Transparency Myanmar

transparency.myanmar@gmail.com

Marwaan Macan.Markar, IPS, 14th June 2010

မဲခေါင်မြစ်သည် တရုတ်စတိုင် လူထုစည်းရုံးရေး အတွက် စမ်းသပ်ကွင်း တစ်ခု အဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။ Beijing သည် မဲခေါင်မြစ်နှင့် သက်ဆိုင်သော ၎င်း၏ တောင်ဖက် အိမ်နီးချင်း နိုင်ငံများ အပေါ်တွင် ဒုက္ခပေးသော နိုင်ငံအဖြစ်ထက် စာလျှင် ခင်စရာ ကောင်းသော အကောင်ကြီးအဖြစ် (Friendly Giant) မြင်စေလိုသည်။

ထူးထူးခြားခြား တစ်ခါမျှ မဖြစ်ဖူးသော ဖြစ်ရပ်တစ်ခုမှာ တရုတ်နိုင်ငံသည် ၎င်း၏ တောင်ပိုင်းတွင် ကွေ့ဝိုက် စီးဆင်းနေသော မဲခေါင်မြစ် အထက်ပိုင်းတွင် တည်ထားသော ဆည်လေးခု အနက် နှစ်ခုကို လျှို့ဝှက်ထားရာမှ ထုတ်ဖော် ပြသခဲ့ရာ သံတမန်ရေးအရ ပွင့်လင်းမှုဖက်သို့ ဦးတည်သော နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

ဇွန်လ ၇ ရက်နေ့က ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်တို့မှ အစိုးရ အကြီးတန်း တာဝန်ရှိသူများကို အသစ် တည်ဆောက်ထားသော Xiaowan ဆည်နှင့် ယခင်ရှိပြီးဖြစ်သော Jing Hong ဆည်တို့အား အချက်အလက် ရှာဖွေရေး ခရီးစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပထမဆုံး အကြိမ် လာရောက် ကြည့်ရှုရန် တရုတ်က ဖိတ်ခေါ်ခဲ့သည်။ ယခု ခရီးစဉ်သည် ယခင်က မဲခေါင်မြစ်ဝှမ်း နိုင်ငံများကို ကန့်သတ် နယ်မြေအဖြစ် ပြုလုပ်ထားသော တရုတ်ပြည်၏ တောင်များ ထူထပ်သော ယူနန်ပြည်နယ်သို့ ပထမဆုံး ခရီးစဉ် ဖြစ်လိမ့်မည် ဖြစ်သည်။

ဧပြီလဆန်းက ကျင်းပသော မဲခေါင်မြစ် နိုင်ငံများ၏ ပထမအကြိမ် ထိပ်သီး အစည်းအဝေးတွင် မဲခေါင်မြစ်ဝှမ်း လေးနိုင်ငံနှင့် တရုတ်အပြင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး Beijing က ကြိုဆို နှုတ်ခွန်းဆက်ခဲ့သည်။ ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် ကျင်းပသော အဆိုပါ အစည်းအဝေးသည် ၁၉၉၅ မဲခေါင် သဘောတူညီချက် ၁၅ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ ၁၉၅၅ မဲခေါင် သဘောတူညီချက်ကြောင့် မြစ်ဝှမ်း ဧရိယာ တိုးတက်ရေးနှင့် စီမံခန့်ခွဲမှု အတွက် မဲခေါင်မြစ် အောက်ပိုင်း လေးနိုင်ငံ အစိုးရများ ပူးပေါင်း ပါဝင်သော မဲခေါင်မြစ် ကော်မရှင် (MRC) ကို ဖွဲ့စည်းနိုင်ခဲ့သည်။

"အဲဒီ ထိပ်သီး အစည်းအဝေးမှာ တရုတ်အစိုးရက ပြောတာက သူတို့ဟာ မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံ အစိုးရတွေနဲ့ ပိုမို ပွင့်လင်းစွာ ဆက်ဆံလိုတယ်လို့ ပြောခဲ့ပါတယ်" ဟု MRC ပြောခွင့်ရ ပုဂ္ဂိုလ် Damian Kean က ၎င်း၏ဌာနချုပ်ရှိရာ ဗီယင်ကျင်းမြို့တွင် IPS သို့ ပြောကြားခဲ့သည်။ "မဲခေါင်မြစ်ဝှမ်း အောက်ပိုင်း နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို ဖော်ထုတ်ဖို့ စိတ်အား ထက်သန်ပါတယ်လို့ တရုတ်က ဆိုပါတယ်" ဟု ၎င်းက ပြောသည်။

မတ်လသည် မဲခေါင်မြစ်ပေါ်တွင် တရုတ်၏ လျှို့ဝှက်သော မူဝါဒများ အတွက် သတိပြုမိလောက်သော အချိုးအကွေ့များ ဖြစ်ခဲ့ရသည်။ မဲခေါင်မြစ်သည် ၄၆၆၀ ကီလိုမီတာ ရှည်လျားပြီး တိဗက် လွင်ပြင်မှ အစပြုကာ ယူနန်ပြည်နယ်ကို ဖြတ်သန်းပြီး၊ မြန်မာနိုင်ငံမှ တဆင့် မြစ်ဝှမ်း လေးနိုင်ငံကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် တောင်တရုတ် ပင်လယ်သို့ စီးဝင်သည်။

ထိုသို့ ဖြစ်ရခြင်းမှာ မဲခေါင်မြစ် အပေါ်ပိုင်းတွင် တရုတ်က ဆည် ရှစ်ခု အစီအစဉ်ရှိသည့် အနက် ပြီးစီးသွားသည့် ဆည်လေးခုကြောင့် မဲခေါင်မြစ်ဝှမ်းတွင် နှစ်ပေါင်း ငါးဆယ် အတွင်း ပထမဦးဆုံး အကြိမ် ရေခမ်းခြောက်မှု ရှိကြောင်း စိတ်ပျက်ဖွယ် ဝေဖန်မှုကြောင့် ဖြစ်သည်။ မဲခေါင်မြစ် အောက်ပိုင်းတွင် ရေခန်းခြောက်မှုကြောင့် အဆိုပါ ဒေသတွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးသော လူဦးရေ သန်း ၆၀ ၏ ဘဝကို ထိခိုက်စေကြောင်း ဆိုသည်။

ဘီဂျင်းက ကမ်းလှမ်းလိုက်သည့် သံလွင်စက် ရပ်နားရာ နယ်မြေသည် ထိုင်းနိုင်ငံပင် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် သာမန် ပြည်သူလူထု၏ ရေလှောင်တမံ ဆန့်ကျင်ရေး ပြစ်တင် ဝေဖန်မှုများ အများဆုံး ပေါ်ထွက်ခဲ့သည်မှာ အဆိုပါ အရှေ့တောင် အာရှနိုင်ငံမှ ဖြစ်သည်။ ဘန်ကောက် အခြေစိုက် ကွန်ယက်ဖြစ်သည့် Save the Mekong Coalition ကဲ့သို့သော အုပ်စုများက မဲခေါင်မြစ်၏ နေ့စဉ် ရေကြောင်း သဘာဝနှင့် အနည်ပို့ချမှုများ ၁၉၉၀ ခုနှစ်များ အစောပိုင်းက စ၍ ပြောင်းလဲသွားခြင်းသည် တရုတ်တို့၏ ရေလှောင်တမံ စီမံကိန်းများနှင့် ယခင်ကပင် ဆက်စပ်နေပြီး ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထိုသို့ ကန့်ကွက်နေမှုများ ငြိမ်သက်သွားစေရန် ဘန်ကောက်မှ တရုတ် သံတမန် ချန်ဒီဟိုင်းက မတ်လတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပကာ ၁၉၉၂ ကပင် လုပ်ငန်းစခဲ့သည့် မဲခေါင် အထက်ပိုင်း ပထမဆုံး တရုတ် ရေလှောင်တမံ မန်ဝမ်မှ စတင်၍ ပြန့်နှံ့နေခဲ့သော ရေလှောင်တမံ သတင်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ နှုတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်သည်။

ယခုနှစ် နွေရာသီတွင် မဲခေါင်မြစ်ရေ စံချိန်တင် ကျဆင်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ တရုတ် ရေလှောင်တမံများ မဟုတ်ပါဟု ဘန်ကောက်တွင် ချန်ဒီဟိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ လန်ကန်းမြစ် (မဲခေါင်၏ တရုတ် အမည်) ၏ တရုတ်နိုင်ငံတွင်း နှစ်စဉ် ပျမ်းမျှ ရေစီးပမာဏသည် ၆၄ ဘီလျံ ကုဗမီတာ နီးပါးရှိရာ အဆိုပါ ပမာဏသည် တောင်တရုတ် ပင်လယ် ထွက်ပေါက်ရှိ မဲခေါင် ရေစီးပမာဏ၏ ၁၃.၅ % မျှသာ ရှိသည်ဟု ၎င်းက အကြောင်းပြ ရှင်းလင်းခဲ့သည်။

ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်တွင် ဧပြီ ၁ ရက်က ကျင်းပသော မဲခေါင်ဆိုင်ရာ ဆွေးနွေးပွဲတွင် ကြုံတောင့်ကြုံခဲ တွေ့မြင်ရသည့် အခြား တရုတ်သံတမန် တစ်ဦးကလည်း ချန်၏ သုံးသပ်ချက်ကို သံယောင်လိုက်ခဲ့သည်။ ဘန်ကောက်ရောက် တရုတ် သံတမန်အဖွဲ့ ပထမ အတွင်းဝန် ယိုဝမ်က "အကြီးဆုံး ရေလှောင်တမံ ဖြစ်သည့် ဇိုဝမ်တွင် ၂၀၀၉ ဇူလိုင်က စ၍ ရေသိုလှောင်ခဲ့သော်လည်း နွေရာသီ စသည့် အချိန်တွင် ရေသိုလှောင်မှုကို ရပ်ဆိုင်းထားသည်" ဟု မဲခေါင်မြစ်ရေ မျှဝေ သုံးစွဲရေး လူထု ဆွေးနွေးပွဲ ဖိုရမ်သို့ တက်ရောက်လာသူများအား ပြောကြားခဲ့သည်။

တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဟူဇန်ကွေးသည် မတ်လအတွင်း ဘန်ကောက်သို့ လာရောက်စဉ် မဲခေါင် အိမ်နီးချင်းများ အပေး ချစ်ကြည် ရင်းနှီးမှုကို အာမခံသည့် စကားများ ပြောကြားခဲ့သည်ဟု သိရှိရသည်။ မဲခေါင် အိမ်နီးချင်း နိုင်ငံများနှင့် အပြန်အလှန် အကျိုးစီးပွား ထိခိုက်စေမည့် တစ်စုံတစ်ရာကိုမျှ တရုတ်က ပြုလုပ်မည် မဟုတ်ပါဟု ဟူဇန်ကွေးက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အား ပြောကြားခဲ့သည်။

မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ၊ ပါးနပ်စွာ ဆက်ဆံ စည်းရုံးမှုများ မပြုလုပ်ပဲ ရှောင်ရှားခဲ့သည့် ယခင် နည်းလမ်းသည် အလုပ်မဖြစ်ကြောင်း တရုတ်တို့ သဘောပေါက် သွားပြီဟု ပြောကြားလိုက်သူမှာ အမေရိကန် အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စု "International Rivers" မှ မဲခေါင် အစီအစဉ် ညှိနှိုင်းရေးမှူး Carl Middleton ဖြစ်သည်။

ယခုအချိန်အထိ မတွေ့ရသေးသည့် အရာမှာ မဲခေါင်မြစ် အောက်ပိုင်း လူ့အဖွဲ့အစည်းနှင့် တိုင်ပင် ညှိနှိုင်းခြင်း မရှိဘဲ ရေလှောင်တမံ ၄  ခု တည်ဆောက်ခဲ့သော အတိတ်က အမှားများနှင့် ပတ်သက်၍ ဘေဂျင်းထံမှ အသိအမှတ်ပြု ဝန်ခံမှုပင် ဖြစ်သည်ဟု Middleton က IPS သို့ ပြောကြားခဲ့သည်။ "ဒီက လူတွေ လိုအပ်နေတာက အတိတ်က အမှားတွေ အတွက် ပြေရာပြေကြောင်း တောင်းပန်ဖို့ပါ" ဟု ၎င်းက ဆိုသည်။

"အခုအချိန်မှာ တရုတ်က မဲခေါင်မြစ် အောက်ပိုင်းနိုင်ငံတွေနဲ့ မျှဝေ သုံးစွဲဖို့ လိုလိုလားလား ရှိနေတယ်ဆိုတဲ့ သတင်းကို MRC မဲခေါင်မြစ် ကော်မရှင်က မဲခေါင်မြစ် အောက်ပိုင်း လူ့အဖွဲ့အစည်းတွေကို အသိပေးသင့်နေပါပြီ။ တရုတ်ကလည်း ဒေသတွင်း ငြိမ်းချမ်းမှုနှင့် အောင်မြင်မှုကို ရချင်တယ်ဆိုရင် မဲခေါင်မြစ်ကို မျှဝေ သုံးစွဲရမယ် ဆိုတဲ့ အချက်ကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဗီယက်နမ် စစ်ပွဲတွင် အရေးနိမ့်ပြီး မကြာမီ ဝါရှင်တန်က စိတ်ဝင်စားမှု လျော့ပါးသွားခဲ့သော မဲခေါင်မြစ်၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးမှုကို ကူညီရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရက အသစ်တဖန် ပြသလိုက်သည့် အချိန်တွင် လေ့လာသူ ပညာရှင်များက "ပထဝီ နိုင်ငံရေး အကြောင်းရပ်များကြောင့် ဒေသတွင်း ငြိမ်းချမ်းမှု ရရှိရန် ဘီဂျင်းက စိတ်ဝင်စားလာသည်" ဟု ပြောကြားခဲ့သည်။

မေလလယ်တွင် မဲခေါင် ကော်မရှင်နှင့် မစ္စစ္စပီ မြစ်ကြောင်း ကော်မရှင်တို့သည် မြစ်ကြောင်း စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပထမဆုံး သဘောတူညီချက် ရရှိခဲ့ကြပြီး ယခင်နှစ် ဇူလိုင်လက ဖူးခက်တွင် ပြုလုပ်သည့် အမေရိကန် - မဲခေါင် အောက်ပိုင်း ဝန်ကြီးများ ပထမအကြိမ် အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တင်ပြသည့် အစီအစဉ်ကို အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ ခရီးစဉ် အတွင်း ချစ်ကြည်ရေး စာချုပ်နှင့် ဒေသဆိုင်ရာ လုံခြုံရေး သဘော တူညီချက်တို့ကို ကလင်တန်က လက်မှတ် ရေးထိုးခဲ့သည်။ အလားတူ သဘောတူညီချက်များကို ဘေဂျင်းက ၂၀၀၃ ခုနှစ်ကပင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

တရုတ်နိုင်ငံက မဲခေါင် အောက်ပိုင်း နိုင်ငံများနှင့် ပါးနပ်စွာ ဆက်ဆံရန် ပြောင်းလဲလိုက်ခြင်းသည် ယခင်နှစ်က အမေရိကန် လက်မှတ် ရေးထိုးခဲ့သည့် ချစ်ကြည်ရေး စာချုပ်ကို တိုက်ရိုက် တုန့်ပြန်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အင်္ဂလိပ် သတင်းစာ "The Nation" မှ ပင်တိုင် ဆောင်းပါးရှင် ဘာဗီချောင် ကီတာဗွန်က ပြောကြားခဲ့သည်။ "ဘေဂျင်းက သူရထားတဲ့ အားသာချက်တွေ ဆုံးရှုံးခဲ့တာပါ။ ဒေသတွင်းမှာ သူ့အပေါ် မကောင်းမြင်တာမျိုးကို အဖြစ်ခံချင်မှာ မဟုတ်တော့ဘူး" ဟု ၎င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Freedom House, 3rd June 2010

၂၀၀၉ အဓိက ဖြစ်ရပ်များ

မြန်မာ စစ်ဖက် အစိုးရသည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှု တရားဝင် ဖြစ်စေရန် ရည်ရွယ်သည့် အစီအစဉ် တစ်ခုဖြစ်သော ဒီိမိုကရေစီ လမ်းပြ မြေပုံနှင့်အတူ ၂၀၀၉ ခုနှစ်အတွင်း ခြေလှမ်း သွက်ခဲ့သည်ကို တွေ့ရှိရသည်။ အမျိုးသား ရွေးကောက်ပွဲများဟု ခေါ်သော လုပ်ငန်းစဉ်ကို ၂၀၁၀ တွင် ကျင်းပမည်ဟု မျှော်လင့်ရပြီး ၂၀၀၉ ခုနှစ်အတွင်း၌ နိုင်ငံရေး အတိုက်အခံများကို အစိုးရက ဆက်လက် ဖမ်းဆီး ထောင်ချခဲ့ကာ မဲပေးပွဲ မတိုင်မီ အတိုက်အခံတို့ အပေါ် ချိုးနှိမ်မှုကို သေချာအောင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် တပ်မတော်၏ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်း ပါဝင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက ငြင်းဆန်ခဲ့ခြင်းကြောင့် ၂၀၁၀ တွင် အမျိုးသား ညီညွတ်မှု ရရှိလိုသည့် အစိုးရ၏ ရည်မှန်းချက်ကို နှောင့်နှေးစေခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား တင်းမာမှု ကြီးထွားလာခဲ့သည်။

နိုင်ငံရေး ရပိုင်ခွင့်များ

မြန်မာနိုင်ငံသည် ရွေးကောက် တင်မြှောက်သော ဒီမိုကရေစီ နိုင်ငံမဟုတ်ပါ။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်အာဏာဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ အားလုံးကို ချုပ်ကိုင်ထားပြီး အခြေခံ အခွင့်အရေး အားလုံးနီးပါးကို ချုပ်ချယ်ထားကာ လူ့အခွင့်အရေး အလွဲသုံးစား ပြုမှုများကိုလည်း အရေးယူခြင်း မရှိဘဲ ကျူးလွန်နေသည်။ စစ်ဖက် အရာရှိကြီးများက အစိုးရ အဖွဲ့ဝင် ရာထူးနေရာ အားလုံးကို သိမ်းပိုက်ထားသလို တာဝန် ထမ်းဆောင်ဆဲ (သို့) စစ်ဖက် အငြိမ်းစား အရာရှိများကလည်း ဝန်ကြီးဌာန အားလုံး၏ ထိပ်ပိုင်း ရာထူးများ အပါအဝင် အရေးကြီး အရပ်ဖက် ရာထူးနေရာများကို ရယူထားကြသည်။ SPDC က ၎င်းတို့အပေါ် သဘောထား ကွဲလွဲ ဆန့်ကျင်မှုကို သည်းခံခြင်း မရှိပဲ၊ အစိုးရအား ပြစ်တင် ဝေဖန်သူ မှန်သမျှကို ဖမ်းဆီး ထောင်ချသည့် သမိုင်းကြောင်း ရှိခဲ့သည်။ လက်ရှိ ဖြစ်ပွားနေသော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု မရှိခြင်း၊ အကျင့်ပျက် ခြစားခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်း စသော ကိစ္စများမှာ နိုင်ငံတော် အဆင့်နှင့် အောက်ခြေဒေသ အဆင့်များတွင် ထိန်းမရအောင် ပျံ့နှံ့နေသည်။

အရပ်ဖက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်များ

မြန်မာ အစိုးရသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလွန်အကျွံ ထိန်းချုပ် တင်းကြပ်ထားပြီး သတင်းစာနှင့် ရုပ်သံလွှင့် မီဒီယာ အားလုံးကိုလည်း ထိန်းချုပ် ပိုင်ဆိုင်ထားသည်။ ၂၀၀၉ ခုနှစ် အတွင်း၌ မီဒီယာများကို ဆက်လက် ဖြိုခွဲ နှိပ်ကွပ်ခဲ့ပြီး နှစ်ကုန်တွင် ဖမ်းဆီးခဲ့သော သတင်းထောက် အရေအတွက်မှာ အနည်းဆုံး ၁၇ ဦးခန့် ရှိသည်။ အာဏာပိုင်များသည် အင်တာနက် ကဖေးများကို အမြဲတမ်း စောင့်ကြည့်နေကာ ဘလော့ဂါများကိုလည်း ပုံမှန် ထောင်ချလေ့ ရှိသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် ဘာသာရေး လွတ်လပ်ခွင့်ကို ထည့်သွင်း ခွင့်ပြုထားသည်။ ဥပဒေတွင် ဗုဒ္ဓဘာသာကို အဓိကဘာသာ အဖြစ် အသိအမှတ် ပြုထားသော်လည်း ခရစ်ယာန်၊ အစ္စလာမ် နှင့် ဟိန္ဒူ ဘာသာများကိုလည်း အသိအမှတ် ပြုထားသည်။ တစ်ချိန်တည်းတွင် အစိုးရက ဘာသာရေး အသင်းအပင်းများ၏ စုဝေးမှုများကို နှောင့်ယှက် ဟန့်တားခဲ့ကာ လူနည်းစု ဘာသာရေး အုပ်စုများကိုလည်း ခွဲခြား ဆက်ဆံခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်းများကိုလည်း ၂၀၀၇ ဆန္ဒပြပွဲ ဖြိုခွဲပြီးချိန်မှစ၍ အနီးကပ် စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံတွင် ပညာရေး လွတ်လပ်ခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ကန့်သတ်ထားသည်။ ကျောင်းဆရာ၊ ဆရာမများမှာ လွတ်လပ်စွာ ပြောဆိုခွင့် တင်းကြပ်ထားခြင်း ခံရသလို ၎င်းတို့ ကျောင်းသားများ၏ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း တာဝန်ယူရသည်။ ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ၏ ဒီမိုကရေစီ ဆန္ဒပြပွဲများ အပြီးတွင် အစိုးရက တက္ကသိုလ်များကို အချိန် အကန့်အသတ်မရှိ ပိတ်လိုက်ပြီး ကျောင်းသားများကို အုပ်စုခွဲရန် အတွက် တက္ကသိုလ်ကျောင်းများကို သီးခြားနေရာများစွာသို့ ရွှေ့ပြောင်းလိုက်သည်။

တရားစီရင်ရေး ကဏ္ဍတွင်လည်း လွတ်လပ်ခွင့် မရှိပါ။ တရားသူကြီးများကို အစိုးရက အတည်ပြု ခန့်အပ်ကာ ၎င်းတို့၏ အဆင့်အလိုက် အမှုများကို စစ်ဆေးရသည်။

အဆိုးဝါးဆုံး လူ့အခွင့်အရေး အလွဲသုံးစားမှု အချို့မှာ မြန်မာနိုင်ငံ လူဦးေ၇၏ ၃၅% ရှိသော တိုင်းရင်းသားတို့၏ ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ အဆိုပါ နယ်စပ်ဒေသများတွင် တပ်မတော်က စိတ်ထင်တိုင်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ မုဒိန်းမှု ကျူးလွန်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း စသော ရာဇဝတ်မှုများ ကျူးလွန်နေသည်။

မြန်မာ အမျိုးသမီးများမှာ အစဉ်အလာအားဖြင့် မြင့်မားသော လူမှု စီးပွားရေး အဆင့်အတန်းကို ရရှိထားခဲ့သော်လည်း ပြည်တွင်း အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာများ အပေါ် စိုးရိမ်မှုများ ကြီးထွားလာနေသလို အစိုးရနှင့် အရပ်ဖက် အုပ်ချုပ်ရေး ဌာနများတွင် ကိုယ်စားပြု နိုင်ခြင်း မရှိသေးပါ။ တိုင်းရင်းသား လူမျိုးများ အပေါ်တွင် တပ်မတော်က မုဒိန်းမှုများ၊ အတင်းအကြပ် ထိမ်းမြားမှုများကို စနစ်တကျ ကျူးလွန်ရာတွင် အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကိရိယာ လက်နက်တစ်ခု အဖြစ် ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.