင်အချိန်တွင် ပြန်ထွက်သွားကြောင်း ၎င်းကပြောပါသည်။

နံနက်လေးနာရီခန့်တွင် မူဆလင်လူကြီး ဦးမောင်မောင်အိမ်တွင် ပုန်းနေသော မူဆလင် ၁၀၀ ခန့်သည် အာရဗီလိုတမျိုး မြန်မာလိုတမျိုးအော်ဟစ်၍ တိုက်ပွဲအတွက် ပြင်ဆင်နေကြပါသည်။ “ငါတို့ခြေထောက်တွေ ဗမာ့သွေးနဲ့ ဆေးမယ်”ဟု အော်ဟစ်နေပါသည်။

ဗုဒ္ဓဘာသာတစ်ထောင်ခန့်မှာ အပြင်တွင်ရှိနေပါသည်။

နံနက်မိုးလင်း ခြောက်နာရီခန့်တွင် ထိုနေရာ၌ ရဲအရာရှိ ဆယ်ဦးခန့်သာတွေ့ရပါသည်။ ၎င်းတို့သည် တဖြည်းဖြည်း ပြန်လည်ထွက်ခွာသွားသောအခါ လူအုပ်ကြီးကို တိုက်ခိုက်ရန် ခွင့်ပေးလိုက်သကဲ့သို့ဖြစ်ကြောင်း အနီးအနားရှိ အသက် ၄၆ နှစ်အရွယ်ရှိ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ လှသိန်းက ပြောပါသည်။

မူဆလင်များသည် အိမ်ကြိုအိမ်ကြားများသို့ ပြေးကြရပါသည်။ ဓားများ သံချောင်းများကိုင်ထားသော လူအုပ်ကြီးက နောက်မှ လိုက်ပါသည်။ အချို့မှာ အနီးအနားမှ နွံထဲတွင် သားသတ်ထားသကဲ့သို့ အသတ်ခံရကြောင်း ဦးလှသိန်းအပါအဝင် ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်မျက်မြင်သက်သေ လေးဦးတို့က အဖြစ်အပျက်ကို ပြန်ပြောပြပါသည်။

အချို့မှာ တောင်ပေါ်သို့ တက်ပြေးစဉ် အသတ်ခံရပါသည်။ “ယုန်လေးတွေ နောက်က အမဲလိုက်သလို အလိုက်ခံ ရပါတယ်”ဟု NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကပြောပါသည်။ ရဲများက မူဆလင် ၄၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြသည်။ ၎င်းတို့ကို ဒိုင်းများကာထားသော ရဲများက ဝိုင်းရံထားပြီး လေထဲသို့ သေနတ်ပစ်ဖောက် သတိပေးခဲ့ရသည်ဟု ဥိးစိုးသိန်းက ပြောပါသည်။ “ငါတို့က မင်းတို့ကို မတိုက်ချင်ဘူး။ ငါတို့ မူဆလင် တွေကိုပဲ လိုချင်တာ” ဟု ဘုန်းကြီးတစ်ပါးက အော်ပြောခဲ့ကြောင်း ရဲတစ်ဦး၏ အဆိုအရ သိရှိရပါသည်။

(ဆက်လက်ဖော်ပြပါမည်)


မြန်မာ့စီးပွားရေး ၆ ရာခိုင်နှုန်းကျော်တိုး

(The Nation မှ 9 April 2013 ရက်စွဲပါ Myanmar’s Economy grows more than 6 percent သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်က ၅ ရာခိုင်နှုန်းသာ ရှိခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်၌ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ တိုးတက်လာမှုသည် အစိုးရ၏ ၂၀၁၁ နောက်ပိုင်းစီးပွားရေးဖြေလျော့မှုများကြောင့် ပေါ်ထွက်လာသော စီးပွားရေးအကောင်းမြင်မှုနှင့် ဆက်လက်ပြုပြင်ပြောင်းလဲရေး အလားအလာများကို ထင်ဟပ်နေသည်ဟု ADB ဘဏ်က ဆိုပါသည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏ အကောင်းရှုမြင်မှုကြောင့် ၂၀၁၂ ဘဏ္ဍာရေးနှစ် ပထမဆယ်လအတွင်း ကုမ္ပဏီသစ် မှတ်ပုံတင်မှု အရေအတွက် ၁၄ ဆ တိုးလာခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၂ ဧပြီလမှ ဒီဇင်ဘာလအတွင်း အစိုးရက ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ပေးခဲ့သော နိုင်ငံခြားစီမံကိန်း ၆၂ ပြုချက်ထက် ပိုများနေပါသည်။

၂၀၁၂ အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ရာ ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းကျော် ပို၍များလာခဲ့ပါသည်။


ကိုရီးယား KAL နှင့် မြန်မာ MAI တို့ သဘောတူညီချက် ရရှိ

(Korea Joong Ang Daily မှ 10 April 2013 ရက်စွဲပါ “KAL reaches agreement with Myanmar Airways” သတင်းကို ဘာသာပြန်ဆိုသည်)

Yangon International Airport

photo credit by online

ကိုရီးယားနိုင်ငံ၏ အကြီးဆုံးလေကြောင်းကုမ္ပဏီ Korean Air Line (KAL) က Myanmar Airway International (MAI) နှင့် ပျံသန်းမှုခရီးစဉ်များ ပူးပေါင်းဆောင်ရွက်သွားရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း မနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ့လေကြောင်းလိုင်း MAI ကို ၁၉၉၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံခြားမြို့တော် ၇ ခု သို့ ပျံသန်းလျှက်ရှိသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ KAL နှင့် MAI တို့သည် ခရီးသည်ဝန်ဆောင်မှု၊ ခရီးစဉ်များ၊ လုံခြုံရေးဆိုင်ရာနှင့် ဆက်စပ်နယ်ပယ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ဆိုသည်။ နားလည်မှုစာချွန်လွှာတွင် Code – Sharing သဘောတူညီချက်လည်း ပါဝင်သည်။

Hangin Group ၏ လေကြောင်းလိုင်း KAL သည် အင်ချွန်းနှင့် ရန်ကုန်အကြား နေ့စဉ်တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်များကို စီမံခန့်ခွဲလျှက်ရှိသည်။ ယခုလက်မှတ်ရေးထိုးလိုက်သော နားလည်မှုစာချွန်လွှာအရ ပြည်တွင်းဖောက်သည် များအား ပိုမိုအဆင်ပြေစေမည့် ခရီးစဉ်များကို ဖြည့်ဆည်းပေးကာ မြန်မာဈေးကွက်အတွင်း လက်ရှိရပ်တည်နေမှုကို ချဲ့ထွင်သွားမည်ဟု လေကြောင်းလိုင်းကုမ္ပဏီက ပြောကြားသည်။


UNDP က မြန်မာနိုင်ငံအား ၂၀၁၃ အတွက် ဖွံ့ဖြိုးရေးအကူအညီပေးမည်

(Bernama News မှ 9 April 2013 ရက်စွဲပါ UNDP provides development aid to Myanmar for 2013-15 သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မြန်မာနိုင်ငံ၏ ၂၀၁၃-၁၅ စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်းရန် ကတိပြုကြောင်း အင်္ဂါနေ့တါင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် အေဂျေချီဘာ ဦးဆောင်သော ကုလကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် မြန်မာအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် UNDP တို့ကြား ၃ နှစ်တာအစီအစဉ်ကို တနင်္လာနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၃ ဇန်နဝါရီလမှ စ၍ ပုံမှန်တိုင်းပြည် အဆင့်အတန်းပြန်လည်ရရှိသွားသောကြောင့် ကုလ၏ ငွေကြေးအကူအညီအစီအစဉ် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်ဟု Xinhua သတင်းဌာနက သတင်းထုတ်ပြန်သည်။

Integrated Community Development Project (ICDP)၊ Community Development for Remote Township Project (CDRT) နှင့် UNDP ၏အစီအစဉ်သစ်တို့နှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူလက်မှတ်ထိုးသည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အေဂျေးချီဘာသည် မြန်မာ့အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာကိစ္စများ အပါအဝင် ကုလသမဂ္ဂအေဂျင်စီများနှင့် လွှတ်တော်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။


ပုဂ္ဂလိကသတင်းမီဒီယာများအတွက် မြန်မာအစိုးရ တံခါးဖွင့်ပေး

 (The Globe and Mail မှ 9 April 2013 ရက်စွဲပါ Myanmar opens door to private media, but how much latitude is there? ကိုဘာသာပြန်ဆိုသည်)

photo credit by online

 စစ်အာဏာရှင်စနစ်အောက်မှ လတ်တလော လွတ်မြောက်လာပြီဖြစ်သာ မြန်မာနိုင်ငံတွင် တစ်ချိန်တစ်ခါက နိုင်ငံပိုင် New Light of Myanmar သတင်းစာသည်သာ ပင်မသတင်းရင်းမြစ်ကြီးတစ်ခုဖြစ်ခဲ့သည်။

