Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၃၃) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား
ဒီမိုမိတ်ဆွေပါတီအချို့ တွေ့ဆုံ
၂။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်း
၎။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်
ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်ခွင့်ပြု
၅။ ပြဋ္ဌာန်းဥပဒေများ သဘောမတူသည့်အတွက် NLD ပါတီအား ရွေးကောက်ပွဲကော်မရှင်
ခေါ်ယူတွေ့ဆုံ
၆။ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် မိုးသီးဇွန်တို့အဖွဲ့ ယျေဘူယ ထောက်ခံဟုဆို
၇။ တတိယအကြိမ်အဖြစ် နှစ်ရက်ကြာ KNU နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး
၈။ ကချင်ဒုက္ခသည်များအား ပြန်မပို့ရေး တရုတ်အား အမေရိကန်တိုက်တွန်း
၉။ မြောင်းမြ NLD ပါတီဝင်များမှ ဆန္ဒပြမှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်
စတဲ့သတင်းတွေအပြင်အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများ
ကဏ္ဍကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။


The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တိုင်းပြည်ကို ဘယ်လိုဒီမိုကရေစီမျိုး တည်ဆောက်သင့်ပါသလဲ

*****************************************

ဆောင်းပါးကဏ္ဍ

တိုင်းပြည်ကို ဘယ်လိုဒီမိုကရေစီမျိုး တည်ဆောက်သင့်ပါသလဲ

မင်းရက္ခ

(စက်တင်ဘာ ၈ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၆) မှ ထုတ်ယူဖော်ပြချက်။)

ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းလိုချင်တောင့်တနေတဲ့ နိုင်ငံတွေ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရဟာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ် စတဲ့ တွေးခေါ်ပညာရှင်ကြီးတွေ လက်ထက် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော်လောက်တည်းက) ပေါ်ပေါက်လာပြီး ကမ္ဘာ့နိုင်ငံများ အသုံးပြုလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဒီမိုကရေစီထွန်းကားပြီးတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ နိုင်ငံတွေ ဗဟိုဦးစီးစနစ်နဲ့ သွားနေတဲ့ နိုင်ငံတွေနဲ့၊ အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေဆိုပြီး ကမ္ဘာပေါ်မှာ တွေ့မြင်ကြရမှာပါ။ အဲဒီအထဲ ကျုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေဆဲ နိုင်ငံအမျိုးအစားမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းဟာ အင်မတန်မှ နုနယ်ပါ သေးတယ်။ ကာလအားဖြင့် တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။

ဒီမိုကရေစီဆိုတာ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး။ အခြေခံအုတ်မြစ်ကအစ၊ ဖောင်ဒေးရှင်းကောင်းကောင်းနဲ့ အချိန်ယူ တည်ဆောက်ရတာမျိုးပါ၊ အရေးကြီးတာက ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ နိုင်ငံသားတွေဖြစ်ဖို့ လိုပါတယ်၊ ဒီမိုကရေစီကျင့်စဉ်ကို နားလည်သဘောပေါက် နိုင်တဲ့ နိုင်ငံသားတွေဖြစ်ဖို့ လိုအပ်ပါတယ်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး”လို့ တချို့တွေက ပြောနေကြတယ်။ ဆိုလိုတာက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ စိတ်ထားတွေ ကျုပ်တို့မှာ မရှိသေးဘူးလို့ သုံးသပ်လိုတာပါ။ ဒါစိတ်ဆိုးစရာ မဟုတ်ပါဘူး။ မှန်သင့်သလောက် မှန်တယ်လို့ ပြောရမှာပါ။ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ဆိုပြီး ထင်ရာစိုင်းနေတဲ့သူတွေ အများအပြား ရှိနေသေးတယ်။

ကျွန်ုပ်တို့ရဲ့ စိတ်ဓာတ်တွေ အတွေးအခေါ်တွေ၊ ကျင့်ကြံပြုမူပုံတွေကို အများကြီး ပြုပြင်ဖို့လိုသေးတယ်။ စည်းကမ်းရှိတဲ့ နိုင်ငံသားဖြစ်အောင် လူတိုင်းလူတိုင်း ကြိုးစားသွားကြဖို့ လိုအပ်နေတယ်။ ဒါမှသာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီဟေ့ဆိုပြီး ထစ်ခနဲရှိ လမ်းပေါ်ထွက်ဆန္ဒပြတာမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးဖွဲ့ပြီး လူစုလူဝေးနှင့် မဖြစ်နိုင်တာတွေ တောင်းဆို တာမျိုး၊ အင်အားပြပြီး အကျပ်ကိုင်တာမျိုး၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင် တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေမယ်ဆိုရင် ဒီမိုကရေစီ သက်တမ်းနုနယ်သေးတဲ့ ကျုပ်တို့နိုင်ငံအတွက် စိုးရိမ်စရာတွေ အများကြီး တွေ့လာကြမှာပါ။

ဒီနေရာမှာ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဘယ်လိုဒီမိုကရေစီမျိုး ဖြစ်သင့်သလဲဆို ပြည်သူအားလုံး စဉ်းစားကြည့်စေလိုပါတယ်။ အမေရိ ကန်လို ဖြစ်ချင်သလား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီယား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတွေလို ဖြစ်ချင်သလား၊ မိမိနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒီမိုက ရေစီပုံစံမျိုးကို ရွေးချယ်ကြဖို့ လိုပါတယ်။ တခြားနိုင်ငံကို ပုံတူကူးချလို့တော့ မဖြစ်ပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သဘာဝအနေအထားချင်းမှ မတူတာပဲကိုး။

ဒီမိုကရေစီဘိုးအေဖြစ်တဲ့ အမေရိကန်မှာ လတ်တလော ဘာတွေဖြစ်ပျက်နေလဲ၊ ကလေးစာသင်ကျောင်းဝင်ပြီး အပြစ်မဲ့စာသင်သားတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာမျိုးတွေ၊ ရုပ်ရှင်ရုံဝင်ပြီး ပရိတ်သတ်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာမျိုးတွေ ကြားသိနေရပါတယ်။ ဒါဘာ့ကြောင့် ဖြစ်ရသလဲ၊ ပြန်လည်သုံးသပ်ကြစေလိုပါတယ်။

ကျွန်တောတို့နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အိန္ဒိယမှာ လူ့အခွင့်အရေးအတွက် တင်းပြည့်ကျပ်ပြည့် ပေးထားမှာ လား၊ ဒါဖြင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ မြို့ပြသန့်ရှင်းသာယာလှပမှု အနေအထားတွေကို တရုတ်၊ ဂျပန်၊ စင်ကာပူ၊ စတဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါဦး။ စင်ကာပူကျွန်းနိုင်ငံလေးရဲ့ ဒီမိုကရေစီစနစ်ကို သုံးသပ်ကြည့်ကြပါ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု အနေအထား၊ ဝန်ထမ်းများရဲ့ စည်းကမ်းသေဝပ်မှုနဲ့ လူနေမှုအဆင့်အတန်းတွေ ဘယ်လိုအခြေအနေမျိုးမှာ ရှိနေပါသလဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှု ဘယ် လောက်ကောင်းသလဲ၊ အာဆီယံနိုင်ငံတွေထဲမှာ အကောင်းဆုံး၊ အတည်ငြိမ်ဆုံးလို့တောင် ပြောလိုရပါတယ်။ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းဟာ အလွန်နုနယ်သေးတာကြောင့် ပြည်သူလူထုလိုချင်တဲ့ အနေအထားကို မရောက်သေးဘူးဆိုတာ ဝန်ခံပါတယ်။ သို့သော် အခုအခါသမယမှာ နိုင်ငံအတွက် အရေးအကြီးဆုံး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းကြီးကတော့ (၁) တိုင်းရင်းသားစည်းလုးညီညွတ်ရေး၊ (၂) နိုင်ငံစီးပွားရေး တိုးတက်လာရေးမြင့်မား လာရေးလို့ စာရေးသူ ထင်မြင်မိပါတယ်။

တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းမှုရရှိရေးနဲ့ နိုင်ငံစီးပွားရေး တိုးတက်မြင့်မားလာရေးဆိုတဲ့ လုပ်ငန်းကြီးနှစ်ရပ်ကို တော့ တိုင်းရင်းသားအားလုံး တက်ညီလက်ညီနဲ့ အစွမ်းကုန် ကြိုးပမ်းရုန်းကန်ကြမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ထူးခြားတဲ့ ဝိသေသလက္ခဏာရှိပြီး လူမျိုးပေါင်းတစ်ရာကျော် စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးပါ။ လူမျိုးပေါင်းတစ်ရာ သော တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ တစ်ဦးပေါ်တစ်ဦး သံသယစိတ်တွေ ကင်းစင်သွားမှသာ ထာဝရငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်တယ်။

ဒါ့ကြောင့် လူမျိုးစွဲ၊ ဘာသာစွဲ၊ ကိစ္စတွေကို ရှေ့တန်းမတင်ကြဘဲ ပြည်ထောင်စုကြီးအရေးကိုသာ ဦးစားပေးကြရမယ့် အခါသမယဖြစ်ပါတယ်။ မိမိနိုင်ငံ တိုးတက်ရေးအတွက် မတူတာတွေကို ဘေးဖယ်ထားပြီး တူတာတွေကို လက်တွဲ အကောင်အထည်ဖော်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး သွေးစည်းညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ ဒုတိယအချက်ဖြစ်တဲ့ နိုင်ငံစီးပွား ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံစီးပွားရေးကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း FDI ခေါ်တဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လာပါတယ်။ ဒါမှသာ ခေတ်မီစက်ရုံ၊ အလုပ်ရုံကြီးတွေ ပေါ်လာမယ်။ နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမယ်။ နည်းပညာပိုင်းဆိုင်ရာတွေ တိုးတက်မြင့်မား လာမယ်။ မိမိနိုင်ငံထွက် သံယံဇာတကုန်ကြမ်းတွေကို ကုန်ချောထုတ်လုပ်နိုင်မယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာမယ်။ သို့ သော်လည်းပဲ လက်ရှိစွမ်းအား ထုတ်လုပ်နိုင်မှုလောက်နဲ့တော့ အကြီးစား စက်မှုလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဦးမှာ မဟုတ်ပါဘူး။ အသေးစား လုပ်ငန်းတွေလောက်ပဲ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ ကားထုတ်လုပ်တဲ့စက်ရုံမျိုးတွေ၊ သံမဏိစက်ရုံကြီးတွေ တည်ဆောက်နိုင်ဖို့အတွက် စွမ်းအင်ကဏ္ဍကို လက်ရှိထက် အဆများစွာတိုးပြီး ထုတ်လုပ်နိုင်အောင် အရေးတကြီး အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း နိုင်ငံ သားအားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမှာပါ။ စီမံကိန်းအတွက် မလွှဲမရှောင်သာ အနစ်နာခံသင့်ရင် ခံကြရမှာပါ။ အစိုးရကတော့ ပြည်သူတွေမနစ်နာအောင် အစွမ်းကုန် ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။

လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း (မြန်၊ကောင်း၊ သက်သာ) ဆိုတဲ့ မူကိုချည်း လက်ကိုင်ထားလို့ မဖြစ်ပါဘူး။ တစ်ချိန်က (မြန်၊ ကောင်း၊ သက်သာ)ဆိုတဲ့မူအတိုင်း ကားလမ်း၊ ရထားလမ်းတွေ ဖောက်လုပ်ခဲ့ပါတယ်။ အမြန်လည်း ပြီးရမယ်၊ ကောင်းရမယ်၊ ကုန်ကျစရိတ် သက် သာရမယ်ဆိုတဲ့ မူကြောင့် လမ်းတွေ အရည်အသွေးညံ့ပြီး အချိန်တိုအတွင်း ပျက်စီးသွားခဲ့တာ မျက်မြင်ကိုယ်တွေ့ပါပဲ။ လမ်းတွေ အောက်ခြေခိုင်မာမှု မရှိ တာကြောင့် အပျက်အစီးများတဲ့အပြင် ကားမှောက်တာတွေ၊ ရထားမှောက်တာတွေ တောင် ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အကြိမ်ကြိမ် ပြန်ပြင်ရခြင်း၊ ပြုပြင်ဖာ ထေးရခြင်းတွေကြာင့် (မြန်၊ မကောင်း၊ မသက်သာ) ဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရပါတယ်။ ဒါ့ကြောင့် ဘယ်လို လုပ်ငန်းမျိုးဘဲလုပ်လုပ် အောက်ခြေ (ဖောင် ဒေးရှင်း) ခိုင်မာဖို့ အရေးကြီးလှပါတယ်။

သမ္မတကြီးဦးသိန်းစိန် ငါးနှစ်အတွင်းမှာ ပြည်သူတစ်ဦးချင်းရဲ့ဝင်ငွေကို လက်ရှိထက် သုံးဆတိုးတက်အောင် ကြိုးပမ်းသွားမယ်လို့ မကြာခင်က မိန့်ကြားသွားခဲ့ပါတယ်။ ဒါကို ပြည်ပမီဒီယာအချို့က များလွန်းတယ်၊ မဖြစ်နိုင်ဘူးလို့ ဝေဖန်ကြပါ တယ်။ ကျွန်ုပ်အမြင်အရတော့ များမယ်လို့ မထင်ပါဘူး၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းအကောင်အထည်ဖော်မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်တယ်။ ထာဝရငြိမ်းချမ်းရေး မတည် ဆောက်နိုင်ရင်တော့ အောင်မြင်ဖို့ မသေချာပါဘူး။

သမ္မတကြီးရဲ့ရည်မှန်းချက် အောင်မြင်သည့်တိုင်အောင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ရည်မှန်းထားတဲ့ ၁၉၅၉ခုနှစ်လောက်က အနေအထားမျိုး ရောက်လာဖို့တော့ အများကြီး လိုအပ်နေသေးကြောင်းပါခင်ဗျား။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၈.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ကိုယ်ပိုင်လျှပ်စစ်ဖြင့် ဂျပန်လုပ်ငန်းစုသုံးခု သီလဝါစက်မှုဇုန်စီမံကိန်း တည်ဆောက်မည်
  2. မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်
  3. အခြေခံလူတန်းစားများ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း
  2. မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား ဒီမိုမိတ်ဆွေအချို့ တွေ့ဆုံဆွေးနွေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ကိုယ်ပိုင်လျှပ်စစ်ဖြင့် ဂျပန်လုပ်ငန်းစုသုံးခု သီလဝါစက်မှုဇုန်စီမံကိန်း တည်ဆောက်မည်

ဂျပန်လုပ်ငန်းစုကြီးသုံးခုမှ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်များဖြင့် သီလဝါစက်မှုဇုန်စီမံကိန်း တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလုပ်ငန်းတွေကို ဂျပန်လုပ်ငန်းစုကြီးသုံးခုနဲ့ နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်လုပ်ငန်းရှင်များအသင်းချုပ်တို့က ပူးပေါင်း ပြီး ဆောင်ရွက်သွားမှာပါ။ ဒီသီလဝါဆိပ်ကမ်းမှာ ရင်းနှိးမြှုပ်နှံဖို့အတွက်လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ၂၀၁၃-၂၀၁၄ လောက်မှာ ပြီးမယ်လို့ ထင်ပါတယ်”ပာု UBFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်လျှပ်စစ်ဖြင့် သီလဝါဆိပ်ကမ်းစီမံကိန်း တည်ဖော်တည်ဆောက်မည့် ဂျပန်လုပ်ငန်းစုကြီးသုံးခုမှာ မစ်ဆူဘီရှီလုပ်ငန်းစု၊ Marubeni နှင့် Sumitomo လုပ်ငန်းစုများဖြစ်ပြီး ယင်းလုပ်ငန်းစုများမှ မြန်မာအစိုးရနှင့် ပူးပေါင်း၍ ၄၉ ရာခိုင်နှုန်းရှယ်ယာထည့်ဝင်ကာ တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ယင်းသီလဝါဆိပ်ကမ်းစီမံကိန်းတွင် အစုရှယ်ယာများပါဝင်နိုင်ရန် နိုင်ငံတော်အစိုးရမှ ဖိတ်ခေါ်ထား ကြောင်း သိရသည်။

“ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံနဲ့ စက်မှုလုပ်ငန်းအများအပြားပါတဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာ ရေးအကူအညီတွေ ပေးသွားမှာပါ။ ပြီးတော့ သမ္မတကြီးရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာလည်း မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံက နောက်ထပ်ချေးငွေတွေ ရယူနိုင်ဖို့ အတွက် သဘောတူညီခဲ့ပါတယ်။ ဒီက သီလဝါဆိပ်ကမ်းမှာ ပြည်တွင်း၊ ပြည်ပက လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်”ပာု စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် စတော့အိတ်ချိန်းဈေးကွက် ထူထေင်နိုင်ရန် ဂျပန်ဒိုင်ဝါလုပ်ငန်းအုပ်စုက သဘော တူညီခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ဂျပန်နည်းပညာကုမ္ပဏီကြီးများနှင့် ပူပေါင်းဆေင်ရွက်နိုင်ရန် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဌာနတစ်ရပ် ထူထောင် သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်စေရန် ကုမ္ပဏီအဖြစ်ရပ်တည်၌ စာတိုက်လုပ်ငန်းအား ဝန်ဆောင်မှုသစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အခြေခံလူတန်းစားများ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီ

အသေးစားငွေရေး၊ ကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် INGO ငါးဖွဲ့၊ NGO ရှစ်ဖွဲ့၊ သမဝါယမ ၄၁ ဖွဲ့နှင့် ကုမ္ပဏီ ၂၃ ခုအား အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ချထားပေးပြီးဖြစ်သည့်အတွက် အခြေခံလူတန်းစားများအနေဖြင့် အပေါင်ပစ္စည်း ထားရန်မ လိုဘဲ အတိုးနှုန်းသက်သာစွာဖြင့် အလွတ်ငွေချေးယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ အပိုဝင်ငွေရယ်လို့ ဘာမှမရှိဘူး။ ခုလို အပေါင်ပစ္စည်းထားဖို့မလိုဘဲနဲ့ ငွေချေးနိုင်မယ်ဆိုတော့ ဝမ်းသာစရာပေါ့။ တခါတလေ ဆေးခန်းပြဖို့တောင် ပိုက်ဆံကအဆင်မပြေဘူး။ အတိုးနှုန်းကလည်း သက်သက်သာသာနဲ့ဆိုတော့ ဝန်ပိတာမရှိဘဲ ပြန်ဆပ် နိုင်မှာပါ”ပာု လှိုင်သာယာမြို့နယ်တွင်းနေထိုင်သူတစ်ဦးက ပြောကြားသည်။

အသေးစားငွေရေး၊ ကြေးရေးဥပဒေပါ လုပ်ပိုင်ခွင့်ခြောက်မျိုးအနက် လက်ရှိအချိန်တွင် အသေးစားချေးငွေထုတ်ပေးခြင်းနှင့် အပ်ငွေလက်ခံခြင်း နှစ်မျိုးကိုသာ ဆောင်ရွက်ခွင့်ပြုထားပြီး အသေးစားငွေရေး၊ ကြေးရေးကော်မတီအနေဖြင့် အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အခြေခံလူ တန်းစားများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ချွေတာစုဆောင်းသည့်အလေ့အထ ပြုစုပျိုးထောင်ရေး၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်း များ ဖန်တီးပေးရန်နှင့် ချဲ့ထွင်ပေးရေး၊ အခြေခံလူတန်းစားများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် အခြားဝင်ငွေရရှိနိုင်သော နည်းလမ်းများဖြင့် အကူအညီပေးရေး၊ ပြည်တွင်း၊ ပြည်ပမှ နည်းပညာများရယူဖြန့်ဖြူးရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အခြေခံလူတန်းစားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်လျက်ရှိသည့် တရားမဝင်ငွေချေးသူများအား လျော့နည်းပပျောက်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစားငွေရေး၊ ကြေးရေး ကြီးကြပ်မှုကော်မတီကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ ဝင် ၃၀ ဦးဖြင့် ၂၀၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် ၅၈/၂၀၁၁ ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြား ပို့ကုန်၊ သွင်းကုန်ကဏ္ဍ မြင့်တက်လာနိုင်စေရန် ၂၀၁၂ စက်တင်ဘာလ ၇ ရက်နေ့တွင် ပို့ကုန်၊ သွင်းကုန် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြေညာခဲ့သည်။

ယခုကဲ့သို့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရခြင်းမှာ နိုင်ငံတော် စီးပွားရေးဆိုင်ရာ အခြေခံမူများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပို့ကုန်သွင်းကုန်ဆိုင်ရာမူဝါဒများကို ချမှတ်နိုင်ရန်၊ နိုင်ငံတော်၏ ပို့ကုန်သွင်း ကုန်ဆိုင်ရာမူဝါဒများနှင့် ဆောင်ရွက်ချက်များသည် နိုင်ငံတကာကုန်သွယ်မှုစံများနှင့်အညီ ဖြစ်စေရန်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာ တွင် ချောမွေ့လွယ်မြန်ဆန်စေရန်အတွက် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ပို့ကုန်သွင်းကုန်ဥပဒေတွင်ပါရှိသည်။

ထို့ပြင် ပို့ကုန်သွင်းကုန်ဥပဒေ၌ တားမြစ်ချက်များအနေဖြင့် ကန့်သတ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ခြင်း၊ တင်သွင်း ခြင်း မပြုလုပ်ရန်၊ ခွင့်ပြုချက်ရယူရမည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့်သာ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ ပြုလုပ်ရန်နှင့် မည်သည့်ခွင့် ပြုချက်ရရှိသူမျှ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမပြုရန်တို့ဖြစ်ကြောင်း သိရသည်။

မည်သည့်ပုဂ္ဂိုလ်မဆို ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းများမရှိပါက ၎င်း ပုဂ္ဂိုလ်အား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ် ကို ကျုးလွန်ရန်အား ထုတ်သူ(သို့)အားပေးကူညီသူအား ယင်းပြစ်မှုကို ကျူးလွန်သူကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်ပြင် ပြစ်မှုကျုးလွန်ရာတွင် အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

ပို့ကုန်၊ သွင်းကုန် ဥပဒေတွင် အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲ ခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အထွေထွေအခန်းတို့ ပါဝင်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မိုးသီးဇွန်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့အား ဒီမိုမိတ်ဆွေအချို့ တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၇ရက်နေ့ နေ့လည် ၁နာရီခွဲအချိန်ခန့်မှစတင်၍ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် လေ့လာရေးခရီးအဖြစ် ရောက်ရှိလာသည့် ယခင် ၁၉၉၂ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာနိုင်အောင်နှင့် ဒေါက်တာသောင်းထွန်းအား လက်ရှိ ပြည်တွင်းဒီမိုကရေစီမိတ်ဆွေပါတီအချို့မှ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

"ဒီပွဲမှာ တက်ရောက်လာကြတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့က ဒေါက်တာနိုင်အောင် ဒေါက်တာသောင်းထွန်းနဲ့ အရင်ဆုံး မိတ်ဆက်တယ်။ ဒေါက်တာနိုင်အောင်က သူ့ရဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်စာရွက်ကို သတင်းမီဒီယာတွေကို ပေးတယ်။ ပြီးတော့ သူကို တက်ရောက်လာတဲ့ ဒီမိုမိတ် ဆွေပါတီတွေက မေးစရာရှိတာတွေကိုမေးခိုင်းပြီး ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်းက ဖြေတယ်"ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့နှင့် တွေ့ဆုံခြင်းအား သတင်းမီဒီယာအသီးသီးအား ပါဝင်တက်ရောက်စေသည့် ရည်ရွယ်ချက်မှာ ဝါရင့် နိုင်ငံရေးခေါင်းဆောင်မျာ၏ ဆွေးနွေးသုံးသပ်အကြံပြုချက်များအား နားထောင်ချင်သည့်အတွက်ဖြစ်ကြောင်း၊ ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အချိန်၌ ၎င်းတို့အနေဖြင့် တခြား မည်သည့်သတင်းစာရှင်းလင်းပွဲကိုမှ ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း ဒေါက်တာနိုင်အောင်က အစည်းအဝေးမစခင် သတင်းမီဒီယာများသို့ ပြောကြားသည်။

"ကျွန်တော့်အနေနဲ့ အခုလို တွေ့ဆုံရတာက ဒီထဲမှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေလည်းပါတယ်။ သူတို့ရဲ့ အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေကို သုံးသပ်ဆွေးနွေးအကြံပြုချက်တွေကို နားထောင်ချင်လို့ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်မရှိတဲ့အတွက် အခုအစည်းအဝေးမှာ သတင်းမီဒီယာတွေကို တက်ရောက်ခွင့်ပြုတာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်သမ္မတနဲ့လည်း တွေ့ဆုံရန် အစီအစဉ်ရှိပါသေး တယ်"ဟု ၎င်းက ဆိုသည်။

ထို့နောက် ယင်းသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့နှင့် ဒေါက်တာနိုင်အောင်တို့ ဆွေးနွေးရာ၌ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ဒေါက်တာနိုင် အောင်မှ ဆက်လက်လုပ်ဆောင်မည့် အခြေအနေပုံစံတို့အား ထည့်သွင်းဆွေးနွေးကြောင်း သိရပြီး တက်ရောက်လာသည့် ပါတီအချို့မှ ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးမျိုးညွန့်မှ ၎င်း၏ လက်ရှိ နိုင်ငံရေး သဘောထားအချို့နှင့် နိုင်ငံရေးကိစ္စရပ်တစ်ချို့ကို ဒေါက်တာနိုင်အောင်အား ပထမ ဦးစွာ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အတွင်းရေးမှူး ဦးမျိုးညွန့်ကစပြီး သုံးသပ်ပြောကြားပြီး သိချင်တဲ့ အခြေအနေကိစ္စရပ် အချို့ကို ဒေါက်တာနိုင်အောင်ကို စပြီးမေးတယ်။ ပြီးတော့ ညီညွတ်ရေးနဲ့ ငြိမ်ချမ်းရေးပါတီက ဦးထွန်းရွှေ၊ ကျွန်တော်တို့ NDF ပါတီက ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းရယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေတို့က အသီးသီးမေးမြန်းသုံးသပ်ကြပါတယ်"ဟု NDF ပါတီမှ တာဝန်ရှိသူတစ်ဦး က ဆက်လက်ဆိုသည်။

ယင်းဆွေးနွေးပွဲ၌ NDFပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းမှ ၎င်းတို့၏ ပါတီသဘောထား၊ ပါတီတည်ထောင်ပုံနှင့် ပါတီ၏ မူဝါဒတစ် ချို့အား ရှင်းလင်းပြောကြားကြောင်း သိရှိရပြီး လက်ရှိ လွှတ်တော်တွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်အချို့အား သုံးသပ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရ သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒီမိုကရေစီမိတ်ဆွေပါတီအချို့ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီ ဦးထွန်းရွှေနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နိုင်ခင်မောင်တို့မှ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

"ပြီးတော့ ကျွန်တော်တို့ ဒီမိုမိတ်ဆွေပါတီကလည်း ၆ရက်နေ့က မိုးသီးဇွန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့နဲ့ ယုဇနဟိုတယ်မှာ တွေ့ဆုံခဲ့ပါ သေးတယ်။ ပြီးတော့ ၁၉၆၂မျိုးဆက်၊ ၁၉၇၄မျိုးဆက်၊ ၁၉၈၈မျိုးဆက်နဲ့ ၂၀၀၇မျိုးဆက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေပေါင်းပြီး စုပေါင်းဓါတ်ပုံရိုက်ခဲ့ ကြပါတယ်"ဟု NDF ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီမိတ်ဆွေပါတီအချို့သည် စက်တင်ဘာလ ၆ရက်နေ့ နေ့လည် ၁နာရီ ယုဇနဟိုတယ်၌ မိုးသီးဇွန် ၇ဦး အဖွဲ့ပါဝင်သည့် ငြိမ်း ချမ်းရေးမစ်ရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသေးကြောင်း ယင်းတွေ့ဆုံမှု၌ တက်ရောက်လာသည့် ဒီမိုကရေစီမိတ်ဆွေပါတီမှ သဘောထားအသီးသီးအား ထုတ် ဖော်ပြောကြား၍ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ်က ပြောကြားတင်ပြချက်များကိုလည်း ထည့်သွင်းပြောကြားကြောင်း သိရှိရပြီး မိုးသီးဇွန် ၇ဦးအဖွဲ့ပါဝင် သည့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သည် စက်တင်ဘာ ၁၀ရက်နေ့ နောက်ပိုင်း၌ ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်း သိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စွပ်စွဲပြစ်တင်ခြင်းကို လွယ်ကူစွာ မပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး လွှတ်တော်အနေနှင့်လည်း ရှောင်လွှဲ၍မရ၍သာ ယခုအခြေ အနေအထိ ရောက်ရှိခဲ့ခြင်း ဖြစ်တယ်။ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသည့်အတွက် လွှတ်တော်က လုပ်ဆောင်ရ မည့် အခွင့်အလမ်းများ ရှိရန်လိုအပ်ကာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို အလေးထားရခြင်း ဖြစ်ပါတယ်”

စက်တင်ဘာ ၈ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၆) တွင်ပါရှိသည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကို နှုတ်ထွက်ခွင့်ပြု” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ငါးသန်းကို ဖြုတ်လိုက်တဲ့အတွက် မလိုအပ်ဘဲ ငွေမြှုပ်ထားရမယ့်ကိစ္စ အလုပ်လုပ်မယ့်လူတွေအတွက် ဝန်ပေါ့သွားတာပေါ့။ ရင်နှီးမြှုပ်နှံမှုမှာ ၅၀/၅၀ ဖြစ် သွားတာလည်း နိုင်ငံတကာက ညီမျှတယ်လို့မြင်ကြတယ်။ ကိုယ်က အပေါ်စီမယူဘူးဆိုတော့ ကောင်းပါတယ်။ ကျွန်တော်က မျက်ကန်းမျိုးစိတ်နဲ့ ကိုယ့် ပစ္စည်း၊ ကိုယ့်မြေကိုယ့်ရေ ပါသွားမလား အတွေးရှိတယ်။ ဒီဘက်ခေတ်မှာ နှစ် (၃၀) ကူးလို့ကုန်မယ့် သတ္ထုတွင်းဆို နှစ် (၃၀)ကြာလို့ သတ္ထုတွင်းဟောင်း နေရာကို ဒီအတိုင်းထားခဲ့လို့မရဘဲ ရေကန်၊ ပန်းမန်၊ ရှုခင်း ပြန်လုပ်ပေးရမယ်ဆိုတဲ့ ဝန်ခံချက်တွေနဲ့ လုပ်ဆောင်ကြရပြီ။ ကမ္ဘာပေါ်မှာ အတွေ့ အကြုံအရ သဘောထားကြီး အမြင်ကျယ်ကျယ်နဲ့ ကျင့်သုံးနေကြပြီ။ စီးပွားရေးအရ ဖိတ်ခေါ်မယ်ဆိုရင် သဘောထားကြီးသလား၊ အမြင်ကျယ်ရဲ့လားကြည့်တာ နောက် နိုင်ငံရေးတည်ငြိမ်မှုလည်းလိုတယ်။ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းက ခြုံငုံသုံးသပ်ရရင် ကောင်းတယ်လို့ ပြောရမယ်”

စက်တင်ဘာ ၈ရက်ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၅) တွင်ပါရှိသည့် “အမေရိကန်ဒေါ်လာငါးသန်း အနည်းဆုံး ရင်းနှီးမြှုပ် နှံရမယ်ဆိုသောအချက်ကို ပယ်ဖျက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း အတည်ပြုလိုက်ပြီ” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive