Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ


ပိတ်ဆို့မှုများ ဖယ်ရှားသင့်ဟု မြန်မာဆိုင်ရာ ကုလအထူးသံတမန်ဟောင်း ပြောဆို

(The Star Online မှသတင်းကိုဘာသာပြန်ဆိုသည်)

အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများသည် ပြည်သူလူထုကို ထိခိုက်နစ်နာ စေသောကြောင့် ရုပ်သိမ်း ပေးသင့်ပြီဖြစ်ကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ဟောင်း တန်ဆရီရာဇာလီ အစ္စမေးလ်က သုံးသပ်ပြောဆိုသည်။

ယခင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မစ္စတာရာဇာလီ အစ္စမေးလ်က မိမိအနေဖြင့် ပိတ်ဆို့ အရေးယူမှုများကို မရမက တောင်းဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားချင်း မတူညီကြောင်း ပြောကြားသည်။ ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် အကြံပေးပုဂ္ဂိုလ် မြောက်မြားစွာဖြင့် ထိတွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။

"မြန်မာနိုင်ငံဟာ အောင်မြင်ကြီးပွားရေး အတွက် စတင်လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံဟာ ဆန်တွေကို ပြည်ပကနေ တင်သွင်းနေရတယ် ဆိုတဲ့ကိစ္စဟာ ရယ်စရာ ကောင်းနေပါတယ်"  ဟု မစ္စတာ ရာဇလီအစ္စမေးလ်က Rediscovering Mediation in the 21st Century ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော ဒုတိယအကြိမ်မြောက် Asian Mediation Association ကွန်ဖရင့်၌ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လိုအပ်နေသော အကူအညီများကို စိစစ်ပိုင်းဖြတ်မှုများ မပြုလုပ်ဘဲ ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

"တကယ်လို့ ကျွန်တော်တို့သာ အကူအညီတွေ ပေးနေမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ ရပ်တည်ချက်က အခုလောက် ခက်ထန် ကြမ်းတမ်းချင်မှ ကြမ်းတမ်း ပါလိမ့်မယ်။ သူတို့အနေနဲ့ ဒီလမ်းဟာ သွားရမယ့် လမ်းတစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ကို ယုံကြည်စိတ်ချမှု ရှိလာမှာပါ။ အဲဒါကြောင့် ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားပေးရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်"  ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား အုပ်စုများ၏ အခန်းကဏ္ဍ၊ ပြောင်းရွှေ့ လုပ်သားနှင့် ပြည်သူများ၏ ဘေးဒုက္ခများ အပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးကိစ္စ များစွာကို ကိုင်တွယ် ဖြေရှင်းရဦးမည် ဖြစ်ကြောင်း မစ္စတာရာဇာလီ အစ္စမေးလ်က မှတ်ချက်ပေး ပြောဆိုသည်။ မစ္စတာရာဇာလီသည် ငါးနှစ်နီးပါး ကာလအတွင်း မြန်မာနိုင်ငံသို့ ၁၄ကြိမ်တိတိ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်၂၀ကျော် တွေ့ဆုံခဲ့ဖူးသည်။

_________________________________________________________

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် တရုတ် Huawei ကုမ္ပဏီ အမေရိကန်အစိုးရကို တိုက်တွန်း

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်တယ်လီ ဆက်သွယ်ရေး ပစ္စည်းများ ထုတ်လုပ် ရောင်းချသော ကုမ္ပဏီဖြစ်သည့် Huawei က အမေရိကန် ပြည်ထောင်စု အာဏာပိုင်များ၏ တရားဝင် စုံစမ်းစစ်ဆေးမှုများကို လက်သင့်ခံ ကြိုဆိုပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ နာမည်ကျော် Huawei သည် မကြာသေးခင်က အမေရိကန် ကွန်ပျူတာ ကုမ္ပဏီ တစ်ခုဖြစ်သော 3Leaf Systems ကို ဝယ်ယူရန် ကြိုးပမ်းခဲ့ရာ အမေရိကန် လုံခြုံရေးအဖွဲ့က လုံခြုံရေးဆိုင်ရာ အရေးကိစ္စများကြောင့်ဟု ဆိုကာ ပယ်ချခဲ့သည်။

သို့အတွက်ကြောင့် Huawei က ၎င်း၏ ဝက်ဘ်ဆိုက်တွင် မေတ္တာရပ်ခံစာ တစ်စောင် ဖော်ပြခဲ့သည်။ Huawei ကုမ္ပဏီကို တရုတ်ကြည်းတပ်မှ စစ်ဘက် အရာရှိဟောင်း Ren Zhengfei ဆိုသူက ထူထောင်ခဲ့ပြီး ကုမ္ပဏီတွင် စစ်ဘက်ဆိုင်ရာ အချိတ်အဆက်များ ရှိနေသေးသည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။ သို့သော် မိမိတို့တွင် တရုတ်တပ်မတော် နှင့်သော်လည်းကောင်း၊ အစိုးရနှင့် သော်လည်းကောင်း ဆက်စပ်မှု မရှိပါကြောင်း လျှောချပြောဆိုသည်။

ဝက်ဆိုက်တွင် တင်ထားသော Huawei ကုမ္ပဏီ၏ စာတွင် "မိမိတို့သည် နှစ်ပေါင်း ၁၀နှစ်ကျော်ကြာ ကာလမျှ အမေရိကန် ပြည်ထောင်စု၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကာလအတွင်း နားလည်မှု လွဲမှားသော ဖြစ်ရပ်များစွာနှင့် ကြုံတွေ့ခဲ့ရသည်" ဟု ရေးသား ဖော်ပြသည်။ အဆိုပါ ဖြစ်ရပ်များတွင် အထောက်အထား မခိုင်မာသော စွပ်စွဲပြောဆိုချက်များ ဖြစ်သည့် Huawei သည် တရုတ်တပ်မတော်နှင့် ဆက်စပ်မှုရှိသည်၊ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်များ ချိုးဖောက်သည်၊ တရုတ် အစိုးရထံမှ ထောက်ပံ့မှုများ ရယူကာ အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် လုပ်ရပ်များ လုပ်ကိုင်နေသည် စသည်တို့လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

"Huawei နှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများ အားလုံးအတွက် အမေရိကန် ပြည်ထောင်စု အစိုးရအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မိမိတို့က ရိုးသားရှင်းလင်းစွာ မျှော်လင့်မိပါသည်"  ဟု ဆိုသည်။ Huawei သည် ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ်၊ မေလတွင် အမေရိကန် ကွန်ပျူတာ ကုမ္ပဏီ 3Leaf ကို ဒေါ်လာ ၂သန်းဖြင့် ဝယ်ယူခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာ ကော်မတီက အရောင်းအဝယ် လုပ်ရန်မသင့် ဟုဆိုကာ ပယ်ချခဲ့သည်။

_______________________________________________________

ဂျပန်ကုန်သွယ်ရေး လိုငွေပြမှုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာမှ အချက်အခြာကျသော ဈေးကွက်များသို့ ကုန်ပစ္စည်း တင်ပို့ရာတွင် အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံတွင် လပေါင်း၂၂ လအတွင်း ကုန်သွယ်ရေး လိုငွေပြမှု ပထမဆုံး ဖြစ်ပေါ်သွားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေး လိုငွေမှာ ယန်းငွေ ၄၇၁ ဒဿမ ၄၂ ဘီလီယံ (ဒေါ်လာ ၇ဘီလီယံ၊ စတာလင်ပေါင် ၃ ဒဿမ ၅၂ ဘီလီယံ) ဖြစ်သည်။

ဂျပန်နိုင်ငံသည် ယန်းငွေ ကြေးခိုင်မာမှုကြောင့် ငွေကြေးဝယ်လိုအား ထိခိုက်ခဲ့ရာ ပြည်ပကုန်တင်ပို့မှု မြင့်တက်လာရေးအတွက် အစွမ်းကုန် ရုန်းကန် ကြိုးစားခဲ့ ရသည်။ မကြာသေးခင် ကာလကလည်း ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး အဆင့်ဟူသည့် အဆင့်ကို တရုတ်နိုင်ငံသို့ လွှဲပေးလိုက်ရသည်။

မည်သို့ပင် ဆိုစေ လေ့လာဆန်းစစ်သူ များက ဂျပန်နိုင်ငံ၏ ပြည်ပ တင်ပို့မှု ပြန်လည် ခေါင်းထောင် လာလိမ့်မည်ဟု မျှော်လင့် ထားကြသည်။ ဂျပန် စီးပွားရေး ခြေလှမ်းသည် မျှော်မှန်းထား သည်ထက် များစွာ နှေးကွေးနေ သော်လည်း ပြည်ပတင်ပို့မှုအခန်း ကဏ္ဍက စီးပွားရေး တိုးတက်မှုကို မောင်းနှင်လိမ့်မည် ဖြစ်ကြောင်း ဘောဂဗေဒ ကျွမ်းကျင်သူ အတော်များများက ဟောကိန်းထုတ်ကြသည်။

“ပြည်ပ တင်ပို့မှုက မျှော်မှန်းထား တာထက်ကို လျော့နည်းခဲ့တယ်။ ကုန်သွယ်မှု လုပ်ငန်း တစ်ခုလုံးရဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် စီးပွားရေး ပြန်လည် ဦးမော့လာပြီလို့ မပြောနိုင် သေးပါဘူး”  ဟု Itochu ကော်ပိုရေးရှင်းမှ စီးပွားရေး ပညာရှင် Yoshimasa Maruyama က ပြောကြားသည်။

“လာမယ့် လပိုင်းတွေထဲမှာ ပြည်ပတင်ပို့မှု တဖြည်းဖြည်းချင်း မြင့်တက်လာ ပါလိမ့်မယ်။ ဒါပေမဲ့ စီးပွားရေး တိုးတက်မှု ခြေလှမ်းကတော့ ပထမ သုံးလပတ် အတွင်း မျှော်မှန်းထားသလို ဖြစ်လာမယ် မထင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ အတွင်း ဂျပန်ကုန်သွယ်ရေး လိုငွေပြမှု ဖြစ်ပေါ်ခဲ့ ရခြင်းမှာ အာရှဒေသသို့ပို့ကုန်တင်ပို့မှု လျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဘောဂဗေဒ ပညာရှင် အတော်များများက ပြစ်တင် ဝေဖန်ကြသည်။ ဒေသတွင်းသို့ ဂျပန်ပို့ကုန် တင်ပို့မှုမှာ ၀ ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည် ဟုဆိုသည်။ သို့သော် အဆိုပါ နှုန်းထားသည် နှစ်စဉ် ဒီဇင်ဘာလတိုင်း ပို့ကုန်တင်ပို့မှု မြင့်တက်သည့် နှုန်းဖြစ်သော ၁၄ ဒဿမ ၈ ရာခိုင်နှုန်းထက် လျော့နည်းသည်ဟု ဆိုသည်။ ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်းတွင် အကြောင်း အရင်းများစွာ ရှိသည့်အနက် အရေးကြီးသည့် အချက်မှာ ငွေကြေး ဖောင်းပွမှု တိုက်ဖျက်နေရသော တရုတ်နိုင်ငံမှ ဝယ်လိုအား လျော့ကျ လာခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လခန့် အတွင်းကလည်း အတိုးနှုန်းများ မြှင့်တင် ပေးလိုက်မှုကြောင့် စားသုံးသူ ဝယ်လိုအားနှင့် ငွေသုံးစွဲနိုင်စွမ်း များ လျော့ကျခဲ့ရသည်။

ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ ပို့ကုန် တင်ပို့မှုမှာ ယမန်နှစ်ကထက် ၁ ရာခိုင်နှုန်း မျှသာ မြင့်တက်ခဲ့သည်။ တရုတ်သည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဘက် နိုင်ငံဖြစ်သည်။ “တရုတ်က ဇန်နဝါရီလက စပြီး သူ့စီးပွားရေး ဒရကြမ်း တိုးတက်မှုကို ထိန်းချုပ်မယ့် မူဝါဒတွေ စတင်ကျင့်သုံးနေပါတယ်” ဟု Nomura Securities မှTakahide Kiuchi က ပြောကြားသည်။

_________________________________________________

ဒလိုင်းလားမား သြဇာကြီးထွားမှုအပေါ် တိုက်ဖျက်မှုသစ်များ လုပ်မည်ဟု ဘေဂျင်းထုတ်ဖော်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

ဘေဂျင်းအစိုးရ အနေဖြင့် တိဘက်ဒေသတွင် ဘုန်းတော်ကြီး ဒလိုင်းလားမား သြဇာလွှမ်းမိုးမှု တိုက်ဖျက်ရေးအတွက် အစီအစဉ်တစ်ရပ် အသစ်ချမှတ်ကာ ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း စီနီယာ တရုတ်ခေါင်းဆောင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

တရုတ် နိုင်ငံရေးတွင် လွန်စွာ သြဇာကြီးသော ကွန်မြူနစ်ပါတီပေါ်လစ်ဗြူရို၏နိုင်ငံရေး ကော်မတီမှ အဖွဲ့ဝင် Jia Qinglin က ဒလိုင်းလားမား တိဘက်ဒေသ အပေါ် သြဇာ လွှမ်းမိုးမှုနှင့် ပတ်သက်၍ တရုတ်အစိုးရကို ယင်းသို့ တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့်လည်း တိဘက် ပြည်သူများ၏ လူနေမှု အဆင့်အတန်းများကိုမြှင့်တင်ပေး သင့်ကြောင်း ၎င်းကဆိုသည်။ တိဘက်ဒေသတွင် မငြိမ်မသက် မှုများနှင့် အဓိကရုဏ်းများ ဖြစ်ပေါ်ပြီး သုံးနှစ်နီးပါးခန့် အကြာတွင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုမှ ယင်းသို့ တိုက်တွန်း ပြောဆိုလာခြင်းလည်း ဖြစ်သည်။ အဆိုပါ မတည်မငြိမ်မှုများသည် ပြည်ပြေး ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ပယောဂကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု တရုတ်အစိုးရက ထိုစဉ်က ပြစ်တင်ဝေဖန်ခဲ့သည်။

အလေးအနက်ကိုင်တွယ်ရန်လို

မစ္စတာJia Qinglin သည် တိဘက်ဒေသနှင့် တိဘက် လူမျိုးများ နေထိုင်သော အခြား ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော နှစ်ရက်တာ ဆွေးနွေးပွဲတွင် ဒလိုင်းလားမား သြဇာလွှမ်းမိုးမှုကို တိုက်ဖျက်ရန် ပြောဆိုခြင်းလည်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက်သော တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီး Meng Jianzhu ကလည်း တိဘက်ဒေသတွင်း တရုတ် အစိုးရ၏ ထိန်းချုပ်မှုသည် လွန်စွာ အရေးကြီးသော ကိစ္စဖြစ်ကြောင်း ဆိုသည်။

"ဒလိုင်းလားမား အုပ်စုအား ဆန့်ကျင် တိုက်ဖျက်မည့် လုပ်ရပ်ကို လေးလေးနက်နက်ဖြင့် ဆက်လက် လုပ်ကိုင် ဆောင်ရွက်သွား ရမည်ဖြစ်သည်" ဟု မစ္စတာ Jia Qinglin ၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြသည်။ တိဘက်ဒေသ တည်ငြိမ်ရေး အတွက် လုပ်ကိုင် ဆောင်ရွက်ချက်များကို  သတိကြီးစွာဖြင့် အကောင်အထည် ဖော်ရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

တိဘက်ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အရေးကိစ္စများ ကို ကောင်းမွန်စွာ ကိုင်တွယ်သွား ရမည်ဖြစ်ကြောင်း၊ ဘာသာရေး တစ်ခုအပေါ် နိုင်ထက် စီးနင်းဖြိုခွဲ နှိမ်နင်းမှုသည် တန်ပြန် လက်တုံ့ပြန်မှုတို့ကို ဖြစ်ပေါ်စေသည် ဟူသော အချက်ကို သိရှိနားလည်ထားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရုတ်အာဏာပိုင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ခန့်က တိုင်းပြည်မှ ထွက်ပြေးသွားသူ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား အပေါ် ကာလကြာရှည်စွာ ပုတ်ခတ်ပြောဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ယခုအခါ အိန္ဒိယနိုင်ငံတွင် ပြည်ပြေးဘဝဖြင့် နေထိုင်လျက် ရှိပြီး တိဘက်ဒေသတွင်း ၎င်း၏ သြဇာလွှမ်းမိုးမှုမှာလည်း ယနေ့ထိတိုင် ကြီးမားနေဆဲ ပင်ဖြစ်သည်။ သို့အတွက်ကြောင့် တရုတ်ကွန်မြူနစ် အစိုးရက ၎င်းအပေါ် ပုတ်ခတ် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင် နေခြင်းဖြစ်သည်။

ဘုန်းတော်ကြီး ဒလိုင်းလားမားအား ဝေဖန်တိုက်ခိုက်မှုများသည် တိဘက်ဒေသ တစ်ခုလုံးအပေါ် ထိန်းချုပ်ရေး ဟူသော တရုတ်အစိုးရ၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ တရုတ်အစိုးရက တိဘက်ဒေသသည် တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု နှစ်ကာလများစွာ အသိပေး ပြောဆိုခဲ့သည်။ တိဘက်ဒေသ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်လည်း တရုတ်ပြည်မကြီးက ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့သည်။ မကြာသေးခင် ရက်သတ္တပတ် အတွင်းက တရုတ်အစိုးရက တိဘက်ဒေသတွင်း အလွန်အမင်း ဆင်းရဲနွမ်းပါးသူ တိဘက်ပြည်သူ ဦးရေမှာ ငါးနှစ်အတွင်း ထက်ဝက်မျှ လျော့ကျသွားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

________________________________________________________


အင်တာနက် မရှိလျှင်လည်း ဆန္ဒပြအုံကြွမှုများဖြစ်ပွားနိုင်

(The Straits times မှ26 Feb 2011 ရက်စွဲပါUprisings Possible without the Internet ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

 ကမ္ဘာ့ အင်တာနက် ကွန်ယက် World Wide Web သည် ဆန္ဒပြတော်လှန်မှုများကို အစပျိုးပေးခြင်း မရှိသော်လည်း ဆန္ဒပြသူများ၏ စည်းရုံး လှုပ်ရှားမှုကို အကူအညီပေးသည်။

လတ်တလောတွင် သိသာ ထင်ရှားခြင်း မရှိသေးသော်လည်း လမ်းပေါ် ဆန္ဒပြပွဲများ အားလုံးနီးပါးတွင် တိုင်းပြည်လူဦးရေ အချိုးအစား၏ အနည်းငယ်မျှသာ ပါဝင်ပတ်သက် ကြသည်ကို တွေ့ရှိရသည်။ ဘာရိန်း၊ လစ်ဗျား၊ အီဂျစ်၊ တူနီးရှား၊ အီရန် မော်လ်ဒိုဗာ တို့သာမက လတ်တလော မှတ်မိသမျှ လူသိများ ဆန္ဒပြပွဲများတွင် ပြည်သူလူထု၏ ၁ရာခိုင်နှုန်းခန့်သာ ပါဝင်ကြသည်။ သာဓက အားဖြင့် ကိုင်ရိုတာရစ် ရင်ပြင်တွင် စုဝေးဆန္ဒပြခဲ့ကြသော အီဂျစ်၃သိန်းခန့်သည် တိုင်းပြည်လူဦးရေ ၈၃သန်း၏ ၀.၄ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရသည်။ အခြားဆန္ဒပြ တော်လှန်မှုများတွင် ပါဝင်သူများမှာ ပို၍ပင်နည်းပါးသည်။

အထက်ပါ ကိန်းဂဏန်းများက ၁၉၇၉ ခုနှစ်က အီရန်တော်လှန်ရေးကို တန်ဖိုးတက်အောင် ပြုလုပ်ပေးနေသည်။ ထိုစဉ်က ရှားဘုရင်ကို ဆန့်ကျင်ရန် စိတ်ဆိုးမာန်ဆိုး စုဝေးဆန္ဒပြခဲ့သော အီရန်များ၏ အရေအတွက်မှာ ၆သန်းမှ ၉သန်းအကြား ခန့်မှန်းထား သောကြောင့် အီရန်လူဦးရေ၏ ၁၀ရာခိုင်နှုန်းပင် ကျော်နေသည်။ ယခုနှစ်ပေါင်း ၃၀ကြာလာသည့် အချိန်တွင် အဆိုပါ ဖြစ်ရပ်ကိုပြန်ကြည့်ပါက ထိုစဉ်က အင်တာနက်မရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ခဲ့ကြသည်ကို အထူးပင် အထင်ကြီး လေးစားဖွယ် ကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုစဉ်က အီရန် တော်လှန်ရေး သမားများသည် Facebook စာမျက်နှာလည်း မရှိပါ။Twitter message လည်း မပို့နိုင်ပါ။ Google လည်း မရှိပါ။ သို့ဖြစ်ရာ ယခုတိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသမှ တော်လှန်ရေးများ အတွက် လူမှုဆက်သွယ်ရေး ဝက်ဘ်ဆိုက်ဒ်များက မည်မျှ အာမခံချက် ပေးနိုင်သနည်းဟု မေးစရာဖြစ်လာသည်။

အဆိုပါ မေးခွန်းကို ဖြေဆိုရန် နည်းတစ်ခုမှာ ဤသို့ ပြန်၍ မေးခွန်းထုတ်ရန် ဖြစ်သည်။ ယခုမြင်တွေ့နေရသော ဆန္ဒပြပွဲများသည် လူမှုမီဒီယာများ မပါဘဲ ဖြစ်ပွားနိုင်ပါ့မည်လား။

ဆိုက်ဘာနယ်ပယ် မရှိပဲနှင့် ကမ္ဘာတစ်လွှား ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည့် သာဓကများမှာ မနည်းလှပါ။ ၁၉၈၈မှ ၁၉၉၀ ခုနှစ်များ အကြား အရှေ့ဥရောပ ဆန္ဒပြပွဲများ၊ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းမှ အင်ဒိုနီးရှား ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု၊ ၂၀၀၁တွင် ဖိလစ်ပိုင် သမ္မတ ဂျိုးဇက်အက်စထရာဒါ ကို ဖြုတ်ချသည့် ဖိလစ်ပိုင် ဆန္ဒပြပွဲ စသည်တို့တွင် ဆန္ဒပြသူများက အင်တာနက် မဟုတ်သော နည်းလမ်းများကို အသုံးပြုကာ စည်းရုံး လှုပ်ရှားခဲ့ ကြခြင်းဖြစ်သည်။

အီဂျစ် ဆန္ဒပြပွဲများသည်လည်း အင်တာနက်မရှိပဲ ဖြစ်ပွား ခဲ့ကြသည်ကို သံသယရှိစရာ မလိုပါ။ အစိုးရက အင်တာနက်ကွန်ယက်ကို ဖြတ်တောက်လိုက်ပြီး နောက်ပိုင်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ပို၍ပင် ပြင်းထန် လာသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်တွင်မူ အင်စထရာဒါကို တော်လှန်စဉ်က စည်းရုံးလှုပ်ရှားသူများသည် ရိုးရှင်းသော SMS Message ကို ရေးသားကာ အကြိမ်ပေါင်း မရေနိုင်အောင် ဆက်၍ ဆက်၍ ပေးပို့ခဲ့ကြသည်။ “ESDA  ကို သွား၊ အနက်ရောင်ဝတ်”  ဟူသောSMS သည် အလွန်ပင် ထိရောက်လှသည်။ (ESDA သည် မနီလာနှင့် အခြားမြို့ကြီး  ၅မြို့ကို ဆက်သွယ်သောအဝေးပြေးလမ်းမကြီးကို ခေါ်သော နာမည်ဖြစ်သည်)

၁၉၇၈ခုနှစ်က အီရန်တော်လှန်ရေး တွင်မူ ပြည်ပရောက်အယာတိုလာ နိုမေနီက တိုင်းပြည်တွင်း ခိုးသွင်းလာသော ကက်ဆက်တိတ်ခွေများမှ တစ်ဆင့် ပြည်တွင်းမှ လှုပ်ရှားသူများနှင့် ဆက်သွယ်ခဲ့သည်။ အမှန်စစ်စစ် မည်သည့် နေရာတွင်မဆို ရေဒီယို အသံလွှင့်မှု များမှသည် လက်ကမ်းစာရွက်များ၊ အခပေး ဖုန်းများ အထိ ဆက်သွယ်ရေး ကိရိယာများမှာ တော်လှန်ရေးအတွက် ရွေးချယ်စရာ နည်းလမ်းများဖြစ်သည်။

သေချာသည့် တစ်ခုမှာTwitter မရှိခြင်းကြောင့် ဖိနှိပ်သော အစိုးရကို ဆန့်ကျင်ရန် လူများထွက်မလာနိုင်ဟု အကြောင်းပြရန် ဆိုသည်ကို မှန်းဆရခက်သည်။ သို့သော် ယခုဥပမာများက ပြသနေသည်မှာ တော်လှန်ရေး ဖြစ်စဉ်များကြားတွင် တူညီသော အချက်လေးများ ရှိသည် ဆိုခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် Online လက်နက် ကိရိယာ မလိုလျှင်ရှိရမည်။ ဆန္ဒပြမှု အားလုံးမှာ စုစည်းမှု ရှိရမည်ဖြစ်ပြီး၊ ဆန္ဒပြသူများ ဆက်သွယ်ရန် ကိရိယာများကား လိုအပ်သည်။

အင်တာနက်သည် အဆိုပါ လုပ်ငန်းစဉ်အတွက် ပြည့်စုံသော ကိရိယာ တစ်ခုဖြစ်သည်ကိုမူ ဆိုရမည်ဖြစ်သည်။ အင်တာနက်သည် လျင်မြန်သည်။ ကျယ်ပြန့်စွာ ပျံ့နှံ့သည်။ အစိုးရ လုပ်ဆောင်မှုများကို ချက်ခြင်း တုန့်ပြန်နိုင်သည်။ လှုပ်ရှားသူများ ကော်ဖီဆိုင်ထိုင်၍ စုဝေးသည်ထက် စာလျှင် Online တွင် စုဝေးလျှင် ဖြိုခွဲရခက်သည်။ သို့သော် ယခင် ဆန္ဒပြမှုများက ပြသသည်မှာ အင်တာနက် မရှိသည့် နေရာတွင် ၎င်းလောက် မပြည့်စုံသောအခြား ကိရိယာများ အသုံးပြု၍ ရနိုင်သည်ဟု သိရှိနိုင်သည်။

ယခုဖြစ်ခဲ့သော ဆန္ဒပြမှုများတွင် အင်တာနက်သည် အဖြစ်အပျက်များကို ပိုမိုလျင်မြန်စွာ ဖြစ်ပွားစေသည်ဟု ဖော်ထုတ်နိုင်လျှင် ပိုမို၍ပြည့်စုံသော သတင်းအချက် အလက်များ ရရှိလာနိုင် ပေသည်။ Facebook၊ Twitter  သို့မဟုတ် Youtube သည် အမှန်တကယ် တော်လှန်ရေး တစ်ခုကို ဖြစ်စေပါသလား။

မကြာသေးမီက သမိုင်းများ အရ စီးပွားရေးအရ ဖိစီးမှုများသည် အရှေ့တောင်အာရှ၏ မငြိမ်သက်မှုများ အတွက် မီးပွားဖြစ်သည် ဆိုသည့် အချက်မှာ တူညီသည့် အချက်ဖြစ်သည်။ 

၂၀၀၇ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ဆန္ဒပြမှုများသည် စစ်အစိုးရက ရုတ်တရက် လောင်စာဆီ ဈေးနှုန်းများ တက်ခဲ့၍ ဖြစ်သည်။ ၁၉၉၈ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ဆူဟာတို အားပြုကျစေသော ဆန္ဒပြမှုများသည် စီးပွားရေး ပြဿနာများက တိုင်းပြည်ကို အထိနာ စေခဲ့သောကြောင့် ဖြစ်သည်။ မည်သည့်နေရာတွင်မဆို ရက်စက်စွာ နှိမ်နင်း၍ သေဆုံးမှုများမှာ ဖြစ်လေ့ရှိသော အရာများဖြစ်သည်။

Oxford မှ သမိုင်းပညာရှင် Mark Almond က BBC အတွက် ရေးသားထားသော ဆောင်းပါးတွင် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်း အတွေးအခေါ် သစ်များ ဖြစ်ပေါ်ရေးအတွက် မကျေနပ်မှု များကို ဖြစ်အောင် ပြုလုပ်ပေးသော အရာမှာ ရက်စက်စွာ သေဆုံးရခြင်း များဖြစ်နေသည်ကို တူညီစွာ တွေ့ရသည်ဟု ဆိုသည်။ ဥပမာအားဖြင့် တူနီးရှား တော်လှန်ရေးသည် လမ်းဘေးဈေးသည် Mohamed Bouazizi ကိုယ့်ကိုယ်ကို မီးရှို့သတ်ခြင်းမှ မီးပွားဖြစ်သည်ကို တွေ့ရသည်။ ၎င်းသည် ၎င်း၏ပစ္စည်းများ သိမ်းခံရခြင်း မကြာခဏ စော်ကားခံရခြင်းကြောင့် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ 17 ရက်နေ့က ကိုယ့်ကိုယ်ကို မီးရှို့သတ်ခဲ့သည်။

ထိုသို့ မိမိကိုယ်ကို သတ်သေခြင်းသည် ပြီးခဲ့သည့်လက အီဂျစ်တွင် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လက Khaled Mohamed Saeed အသတ်ခံရသည်။ ၎င်းသည် အသက် ၂၈ နှစ်ရှိပြီး၊ အီဂျစ်ရဲများက သေအောင် ရိုက်နှက်ခဲ့သည်ဟု ယုံကြည်ရသည်။

ဤနေရာတွင် စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ ၎င်းကို အာဇာနည် တစ်ဦးဖြစ်သွားအောင် အင်တာနက်က ပြုလုပ်ပေး လိုက်ခြင်းပင်ဖြစ်သည်။ Online တွင် ၎င်း၏ ပျက်စီးနေသော ခန္ဓာကိုယ် ဓာတ်ပုံများ ပျံ့နှံ့ပြီးနောက် ဒေါသများ အတင်းမာဆုံး ရောက်ရှိခဲ့သည်။ ၎င်းအား ဂုဏ်ပြုထားသော Facebook  စာမျက်နှာမှာ အဖွဲ့ဝင် ကိုးသိန်းကျော်အား ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအချက်ကို ကြည့်လျှင် အီဂျစ်တော်လှန်ရေးသည် အင်တာနက် မရှိလျှင် မဖြစ်နိုင်ဟု ပြသသော ခိုင်မာသည့် လှပသည့် အထောက်အထား တစ်ခုဟု ဆိုရပေမည်။ သို့သော် အီရန်တွင် ၁၉၇၈ ခုနှစ်က Cinema Rex မီးလောင်မှုကြောင့် သေဆုံးမှု သတင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ရာ အင်တာနက် မရှိသေးမီက ဖြစ်သည်ကို ထည့်ပြောသင့်သည်။

အီဂျစ် ဥပမာသည် ထကြွမှုများ လျင်မြန်စွာ ဖြစ်ရေးအတွက် အင်တာနက်၏ စွမ်းအားကို ရိုးရိုးလေး ပြသခြင်းသာ ဖြစ်သည်။ ငြင်း၍ မရနိုင်သော အချက်မှာ တက်ကြွ လှုပ်ရှားသူများ၏ ရင်ထဲရှိ ဆုံးဖြတ်ချက် ခိုင်မာမှုများသည် အင်တာနက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိန်းအောင်းနေမည်သာ ဖြစ်သည်။ သို့သော် အာရပ်ကမ္ဘာ၏ မငြိမ်သက်မှုများ၊ အင်တာနက် စွမ်းအားဖြင့် လျင်မြန်စွာ ပျံ့နှံခဲ့သည် ဆိုသည်ကတော့ ရှင်းနေသည်။

တူနီးရှား တော်လှန်ရေး၊ အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား၊ ယီမင်နှင့် မကြာသေးမီက မော်ရိုကိုရှိ အဖြစ်အပျက်များသည် နှစ်လအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

၁၉၇၉ အီရန်တော်လှန်ရေးမှာ အမြင့်ဆုံး မရောက်မီ နှစ်နှစ်ကတည်းက စတင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ခုနှစ်က တရုတ်ပြည်မှ Tiananmen ရင်ပြင် ဆန္ဒပြမှုများသည် နှစ်ပေါင်းကြာရှည်က သန္ဓေတည်ခဲ့ရပါသည်။

ကောက်ချက်ချရသော် အင်တာနက်သည် တော်လှန်ရေးများကို မြန်အောင် လုပ်ပေးသော အကြီးမားဆုံး လက်ဆောင်တစ်ခုကား အင်တာနက် မရှိခြင်းကြောင့် တော်လှန်ရေး တစ်ခုသည် နှေးကွေး သွားနိုင်သော်လည်း ရပ်တန့်သွားနိုင်ခြင်းကား မရှိပေ။

___________________________________________________________


လစ်ဗျားအပေါ် အမေရိကန် ငွေကြေး Sanction  အလုပ်ဖြစ် မဖြစ် အမေးအဖြေများ

(၂၅ဖေဖော်ဝါရီ၂၀၁၁ရက်စွဲပါReuters ၏ Q + A how U.S financial sanction on Libya might work ကို ဘာသာပြန်သည်)

အမေရိကန် ပြည်ထောင်စုသည် သောကြာနေ့က လစ်ဗျား အစိုးရအပေါ် Sanction များ ချမှတ်ခဲ့ရာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ၊ ၎င်း၏ မိသားစုနှင့် အခြား အကြီးတန်း တာဝန်ရှိသူများ အပေါ် ရည်ရွယ်၍ ချမှတ်ခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် ဘဏ်များနှင့် အဖွဲ့အစည်းများ တွင်ရှိသော လစ်ဗျားအစိုးရနှင့် ပတ်သက်သည့် ငွေကြေး ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားရန် အမိန့်ကို သမ္မတ Barack Obama က လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် Sanction များကို မည်သို့ တွန်းအားပေး ချမှတ်ခဲ့သည် ဆိုသည်နှင့် မည်သို့သော တရားဝင် အခွင့်အာဏာများ လိုအပ်သည် ဆိုသည်ကို အောက်တွင် မေးခွန်းနှင့် အဖြေများ ဖော်ပြထားသည်။

လစ်ဗျား၏ပိုင်ဆိုင်မှုများကိုအမေရိကန်ဘဏ္ဍာရေးဌာနကထိန်းသိမ်းထားနိုင်သလော။

Obama ၏ အမိန့် (executive order) သည် Sanction များ ချမှတ်ရမည့် လမ်းကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်။ executive order အမျိုးမျိုးရှိသည့် အနက် ပြည်သူများကို နှိပ်စက်ခြင်း သို့မဟုတ် အမေရိကန်၏ လုံခြုံရေးကို ခြိမ်းခြောက်သော နိုင်ငံများဖြစ်သည်ဟု စွပ်စွဲခံရသည့် အီရန်၊ ဆူဒန်၊ ဇင်ဘာဘွေနှင့် မြန်မာနိုင်ငံ ကဲ့သို့သော အစိုးရများကို ရည်ရွယ်ချမှတ်သော အမိန့်များလည်း ရှိသည်။ အချို့ Executive order များမှာ အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံမှုများ၊ လူအများ သေကြေစေနိုင်သော လက်နက်များ ပြန့်ပွားစေမှုများ သို့မဟုတ် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ချမှတ်ခြင်းဖြစ်သည်။ Obama မည်သို့ Executive order ချမှတ်နိုင်သနည်း။

အခြေအနေကို လည်းကောင်း၊ ခြိမ်းခြောက်လာမှု ကိုလည်းကောင်း အကဲဖြတ်မှုအပေါ် အခြေခံ၍၊ သမ္မတသည် အမျိုးသား အရေးပေါ် အက်ဥပဒေနှင့် နိုင်ငံတကာ အရေးပေါ် စီးပွားရေး ပါဝါအက်ဥပဒေတို့မှ အပ်နှင်းထားသော အာဏာအရ အမျိုးသား အရေးပေါ် (national emergency) ကျေညာရသည်။ ၎င်းသည် ရည်ရွယ်လိုသူများ၏ ငွေကြေးစာရင်း လွှဲပြောင်းမှုများကို ပိတ်ပင်ခြင်းနှင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းများ ပြုလုပ်နိုင်သည်။

ထို့အပြင် အကယ်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တိုင်းပြည်တစ်ပြည်အား Sanction များ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့လျှင် Obama သည် ဘဏ္ဍာရေးဌာနကို အရေးယူခွင့်ပြုသည့် Sanction များ ချမှတ်ရန် Executive order ထုတ်ပြန်နိုင်သည်။

ငွေကြေးဆိုင်ရာSanction များမည်သို့အလုပ်ဖြစ်သနည်း။

အကယ်၍ အမိန့်ထုတ်ပြန်ခဲ့သည် ဆိုပါစို့။ ဘဏ္ဍာရေး၊ ဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး အဖွဲ့သည် အရေးယူမှု ပြုလုပ်လိုသည့် အစိုးရ သို့မဟုတ် အဖွဲ့နှင့် ဆက်စပ်နေသော တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် အဖွဲ့များကို ဖော်ထုတ်ရမည်။ ထို့နောက် ၎င်းတို့ကို အထူးအမည်စာရင်း သတ်မှတ်ရေးသွင်းပြီး အမေရိကန် နိုင်ငံသားများအား ၎င်းတို့နှင့် ငွေကြေးလွှဲပြောင်းမှုနှင့် ပတ်သက်၍ မဆက်ဆံရန် တားမြစ်ထားသည်။ အမေရိကန် တရားစီရင်ရေးအောက်ရှိ ၎င်းတို့ ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်း ထားနိုင်သည်။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသည် အဆိုပါအမည်မည်း စာရင်းထဲရှိ ပုဂ္ဂိုလ်၊ အဖွဲ့များနှင့် ဖြစ်နိုင်သမျှ ငွေကြေးလွှဲပြောင်းမှုများကို သေချာစွာ စစ်ဆေးရမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ ၎င်းတို့ကို နိုင်ငံတကာ ငွေကြးစနစ်အတွင်းသို့ ဝင်မလာနိုင်အောင် တားဆီးထားနိုင်ရေးဖြစ်သည်။

ငွေကြေးဆိုင်ရာ Sanction များသည် မည်မျှထိရောက်သနည်း။

၎င်းသည် အကြမ်းဖက် သမားများအား ငွေကြေးထောက်ပံ့သော ကွန်ရက်ကဲ့သို့သော အဖွဲ့များ၊ အစိုးရများ ငွေကြေးစနစ်အတွင်း ဝင်မလာနိုင်အောင် ထိရောက်စွာ တားဆီးထားနိုင်သည်။ သို့သော် ထိုအစိုးရများ အဖွဲ့များ၏ မူဝါဒများ၊ အပြုအမူများ ပြောင်းလဲသွားအောင် ပြုလုပ်ရာတွင် ထိရောက်မှုရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

၂၀၀၅ ခုနှစ်က Macau’s Banco Delta Asia ကို အမည်မည်း စာရင်းသွင်းခဲ့သောကြောင့် မြောက်ကိုရီးယား၏ နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ဆက်သွယ်မှုကြီး ရပ်သွားခဲ့သည်။ အမေရိကန်နှင့် နိုင်ငံခြားစနစ်ဖြင့် ဆက်သွယ်မှုကြီး ရပ်သွားခဲ့သည်။ အမေရိကန်နှင့် နိုင်ငံခြားဘဏ်များသည် အဆိုပါဘဏ်နှင့် ငွေစာရင်း လွှဲပြောင်းမှုများ ရပ်ဆိုင်းခဲ့ရာ၊ အဆိုပါကိစ္စသည် ပြုံးယမ်းနှင့် နျူကလီယာကိစ္စ စကားပြောရာတွင် အဓိကကိစ္စဖြစ်လာသည်။

အီရန်၏ နျူကလီယာနှင့် ဒုံးကျည် အစီအစဉ်များကြောင့် ပြီးခဲ့သည့်နှစ်က အီရန်အပေါ် အရေးယူမှုများကို ပိုမိုအားဖြည့်ခဲ့ရာ အီရန်၏ စီးပွားရေးကို ထိခိုက်ပြီး၊ ပစ္စည်းတင်သွင်းမှုများ ဖြတ်တောက်ခံခဲ့ရသည်။ သို့သော် အီရန်၏ နျူကလီယား အစီအစဉ်များ အပေါ် သက်ရောက်မှု ရှိမရှိ အထောက် အထား လုံလောက်အောင် မရှိပေ။ အီရန်ကလည်း Sanction ကို ရှောင်၍ ငွေကြေးစာရင်း လွှဲပြောင်းမှုများ ပြုနိုင်ရန် ရေနံကုမ္ပဏီ အသစ်များ ထောင်ရသည်ဟု ဘဏ္ဍာရေးဌာနက ပြောသည်။

သို့သော် လစ်ဗျားအပေါ် အမေရိကန်က Sanction များ ချမှတ်ခဲ့ခြင်းကြောင့် ကဒါဖီသည် ၎င်း၏ လူအမြောက်အများ သေစေနိုင်သော လက်နက် ထုတ်လုပ်ရေး အစီအစဉ်များကို စွန့်လွှတ်ခဲ့ပြီး နိုင်ငံတကာ လက်နက် စစ်ဆေးသူများကို လစ်ဗျားနိုင်ငံတွင်းသို့ ဝင်ရောက် စစ်ဆေးခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဝါရှင်တန်သည် Sanction များကို ၂၀၀၄ ခုနှစ်က ပြန်လည် ရုတ်သိမ်းပေးခဲ့သည်။

အမေရိကန်အစိုးရကလစ်ဗျား၏ပိုင်ဆိုင်မှုများကိုတရားရုံးတင်၍သိမ်းယူနိုင်သလား။

ရပါသည်။ အမေရိကန် တရားရေး ဌာနသည် ဖက်ဒရယ် တရားရုံးအား အစိုးရက တရားမဝင် ရရှိထားသည်ဟု ယုံကြည်ရသော ငွေကြေးနှင့် ပစ္စည်းများအား သိမ်းယူရန် စေခိုင်းနိုင်သည်။ ထိုသို့ သိမ်းယူရန်အတွက် အချိန်ကာလ ကြာရှည်နိုင်သည်။ ပိုင်ရှင်များ၏ ကာကွယ်မှု အသနားခံမှုများ ရှိနိုင်သောကြောင့် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်အား မြို့ပြပိုင်ဆိုင်မှု သိမ်းယူရေး (civil asset forfeiture) ဟု ခေါ်နိုင်ပြီး တရားမဝင် ရရှိထားသည်ဟု ယူဆရသော ငွေစာရင်း သို့မဟုတ် ပစ္စည်းများ အမေရိကန် ပြည်ထောင်စုတွင် တွေ့ရှိပါက အဆိုပါ Civil asset forfeiture ကို ပြုလုပ်နိုင်သည်။

ဥပမာအားဖြင့် တရားရေးဌာနသည် တိုင်ဝမ်သမ္မတဟောင်းနှင့် ၎င်း၏ မိသားစု လာဘ်ပေး လာဘ်ယူမှုနှင့် ရယူထားသည်ဟု ယုံကြည်ရသော Manhattan ရှိ ဇိမ်ခံတိုက်ခန်း အပါအဝင် ပိုင်ဆိုင်မှု နှစ်ခုအား သိမ်းဆည်းခဲ့ဖူးသည်။

____________________________________________


မြန်မာငွေစက္ကူဈေး ကောလာဟလကြောင့် ဆန်ဈေးတက်


(Radio Australia News မှ 28 February 2011 ရက်စွဲပါ “New Burma Bank Note Rumours Sends Rice Prices Up” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အစိုးရက ငွေစက္ကူ အသစ် ရိုက်နှိပ်ထုတ်ဝေရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာမှုကြောင့် နိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်တွင် ဆန်ဈေးနှုန်းနှင့် အခြား ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်ဟု သိရှိရသည်။

ကျပ်တစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေရန် အစိုးရက ပြင်ဆင်နေသည့် သတင်းများကြောင့် အရည်အသွေးမြင့် ဆန်တစ်အိတ်လျှင် ၃၄ ဒေါ်လာမှ ၃၈ဒေါ်လာသို့ ခုန်တက်သွားစေခဲ့သည်။

ရာသီဥတု ဖောက်ပြန်ခြင်း၊ သယ်ယူပို့ဆောင်ခ ဈေးကြီးခြင်း၊ စားသုံးဆီ ဈေးတက်ခြင်းတို့က ကုန်ဈေးနှုန်းများ အပေါ်တွင် သက်ရောက်မှု ရှိနေသည်ဟု ရန်ကုန်မှ ကုန်သည် အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

အနာဂတ် ဆန်ဈေးတက်ချိန်တွင် အမြတ်ငွေ ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် ပြည်တွင်း ကုန်သည်များက ဆန်ဖြန့်ဖြူးမှုကို ထိန်းချုပ်လျက် ရှိသည်ဟုလည်း ကြားသိရသည်။

____________________________________________________


ဒေါ်အောင်ဆန်းစုကြည်ကို ချက်ရီပတ်ဘလစ်နိုင်ငံ ထောက်ခံ

(Associated Press မှ 1 March 2011 ရက်စွဲပါ “Foreign Minister Assures Suu Kyi of Czech Support” ကို ဘာသာပြန်ဆိုသည်)

ချက်ရီပတ်ဘလစ် နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးက “ယင်း၏ နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းရေးကို ဆန့်ကျင်သည်” ဟု ထုတ်ဖော် ပြောကြားလိုက်သည်။

နိုင်ငံခြားရေး ဝန်ကြီး ကာရယ်ရှဝါဇင်ဘတ် က မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တနင်္လာနေ့တွင် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှုများ ဆက်၍ထားရှိရန် သူမ၏ တောင်းဆိုထားမှုကို ချက်ရီပတ်ဘလစ်နိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ချက်ရီပတ်ဘလစ် နိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား “ယနေ့ခေတ်၏ အကြီးကျယ်ဆုံး သူရဲကောင်းများထဲမှ တစ်ဦး” ဟု ခေါ်ဝေါ် ဂုဏ်ပြုလိုက်ပြီး သူမအနေဖြင့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရသင့်သည်ဟုဆိုသည်။

__________________________________________________


တရုတ်ပတ်ဝန်းကျင်ညစ်ညမ်းမှုကဖွံ့ဖြိုးမှုကိုခြိမ်းခြောက်

(BBC သတင်းမှ 28 Feb 2011 ရက်စွဲပါ China pollution threatens growth ကို ဘာသာ ပြန်ဆိုသည်။)

ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် သယံဇာတများအား တောင်းဆိုမှုများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဒုက္ခပေးမည့် ခြိမ်းခြောက်မှု ဖြစ်ကြောင်း တရုတ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ တရားကြီးကြား ပြဿနာမှာ ယခုအချိန်လောက် မည်သည့်အခါကမျှ မပြင်းထန်ခဲ့ဘူးကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Zhou Sheng × ian က ပြောကြားခဲ့သည်။

အကယ်၍ တရုတ်အနေနှင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း စီးပွားရေးကို အခြား ထိခိုက်မှုများ မရှိအောင် ဆောင်ရွက်လျက် လေးဆကြီးထွားအောင် ပြုလုပ်နိုင်မည် ဆိုလျှင်၊ သယံဇာတ အသုံးပြုမှု၌ ပိုမိုကျွမ်းကျင် လာမည်ဟု ၎င်းကပြောသည်။

သို့မဟုတ်လျှင် ပြန်လည်ပေးဆပ်ရမှု ကြီးမားလိမ့်မည်ဟု ၎င်းကပြောသည်။ ၎င်း၏ မှတ်ချက်များသည် မ