ထိုစဉ်က အဆိုပါသတင်းစာသည် BBC အပါအဝင် ပြင်ပသတင်းဌာနများနှင့် အသံလွှင့်ဌာနများကို လိမ်ညာ သတင်းပေးပို့နေသူများအဖြစ် စွပ်စွဲရေးသားခဲ့သည်။ ဖော်ပြခဲ့သော သတင်းများမှာလည်း “သာသနာရေးဝန်ကြီး ဘာသာရေး ဆိုင်ရာ အခမ်းအနားများတက်ရောက်ခြင်း” အစရှိသကဲ့သို့သော သတင်းများကိုသာ ခေါင်းကြီးတင် ရေးသားခဲ့သည်။ ယင်းသတင်းစာ၏ ဆောင်ပုဒ်မှာ “သင့်အနီးနားမှ ယုံကြည်စိတ်ချရသော သတင်းစာတစ်စောင်” ဟူ၏။ ထိုဆောင်ပုဒ် မှန်သည်ဟုပင်ဆိုရပေမည်။ အကြောင်းမှာ ထိုစဉ်က နေ့စဉ်ထုတ်သတင်းစာဟူ၍ ယင်းသတင်းစာသာ ရှိခဲ့သောကြောင့်ပင်ဖြစ်၏။

သို့သော် အဆိုပါ New Light သတင်းစာမှာ ယခုအခါတွင် ယှဉ်ပြိုင်မှုတစ်ရပ်နှင့်ရင်ဆိုင်နေရပြီဖြစ်သည်။ ဧပြီလ ၁ ရက်နေ့တွင် အစိုးရက ပုဂ္ဂလိကသတင်းစာများကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခွင့်ပြုလိုက်သည်။ အစိုးရက ဆင်ဆာတည်းဖြတ်သည့်ဌာနကိုလည်း ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် တရားဝင်ရပ်ဆိုင်းပစ်ခဲ့သည်။ သို့အတွက်ကြောင့် သတင်းစာဆရာများ ဖိနှိပ်ခံရသည့် ခေတ်ကာလမှာလည်း အဆုံးသတ်ခဲ့သည်။ ယခုဆိုလျှင် တစ်ချိန်က နိုင်ငံတော်အာဘော်ဖြစ်ခဲ့သော New Light of Myanmar သတင်းစာမှာ စာဖတ်သူများ အမှန်တကယ် ဖတ်ရှုလိုသော သတင်းနှင့် အကြောင်းအရာများကို ရေးသားရမည့်အခြေအနေသို့ဆိုက်ရောက်လာပြီဖြစ်သည်။ သို့အတွက်ကြောင့် ကြော်ငြာနှင့် ရောင်စုံစာမျက်နှာများဖြင့် ဝေဝေဆာဆာဖော်ပြမှုတို့ပြုလုပ်ကာ ပုဂ္ဂလိကလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်နိုင်မည့် နည်းလမ်းလည်းရှာဖွေလျက်ရှိသည်။

ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာ လေးစောင်စတင်ထွက်ရှိလာသည်။၏

“ဟုတ်ပါတယ်။ ပြီးပြည်စုံတဲ့ သတင်းစာဖြစ်ဖို့ကတော့ အတော့်ကိုအလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရာစုနှစ်ဝက်လောက် ဘယ်လိုနေခဲ့ရတယ်ဆိုတဲ့အချက်နဲ့ပဲ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်” ဟု နော်ဝေနိုင်ငံ၊ အော်စလိုမြို့အခြေစိုက် Democratic Voice of Burma မှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်ဝင်းကပြောသည်။

မကြာသေးခင် ကာလများအထိ ကမ္ဘာပေါ်တွင် အထီးကျန်အဖြစ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် မီဒီယာအခန်းကဏ္ဍ ပြန်လည်ခေါင်းထောင်လာမှုမှာ စိန်ခေါ်မှုများမပါဘဲ ဖြစ်ပေါ်လာခြင်းတော့မဟုတ်ပေ။

သမ္မတ ဦးသိန်းစိန်က လွတ်လပ်ဖြေလျှော့ပေးသော မူဝါဒကျင့်သုံးနေခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်သော်လည်း ပိုမိုပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ခု၏ စိန်ခေါ်မှုများကို အစိုးရက မည်သို့မည်ပုံတုံ့ပြန်မည်ဟူသောအချက်ကို  မည်သူတစ်ဦးတစ်ယောက်ကမျှသိကြပေ။ ယခင်ကိုလျှင် အစိုးရ အပတ်စဉ်ထုတ် ပုဂ္ဂလိက စာစောင်များကိုသာ ခွင့်ပြုပေးခဲ့သည်။ ယင်းစာစောင်များသည်လည်း ဆင်ဆာဘုတ်အဖွဲ့ထံသို့ ပုံနှိပ်ထုတ်ဝေမှုမပြုမီ တင်ပြပြီးမှ ထုတ်ဝေခွင့် ရှိကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိကဂျာနယ် ၂၀၀ ကျော်ခန့်ရှိခဲ့သည်။

နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေသည့် မီဒီယာများတွင် ပြည်ပြေးသတင်းစာဆရာများ၏ ရန်ပုံငွေဖြင့်လည်ပတ်နေသော Mizziama သတင်းဌာနလည်းပါဝင်သည်။ Mizzima သည် ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးပြန်လည်ဝင်ရောက်ခဲ့သော ပြည်ပသတင်းမီဒီယာတစ်ခုဖြစ်သည်။ “ကျွန်မတို့အနေနဲ့ အခုအချိန်ဟာ အသွင်ကူးပြောင်းရေးကာလဆိုတော့ အိုကေတယ်လို့ထင်ခဲ့ကြတယ်။ ကျွန်မတို့ မြန်မာပြည်ပြန်ကြမှာပါ” ဟု Mizzima သတင်းဌာနကို ခင်ပွန်းဖြစ်သူနှင့်အတူထူထောင်ခဲ့သူ ဒေါ်သင်းသင်းအောင်ကပြောသည်။

Mizziama သတင်းဌာန၏ ရုံးချုပ်မှာ ရွှေတိဂုံစေတီနှင့် များစွာအလှမ်းမဝေးသည့် နေရာတွင်တည်ရှိသည်။ ယမန်နှစ်ကဆိုလျှင် ယင်းသတင်းဌာန၏ သတင်းခန်းတွင် သတင်းထောက်အနည်းငယ်သာရှိသည်။ သို့သော် ယခုအခါ နေပြည်တော်တွင် အစိုးရအရာရှိကြီးများကို သတင်းမီဒီယာသင်တန်းများပင်ပို့ချပေးနေပြီဖြစ်ရာ အချိန်တိုကာလအတွင်း မည်မျှအတိုင်းအတာအထိ အပြောင်းအလဲဖြစ်လာသည်ဟူသောအချက်မှာ ပေါ်လွင်နေပါသည်။

မည်သို့ပင်ဆိုစေ သတင်းစာဆရာအတော်များများမှာ ၎င်းတို့အနေဖြင့် လွတ်လပ်ခွင့် မည်မျှရရှိနိုင်သည်ဟူသော ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြသည်။ မတ်လအတွင်းထွက်ပေါ်လာသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းအရ စည်းမျည်း ချိုးဖောက်သူများကို ခြောက်လ ထောင်ဒဏ်ချမှတ်နိုင်သလို စစ်တပ်ကရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဝေဖန်ရေးသားခွင့်ကိုလည်း ပိတ်ပင်ထားသည်။

“ဂျာနယ်လစ်တွေက သူတို့ဘယ်လောက်အတိုင်းအတာအထိ လုပ်ကိုင်နိုင်တယ်ဆိုတဲ့အချက်ကို မသိကြဘူး ဖြစ်နေတယ်။ အဂတိလိုက်စားတဲ့ကိစ္စ၊ အစိုးရတွင်းအာဏာလုတဲ့ကိစ္စ၊ စစ်ခေါင်းဆောင်တွေကိစ္စ စတာတွေကို ရေးသား ဖော်ပြတဲ့အခါ ဘယ်လောက်အထိရေးနိုင်တယ်ဆိုတာကို ဘယ်သတင်းစာဆရာတစ်ဦးတစ်ယောက်ကမျှ မသိကြပါဘူး။ ဆိုတော့ သူတို့အနေနဲ့ သတင်းရေးတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် ပြန်ပြီး ဆင်ဆာလုပ်နေကြရပါတယ်” ဟု ထိုင်းအခြေစိုက် Irrawaddy Magazine အယ်ဒီတာ ဦးကျော်စွာမိုးကပြောသည်။

သို့သော် အစိုးရနှင့် တိုင်းပြည် ၏ အနေအထားမှာ စိန်ခေါ်မှုများအတွက် အသင့်ဖြစ်နေသည်။ “အစိုးရက အသေအချာ လေ့လာသင်ယူနေတယ်။ ဂျာနယ်လစ်တွေက ထိုးနှက်မယ်ဆိုရင် သူတို့နားထောင်ကြပါလိမ့်မယ်” ဟု ဒေါ်သင်းသင်းအောင်က ဆိုသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive