yangonchronicle 2011 |
၂၃.၄.၂၀၁၁
ပြည်တွင်းသတင်းများ
အီးပီစီ ပညာပြ၍ ရပ်ကွက်အချို့ ဝါယာရှော့အတွက် စိုးရိမ်နေရ
မန္တလေး၊ ဧပြီ၂၃။
မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်ဌာနမှ မီးမကြာခဏ ဖြတ်တောက်သဖြင့် ဝါယာ ရှော့မှ တဆင့် မီးလောင်မှုဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မြို့နယ်လျှပ်စစ်ရုံးသည် အဆိုပါရပ်ကွက်များအား ငါးမိနစ်ခြားတစ်ကြိမ်ခန့် မီးဖြတ်လိုက်၊ ပြန်ပေးလိုက် လုပ်ခြင်းဖြစ်ကာ တစ်နေ့လျှင် အနည်းဆုံး အကြိမ်နှစ်ဆယ်ခန့် ပြုလုပ်နေသည်ဟု သိရသည်။
“ မီးကဖြတ်လိုက်၊ ပေးလိုက်နဲ့ ပညာပြနေတာဗျ။ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ပျက်အောင်လို့၊ ဒီရပ်ကွက်နဲ့ အီးပီစီနဲ့က အကြိတ်အခဲတွေ ရှိတယ် လေ၊ အဓိကကတော့ ပိုက်ဆံမပေးလို့ ဖြစ်တာ၊ နွေရာသီရောက်လာတော့ ဝါယာအဟောင်းတွေနဲ့ ရှော့ဖြစ်ပြီး မီးလောင်မှာကြောက်ရတယ်၊” ဟု ၁၅လမ်းမှ ၁၇လမ်းအထိ ရွှေတချောင်းတလျှောက်ရှိ တိုက်ခန်းတွဲတစ်ခုမှ အစိုးရဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခန်းတွဲများသည် မန္တလေးမြို့တွင် နာမည်ကြီး မီးလောင်မှုဖြစ်သော ဦးကျားကြီးမီးလောင်မှုအပြီး ကျူးကျော်ရပ်ကွက်များကို အစိုးရမှသိမ်းယူကာ တိုက်ခန်းတွဲများအဖြစ် ဆောက်လုပ်ပေးပြီး အပေါ်ထပ်အခန်းများကို စစ်ဘက်မှ ဝန်ထမ်းများ၊ အောက်ထပ်အခန်းများကို ပုဂ္ဂလိကများသို့ နေရာ ချထားပေးခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကအခန်းများမှာ လျှပ်စစ်မီတာရှိကြသော်လည်း စစ်ဘက်ဝန်ထမ်းများမှာ အလုပ်သဘောအရ နယ်ပြောင်းရသဖြင့် မီတာမရှိဘဲ အသုံးပြု ကြပြီး တစ်လလျှင် ငွေကြေးတစ်စုံတစ်ရာသတ်မှတ်၍ အီးပီးစီသို့ပေးသွင်းရကာ ထိုသို့ပေးသွင်းရန် အီးပီစီဝန်ထမ်းဟောင်းတစ်ဦးကို ခန့်ထားခဲ့ကြောင်း အဆိုပါ ဝန်ထမ်းသည် ထိုငွေများကို ကိုယ်ကျိုးအတွက်သုံးစွဲသဖြင့် ထောင်ဒဏ်ကျခံရပြီးနောက် အီးပီစီမှ တရားမဝင်ငွေကြေး ကောက်ခံနေခြင်းလည်း ရပ်ဆိုင်းသွားခဲ့သည်။
ငွေကြေးတစ်စုံတစ်ရာ မရရှိတော့သည့်အချိန်တွင် ထိုဝန်ထမ်းခန်းများမှ မီတာမရှိဘဲသုံးစွဲသည့်အတွက် အီးပီစီမှ တိုင်းမှူးဦးထွန်းကြည်ကို စာတင်ခဲ့ရာ တိုင်းမှူးက အီးပီစီမှ တာဝန်ရှိသူများအား နားလည်မှုမရှိသူများဟု ဆဲဆိုကြိမ်းမောင်းက တိုင်စာကိုဆုတ်ဖြဲပစ်ခဲ့ရာမှ အဆိုပါရပ်ကွက်နှင့် အီးပီစီတို့၏ အကြိတ်အခဲ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ ဦးထွန်းကြည်ပြီးတော့၊ ဦးရဲမြင့်လက်ထက်မှာ မီတာမဲ့သုံးတဲ့ဝန်ထမ်းအခန်းတွေကို အီးပီစီက စစ်ဆေးပြီး ဒဏ်ရိုက်တာတွေလုပ်တယ်၊ နောက်ပိုင်းပြောင်းလာတဲ့ ဗိုလ်ကြီးတွေက လူအေးတွေဆိုတော့ ဘာမှလဲပြဿနာ မရှာကြတော့ အီးပီစီက ပိုပြီးအတင့်ရဲလာတယ်၊ ဝန်ထမ်းခန်းတွေလဲ မီတာတွေတပ်လိုက်ကြတယ်၊ ဒါပေမယ့် မီးကတော့ တခြားရပ်ကွက်တွေနဲ့ယှဉ်ရင် မရသလောက်ပဲ၊ မီးအများဆုံးဖြတ်တဲ့ အရံလိုင်းထဲမှာ ထည့်ထားတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။
မြို့နယ် အီးပီစီဌာနကမူ ယခုကဲ့သို့ မကြာခဏ မီးပြတ်တောက်ရခြင်းမှာ ဖြူ့စ်အခက်အခဲကြောင့်ဟု အကြောင်းပြခဲ့ပြီး လပေါင်းများစွာ ကြာပြီ ဖြစ်သည့်တိုင် ယခုပြဿနာကို မဖြေရှင်းနိုင်သေးဟု သိရသည်။
အစိုးရသစ်လက်ထက်တွင် ခြစားမှုများကို တိုက်ဖျက်တော့မည်ဖြစ်ပြီး ထိုသို့တိုက်ဖျက်ရာတွင် ပြည်သူလူထုမှလည်း တိကျစွာတိုင်တန်းခြင်းဖြင့် ပူးပေါင်းပါဝင်သင့်သည်ဟု အစိုးရဝန်ကြီးဌာနများ၏ ဝန်ကြီးများက မီဒီယာများသို့ ပြောကြားထားသည်။
ကိုဂျန်
-----------------------------------------------------------------------------------------------------------------------------------
ဆားဈေးမြင့်တက်နေဆဲဖြစ်
ဧပြီ ၂၃။
မတ်လအလယ်မှစတင်၍ ဆားဈေးခုန်တက်ခဲ့ရာ ယခုချိန်ထိ တရိပ်ရိပ်မြင့်တက်နေဆဲဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
ယခင်က ဆားကြမ်းတပိဿာ ၄၀ ကျပ်ရှိရာမှ မတ်လလယ်တွင် ၁၀၀ ထိ ရုတ်တရက် ခုန်တက်ခဲ့ပြီး ယခုအခါ ၁၇၀ ကျပ် မှ ၂၀၀ ကျပ်ထိ မြင့် တက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ အကြိမ်ကြိမ် ရွာသွန်းခြင်းကြောင့် ဆားအထွက်နည်းပြီး ဈေးကွက်အတွင်း ဝယ်လိုအား များခြင်းကြောင့် ယခု ကဲ့သို့ ဆားဈေးတက်လာရခြင်း ဖြစ်ကြောင်းသိရသည်။
“ဆားဈေးက မတ်လကနေ စပြီး ထိုးတက်သွားတာ ခုထိပဲ၊ ဒီနှစ်က ဆားလည်း သိပ်အထွက် မများဘူး။ ဝယ်ရတာလည်း သိပ်မလွယ်ဘူး” ဟု ဆားကုန်သည်တစ်ဦးက ပြောကြားသည်။
ဆားဈေးတက်သော်လည်း မိုးဖျက်၍ ဆားအထွက်နည်းခြင်းကြောင့် ဆားလုပ်ငန်းရှင်များ အရှုံးပေါ်ကြသည်ဟု ဆားလုပ်ငန်းရှင်များက ပြော ကြားသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ နေလှမ်းဆား ထုတ်လုပ်ကြပြီး ဧရာဝတီတိုင်းမှ အများဆုံး ထွက်ရှိကြောင်း သိရှိရသည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အခြေခံလူတန်းစားများ အဆင်ပြေစေရန် USDP နှင့် NLD ငွေချေး
ရန်ကုန်၊ ဧပြီ ၂၃။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံ လူတန်းစားများ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အသေးစားငွေချေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း အဆိုပါ အဖွဲ့အစည်းများနှင့် နီးစပ်သူများမှ ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ အသေးစားငွေချေးမှုများကို ရွေးကောက်ပွဲမတိုင်မီကတည်းက လုပ်ဆောင်မှုများရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူ ဖေဖော်ဝါရီလမှသာ ငွေချေးမှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်သွယ်၍ အသေးစားငွေချေးခြင်းအား ဆောင်ရွက်ခဲ့သူတစ်ဦးက “ငွေ နှစ်သောင်းကို စချေးတာ၊ ချေးတဲ့သူကလည်း အရင်တုန်းက ကြံ့ခိုင်ရေးရဲ့ စည်းရုံးရေးမှုးလေ။ အတိုးကတော့ မများပါဘူး။ တစ်ရာကို နှစ်ကျပ်ခွဲတိုးကို တစ်လကြာမှ ပြန်ဆပ်လည်းရတယ်။ ခွဲပြီး ပြန်ဆပ်လည်းရတယ်။ ဒီလို ပိုက်ဆံချေးလိုက်တဲ့အတွက် သူတို့ဘက်က တစ်ခုခုလုပ်ပေးရမယ်လို့ ပြောတာ မရှိသေးပါဘူး”ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်စည်းရုံးရေးမှုးတစ်ဦးက “ငွေချေးမယ်ဆိုရင် မှတ်ပုံတင်ရယ်၊ သန်းခေါင်စာရင်းရယ် ရှိရင် ရပါပြီ၊ နှစ်သောင်းက စပြီး ချေးပေးတယ်။ ဘယ်သူကို မဆိုချေးပေးပါတယ်။ မြို့နယ်ရုံးကို ကိုယ့်ရပ်ကွက်မှာ ဘယ်သူတွေက ဘယ်လောက်ချေးချင်တယ်ဆိုပြီး စာရင်းတင်လိုက်တာ နဲ့ ငွေချေးလို့ရပါပြီ။ ဒီငွေချေးတာက အခုမှစတာတော့ မဟုတ်ပါဘူး။ရွေးကောက်ပွဲမတိုင်မှီကတည်းက စခဲ့တာပါ”ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်နေသော အသေးစားငွေချေးမှုသည် ရန်ကုန်တိုင်းဒေသကြီး ဆင်ခြေဖုံးမြို့နယ်များအား အဓိကထား၍ ငွေချေး ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေကျပ်ဆယ်သိန်းမတည်ကာ ဆောင်ရွက်လျှက်ရှိသော အသေးစားငွေချေးမှုသည် ဗဟန်းမြို့နယ်အတွင်းရှိ ရာပြည့်ဈေးမှ ဈေးသူ၊ ဈေးသားများအား နေ့သွင်းပုံစံဖြင့် ငွေချေးစနစ်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငွေချေးလိုသူများသည် အမှန်တကယ် ဈေးရောင်းချနေသော ဈေးသည်များအား မှတ်ပုံတင်မိတ္ထူ၊ သန်းခေါင် စာရင်း မိတ္ထူဖြင့် ရုံးသို့လာရောက်၍ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းစီဖြင့် အတိုးမဲ့ငွေချေးယူနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
ကျော်စွာ
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“နှစ်နိုင်ငံ MoU ထိုးတဲ့အခါမှာ စာချုပ်ပါအတိုင်း သဘောတူညီမှုတွေ အများကြီး ရှိပါတယ်။ Air Transport အတွက် ဆိုတာကတော့ နှစ်နိုင်ငံအကြား အပြန်အလှန် လေကြောင်းပျံသန်းခွင့် အတွက် ဖြစ်ပြီး Air Services မှာကတော့ Ground Handling၊ Passenger Handling စသဖြင့် အများကြီး ပါဝင် ပါတယ်”ဟု လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြခဲ့သည်။
Bi Weekly Elven Journal အတွဲ (၃)၊အမှတ် (၄) တွင်ပါရှိသည့် “မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်း သဘောတူစာချုပ် ချုပ်ဆိုထား သည့် နိုင်ငံပေါင်း ၄၃နိုင်ငံရှိပြီး အစ္စရေး၊ မော်လ်ဒိုက်နှင့် UAE နိုင်ငံများနှင့် သဘောတူစာချုပ် ထပ်မံချုပ်ဆိုမည်” သတင်းမှ ကောက်နှုတ် ချက်
--------------------------------------------------------------------------------------------------------------------------------
“မနှစ်က သင်္ကြန်မတိုင်ခင် ရိတ်တဲ့စပါးတွေဆိုရင် တင်းတစ်ရာကို ကျပ်လေးသိန်းဝန်းကျင်နဲ့ ရောင်းခဲ့ရတယ်။ ဒီနှစ် သင်္ကြန်မတိုင်ခင် ရိတ်တဲ့နွေစပါးတွေ လည်း တင်းတစ်ရာကို ကျပ် ၃၂၀၀၀၀ ပဲပေါက် ဈေးရှိတယ်။ ဒါက စပါးကောင်းမှ ရတာ။ တချို့ မိုးမလွတ်တဲ့စပါးဆို ကျပ်သုံးသိန်းဝန်းကျင်ပဲရတာလေ။ မနှစ်ကထက် ကျပ် ၁၀၀၀၀ လောက် ဈေးလျော့ သွားတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ်မှ တောင်သူကြီးတစ်ဦးကဆိုသည်။
Bi Weekly Elven Journal အတွဲ (၃)၊အမှတ် (၄) တွင်ပါရှိသည့် “လုပ်သားများ လုပ်ငန်းခွင်ပြန်ဝင်မှုနှင့်အတူ နွေစပါး ဆက်တိုက် ရိတ်သိမ်း၊ ယခုနှစ် နွေစပါးဈေးနှုန်း ယခင်နှစ်ထက် တင်း ၁၀၀ ကျပ်တစ်သိန်းဝန်းကျင်းလျော့ကျ ” သတင်းမှ ကောက်နှုတ်ချက်
--------------------------------------------------------------------------------------------------------------------------------
"ဟိုဘက်မှာ သွားလုပ်ရင် တစ်နေ့ကို ကျပ် ၆,၀၀၀ လောက် ရတော့ ဒီကနေ သွားလုပ်ကြတယ်။ ဒီမှာက အထွေထွေလုပ်သားတစ်ယောက် ရတဲ့နေ့တွက် ခက အများဆုံး ၄,၅၀၀ လောက်ပဲရတာလေ။ ဒါပေမယ့် ရေနက်ဆိပ်ကမ်းဆိုတဲ့ အသံကြားကတည်းက ဒီဘက်ကိုပြန်လာပြီး လစာအခြေအနေ ပြန်လာ မေးကြတယ်။ ကြားရသလောက် ဒီမှာ အထွေထွေ လုပ်သားတွေအတွက်လစာက ကျပ် ၃,၅၀၀ ဝန်းကျင် လောက်ပဲရတော့ မူလနေရာကိုပဲ ပြန်သွားကြ တယ်" ဟု မြောက်ရွာရပ်ကွက်မှ အသက် ၃၀ အရွယ် မမေသော်က ဆိုသည်။
Myanmar Times Journal အတွဲ (၂၆)၊အမှတ် (၅၁၄) တွင်ပါရှိသည့် “ထားဝယ်အထူးစီးပွားရေးဇုန် ဒေသခံတို့အတွက် မျှော်လင့်ချက် ရောင်နီများ တောက်ပလာနိုင်မလား” သတင်းမှ ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.