Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ယခင်အစိုးရမှ ပုဂ္ဂလိကအား  စက်သုံးဆီဆိုင်များလွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် စုံစမ်းဖော်ထုတ်မည်
  2. မြန်မာနိုင်ငံအား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ ဒေါ်လာ သန်း ၁၅၀ ကူညီ
  3.  ရန်ကုန်ထက် နေပြည်တော် ဂျီဒီပီ ၁၀ ဆ မြှင့်တင်မည်
  4. မျှတသော အခွန်ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေး

ယခင်အစိုးရမှ ပုဂ္ဂလိကအား  စက်သုံးဆီဆိုင်များလွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် စုံစမ်းဖော်ထုတ်မည်

 ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံပိုင်စက်သုံး ဆီဆိုင်များအား နီးစပ်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးအပ်ရာတွင် အနိမ့်ဆုံးဈေးဖြင့် ရောင်းချ ခဲ့မှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် ကိစ္စရပ်များအား စုံစမ်းဖော်ထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ မတ်လပိုင်းတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၇ ဆိုင်ကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ၊ ဦးတေဇပိုင် ထူးထရေးဒင်း၊ ဧရာရွှေဝါ၊ IGE ကုမ္ပဏီ၊ နီလာရိုးမ၊ လွယ်ပိာန်းကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ စသည်ကုမ္ပဏီများအား ဈေးနှုန်းနိမ့်ချ၍ ရောင်းချခဲ့ခြင်းများအပေါ် စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူပိုင် စက်သုံးဆီဆိုင်များကို ကာလပေါက်ဈေးထက် ပိုမိုနိမ့်ချလျက်ရောင်းချခဲ့သည့်အတွက် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာသည့်အပြင် နိုင်ငံအတွက်လည်း နစ်နာမှုများဖြစ်ပေါ်ခဲ့သော အဆိုပါ ကိစ္စရပ်များကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ရသင့်ရထိုက်သည့် ပြည်သူ့ဘဏ္ဍာငွေများကို ပြန်လည်ရရှိနိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြု ပေးခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

YC


မြန်မာနိုင်ငံအား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ ဒေါ်လာ သန်း ၁၅၀ ကူညီ

မြန်မာနိုင်ငံ၏ ဒေသတွင်းအုပ်ချုပ်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ဒီမိုကရေစီနှင့် ထိရောက်သောဖွံ့ဖြိုးမှု အစရှိသည့် ကဏ္ဍကြီးသုံးရပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ၂၀၁၃ မှ ၂၀၁၅ ခုနှစ်ထိတိုင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကို ကူညီထောက်ပံ့ပေးသွားနိုင်ရန် ဧပြီလ ၈ ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် UNDP တို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအား UNDP မှကူညီထောက်ပံ့ပေးမည့်ငွေများကို စဉ်ဆက်မပြတ်လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှုနှင့် ထိရောက်သော ဒေသတွင်းအုပ်ချုပ်မှုများတွင် ဒေါ်လာ ၅၉ သန်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် စွမ်းအင်နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် ဒေါ်လာ ၄၆ သန်းနှင့် ဒီမိုကရေစီအုပ်ချုပ်မှုနှင့် ထိရောက်သောဖွံ့ဖြိုးမှုတို့အတွက် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ ၂၀၁၂ ခုနှစ်အထိတိုင် ၁၉ နှစ်ကြာ လူ့စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်(HDI)ကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလကုန်မှစတင်၍ Nromal Country Status (ပုံမှန်နိုင်ငံအဆင့်အတန်း)ကို ပြန်လည်ရရှိခဲ့သည့်အတွက် UNDP မှယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

၁၉၉၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည့် UNDP မှ ကုလသမဂ္ဂအပါအဝင် အခြား အဖွဲ့အစည်းတို့၏ တရားဝင်ထောက်ပံ့ငွေများ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်သင့် ဒေသများပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီပေးရာတွင် ပြီးခဲ့သည့်လေးနှစ်အတွင်း မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကိုမြို့ကြီး ၆၀ တွင်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC


 ရန်ကုန်ထက် နေပြည်တော် ဂျီဒီပီ ၁၀ ဆ မြှင့်တင်မည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ရန်ကုန်တိုင်းဒေသကြီးထက် ၁၀ဆ နီးပါးမြှင့်တင်ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၏ ဂျီဒီပီတိုတက်မှုနှုန်းကို ၇၆ ဒသမ ၇ ရာခိုင်နှုန်းရရှိနိုင်စေရန် မျှော်မှန်း ထားသည့်အတွက် ဂျီဒီပီ ၈ ဒသမ သုည ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားသည့်  ရန်ကုန်တိုင်းဒေသကြီးထက် ၁၀ ဆနီးပါး တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ယခုကဲ့သို့ နေပြည်တော်၏ ဂျီဒီပီတိုးတက်မှုနှုန်းကို မြှင့်တင်ရခြင်းမှာ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် နိုင်ငံဂုဏ်ကို အတိုင်းအတာတစ်ခုအထိ ဆောင်ကြဉ်းပေးနိုင်သည့် အမျိုးသား အားကစားပွဲတော်ကြီးဖြစ်သောကြောင့် အဆိုပါနေရာ၌အသုံးပြုရန်အတွက် ဖြစ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။

အစိုးရ အသုံးစရိတ်သည် စီးပွားရေးဖွံဖြိုးတိုးတက်မှုတွင်များစွာအရေးပါလှသည့်အတွက် ယခုကဲ့သို့ နေပြည်တော်ဂျီဒီပီတိုးမြှင့်မှုကြောင့် အစိုးရ၏အသုံးစရိတ်တွင် မည့်သည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို တွက်ချက်ထားရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွင်း ပြည်တွင်းထုတ် ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းများကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဖြစ်ပြီး အခြားဒေသထွက်ကုန်များကိုပါ ရောင်းချနိုင်ရန်နှင့် ဈေးကွက်အတွင်းလိုအပ်ချက်များအရ မည်သည့် ပစ္စည်းကို ဈေးနှုန်းမည်မျှဖြင့် ရောင်းချပေးမည်ကို ပြည်တွင်း ထုတ်လုပ်သူများအနေဖြင့် ကြိုတင်စဉ်းစားထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာငွေကို မြန်မာနိုင်ငံသားများ လက်တွင်းသို့ ပြန်ဝင်အောင် လုပ်ဆောင်ခြင်းဖြင့် ငွေကြေးလည်ပတ်သုံးစွဲမှု အရှိန်အဟုန် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

YC


မျှတသော အခွန်ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းအသီးသီးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မျှတသည့် အခွန်ဥပဒေပြဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့က UMFCCI ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ အများပြည်သူသက်သာစွာဖြင့် အခွန်ထမ်းဆောင်နိုင်ရန်နှင့် ဝင်ငွေပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ ဝင်ငွေဖြင့် ကိုက်ညီသည့် နှုန်းထားများအထိ ပြင်ဆင်သတ်မှတ် သင့်သည်များကို ပြင်ဆင်သတ်မှတ်ရန်၊ အခွန်ဆောင်လုပ်ကိုင်နေရသူများနှင့် အခွန်ကင်းလွတ်ခွင့်ရရှိ ထားသည့် လုပ်ငန်းရှင် ကြီးများကြား ကွာဟချက်နှင့် နစ်နာချက်များ၊ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ကင်းလွတ်ခွင့်ပေးထားကာ လုပ်ကိုင်စေခြင်း ရှိမရှိ စသောအချက်များကို မေးမြန်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အခွန်ကင်းလွတ်ခွင့် ရရှိထားသည့် လုပ်ငန်းရှင်များအား တိကျစွာတင်ပြ ပေးမည်ဆိုပါက လွှတ်တော်မှ ပြန်လည်သုံးသပ်ပေးသွားမည်ဖြစ်ပြီး လာမည့် လွှတ်တော်ပြန်လည်စတင်သည်နှင့် အခွန်ဥပဒေကို လွှတ်တော်၌ဆွေးနွေးကာ အတည်ပြုနိုင်ရေးအတွက် ယခုကဲ့သို့ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အခွန်ပေးဆောင်ရာတွင် ပြည်သူများတက်နိုင်သည့် အခွန်စနစ်ဖြစ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံအတွင်း အကောက်ခွန် ယဉ်ကျေးမှုထူထောင်ရန် လိုအပ်သည့်အပြင် အခွန်အကောက်ကို အားထားရသည့် နိုင်ငံအဖြစ်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

YC


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment