Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ဘင်္ဂလားဒေ့ရှ်၏ မြန်မာ့သဘာဝဓာတ်ငွေ့ရယူရေး အဆိုပြုချက် နိုင်ငံတကာခုံရုံးပယ်ချ

(Natural Gas Asia မှ 25 April 2012 ရက်စွဲပါ Bangladesh's Claim to Myanmar Gas Rejected ကို ဘာသာပြန်ဆိုသည်)

  1. ဒီမိုကရေစီသို့ သွားရာလမ်းတွင် မြန်မာနိုင်ငံကို အကူအညီပေးခြင်း

(New York Times မှ 24 April 2012 ရက်စွဲပါ Vijay Nambiar ရေးသားသော Helping Myanmar on the road to democracy ကို ဘာသာ ပြန်ဆိုသည်)

****************************************

ဘင်္ဂလားဒေ့ရှ်၏ မြန်မာ့သဘာဝဓာတ်ငွေ့ရယူရေး အဆိုပြုချက် နိုင်ငံတကာခုံရုံးပယ်ချ

(Natural Gas Asia မှ 25 April 2012 ရက်စွဲပါ Bangladesh's Claim to Myanmar Gas Rejected ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အိန္ဒိယ၏ သဘာဝဓာတ်ငွေ့ အက်ဆက်(Asset) များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေကြောင်းပိုင်နက် ပြင်ပတွင်ရှိသည်ဟု ပင်လယ် ရေကြောင်းဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) က သတ်မှတ် ပြဋ္ဌာန်းပေးလိုက်ကြောင်း Indian Express သတင်းစာက ရေးသားဖော်ပြသည်။

ITLOS ၏ သုတေသနနှင့် လေ့လာဆန်းစစ်ရေးဆိုင်ရာဌာနခွဲ (RAW) က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေပိုင်နက်ကို သတ်မှတ် ဖော်ပြရာတွင် လုပ်ကွက်အမှတ် A1 နှင့် A3 တို့သည် မြန်မာနိုင်ငံတွင်း၌ပင် ဆက်လက် ကျန်ရှိနေမည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ လုပ်ကွက်များတွင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၆ ထရီလီယံခန့်ရှိကြောင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကာ အိန္ဒိယနိုင်ငံပိုင် စွမ်းအင်လုပ်ငန်းများက ၂၅ ဒဿမ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင် ရရှိထားသည်။

ယင်းလုပ်ကွက် နှစ်ခုတွင် အိန္ဒိယနိုင်ငံ ပူးပေါင်းပါဝင်လုပ်ကိုင်နေသည် ဟူသောအချက်ကို ဘင်္ဂလားဒေ့ရှ်က မဟုတ်မမှန်ကြောင်း ငြင်းဆိုပြီး ဓာတ်ငွေ့တူးဖော်ရေး တင်ဒါများ ခေါ်ယူခဲ့သည်။ အဆိုပါကိစ္စကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီးနောက် A1 နှင့် A3 လုပ်ကွက်မှ စမ်းသပ်လေ့လာရေး သင်္ဘောများမှာ စိန့်မာတင်ကျွန်းအနီးမှ ထွက်ပေးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ITLOS က ရေပိုင်နက်ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ပေးပြီးနောက် မြန်မာနိုင်ငံက ဖော်ပြခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်ဆိုင်ရာ မြေပုံအရ ကမ်းလွန်စွမ်းအင် တူးဖော်ရေးလုပ်ကွက် အားလုံးနီးပါးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်အတွင်း ပါဝင်မှုမရှိသည်ကို တွေ့ရသည်။ A1 မှ ရွှေ နှင့် ရွှေဖြူ လုပ်ကွက်တို့တွင် အရန် သဘာဝဓာတ်ငွေ့ ခန့်မှန်းခြေ ကုဗပေ ၃ ဒဿ ၈၃ ထရီလီယံ ခန့်ရှိပြီး A3 မှ 'မြ' လုပ်ကွက်တွင် ကုဗပေ ၁ ဒဿမ ၅၂ ထရီလီယံရှိသည်။ အဆိုပါ လုပ်ကွက်နှစ်ခုစလုံးမှာ လက်ရှိအနေအထားတွင် တူးဖော်ဆဲ အဆင့်တွင်ရှိပြီး လာမည့် ၂၀၁၃ ခုနှစ်၊ မေလမှစ၍ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၂၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းလုပ်ကွက်များတွင် အိန္ဒိယ ONGC Videsh Ltd က အစုရှယ်ယာ ၁၇ ရာခိုင်နှုန်းနှင့် GAIL India Ltd က ၈ ဒဿမ ၅ ရာခိုင်နှုန်းစီပါဝင်ကြသည်။

*********************************

ဒီမိုကရေစီသို့ သွားရာလမ်းတွင် မြန်မာနိုင်ငံကို အကူအညီပေးခြင်း

(New York Times မှ 24 April 2012 ရက်စွဲပါ Vijay Nambiar ရေးသားသော Helping Myanmar on the road to democracy ကို ဘာသာ ပြန်ဆိုသည်)

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့သည့်နှစ်က သမိုင်းဝင် တွေ့ဆုံအပြီး အားတက်မှုများ၊ လက်တွေ့ကျမှုများကို ပြသခဲ့သည်။ ယင်းတို့သည် ပြည်သူများ၏ သဘောထားကို ပြန်လည် ရှေ့ဆောင်ခဲ့ပြီး နိုင်ငံ၏ နိုင်ငံရေးရာသီဥတုကို အသွင်ပြောင်းခြင်း စသည်ဖြင့် သတိမူကာ လုပ်ဆောင်ပြခဲ့ကြသည်။

အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး အသိုင်းအဝိုင်းတွင်း ပြန်ဝင်ရန် ခွင့်ပြုခဲ့ပြီး ကျိုးကြောင်း ဆီလျော်စွာ ဆုံးဖြတ်နိုင်ကြောင်း ပြသခဲ့သည်။ အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝဝ၈ အခြေခံဥပဒေကို သံသယ ရှိလင့်ကစား ရွေးကောက်ပွဲ ဝင်ရန် လိုက်လျော သဘောတူခဲ့သည်။

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရရှိသော NLD ၏ ကိုယ်စားလှယ်နေရာသည် စုစုပေါင်းနေရာ၏ ၇% သာ ရှိသော်လည်း အလွန် အရေးပါမှု ရှိလာသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို အားလုံးက တစ်စုတစ်ဝေး ထောက်ခံခဲ့ကြခြင်းသည် မြန်မာ့နိုင်ငံရေး ရှုခင်းတွင် အားအင်သစ်များနှင့် စိတ်ပါဝင်စားမှု အသစ်များ ဖြစ်စေသည်အထိ သက်ရောက်မှုများ ရှိခဲ့သည်။

လွှတ်တော်တွင် စစ်မှန်သော အတိုက်အခံ ရှိခြင်းသည် အလေးအနက် ပြုရမည့် ပြုပြင် ပြောင်းလဲမှုများနှင့် နိုင်ငံရေးအရ ပြောင်းလဲခြင်းများ ဖြစ်ပေါ်ရန် အခွင့်အလမ်းများကို ဖြစ်စေခဲ့သည်။ ပြည်သူများနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၏ ရွေ့လျားမှုများသည် တိုင်းပြည်တွင် အထူးသဖြင့် လူငယ်များကြားတွင် မျှော်လင့်ချက်များ၊ အကောင်းမြင်မှုများ ဖြစ်စေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ ယင်းလုပ်ဆောင်မှု အကျိုးဆက်များကို အစွန်အဖျားရှိ အစိုးရနှင့် ပဋိပက္ခဖြစ်နေသော တိုင်းရင်းသား ဒေသများကပင် ခံစားနိုင်မည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် လွန်ခဲ့သောလ အနည်းငယ်က ဘာလီတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် စကားပြောခဲ့ရာ အစိုးရ လုပ်ဆောင်နေသော ပြုပြင် ပြေားလဲရေး လမ်းကြောင်းသည် ကျဉ်းမြောင်းသည့် အနေအထားဖြစ်၍ နောက်ပြန်လှည့်ရန် မလွယ်ကြောင်း ပြောခဲ့သည်။ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းသည် ဆုံးဖြတ်ချက် ခိုင်မာမှုကို ဖော်ပြပြီး တစ်ချိန်တည်းမှာပင် လုပ်ငန်းစဉ် နောက်ပြန်လှည့်မသွားရေးကို အသိအမှတ်ပြုကာ အချိန်မရွေး ပြောင်းလဲသွားနိုင်ခြင်းကိုလည်း ဝန်ခံသလို ဖြစ်ပါသည်။ ထိုစဉ်ကတည်းက နောက်ပိုင်းတွင် ဦးသိန်းစိန်သည် ရင့်ကျက်သော ဒီမိုကရေစီအတွက် နိုင်ငံရေး မျိုးဆက်သစ်မှ အားကောင်းသော အင်အားစုများ စုစည်းရေး လိုအပ်ပုံကို အားထည့်၍ ပြောကြားလာသည်။

မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား ပေါင်းစုံ ရှိသော မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးသည် ရှုပ်ထွေး သိမ်မွေ့ဖွယ် ရှိနေသည်။ နိုင်ငံရေးရာများ စီမံခန့်ခွဲရာတွင် ကျွမ်းကျင်မှုနှင့် ပြည်တွင်းရှိ နိုင်ငံရေးနှင့်ပါဝင် ပတ်သက်သူများ ကြားတွင် စစ်မှန်သော သဘောတူညီချက်များ လိုအပ်ပေသည်။ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အရေးကြီးသော တိုင်းရင်းသား အုပ်စုများ၏ ခေါင်းဆောင်များသည် အဆိုပါ စိတ်ဓာတ်ကို မွေးမြူထားရမည် ဖြစ်သည်။

ယခုလကုန်တွင် ပြုလုပ်မည့် အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်တွင် စိုးရိမ်သော အဓိက အချက် ၄ ခု ရှိနေသည်။ ပထမအချက်မှာ လက်ရှိ ပြုပြင်ပြောင်းလဲမှုနှုန်းကို ဆက်လက် ထိန်းသိမ်းထားရေးနှင့် လူအများ၏ ပေါ်ပြူလာ ထောက်ခံမှု ဆက်ရှိရေးအတွက် သာမန်ပြည်သူများသည် နေ့စဉ်ဘဝတွင် လျင်မြန်သော တိုးတက်မှုများ ရှိလာသည်ဟု တွေ့မြင်ရန် လိုအပ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ချင်း ကူညီနိုင်သော အချက်မှာ နှစ်ပေါင်းများစွာ ချမှတ်ထားသော ကုန်သွယ်ရေး ကန့်သတ်မှုများနှင့် အခြား အရေးယူမှုများ ရုတ်သိမ်းပေးရေးပင် ဖြစ်သည်။ အဆိုပါ အရေးယူမှုများသည် အစိုးရ၊ စစ်တပ်နှင့် နိုင်ငံပိုင် စက်မှုလုပ်ငန်းများကို ရည်ရွယ်သော်လည်း သာမန်ပြည်သူများ အပေါ်တွင်သာ ဝန်ထုတ်ဝန်ပိုးကြီးများ ဖြစ်စေခဲ့သည်။ ကြိုဆိုရမည့် တိုးတက်မှုတစ်ခုမှ တနင်္လာနေ့က အီးယူသည် စီးပွားရေးအရ ပိတ်ဆို့မှုများကို တစ်နှစ် ယာယီ ရပ်ဆိုင်းရန် မဲပေးခဲ့ကြခြင်း ဖြစ်သည်။ အခြားသူများကလည်း နောက်မှလိုက်၍ ရုတ်သိမ်းပေးကြဖွယ် ရှိနေသည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပြန်လည် ကြိုးစားလျက် ရှိရာ အိမ်နီးချင်းများကို အမီလိုက်ရမည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှု အကူအညီများ သိသာစွာ တိုးတက်ရန် လိုအပ်လျက် ရှိသည်။ လူတစ်ဦးချင်း အကူအညီအနေဖြင့် တစ်နှစ်လျှင် လာအို၌ ၆၈.၇၁ ဒေါ်လာ၊ ကမ္ဘောဒီးယား၌ ၅၁.၆၇ ဒေါ်လာ ရရှိနေချိန်တွင် မြန်မာနိုင်ငံ၌ ၇.၅ဝ ဒေါ်လာသာ ရနေသေးရာ အလွန်နည်းပါးလျက် ရှိနေသည်။

အိမ်နီးချင်းနိုင်ငံများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အခြေခံစီးပွားရေးများကို ပြောင်းလဲခဲ့ရသည့်တိုင် ပိုမိုမြန်ဆန်လာသော နှုန်းဖြင့် တိုးတက်လျက် ရှိသည်။ မြန်မာနိုင်ငံမှာမူ ဆန့်ကျင်လျက် မသုံးစွဲရသေးသော ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ရှားပါးသတ္တုများ ကဲ့သို့သော များပြားသည့် သဘာဝကြွယ်ဝမှုများ ရှိနေသည်။ ယင်းတို့ကို တိုးတက်လာသော ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အတူ ထုတ်ယူ သုံးစွဲရမည် ဖြစ်သည်။ ထို့ပြင် အဆိုပါ လုပ်ငန်းစဉ်များကို ခေတ်မီသော တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုအတွက် အာမခံမှုများဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

တတိယအချက်မှာ မြန်မာနိုင်ငံသည် တိုင်းရင်းသားအုပ်စုများနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် အရေးကြီး ခြေလှမ်းများ လှမ်းလျက်ရှိရာ ကရင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိကျသော ကတိကဝတ်များ ပေးနိုင်ခဲ့သော်လည်း ကချင်ပြည်နယ်နှင့်မူ တင်းမာနေဆဲ ဖြစ်သည်။

အလေးအနက် စိုးရိမ်ရသည့် ကိစ္စမှာ အပစ်အခတ် ရပ်စဲရေးမှသည် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့ ပြောင်းလဲမည် ဟူသော အချက် ဖြစ်သည်။ ပါဝင် လုပ်ဆောင်နေသူများနှင့် အစီအစဉ် အမျိုးမျိုး တို့သည် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင်သာ ပေါင်းဆုံရမည် ဖြစ်ပြီး ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်သည် ပါဝင်သူ အားလုံး၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရမည် ဖြစ်သည်။ ပြန်လည် နေရာချထားရေး၊ အိုးအိမ် မဲ့ခဲ့ရသူများ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ရေး၊ အရပ်သားများအတွက် လုံခြုံရေး အာမခံချက် ပိုမိုပေးအပ်ရေး၊ အကျဉ်းသားများ လွှတ်ပေးရေးနှင့် အဆိုပါ ယန္တရားကို စောင့်ကြည့်ခြင်း ကဲ့သို့သော ကိစ္စရပ်များကို သာတူညီမျှ တရားမျှမျှတတ အကောင်အထည် ဖော်နိုင်ပါက တိုင်းရင်းသားများနှင့် အစိုးရကြားတွင် ယုံကြည်မှု ပိုမို ရရှိလာနိုင်မည် ဖြစ်သည်။

စတုတ္ထအချက်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် ယခုမှ အစပင် ရှိသေးရာ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာမှုအပေါ် အခြေခံသော အားလုံးပါဝင်သော နိုင်ငံရေး ယဉ်ကျေးမှုနှင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးလာရန် လေးနက်သော လုပ်ဆောင်မှု အသစ်များနှင့် ဆွေးနွေးမှုများ လိုအပ်ပါသည်။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်လည်း ပါဝင်သည်။ ထို့အတွက် လူထု အခြေပြု အဖွဲ့အစည်းများ လုပ်သာကိုင်သာ ရှိသောတစ်နေရာ ပေးရန်နှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင် ဖော်ထုတ်ပိုင်ခွင့်ကို အကာအကွယ် ပေးရေးလည်း လိုအပ်သည်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သစ် ဖွဲ့စည်းခြင်းသည် အဆိုပါ လုပ်ငန်းစဉ်၏ အစဟု ကိုယ်စားပြုသည်။  သို့ရာတွင် စစ်မှန်သော အမျိုးသား ဒီမိုကရက်တစ် စုစည်းမှု ထွက်ပေါ်လာရေးအတွက် ခိုင်မာသော အခြေခံ ရရန် လုပ်ဆောင်စရာ များစွာ ရှိနေပါသေးသည်။

အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်တွင် ကုလသမဂ္ဂသည် အဆိုပါ ကြိုးပမ်း အားထုတ်မှုများအတွက် ထောက်ခံ ကူညီရန် ကတိများ ပေးလိမ့်မည် ဖြစ်သည်။ အစိုးရက ၃၁ နှစ်အတွင်း ပထမဆုံး လူဦးရေစာရင်း ကောက်ယူရာတွင် ကူညီရန်အစီအစဉ်များကိုလည်း လုပ်ဆောင်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် လူမှုရေးအရ တာဝန်ယူမှု လုပ်ငန်းများ စုပေါင်း ပါဝင်ရေး ဆိုင်ရာ ဥပဒေ ရေးဆွဲရေးတွင် ကုလသမဂ္ဂက အကူအညီ ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေမည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကို မျှော်လင့်ချက်အပြည့်ဖြင့် ရှုမြင်နေချိန်တွင် "လုပ်နိုင်ပါမည်လား" ဟူသည့် မေးခွန်းကို မေးရန်မသင့်ဘဲ "မည်သည်တို့ ကူညီရမည်နည်း" ဟုသာ မေးမြန်းရန် သင့်လျော်လှပေသည်။

**********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ကိုယ်စားလှယ်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် သမ္မတညွှန်ကြား

(Reuters မှ 29 April 2012 ရက်စွဲပါ Myanmar president orders shakeup for peace talks ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွှတ်တော်သို့ ရောက်ဖွယ်ရှိ

(The Nation မှ 28 April 2012 ရက်စွဲပါ Suu Kyi soon be in parliament ကို ဘာသာ ပြန်ဆိုသည်)

  1. နောက်ကြောင်းပြန်မလှည့်သော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် အီးယူတိုက်တွန်း

(AP သတင်းဌာနမှ 28 April 2012 ရက်စွဲပါ EU urges irreversible Myanmar reforms ကို ဘာသာပြန်ဆိုသည်)

*********************************

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ကိုယ်စားလှယ်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် သမ္မတညွှန်ကြား

(Reuters မှ 29 April 2012 ရက်စွဲပါ Myanmar president orders shakeup for peace talks ကို ဘာသာ ပြန်ဆိုသည်)

မဟာဗျူဟာမြောက် ကချင်ပြည်နယ်မှ ရှင်းရခက်နေသော လက်နက်ကိုင် ပဋိပက္ခ အဆုံးမသတ်နိုင်သေးခြင်း၏ နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား လက်နက်ကိုင် ကိစ္စရပ်များကို ထိရောက်စွာ ဖြေရှင်းရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းတော့မည်ဟု နီးစပ်ရာ သတင်းရပ်ကွက်မှ တနင်္ဂနွေနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကချင်နိုင်ငံရေး ခေါင်းဆောင်များနှင့် ၆ ကြိမ် ဆွေးနွေးပြီးသည့်တိုင် တိုးတက်မှု မရှိခြင်းကြောင့် ယင်းကဲ့သို့ ပြင်ဆင် ဖွဲ့စည်းရန် သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ အစိုးရတပ်နှင့် ကချင်တပ်ဖွဲ့များကြား ဇွန်လက စတင်ခဲ့သော တိုက်ပွဲများကြောင့် နယ်ခံပြည်သူ ငါးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

မနှစ်က ဩဂုတ်လတွင် တိုင်းရင်းသား အုပ်စုများအား ငြိမ်းချမ်းရေး စတင်ဆွေးနွေးကြရန် မေတ္တာရပ်ခံခဲ့သော ပြုပြင်ပြောင်းလဲရေး ဝါဒီ သမ္မတက နှစ်ပေါင်း ၆ဝ ပြည်တွင်းစစ် နှိပ်စက်ခဲ့သော နိုင်ငံတွင် ငြိမ်းချမ်းရေး တည်တံ့စေမည့် အဆင့် ၃ ဆင့် အစီအစဉ်၏ အဆင့်တစ်ခုအဖြစ် ပြုလုပ်နေသော ဆွေးနွေးပွဲများကို ဦးဆောင်ရန် စီနီယာပိုကျသော အာဏာပိုင်များကို ထည့်သွင်း ဖွဲ့စည်းတော့မည် ဖြစ်သည်။

သမ္မတ၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့် နီးစပ်သူ နှစ်ဦးက ပြောကြားရာတွင် ထပ်မံ ဝင်လာမည့် မျက်နှာသစ်များထဲတွင် ဒုတိယသမ္မတ တစ်ဦးနှင့် ထိပ်တန်း စစ်ဖက်ခေါင်းဆောင်များ ပါဝင်လိမ့်မည်ဟု ဆိုသည်။ "အခု ပြင်ဖွဲ့မယ့် အဖွဲ့သစ်မှာ အကြီးတန်း တပ်မတော် အရာရှိတွေ၊ လွှတ်တော် အမတ်တွေ၊ ပြည်နယ် ဝန်ကြီးချုပ်တွေ အပါအဝင် အဖွဲ့ဝင်များစွာ ပါဝင်ပြီး ဒုတိယသမ္မတတစ်ဦးက ဦးဆောင်ပါလိမ့်မယ်" ဟု အမည်မဖော်လိုသူ သတင်း ရင်းမြစ်က ပြောသည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO သည် မြန်မာနိုင်ငံ၏ အင်အာကြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစ်ခု ဖြစ်ပြီး ကချင်ပြည်နယ် သည်လည်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် စွမ်းအင် ငတ်မွတ်နေသော တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့ဆောင်မည့် အမြွာပိုက်လိုင်းတို့ ရှိနေသောကြောင့် မြန်မာနိုင်ငံ စီးပွားရေးအတွက် အသက်သွေးကြောသဖွယ် အရေးပါလျက် ရှိသည်။

ထိပ်တန်း ငြိမ်းချမ်းရေး ညှိနှိုင်းသူတစ်ဦး ဖြစ်သော ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ရှိရင်းစွဲ ငြိမ်းချမ်းရေး ဖော်ဆောင်မှု နှစ်ဖွဲ့ကို တစ်ဖွဲ့တည်း ဖြစ်အောင် စုစည်းမည် ဖြစ်ကြောင်း နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အသေးစိတ် ရှင်းလင်း ပြောဆိုခြင်း မရှိဟု ပြည်တွင်း သတင်းထောက်တစ်ဦးက ဆိုသည်။ မှတ်ချက်ပေး ပြောဆိုမှုများကိုလည်း ချက်ချင်း အတည်မပြုနိုင်သေးပါ။

စီးပွားရေးဖွံ့ဖြိုးမှုနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဦးစားပေး ကိစ္စအဖြစ် တိုင်းရင်းသား အုပ်စုများနှင့် ထာဝရ နိုင်ငံရေး ပြေလည်မှု ရရှိရန် လိုအပ်ကြောင်းကို အနောက်အုပ်စု အင်အားကြီး နိုင်ငံများက တွန်းအားပေးလျက် ရှိသည်။ လတ်တလောတွင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု အနည်းဆုံး ၁ဝ ဖွဲ့ခန့်နှင့် ကနဦး အပစ်ရပ်ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

မကြာသေးမီကအထိ ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့သော ကရင် အမျိုးသား အစည်းအရုံး KNU သည်လည်း ယခုလတွင် နိုင်ငံရေး ဆွေးနွေးမှု စတင်ခဲ့သော ပထမဆုံး အုပ်စု ဖြစ်လာသည်။ ယင်းဆွေးနွေးမှုများ၏ အရေးကြီးသော အပိုင်းမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် သဘောတူပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည့် အချက် ဖြစ်သည်ဟု မျှော်လင့်ရသည်။

မည်သူတို့ဖြင့် အစားထိုး ဖွဲ့စည်းမည် ဆိုသည်ကို အတိအကျ မသိရသေးပါ။ လက်ရှိအဖွဲ့နှစ်ဖွဲ့ကိုမူ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနှင့် ယခင် နိုင်ငံတော် အကြီးအကဲ၏ လက်ရုံး ဦးအောင်သောင်းတို့က ဦးဆောင်သည်။

မနှစ်ကအထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် အစိုးရဟောင်း၏ အမာဂိုဏ်းသား တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဦးအောင်သောင်း၏ အဖွဲ့ထက် ပြုပြင်ပြောင်းလဲရေး ဝါဒီ ဝန်ကြီး ဦးအောင်မင်း၏ အဖွဲ့က များစွာ ပိုအောင်မြင်ကာ သံသယကြီးသော သူပုန်ခေါင်းဆောင်များ၏ ယုံကြည်မှုကို ရရှိထားသည်ဟု အကဲခတ် လေ့လာသူများနှင့် သံတမန်များက ဆိုသည်။

ဦးအောင်သောင်း၏ အဖွဲ့သည် ကချင် ကေအိုင်အိုအဖွဲ့နှင့် အပစ်ရပ်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အခြေအနေ ရှုပ်ထွေးသော ကချင်ပြည်နယ်တွင် ရလဒ်အသီးအပွင့် ထွက်ပေါ်လာခြင်း မရှိပေ။ နိုင်ငံပိုင်သတင်းစာက ကချင်ပြည်နယ် ဆဒုံတွင် အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်ခဲ့ခြင်းကြောင့်  ဒေသခံ အစိုးရ အရာရှိ တစ်ဦး သေဆုံးကာ ၃ ဦးပျောက်ဆုံးနေသည်။ ထို့ပြင် မော်တော်ယာဉ်များနှင့် တံတားကိုလည်း ကေအိုင်အေက ဖျက်ဆီးခဲ့သည်ဟု မနေ့က ရှားရှားပါးပါး သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရတပ်ကော ကချင်တပ်ပါ နှစ်ဖက်စလုံး စိတ်ရှည် သည်းခံကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြိမ်ကြိမ် တောင်းဆိုလျက် ရှိသည်။ ကေအိုင်အေကို မတိုက်ရန် သမ္မတက ညွှန်ကြားထားသော်လည်း တပ်မတော်ဟု ခေါ်သော အစိုးရတပ်များက မုဒိန်းမှုများ၊ အဓမ္မခိုင်းစေမှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ် ကျူးလွန်နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက အထောက်အထား ခိုင်လုံစွာ တင်ပြ ပြောဆိုထားကြသည်။

***********************************

ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွှတ်တော်သို့ ရောက်ဖွယ်ရှိ

(The Nation မှ 28 April 2012 ရက်စွဲပါ Suu Kyi soon be in parliament ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဝါဒီ သမ္မတကြီး၏ ထောက်ခံမှုကို ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်က သူမအား လွှတ်တော်အဝင် နှောင့်နှေးသွားစေသော ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်သည်။ သူမနှင့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်သစ်များသည် တပ်မတော်က ရေးဆွဲထားသော အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူသော စကားကို ကျမ်းသစ္စာ ကျိန်ဆိုရန် ငြင်းပယ်ခဲ့သော ကိစ္စ လိပ်ခဲတည်းလည်း ဖြစ်နေသောကြောင့် တနင်္လာနေ့က လွှတ်တော်အစည်းအဝေး တက်ရောက်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ကြသည်။

ကြာသပတေးနေ့က အီတလီ နိုင်ငံခြားရေးဝန်ကြီး ဂီလီယိုတာဇီနှင့် ပြုလုပ်သော သတင်းစား ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က "လက်ရှိ ပြဿနာ ခက်ခဲကြန့်ကြာခြင်း မရှိဘဲ ပြေလည်သွားလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်" ဟု ပြောကြားသည်။

ဆက်လက်၍ သူမက "အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို ဆက်လက် ကြိုးစား လုပ်ဆောင်သွားရန် သန္နိဋ္ဌာန် ချထားကြောင်းနှင့် အကြောင်းရင်းမှာ အထူးသဖြင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ရိုးဖြောင့်မှု ရှိသည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်ကြောင်း" ထုတ်ဖော် ပြောကြားသည်။ သမ္မတဦးသိန်းစိန်သည် မနှစ်က အာဏာရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ပင်မနိုင်ငံရေး ရေစီးကြောင်းထဲသို့ ပြန်လည် ခေါ်ယူခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ရှိကြောင်း ဝန်ခံ၍ ပြန်လည် လွှတ်ပေးခြင်း တို့အပါအဝင် ပြုပြင် ပြောင်းလဲမှုများ အများအပြား ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ လွှတ်တော်ကို သွားမယ့်လမ်းက အတားအဆီးနဲ့ ပတ်သက်လို့ ပြောရရင် နည်းလမ်းပိုင်း ဆိုင်ရာ ကိစ္စ သက်သက်ပဲလို့ ထင်ပါတယ်။ နိုင်ငံရေး ပြဿနာ တစ်ရပ် ဖြစ်လာတဲ့အထိ မချဲ့ချင်ပါဘူး" ဟု ရှင်းလင်းပြောကြားသွားသည်။

အစိုးရနှင့် လွန်ဆွဲမှု လက္ခဏာဟု ရှုမြင်ကြသော NLD က လွှတ်တော် မတက်ရေး ဆုံးဖြတ်ချက်သည် အီးယူက မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို ချီးမြှောက်သည့် အနေဖြင့် အရေးယူမှုများ ရပ်ဆိုင်းပေးခြင်းနှင့် တစ်ရက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

NLD က ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည် ဟူသော စကားလုံးကို လေးစား လိုက်နာပါမည်ဟု ပြောင်းလဲပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLD သည် ယခင်နှစ် ၂ဝ ကကဲ့သို့ လွှတ်တော်ပြင်ပ နိုင်ငံရေး သာမက လွှတ်တော်ထဲသို့ ဝင်ကာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်သွားနိုင်ရန် မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။

*******************************

နောက်ကြောင်းပြန်မလှည့်သော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် အီးယူတိုက်တွန်း

(AP သတင်းဌာနမှ 28 April 2012 ရက်စွဲပါ EU urges irreversible Myanmar reforms ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနေဖြင့် နောက်ကြောင်းပြန် မလှည့်နိုင်သော ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများ တိုးတက် ဖြစ်ထွန်းအောင် အကောင်အထည်ဖော် လုပ်ဆောင်သွားသင့်ကြောင်း ဥရောပသမဂ္ဂ(အီးယူ)၏ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုပြုလုပ်ပြီးနောက် တိုက်တွန်းပြောဆိုသည်။

မစ္စ ကက်သရင်း အက်ရှ်တန်သည် အီးယူက မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့လိုက်ပြီး ရက်ပိုင်းမျှအကြာတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည်။ ဧပြီလ ၂၈ ရက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံရာ၌ မစ္စကက်သရင်းက "မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် အီးယူအနေဖြင့် အခန်းကဏ္ဍသစ် တစ်ခု ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း" ပြောဆိုသည်။

"ဒါဟာ ပြောင်းလဲမှုဖြစ်စဉ် တစ်ခုပါပဲ။ အဲဒီဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အတူတကွ ပူးပေါင်းပါဝင်ပြီး နောက်ပြန်မလှည့်ဘဲ ရှေ့ဆက် သွားနိုင်တာကို ကျွန်မတို့အားလုံး မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်" ဟု မစ္စကက်သရင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ "အဲဒီ ဖြစ်စဉ်မှာ လုပ်ဆောင်ဖို့ လိုအပ်တဲ့ကိစ္စတွေ အများကြီးရှိပြီး ဖြေရှင်းရမယ့်အရာတွေလည်း အများကြီးပါပဲ" ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။ မစ္စ ကက်သရင်းသည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ လွှတ်တော်မတက်ရောက်မီ ကျမ်းသစ္စာ ဆိုရမည့် ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးပေါ်ပေါက်လာသော ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များသည် သမိုင်းဝင် အပြောင်းအလဲများ ဖြစ်သည်ဟု အီးယူက မှတ်ချက်ပေးထားပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ပေးလိုက်သည်။ သို့ရာတွင် မြန်မာနှင့် လက်နက်ရောင်းဝယ်မှု အပေါ် ကန့်သတ် ပိတ်ပင်မှုအား ဆက်လက်ထားရှိဆဲဖြစ်သည်။

ယခုအခါ မစ္စ ကက်သရင်းသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အီးယူရုံးခွဲ ဖွင့်လှစ်သည့်ကိစ္စကို  စီစဉ်ဆောင်ရွက်ခဲ့ရာ အီးယူ၏ အကူအညီ အထောက်အပံ့ ပေးရေး အစီအစဉ်များကို ပိုမိုရရှိလာမည်ဖြစ်သလို နိုင်ငံရေး အခန်းကဏ္ဍတွင်လည်း ပါဝင်လာနိုင်မည် ဖြစ်ကြောင်း သံတမန်ကြီးများက သုံးသပ် ပြောဆိုသည်။ အဆိုပါ ရုံးခွဲ ဖွင့်လှစ်သည့်ကိစ္စသည် မြန်မာနိုင်ငံတွင်း ရာနှုန်းပြည့်ကိုယ်စားလှယ် ခန့်အပ် ထားရှိသွားရေးအတွက် ပထမအဆင့် ဖြစ်ကြောင်း မစ္စကက်သရင်းက ဘရူးနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သွားသော ဥရောပနှင့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ၌ ပြောကြားသည်။ ထို့ပြင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များကို ကြိုဆိုကြောင်း၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရန် တိုက်တွန်းမည်ဖြစ်ကြောင်း ထပ်မံပြောဆိုသည်။

ဦးသိန်းစိန်သည် ယမန်နှစ် သမ္မတရာထူးရရှိခဲ့သည့် အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ အင်အားစုများ နိုင်ငံရေးဖြစ်စဉ်ထဲသို့ ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးမှု အပါအဝင် အခြားသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ခေါင်းဆောင်သော အစိုးရသစ်နှင့် အတိုက်အခံအင်အားစုများ ပြေလည်မည့် အရိပ်အယောင်များ ပေါ်ထွက်ခဲ့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ လွှတ်တော်သို့ မဝင်ရောက်မီ ကျန်းသစ္စာကျန်ဆိုမည့် စာသားကိစ္စနှင့် ပတ်သက်၍ တင်းမာမှု အနည်းငယ် စတင်ဖြစ်ပေါ်လာသည်။ မြန်မာစစ်အစိုးရ ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒေကို 'ကာကွယ်စောင့်ရှောက်' ပါမည့် ဟု ကျမ်းသစ္စာ ဆိုရမည့် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းပြောဆိုပြီး အဆိုပါ စာသားကို ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။

အကယ်၍ စစ်တပ်ကျောထောက်နောက်ခံ နိုင်ငံရေးပါတီက ကျမ်းသစ္စာဆိုရမည့် စာသားကို ပြင်ဆင်ပေးရန် ထောက်ခံမဲပေးလာမည် ဆိုပါက မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့အနေနဲ့ အဲဒီအဆင့်ထိ မရောက်ရှိသေးတဲ့အတွက် အလောတကြီး ပြောလို့ မရသေးပါဘူး" ဟု ပြန်လည်ဖြေကြားသည်။ လက်ရှိအနေအထားတွင် နိုင်ငံရေးစည်းရုံးလှုံ့ဆော်သူများက မြန်မာပြုပြင်ပြောင်းလဲရေး အစိုးရ အပေါ် ယုံကြည်မှုရှိကြောင်း ပိုမိုပြသလာကြသလို ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပခရီး သွားရောက်ရန် ပြင်ဆင်လျက်ရှိသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၌ ယခုချိန်ထိ နိုင်ငံကူးလက်မှတ်(ပတ်စပို့) မရှိသေးပေ။

 ******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs