Transparency Myanmar

transparency.myanmar@gmail.com

IPS, By - Marwaan Macan-Markar, 30 Nov 2009

          မြန်မာနိုင်ငံသို့ တပ်မတော်အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန်လည်းကောင်း၊ အကြံပေးရန် သော်လည်းကောင်း၊ သွားရောက်ကြသော နာမည်ကြီး နိုင်ငံခြားသားများ အတွက် လုပ်ငန်းစဉ်များမှာ အချိန်ယူရလိမ့်မည် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်တွင် နောက်ဆုံး ဝင်လာသူမှာ နိုဘယ်ဆုရရှိထားသော  စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ် Joseph Stiglitz ဖြစ်ပါသည်။

          စတစ်ဂလစ်သည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးနှင့်ဆိုင်သော အရာရှိချုပ်ဟောင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သွားရောက်လိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရန် ရည်ရွယ် သွားရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒေသဆိုင်ရာအဖွဲ့မှ Noeleen Heyzer က ပြောပါသည်။

          ၎င်းသည် ကျေးလက်ဒေသ စီးပွားရေးနှင့်ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် မည်သည့် စီးပွားရေး ဆုံးဖြတ်ချက်များ အရေးကြီးကြောင်းနှင့် ပတ်သက်၍ ၎င်း၏ အကြံဥာဏ်များကို မျှဝေလိမ့်မည်ဟု အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးရာ (ESCAP) အမှုဆောင် အတွင်းရေးမှူးက ဖြည့်စွက် ပြောပါ သည်။ စတစ်ဂလစ်သည် မြန်မာနိုင်ငံတွင် ၂ ရက် နေထိုင်မည် ဖြစ်ပါသည်။

          ယခု မစ်ရှင်သည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် မူဝါဒရေးရာ ဖွဲ့စည်းမှုများတွင် ကဏ္ဍသစ်များ ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း Heyzer က IPS သို့ ပြောပါသည်။ မိမိတို့သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးသူများကို လက်လှမ်းမီနိုင်ရန် ပစ်မှတ်ထား ဆောင်ရွက်မည် ဖြစ်သည်ဟု ပြောပါသည်။

          စတစ်ဂလစ်သည် Initiative for Policy Dialogue ဟု ခေါ်သော ဥာဏ်ကြီးရှင်အဖွဲ့ကို ဖွဲ့ထားပြီး ၎င်းအဖွဲ့မှ တစ်ဆင့် ဆင်းရဲသော နိုင်ငံများသို့ ဖွံ့ဖြိုးမှု အစီအစဉ်ပုံစံများ ရေးဆွဲ အဆိုပြုခဲ့ပါသည်။

          ၎င်းသည် မြန်မာနိုင်ငံတွင် ဆည်မြောင်းနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အမျိုးသား စီးပွားရေး ဖွံ့ဖြိုးရေးဝန်ကြီး၊ ဦးစိုးသာတို့နှင့် တွေ့ဆုံလိမ့်မည် ဖြစ်ပါသည်။

          အဆိုပါ ဝန်ကြီး နှစ်ဦး စလုံးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးပါသည်။

          စတစ်ဂလစ်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် "Economic Policies and Decision Making for Poverty Reduction : Reaching the Bottom Half " အမည်ဖြင့် ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ ဝန်ကြီးနှစ်ဦးနှင့် Heyzer တို့ကလည်း "Policies for Poverty Reduction-Effecting Change in Myanmar's Rural Economy" ခေါင်းစဉ်အောက်တွင် ဝင်ရောက် ဆွေးနွေးကြမည် ဖြစ်ပါသည်။ နေပြည်တော်တွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသည် စတစ်ဂလစ်၏ ဟောပြောပွဲ အစီအစဉ်များထဲမှ တစ်ခု ဖြစ်ပါသည်။ အခြားသူများကလည်း အကြံဥာဏ်များ ဝင်ရောက် ဖလှယ်ကြမည် ဖြစ်ရာ၊ မြန်မာနိုင်ငံ၏ စီးပွားရေးပညာရှင်များ၊ ကုလသမဂ္ဂ ကျွမ်းကျင်သူများ၊ သံတမန်များနှင့် ပြည်တွင်းပြည်ပမှ NGO အဖွဲ့များမှ ပုဂ္ဂိုလ်များ ပါဝင်ကြမည် ဖြစ်ပါသည်။

          ကွင်းဆင်းလေ့လာရေးအစီအစဉ်အရ မြန်မာပြည်အလယ်ပိုင်းပူပြင်းခြောက်သွေ့ဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း စီစဉ်သူ Heyzer က အတည်ပြုပါသည်။ ကျေးလက်စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ပြဿနာများ၊ ဘဏ်စနစ်နှင့် ကုန်ပစ္စည်း ဈေးနှုန်းများနှင့် ပတ်သက်၍ Stigliz အား ထိ တွေ့ပေးရေး အတွက် သုံးရက်ခန့် အချိန်ယူသင့်ပါသည်။

          ESCAP သည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံ ၅၀ အနက်မှ အထူး အကူအညီများ လိုအပ်သော တိုင်းပြည်များသို့ အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေး စီမံချက်အရ မြန်မာနိုင်ငံသို့ ကြိုးစား ကြည့်ခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့ ကျေးလက်ဒေသ စီးပွားရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုများ အစီအစဉ်ကို ပြီးခဲ့သည့် သြဂုတ်လ Heyzer ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ချမှတ် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က သူမသည် လယ်သမားများ၊ ကျေးလက်ချေးငွေပိုမိုရရှိရေးနှင့် နိုင်ငံတော်မှ စပါးဈေးသတ်မှတ်ထားမှု ကြောင့် လယ်သမားများ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်မှု ကိစ္စများကို စတင်ဆွေးနွေးနိုင်ခဲ့ပါသည်။

          FAO ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လက်ရှိစပါးစိုက်ဧရိယာ သန်းပေါင်း ၇.၈ ဟက်တာရှိ ပြီး ၂၀၀၈ - ၂၀၀၉ တွင် ဆန်တန်ချိန် ၃၀.၅ သန်းထွက်ရှိခဲ့သည်ဟုခန့်မှန်းခဲ့ပါသည်။

          အထက်ပါဆန်ထုတ်လုပ်မှုအတွက် လယ်သမားများမှာ အရင်အနှီးကြီးမားလှပါသည်။ လယ် သမားအများစုသည် ဆင်းရဲကြပြီး ကျေးလက်ချေးငွေရရှိရန် ခက်ခဲသည်ကို တွေ့ရသည်ဟု သြစတြေး လျ ပညာရှင် Sean Turnell က IPS ကို ပြောပါသည်။ Turnell သည် Burma Economics Watch စာအုပ်ကို ရေးသားခဲ့သူဖြစ်ပါသည်။

          မြန်မာအစိုးရ၏ မူဝါဒများသည် တစ်စုံတစ်ရာ ဖြစ်မလာသော်လည်း အသုံးဝင်သည့် အချက်များ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ချေးငွေ စီမံကိန်း မရှိတော့ကြောင်းကို အခြေခံအားဖြင့် ၎င်း တို့လက်ခံကြကြောင်း Turnell က ပြောပါသည်။

          မြန်မာ့စီးပွားရေးပညာရှင်များကမူ ယခု Stiglitz ၏ အကြံပေးမှုများကို စစ်အစိုးရက မည်မျှ လို လိုလားလား လက်ခံမည်ကို စောင့်ကြည်နေကြပါသည်။ ယခင်ကလည်း တိုင်းပြည်၏ ယို့ယွင်းနေသော စီးပွားရေးနှင့် ပတ်သက်၍ နိုင်ငံခြားမှ ကြိုးစားမှုများကို ပထမ လိုလားဟန်ပြခဲ့သော်လည်း နောက်ပိုင်း တွင် စစ်အစိုးရက လျစ်လျူပြုခဲ့သည် ချည်းသာဖြစ်ပါသည်။

          ၂၀၀၂ ခုနှစ်က ဂျပန်တို့၏ အစပြုခဲ့မှုသည် ဥပမာပင်ဖြစ်ပါသည်။ တိုကျိုသည် မက်ခရိုစီးပွားရေးနှင့် ပြုပြင်တည်ဆောက်ရေး လေ့လာချက်များဖြင့် စစ်အစိုးရကို အဆိုပြုခဲ့ပါသည်။ အဆိုပါ ပရောဂျက်အတွက် သုတေသနပြုသူများသည် အသေးစိတ်တိကျသော စီးပွားရေး အချက်အ လက်များကို အခြေခံခဲ့ပါသည်။ သို့သော် ဂျပန်အစိုးရ၏ ရလဒ်များကို အကောင်အထည်ဖော်ရေး အတွက် ကူညီရန် ကိစ္စတွင် စစ်အစိုးရတွင်း၌ လက်ခံသူအနည်းငယ်သာရှိခဲ့ပါသည်။

          အဆိုပါ သုတေသနပြုချက်ကို ဂျပန်နှင့် မြန်မာစီးပွားရေးပညာရှင်များက ရေးဆွဲကြပြီး စစ်အစိုးရက ပယ်ချခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းအခြေစိုက်မြန်မာစီးပွားရေး ပညာရှင်ကပြောပါ သည်။

          အခြားကြိုးပမ်းအားထုတ်မှုများသည်လည်း အဆိုပါကံကြမ္မာမျိုးကြုံတွေ့ရနိုင်ကြောင်း ၎င်းက ပြောပါသည်။ အားလုံးသည် နားပိတ်ထားသူများနှင့်တွေ့သွားကြခြင်းသာဖြစ်ပါသည်။

          ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် ကမ်းလွန်ပင်လယ်မှ များစွာသော သဘာဝဓာတ်ငွေ့များ ကြောင့် စစ်အစိုးရကို အကြီးအကျယ်ချမ်းသာသွားစေပြီး၊ အထက်ပါအတိုင်းပြောင်းလဲမှုများကို တုံ့ဆိုင်းနေခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းချရငွေသည် မြန်မာ၏ နိုင်ငံခြားငွေ အရန်ကို စံချိန်တင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ သို့ရောက်ရှိစေခဲ့ပါသည်။

          ယခုနောက်ဆုံး သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်အရ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာပါက အထက်ပါ ကိန်းဂဏန်းများသည် ပိုမိုတိုးတက် လာရန်သာ ရှိပါသည်။

          သို့သော် မြန်မာနိုင်ငံ၏ လူဦးရေး ၅၇ သန်းအနက်မှ ၇၅%သော သူများသည် ကျေးလက် ဒေသများတွင် နေထိုင်ကြရာ အထက်ပါဝင်ငွေများမှ အကျိုးခံစားမှု မရကြရရှာပါ။ တိုင်းပြည် ကလေးဦးရေ၏ သုံးပုံတစ်ပုံသည် အာဟာရ ချို့တဲ့မှု ဒဏ်ကို ခံစားနေရပါသည်။ ကုလသမဂ္ဂ၏ ကမ္ဘာပေါ်တွင် အငတ်ဘေး ဆိုက်သော နိုင်ငံများတွင် တစ်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ထားပါသည်။

          စစ်အစိုးရ၏ ပြည်သူလူထုအတွက်အသုံးပြုသည့် ငွေပမာဏသည် အငတ်ပြဿနာအတွက် သက်သေပင် ဖြစ်ပါသည်။ ပြည်တွင်းတွင် အသုံးပြုသော ငွေ၏ ၄၀%သည် အင်အား လေးသိန်းရှိ စစ် တပ်အတွက် သုံးပြီးကျန်းမာရေးကဏ္ဍအတွက် ၀.၃% သာ အသုံးပြုရာ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်း မာရေး အဖွဲ့၏ စာရင်းတွင် အောက်ဆုံးမှ Sierra Leone ၏ အထက် ၁၉၁ နေရာတွင် ရှိနေပါသည်။

          မြန်မာနိုင်ငံကျေးလက်ဆင်းရဲ မွဲတေမှုများအတွက် အဖြေရှာမှုတွင် အခြားကိန်းဂဏန်းများကို အခြေခံရလိမ့်ဦးမည်ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုမှာ ၃၀%ရှိပြီး၊ နှစ်စဉ်တိုးတက်မှုမှာ ၄%မှ ၅% သာရှိကြောင်း၊ အစိုးရ၏ ၁၀%တိုးတက်မှုကိန်းဂဏန်းနှင့် များစွာခြားနားကြောင်း သုံးသပ်သူတစ်ဦး က ပြောပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာမည်ကျော် အမေရိကန် ဘောဂဗေဒပညာရှင်နှင့် စီးပွားရေး နိုဘယ်ဆုရှင် Joseph Stiglitz သည် မြန်မာပြည်တွင်း ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ပတ်သက်ပြီး တပ်မတော်အစိုးရကို အကြံဉာဏ်ပေးရန် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိကြောင်း သိရသည်။

မစ္စတာ Stiglitz သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသာတို့နှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အာရှပစိဖိတ် ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) မှ Bentley Jenson က ဒေါက်တာ Stiglitz သည် ဆင်းရဲမွဲတေမှု တိုက်ဖျက် လျော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပေါ်လစီများ ဟု အမည်ရသော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဝင်ရောက် အကြံပြု ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးပါရဂူ ဒေါက်တာ Stiglitz သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အဆိုပါ ဖိုရမ်သို့ တက်ရောက်မည် ဖြစ်သလို ဝေးလံ ခေါင်သီသော ကျေးလက်ဒေသများသို့လည်း သွားရောက်မည် ဖြစ်သည်။

ဒေါက်တာ Stiglitz ရေးသားသော Globalization and it's discontents စာအုပ်မှာ နာမည်ကျော် လူသိများပြီး ကမ္ဘာ့စီးပွားရေးစနစ်ကို ဝေဖန် ဆန်းစစ်ထားသည်။ ထို့ပြင် Stiglitz က လွတ်လပ်သော ဈေးကွက် စီးပွားရေးအကြောင်းကို အဆိုပါစာအုပ်တွင် ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားခဲ့သည်။

ဒေါက်တာ Stiglitz သည် အမေရိကန် သမ္မတ ကလင်တန်လက်ထက်တွင် စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး တတိယလမ်းစဉ်ဟူသော စီးပွားရေးစနစ် တစ်မျိုးကို မိတ်ဆက်ခဲ့သူ ဖြစ်သည်။ အဆိုပါ တတိယလမ်းစဉ်မှာ လွတ်လပ်သော ဈေးကွက် စီးပွားရေးနှင့် နိုင်ငံတော်ဗဟိုပြု စီးပွားရေးစနစ်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သူသည် ကမ္ဘာ့ဘဏ် (World Bank) တွင်လည်း စီးပွားရေးပညာရှင်များ အဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ သို့သော် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများသည် ဆင်းရဲမွဲတေသူများ အကူအညီပေးရေးတွင် အကျိုး သက်ရောက်မှု မရှိသလို ဆီလျော်မှုလည်း မရှိဟု မကျေမနပ် ပြောဆိုပြီးနောက် အလုပ်မှ နုတ်ထွက်ခဲ့သည်။

ယခု မစ္စတာ Stiglitz ၏ ခရီးစဉ်အား အများက အပြုသဘော ဆောင်သော ခရီးစဉ်အဖြစ် သတ်မှတ် ပြောဆိုကြလိမ့်မည် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရသည် စီးပွားရေး စီမံခန့်ခွဲမှု အလွဲများ၊ ဆင်းရဲမွဲတေမှု ကိစ္စများ အစရှိသည့် ပြဿနာကြီးများကို အနောက်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုသည်ကို ထုတ်ဖော် ပြသရာ ရောက်သည် ဟု လူအများက သတ်မှတ် ပြောဆိုကြသည်။ မစ္စတာ Stiglitz ၏ ခရီးစဉ်သည် အနောက်ကမ္ဘာ၏ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ် ပြောဆိုကြသည်။

သို့သော်လည်း သြစတြေးလျနိုင်ငံ Macquarie University မှ ဒေါက်တာ Wylie Bradford က အဆိုပါ ခရီးစဉ်သည် မည်သို့သော အသီးအပွင့်များကိုမျှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်း ပြောဆိုသည်။

"တပ်မတော် အစိုးရကို ဘယ်လို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာလဲ" ဟု ၎င်းက ပြောသည်။

"စစ်အစိုးရက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ကို ဦးတည်နေတယ်လို့ ပြောနေတာတွေဟာ တကယ်တော့ မှားယွင်းတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ စစ်အစိုးရဟာ သူ့ရဲ့ အာဏာ တည်မြဲရေးနဲ့ တိုင်းပြည်က ဥစ္စာဓနတွေ ထုတ်ယူ အသုံးချရေး စတာတွေလောက်ပဲ စိတ်ဝင်စားနေတာလေ" ဟု ၎င်းက ပြောသည်။

DVB သတင်းဌာနမှ Nobel Prize Winning economist to visit Burma ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စစ်ရေးနှင့် စီးပွားရေးပါ ဒွန်တွဲလျက် အင်အား ကြီးထွားလာခြင်းကြောင့် တရုတ်ပြည်ကို ကြောက်မက်စရာ အရာတစ်ခုအဖြစ် ထင်မှတ် ပြောဆိုမှုများ အားလုံးကို ပယ်ဖျောက်နိုင်ရန် မမောနိုင် မပန်းနိုင် ကြိုးပမ်းလျက် ရှိသည်ကို တွေ့ရသည်။

တရုတ်အစိုးရက အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးအရ ခြေဆန့်မှုများ တိုးပွားလာခြင်းသည် ငြိမ်းချမ်းရေးကိုသာ ဦးတည်ပါကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ သို့သော် အိန္ဒိယ အခြေစိုက် တရုတ်ပြည် စောင့်ကြည့် လေ့လာသူများ၏ အဆိုအရ ကွန်မြူနစ် တရုတ်က အိန္ဒိယ သမုဒ္ဒရာတွင်း ခြေတံ၊ လက်တံ ဆန့်လာသည့် ကိစ္စတွင် အခြားသော ရည်ရွယ်ချက်လည်း ရှိကြောင်း သိရသည်။ တရုတ်သည် အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ ခဏတဖြုတ် ပုံစံဖြင့် ဝင်ရောက်နေသော်လည်း နောက်ပိုင်းတွင် ဒေသတွင်း လုံခြုံရေး၊ ပင်လယ်ဓားပြ နှိမ်နင်းရေးဟူသော အကြောင်းပြချက်မျိုးဖြင့် ပုံမှန် ဝင်ရောက်ရန် ဦးတည်ထားကြောင်း တရုတ် စောင့်ကြည့်ရေးသမားများက ပြောဆိုသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်း ယင်းသို့ တရုတ်ပြည်၏ ခြေလှမ်းများ ကြီးထွားလာခြင်းသည် တရုတ်ပြည် စွမ်းအင်ရရှိရေး ဆောင်ရွက်ရာတွင် လုံခြုံမှုရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ရေကြောင်း လုံခြုံရေး အဓိက အခြေခံသော မဟာဗျူဟာ တစ်ရပ်ဟု ဆိုနိုင်သည်။

တရုတ်အစိုးရက ၎င်း၏ စွမ်းအင် အခန်းကဏ္ဍအတွက် ပင်လယ်ရေကြောင်း လုံခြုံမှု ရရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက် ရှိသည်။ သို့အတွက်ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက် ရှိသော ဒေသနိုင်ငံများအား စစ်လက်နက် ပစ္စည်းများကို ဈေးနှုန်း ချိုချိုသာသာဖြင့် ရောင်းချပေးသည်။ ပါကစ္စတန်နိုင်ငံ ဂွါဒါ၊ သီရိလင်္ကာ ဟန်ဘန်တိုတာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့တွင် ပင်လယ် ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးအတွက် ကူညီပေးသည်။ မြန်မာနိုင်ငံတွင် လမ်းဖောက်လုပ်ရေး၊ တံတား ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား သွယ်တန်းရေး အစရှိသည့် စီမံကိန်းများတွင်လည်း ဝင်ရောက် အကူအညီ ပေးပြန်သည်။

သမားရိုးကျဆန်သော လုံခြုံရေးနှင့် စီပွားရေး ဆောင်ရွက်ချက်များကို ဘေးချိတ်ပြီး ပင်လယ်ရေကြောင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေး အစရှိသည် တို့တွင် တရုတ်အစိုးရက ဝင်ရောက် လုပ်ကိုင်နေခြင်းသည် တရုတ်ပြည်၏ ရေကြောင်းဆိုင်ရာ သံခင်း တမန်ခင်း ဗျူဟာတစ်ရပ် ဖြစ်ပါသည်။ ဤသို့ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်သော နိုင်ငံများနှင့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့် တရုတ်ပြည် ခြောက်လှန့်မှုဟူသော သဘောတရားများ ကွယ်ပျောက်စေနိုင်သည်ဟု ဘေဂျင်းအစိုးရက ယုံကြည်ထားဟန် ရှိသည်။ အဆိုပါနိုင်ငံများသို့ တရုတ်ရေတပ်မှ စစ်အရာရှိကြီးများက  ချစ်ကြည်ရေးဟူသော အကြောင်းပြချက်ဖြင့် အလည်အပတ် သွားရောက်ခြင်း၊ ရေတပ် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း အစရှိသည် တို့မှာ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ပြည်လည်း ပါဝင် ပတ်သက်နေသည်ဟူသော အချက်ကို ဖော်ကျူး ပြသနေသကဲ့သို့ရှိပါသည်။ အခြားသော နိုင်ငံများနှင့်လည်း အလားတူ ဆက်ဆံရေးမျိုး ပေါ်ပေါက်လာစေမည့် ခိုင်မာသော အာဂျင်ဒါများကိုလည်း တရုတ်အစိုးရက အပြီးသတ် ရေးဆွဲထားပြီး ဖြစ်သည်။

အချို့သော အရေးကိစ္စများတွင် ယင်းသို့ အိန္ဒိယသမုဒ္ဒရာတွင်း တရုတ်ခြေလှမ်းများ တိုးပွားလာခြင်းသည် တရုတ်နှင့် ဒေသတွင်း နိုင်ငံများအကြား မဟာဗျူဟာကျသော စေ့စပ်ညှိနှိုင်းမှုများ ပေါ်ထွက်ရေးအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ထားဟန် ရှိသည်။

တရုတ်ပြည်၏ ရေကြောင်း မဟာဗျူဟာသည် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ စေ့စပ် ညှိနှိုင်းရေးများကို ဦးတည်သည်ဟု ယေဘုယျ သတ်မှတ်နိုင်သော်လည်း အမှန်တကယ်တွင် တရုတ်ပြည်သည် ၎င်း၏ ရေတပ် စစ်အင်အား တန်ခိုး ကြီးထွားလာရေးအတွက် ဦးတည် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာတွင်း နိုင်ငံများ အားလုံး ရေကြောင်းဆိုင်ရာ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေး၊ ရေတပ် စစ်အင်အား ကောင်းမွန်ရေးစသည်တို့အတွက် တရုတ်ပြည်က ကူညီ ထောက်ပံ့နေခြင်းကြောင့် တရုတ်ပြည်သည် အိန္ဒိယသမုဒ္ဒရာ လုံခြုံရေး ကိစ္စတွင် အဓိက အရေးပါသော နိုင်ငံကြီးတစ်ခု အဆင့်သို့ မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။

ယင်းသို့ အိန္ဒိယသမုဒ္ဒရာတွင်း ခြေလှမ်း ကြီးထွားလာခြင်း၊ ရေကြောင်းဆိုင်ရာ မဟာဗျူဟာများ ကျင့်သုံးလာခြင်းကြောင့် တရုတ်ပြည်သည် ယနေ့အချိန်အထိ အပြုသဘော ဆောင်သော ရလဒ်ကောင်းများကိုသာ ဆွတ်ခူးနိုင်နေခြင်း ဖြစ်သည်။ အဆိုပါ ရေကြောင်းဆိုင်ရာ မဟာဗျူဟာသည် တရုတ်ပြည်၏ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးအတွက်လည်း အကျိုးသက်ရောက်မှု ရှိမည့် လက်နက်တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးအတွက် အကျိုးရှိမည့် မဟာဗျူဟာတစ်ရပ်ဟု ဆိုလျှင်လည်း မှားမည် မဟုတ်ပေ။

Vijay Sakhuja ၏ China's Strategy for the Indian Ocean ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kuwait Times,2 - Dec - 2009

အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံတမန် အချို့က စစ်အုပ်ချုပ်ရေး ကျင့်သုံးနေသော မြန်မာနိုင်ငံ၏ အဖြေမထွက်နိုင်သေးသော နိုင်ငံရေး အကျပ်အတည်းတွင် အရေးကြီးသော တိုးတက်မှုများ ဖြစ်ပေါ်လာရန် အခွင့်အလမ်းများ ရှိသေးသည်ဟု ရှုမြင် နေကြသော်လည်း လက်တွေ့တွင် ပြောင်းလဲမှု အနည်းငယ်သာ ရှိနေသောကြောင့် သတိကြီးစွာ ထားရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားပါသည်။ မြန်မာ့ ဒီမိုကရေစီ လမ်းပြမြေပုံ၏ နောက်ဆုံး အဆင့်ဖြစ်သော အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် ရွေးကောက်ပွဲများကို ကျင်းပရန် စီစဉ်ထားသော်လည်း ထွက်ပေါ်လာမည့် အရပ်ဖက် အုပ်ချုပ်ရေးစနစ်သည် နှစ် (၅၀) နီးနီး ကျင့်သုံးခဲ့သည့် စစ်အုပ်ချုပ်ရေးနှင့် ခြားနားခြင်း ရှိ / မရှိကို သေချာစွာ မသိနိုင်သေးပါ။

၁၉၆၀ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့် ဆက်ဆံရေးဖြစ်သော အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် မြန်မာ ဝန်ကြီးချုပ်တို့၏ သမိုင်း မှတ်တမ်းဝင် ဖြစ်ခဲ့သော နိုဝင်ဘာ (၁၅) ရက် တွေ့ဆုံမှု နောက်ပိုင်းတွင် မြန်မာအစိုးရသည် သဘောထား ကွဲလွဲဆန့်ကျင်သူ အတိုက်အခံများ အပေါ်တွင် ပျော့ပျောင်းသည့် လက္ခဏာ ပြသခြင်း မရှိသေးဟု စစ်မှုထမ်းဟောင်း မြန်မာ လေ့လာရေးသမားများက ပြောပါသည်။ လူ့အခွင့်အရေး အုပ်စုများနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများက သတင်း ထုတ်ပြန်ရာတွင် နိုင်ငံရေး လှုပ်ရှားသူများနှင့် ကျောင်းသားများကို ဖမ်းဆီးမှုများ တိုးပွားလာသည်ဟု ဆိုပါသည်။ ဝါရှင်တန်က ဖိအား ပေးနေသော်ငြားလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဖျောက်နိုင်ခဲသည့် သံသယများ ကြီးထွားနေဆဲ ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၂ ခုနှစ်တွင် တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ ဖူးခြင်းကို ရည်ညွှန်း၍ "ယခုအကြိမ်တွင် သတိကြီးစွာ ထားရပါမည်။ ယခင်ကလည်း တွေ့ကြုံခဲ့ပြီး ဖြစ်ပါသည်" ဟု ပြောကြားသူမှာ Economist Intelligence Unit မှ ဝါရင့် အာရှရေးရာ အယ်ဒီတာ Danny Richards ဖြစ်သည်။

(၁၄) နှစ်ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရသော နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို သြဂုတ်လက (၁၈) လ အကျယ်ချုပ် သက်တမ်းတိုးခဲ့ပါသည်။ သူမ၏ NLD ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ယခုတိုင် မဆုံးဖြတ်ရသေးပါ။ တပ်မတော် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများအပေါ်တွင် ကျေအေးရန် ဆန္ဒရှိကြောင်း သဘောထား လက္ခဏာများကို မကြာခဏ ပြသလေ့ရှိပြီး နိုင်ငံတကာ ဖိအားများ လျော့ပါးသွားသည့် အချိန်တွင် ၎င်းတို့၏ တင်းမာသော သဘောထားဆီသို့ ပြန်၍ ဦးလှည့်သွားတတ်သည်ဟု ၎င်းက ပြောကြားပါသည်။

မြန်မာအစိုးရက အမေရိကန် သမ္မတ၊ အာဆီယံ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံတမန်များအား လွတ်လပ် မျှတ၍ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိ ပေးထားပါသည်။ သို့ရာတွင် ရက်သတ်မှတ်ခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ဥပဒေကလည်း မူကြမ်း အဆင့်တွင်သာ ရှိပုံရပါသည်။ အတိုက်အခံ နိုင်ငံရေးသမားများကလည်း ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။ သံယဇာတ ကြွယ်ဝသော မြန်မာနိုင်ငံတွင် အနှစ် (၂၀) အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများသည် အဖြေထက်စာလျှင် သံသယ မေးခွန်းများသာ ပေါ်ထွက်လာစေပါသည်။ ဗြိတိသျှ ကိုလိုနီဟောင်း မြန်မာနိုင်ငံကို တပ်မတော်နှင့် ၎င်း၏ ကိုယ်စားလှယ်များက ဆက်လက် ထိန်းချုပ်ရေးကို သေချာစေမည့် မည်သည့်ကိစ္စကိုမဆို အစိုးရက လုပ်ဆောင်လိမ့်မည် ဆိုသော အချက်မှာမူ သံသယ ရှိစရာမလိုပါဟု လေ့လာသူများက ပြောကြားလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စမှာမူ ရွေးကောက်ပွဲတွင် အရေးပါသော ကဏ္ဍမှ သူမ ပါဝင်လှုပ်ရှားခြင်း မပြုရန် တားမြစ်ချက်ကို သဘောတူမှသာလျှင် ဖြစ်မြောက်နိုင်ဖွယ် ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ပြောကြားပါသည်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည့် လက္ခဏာများ တစ်ခုမှ မတွေ့ရသေးပါ။ အကယ်၍ သူမကို လွှတ်ပေးလိုက်ပါက လွတ်မြောက်သွားသော နတ်သမီးကို ပုလင်းထဲ ပြန်ထည့်ရန် အလွန် ခက်ခဲပါလိမ့်မည်ဟု ၎င်းက ပုံပြင်ကို ဥပမာပြု၍ တင်စား ပြောဆိုလိုက်ပါသည်။

၂၀၀၂ ခုနှစ် သူမအား နောက်ဆုံးအကြိမ် လွှတ်ပေးခဲ့စဉ်က NLD ပါတီနှင့် တိုင်းပြည်အပေါ် သူမ၏ ကြီးမားသော လွှမ်းမိုးနိုင်မှုကို အစိုးရက လျှော့တွက်ခဲ့ပုံရသည်ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံသားတို့သည် ယခုအချိန်ကို သေးငယ်သော အခွင့်အလမ်း ပြတင်းပေါက် ကလေးအဖြစ် သဘောပေါက်ပြီး၊ အခွင့်အရေး ယူနိုင်ခဲ့ပါက သူမ လွတ်မြောက် လာနိုင်ပါသည်။ ရှေ့တွင် ဖြစ်နိုင်ချေ ရှိသည်မှာ အစိုးရနှင့် သူမကြားတွင် သဘောတူညီချက်အချို့ ရရှိနိုင်ပါသည်။ အစိုးရက သူမကို ဒီအတိုင်း လွှတ်ပေးလိမ့်မည်ဟု မထင်ပါ။ ရွေးကောက်ပွဲ မတိုင်ခင် သူမအား လွှတ်ပေးခြင်းသည် အစိုးရအတွက် အလွန်ပင် အန္တရာယ်များလှပါသည်။ သူမသည် နိုင်ငံတဝှမ်း အလွန်ပင် ရေပန်းစားနေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် အိုဘားမားက မြန်မာဝန်ကြီးချုပ်နှင့် စင်္ကာပူတွင် တွေ့ဆုံခဲ့စဉ်က ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ပါသည်။ မြန်မာအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် သဘေားထား ပျော့ပျောင်းလာမည့် လက္ခဏာများ ပြသခဲ့ပါသည်။ ရွေးကောက်ပွဲအတွက် သူမ၏ ပါတီကို ကူညီစည်းရုံးရန် သူမအား မကြာမီ လွှတ်ပေးမည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်က နိုဝင်ဘာလတွင် ပြောကြားခဲ့ပါသည်။ သို့ရာတွင် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ချုပ် ဦးမင်းလွင်က ၎င်းအနေနှင့် မှားယွင်းစွာ ပြောဆိုမိခြင်းသာ ဖြစ်သည်ဟု ရိုက်တာသို့ ပြောကြားပါသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန် ၎င်းက ငြင်းဆန်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး နယ်ပယ်တွင် ပြန်လည် လှုပ်ရှားနိုင်ပါလိမ့်မည်ဟု မြန်မာဝန်ကြီးချုပ်က အာဆီယံခေါင်းဆောင်များအား အောက်တိုဘာ (၂၅) ရက်တွင် ပြောကြားခဲ့ ပြီးနောက် အထက်ပါကိစ္စ ပေါ်ပေါက်လာခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ခေါင်းဆောင်များမှတဆင့် သိရှိရပါသည်။ တပ်မတော်ခေါင်းဆောင်များနှင့် တင်းမာမှု လျော့ပါးရေး အစီအစဉ် တစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell အပါအဝင် နိုင်ငံခြား သံတမန်များ စသည်တို့နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။

အခြေအနေ တစ်ဝက်ခန့် ကောင်းလာပြီဟု အမှန်တကယ် ယုံကြည်ပါသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Andrew Heyn က ဟနွိုင်းတွင် နိုင်ငံခြား သတင်းထောက်များအား ပြောကြားပါသည်။ သို့ရာတွင် အမှန်တကယ် ပြောင်းလဲ တိုးတက်လာသည်ဟု လက်ခံ ယုံကြည်နိုင်ရန် ယခုထက် ပိုမို ပြောင်းလဲမှုများ မြင်တွေ့ဖို့ လိုအပ်သည်ဟု ၎င်းက ဖြည့်စွက်ပါသည်။ ၎င်းက "အဆိုးမြင်ရှုဒေါင့်မှ ကြည့်လျှင် လုံးဝ ထိရောက်မှု ရှိသော အလှပြ အစီအစဉ် တစ်ခုဖြစ်ပြီး ကြည့်၍ ကောင်းသည်မှ လွဲလျှင် ဘာမှ အမှန်တကယ် ဖြစ်မလာနိုင်ပါ" ဟု ပြောကြားလိုက်ပါသည်။

ရန်ကုန်တွင် လက်ရှိ ဖြစ်ပွားနေသော နှိမ်နင်း ဖြိုခွဲမှုနှင့် ပတ်သက်သော အစီရင်ခံစာများတွင် စိုးရိမ် ပူပန်မှုများကို အလေးပေး ဖော်ပြထားပါသည်။ နာဂစ်စ် ဆိုင်ကလုန်းတွင် အသက်ရှင် ကျန်ရစ်သူများအတွက် ပြည်ပမှ လှူဒါန်းငွေများကို လက်ခံမှုအား အကြောင်းပြပြီး၊ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူ (၁၀) ဦးခန့်ကို ယခု သီတင်းပတ်များအတွင်း ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဝေဖန် ဆန်းစစ်ထားသော အစီရင်ခံစာကို Amnesty International က ယခင်အပတ်က ထုတ်ပြန်ခဲ့ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဖြိုခွဲခြင်း အစီအစဉ်အဖြစ် ယခင်လက ဖမ်းဆီးခဲ့သော အစိုးရ ဆန့်ကျင်သူ (၄၁) ဦးတွင် အထက်ပါ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် (၁၀) ဦး ပါဝင်သည်ဟု လူ့အခွင့်အရေး အဖွဲ့က ပြောကြားပါသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် သံတိုင်များ နောက်ကွယ်မှ ဖြစ်ရပ်မှန်များကို ဖေါ်ထုတ်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအသင်း (A.A.P.P in Burma) ကလည်း အထက်ပါ အစီရင်ခံစာကို ထောက်ခံ အတည်ပြုပါသည်။ အာဏာပိုင်များသည် လုံခြုံရေး အကြောင်းပြ နှိမ်နင်းမှုအဖြစ် အောက်တိုဘာလအတွင်းက လူ (၅၀) ခန့် ဖမ်းဆီးခဲ့သည်ဟု ဆိုပါသည်။

အခြေခံ ဥပဒေသစ်သည် တပ်မတော်၏ အနာဂါတ်ကဏ္ဍနှင့် ပတ်သက်၍ သံသယများ တိုးပွားစေပါသည်။ လွှတ်တော်၏ (၂၅ %) ကို သိမ်းပိုက် နေရာယူထားမည့် တပ်မတော်သည် အဓိက ဝန်ကြီးဌာနများနှင့် ရာထူးများကို ထိန်းချုပ်ထားမည် ဖြစ်သည်။ တပ်မတော် အကြီးအကဲသည် ရွေးကောက်ခံ သမ္မတထက် ရာထူးအာဏာ ပိုကြီးပြီး၊ အရေးပေါ် အချိန်မျိုးတွင် အာဏာ သိမ်းပိုက်ခွင့် ရှိနေပါသည်။

အဆင့် (၇) ဆင့်ပါ လမ်းညွှန်မြေပုံသည် တပ်မတော် ရယူထားသော အာဏာခြေကုတ်ကို ခိုင်မြဲစေပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေမည့် အစီအစဉ်သာ ဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်ပါသည်။ University of Canberra မှ မြန်မာရေးရာ လေ့လာသူ Christopher Roberts က တပ်မတော် အစိုးရသည် ၎င်းတို့ သွားလိုသော လမ်းကြောင်းပေါ်ရှိ အကျပ်အတည်း မီးပွိုင့်လမ်းဆုံသို့ ရောက်ရှိနေသည်ဟု မှတ်ချက်ပေးပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တွေ့ဆုံခွင့် တောင်းသော နိုဝင်ဘာ (၁၁) ရက် နေ့စွဲတပ် ပေးစာသည် ဖြစ်နိုင်ချေရှိသော သဘောထား ပြောင်းလဲမှုကို ညွှန်ပြနေပါသည်။ ဤကိစ္စသည် နိုင်ငံတွင်း အကောင်းမြင်ဝါဒကိုလည်း ညွှန်ပြနေပြီး ၎င်းတို့ အချိန်ကြာမြင့်စွာကပင် ကြိုးစားနေခဲ့သည့် လက်ရှိ အနေအထားကို တိုးတက်စေမည့် အခြေခံဥပဒေပေါ်တွင် အပြုသဘောဆောင်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ယခုအချိန်သည် အခွင့်ကောင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

worldfocus.org, By Michael lwin, 30 Nov 2009

          လွန်ခဲ့သော ငါးနှစ်ခန့်က မြန်မာတပ်မတော် အစိုးရသည် မြန်မာနိုင်ငံ၏ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပါသည်။

          ထိုသို့ ပြောင်းရွှေ့စဉ်က နေပြည်တော်သည် ကျေးလက်ဆန်ပြီး စိတ်ဝင်စားစရာ မကောင်းခဲ့ပါ။ မြို့ငယ်လေး တစ်မြို့ဖြစ်ကာ သက်ကယ်တဲများဖြင့် ဆင်းရဲသော လယ်သမားများ နေထိုင်ကြပါသည်။

          ရန်ကုန်၏ ရှိပြီးသား အခြေခံအဆောက်အဦများနှင့် နှိုင်းယှဉ်ရလျှင် လွန်ခဲ့သော ငါးနှစ်က ခေတ်မီရန် အများကြီး လိုအပ်နေပါသည်။ ထို့ကြောင့်ပင် တပ်မတော် အစိုးရသည် ကျေးရွာလေးအား အစိုးရ ရုံးစိုက်ရာ မြို့တော်ကြီးအဖြစ် အသွင်ပြောင်းရန် သဘာဝ အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသည်။

          ၂၀၀၈ ခုနှစ်က New York Times တွင် စီးပွားရေး ပညာရှင် Sean Turnell ၏ ဆောင်းပါး၌ ဖော်ပြထားရာတွင် မြန်မာပညာရှင်များကလည်း သဘောတူသော နေပြည်တော် တည်ဆောက်ရေး အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံကြား ရှိမည်ဟု ဆိုပါသည်။

          ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန် ရေတပ်သင်္ဘောများ ဝင်ရောက်လာမည်ကို ကြောက်၍ လည်းကောင်း ဂြိုလ်တုမှ စုံစမ်း ထောက်လှမ်းမှုများ၊ အနောက်နိုင်ငံ စပိုင်များ၏ ထောက်လှမ်းမှုများကို ကြောက်၍ လည်းကောင်း နေပြည်တော်သို့ ပြောင်းရွှေ့ရခြင်း ဖြစ်မည်ဟု အနောက်တိုင်း လေ့လာသူများက ခန့်မှန်းကြပါသည်။

          မြန်မာ အစိုးရဖက်ကတော့ ထိုသို့ ကြောက်၍ ပြောင်းခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံသည် အစွန်အဖျား ဒေသများတွင် သူပုန်ထခြင်းများသည် သမိုင်းကြောင်းနှင့် ချီ၍ ရှိခဲ့ရာ၊ တိုင်းပြည်၏ ဗဟိုကျသော နေရာသို့ ပြောင်းရွှေ့သွားခြင်းဖြင့် စစ်တပ်ကို မဟာဗျူဟာကျကျ ကွပ်ကဲနိုင်မည် ဖြစ်သည်။ ဗဟိုကျသော နေရာသည် ဆက်သွယ်ရေး လွယ်ကူအောင် မြှင့်တင်ရေးအတွက် စရိတ်သက်သာသည့် အားသာချက် ရှိပြီး၊ မြောက်ပိုင်းဒေသများနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် အားသာချက်များ ရှိပါသည်။

          ရန်ကုန်မှ နေပြည်တော်သို့ ကားမောင်းချိန် ၄-၅ နာရီခန့် ရှိပါသည်။ ချောမွေ့နေသော အဝေးပြေး လမ်းမကြီးသည် ပြီးစီးလု ဖြစ်နေပြီး ကားအနည်းငယ်သာ ရှိပါသည်။ အနီးအနားမှ ရွာများတွင် နေထိုင် သူများသည် ခမောက်နှင့် လုံချည်များ ဝတ်ထားပြီး၊ လမ်းဘေး ဖြူနီကျား တုံးများစီရန် တွင်းတူးနေကြပါသည်။ အလုပ်သမား အများစုမှာ ကလေးများ ဖြစ်ကြသည်။

          လမ်းတစ်လျှောက် စစ်ဆေးသည့် ချက်ပွိုင့် နေရာလေးများ ရှိရာ၊ နယူးယောက်မြို့မှ E-Z ဖြတ်သန်းခွင့် စစ်ဆေးသည့် တိုးဂိတ်နှင့် တူပါသည်။ စစ်သားတစ်ဦး သို့မဟုတ် အမျိုးသမီးငယ်တစ်ဦး သည် LCD မော်နီတာ ရှေ့တွင် ထိုင်နေပြီး ကားတစ်စီးလျှင် ၂၅၀၀ (ဒေါ်လာ ၂.၅ခန့်) ကောက်ပါသည်။ အခြားစစ်ဆေးသော နေရာများမှာ မသင်္ကာသော လှုပ်ရှားမှုများကို စစ်ဆေးရန် ထားပါသည်။

          ခရီးသွားများအား နေပြည်တော်မှ ကြိုဆိုပါ၏ဟု အင်္ဂလိပ်၊ မြန်မာ ရေးထိုးထားသော ဆိုင်းဘုတ်များဖြင့် နှုတ်ဆက်ပါသည်။ နေပြည်တော် တည်ဆောက်ရေး၏ အသီးအပွင့်များအဖြစ် လမ်းမကျယ်ကြီးများ၊ အပင်များ စိုက်ထားသော အဝိုင်းကြီးများ၊ ရောင်စုံခြယ်ထားသော ဝန်ထမ်းများ အတွက် တိုက်ခန်းများနှင့် ဧည့်သည်များအား ဆွဲဆောင်ရန် ရေပန်းဥယျာဉ်နှင့် တိရစ္ဆာန်ရုံတို့လည်း ရှိပါသည်။

          သို့သော် မှတ်မိလွယ်သည့် အမှတ်အသားများ နည်းပါးမှုကြောင့် ကျွန်ုပ်တို့၏ လမ်းပြမှာ မကြာ ခဏ မျက်စိလည်လျက် ရှိပါသည်။ ၎င်းသည် နျူကလီယာ ရူပဗေဒနှင့် ဘွဲ့ရသူဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်ကတည်းက နေထိုင်သူ ဖြစ်ပါသည်။

          နေပြည်တော်တွင် လူဦးရေ တစ်သန်းခန့် ရှိသည်ဟု ဆိုသော်လည်း လူအနည်းငယ်သာ တွေ့ရပါသည်။ နေပြည်တော်သည် ဧရိယာအကျယ်ကြီးပေါ်တွင် ဖြန့်၍ တည်ဆောက် ထားသောကြောင့်လား မပြောတတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Wall Street Journal, 1 - Dec - 2009

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် အလွန်တရာ အောင်မြင်သော ထိပ်သီးချင်း တွေ့ဆုံမှုကို ယခင်အပတ်က ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် စိုးရိမ်စရာ အကြောင်းတစ်ခုအဖြစ် ကျန်ရှိနေသော ကိစ္စမှာ မြန်မာနိုင်ငံအပေါ် ထားရှိမည့် အိန္ဒိယ၏ မူဝါဒ ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသမိုင်းတွင် တာဝန်ရှိသူတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ကိုလိုနီဘဝသို့ ရောက်ခဲ့စဉ်က ၎င်းတို့ နှစ်နိုင်ငံကို ပေါင်းပြီး တစ်နိုင်ငံတည်းအဖြစ် ဗြိတိသျှက အုပ်ချုပ်ခဲ့သောကြောင့် ဖြစ်သည်။ အထိန်းသိမ်းခံ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင် ငယ်စဉ်ဘဝ ကျောင်းနေစဉ် ဂျဝါဟလာနေရူး၏ မြေးများနှင့် သူငယ်ချင်း ဖြစ်ခဲ့ပါသည်။ ယခင် အိန္ဒိယ အစိုးရများသည် အဆိုပါ ဆက်ဆံရေးကို အထူးပင် အလေးထားခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ကာလတွင် ရာဂျစ်ဂန္ဒီ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံမှုကို ပြသခဲ့ပါသည်။

လက်ရှိနှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ မူဝါဒ ပြောင်းလဲလာခြင်းသည် တရုတ်လွှမ်းမိုးမှုကို ဟန်ချက် ထိန်းညှိရန် လိုအပ်လာခြင်းနှင့် ပတ်သက်သော စိုးရိမ် ပူပန်မှုများနှင့် ကုန်သွယ်ရေး မြှင့်တင်လိုသော ဆန္ဒများကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ အကူအညီများကို တုန့်ပြန်သည့် အနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား (၈၀%) ကို အိန္ဒိယသို့ ရောင်းချပေးရန် မြန်မာက သဘောတူခဲ့ပါသည်။ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနှင့် လေ့ကျင့်ရေး အစီအစဉ်များ ကူညီ ထောက်ပံ့ရန် သဘောတူညီမှုများ အပါအဝင် မြန်မာအစိုးရနှင့် စစ်ရေး မဟာမိတ် ဖွဲ့စည်းရန် ကြိုးစားနေသော အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့မြောက်ဒေသရှိ သူပုန်များကို နှိမ်နင်းရာတွင် အကူအညီ ရရှိရန် မျှော်လင့်ထားပါသည်။

ခြုံငုံ၍ ကြည့်ပါက မျှော်လင့်ထားသော အကျိုးရလဒ်များသည် ရုတ်တရက် စတင်ခဲ့ခြင်း မဟုတ်ပါ။ မြန်မာအစိုးရက အိန္ဒိယနှင့် ဆက်ဆံသွားရန် စောစောပိုင်းကပင် ကတိပြုထားခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် အိန္ဒိယက ဈေးနှုန်းအမြင့်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မြန်မာအာဏာပိုင်များက အလွန် ကြီးမားသော သဘာဝဓာတ်ငွေ့ ကန်ထရိုက် စာချုပ်ကို တရုတ်နှင့် ချုပ်ဆိုခဲ့ပါသည်။ တစ်ချိန်တည်းတွင် အိန္ဒိယ အရှေ့မြောက်ဒေသ သူပုန်များကို တိုက်ခိုက်ရာတွင်လည်း မြန်မာက ပေးသော အကူအညီမှာ အနိမ့်ဆုံး အဆင့်တွင်သာ ရှိပါသည်။ အိန္ဒိယက ရောင်းချပေးခဲ့သော လက်နက်များကိုလည်း အစိုးရက ပြည်သူများကို နှိမ်နင်းရာတွင် တလွဲအသုံးပြုခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ စွမ်းအင် စီမံကိန်းများသည် နယ်မြေများ သိမ်းယူခြင်း၊ ထောင်နှင့်ချီသော ဒေသခံ ပြည်သူများ နေရာဖယ်ရှား ခံရခြင်း၊ မုဒိန်းမှု၊ ညှဉ်းပမ်းမှု၊ အဓမ္မ ခိုင်းစေမှု စသော လူ့အခွင့်အရေး ချိုးဖောက်ခြင်းများသာ ရလဒ်အဖြစ် ထွက်ပေါ်လာစေပါသည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်၏ လွှမ်းမိုးမှုကို အမှန်တကယ် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု အိန္ဒိယက ယုံကြည်ထားပါက မှားသွားပါလိမ့်မည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နှစ်စဉ် ကုန်သွယ်ရေး တန်ဖိုးသည် အိန္ဒိယထက် တစ်ဆခွဲခန့် ကြီးမားလျက် ရှိနေပြီး ဘီဂျင်းသည် မြန်မာအစိုးရ၏ အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး ဖြစ်လာပါသည်။ အမေရိကန်နှင့် ဆက်ဆံ ဆွေးနွေးရန် မြန်မာအစိုးရက စတင် ဆောင်ရွက်နေပြီး တရုတ်ကိုလည်း အကာအကွယ်တစ်ခုအဖြစ် ဆက်လက် မှီခိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အိန္ဒိယသည် အကျဉ်းအကြပ်ထဲ ကြားညပ်နေသော ၎င်း၏ အဖြစ်ကို တွေ့ရှိရပါလိမ့်မည်။

အိန္ဒိယသည် မြန်မာအစိုးရထံမှ အခွင့်အရေးရရန် မျက်နှာလို မျက်နှာရ လုပ်သည့်အနေဖြင့် မြန်မာအာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်ပါသည်။ ယခင်လက ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုံ့ချသော ဆုံးဖြတ်ချက်ကို မဲခွဲ ဆုံးဖြတ်ရာ၌ ဘယ်လာရှစ်၊ တရုတ်၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဇင်ဘာဆွေ တို့နှင့်အတူ အိန္ဒိယနိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ပါသည်။

အိန္ဒိယသည် ၎င်း၏ အနေအထားကို သုံးသပ် ပြင်ဆင်ပြီး ဒီမိုကရေစီကို အားပေးသော ၎င်း၏ ထင်ရှားသည့် မြန်မာနိုင်ငံ မူဝါဒကို ပြန်လည် အကောင်အထည်ဖေါ်ရန် နောက်ကျသွားခြင်း မရှိသေးပါ။ မန်မိုဟန်ဆင်းနှင့် အိန္ဒိယ အစိုးရသည် မြန်မာအစိုးရအပေါ် စိုးရိမ်ပူပန်မှုများကို ပိုမို ပြသသည့် အနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆုံးဖြတ်ချက်ကို ထောက်ခံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန် တွေ့ဆုံနိုင်ရန် ကြိုးစားခြင်း၊ အခြေခံ ဥပဒေသစ်ကို ပြန်လည် သုံးသပ်ရန် အစိုးရကို ဖိအားပေးခြင်း၊ ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး ပါတီအားလုံးနှင့် အဓိပ္ပာယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် တိုက်တွန်းခြင်း စသည်တို့ကို ဆောင်ရွက်သင့်ပါသည်။ စစ်ဖက် ကဏ္ဍတွင်လည်း မြန်မာအစိုးရကို လက်နက်ပစ္စည်းနှင့် စစ်ဖက်လေ့ကျင့်မှု အစီအစဉ်များ ထောက်ပံ့ ကူညီနေခြင်းကို တမုဟုတ်ခြင်း အပြည့်အဝ ရပ်ဆိုင်းခြင်းကို ကြိုဆို ထောက်ခံရပါမည်။ ထို့အပြင် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ဆင်းရဲ မွဲတေမှု ကပ်ဘေး ဆိုက်နေသော ဒုက္ခသည်များထံ နိုင်ငံတကာ လူသားခြင်း စာနာထောက်ထားသော အကူအညီများ နယ်စပ်ဖြတ်ကျော် ပေးပို့ခြင်းနှင့် မြန်မာလူမှု ကယ်ဆယ်ရေး အဖွဲ့များထံ ရန်ပုံငွေ ထောက်ပံ့ခြင်းကို စဉ်းစားခွင့် ပြုသင့်ပါသည်။

မိမိတို့ နှလုံးသားများက မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် တစ်သားတည်း ရှိစေသော်လည်း မိမိတို့ ဦးနှောက်ကမူ စစ်ခေါင်းဆောင်များနှင့် ပြေလည်စေရန် တိုက်တွန်းနေသည်ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ထိပ်ပိုင်းအဆင့် အရာရှိတစ်ဦးက ပြောကြားပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ နှလုံးသား ဆန္ဒနှင့် ဦးနှောက် စေခိုင်းမှုများကို ပေါင်းစပ်ရန် လိုအပ်နေပြီး၊ မြန်မာဒီမိုကရေစီ အရေးကို အားပေးသည့် ကိုယ်ပိုင် အမျိုးသား အကျိုးစီးပွား ဆန္ဒအပေါ်တွင်သာ ရေရှည် ရပ်တည်သွားရန် နားလည် သဘောပေါက် ထားသင့်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok,3 Dec 2009

          မလေးရှား နိုင်ငံတွင်းရှိ မြန်မာဒုက္ခသည် ၁၁၀၀၀ ခန့်ကို ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံးက တတိယနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရှိသူများအဖြစ် အသိအမှတ် ပြုခဲ့သည်ဟု ဧရာဝတီ သတင်းများအရ သိရပါသည်။

          ၎င်းဒုက္ခသည်များအနက် ချင်းလူမျိုး ၅၀၀၀၊ မွန်လူမျိုး ၁၈၀၀၊ ကချင်နှင့် ရှမ်းက ၁၀၀၀ ခန့် ပါဝင်သည်ဟု ဆိုပါသည်။ ယခုနှစ်တွင် ရခိုင်လူမျိုးများ မပါဝင်ခဲ့ပါ။

          ယခုနှစ် အစောပိုင်းက ထိုင်း-မလေးရှား နယ်စပ်မှ တစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ရန် ကြိုးစားသူများကို ထိုင်းအစိုးရက နှိမ်နင်းခဲ့စဉ် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာဒုက္ခသည် များကို UNHCR က အရေအတွက် များပြားစွာ အသိအမှတ် ပြုခဲ့ခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရပါသည်။

          Alliance of Chin Refugees ACR ၏ အဆိုအရ မလေးရှားတွင် လက်ရှိ ချင်းလူမျိုး ၅၀၀၀၀ ခန့် နေထိုင်နေပြီး ၂၀၀၁ မှ စ၍ ချင်းလူမျိုး ၂၀၀၀၀ ခန့် UNHCR ၏ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်မှုကို ရရှိခဲ့သည်ဟု ဆိုပါသည်။

          မလေးရှားရှိ Mon Refugee Office ကမူ မွန်လူမျိုး ၃၀၀၀ ခန့် UNHCR ဒုက္ခ သည် အဆင့်အတန်း ရရှိရန် ကြိုးစားနေသည်ဟု ထုတ်ပြန်ပါသည်။ ၂၀၀၇ တွင် တစ်ဦးမှ မရရှိခဲ့ဘဲ ၂၀၀၈ တွင် ၅၀၀ ခန့် အသိအမှတ်ပြု ခံရသည်ဟု ဆိုပါသည်။ မလေးရှားတွင် မွန်လူမျိုး ၂၀၀၀၀ ခန့် နေထိုင်နေပြီး တရားမဝင် နေထိုင်သူ များစွာ ရှိသည်ဟု သိရသည်။

          ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ရာတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ၊ ဖခင် မရှိသော အိမ်ထောင်စုမှ ကလေးများ၊ အသက် ၅၀ အထက် လူကြီးများကို ဦးစားပေးသည်ဟု ဆိုပါသည်။

          UNHCR အသိအမှတ်ပြု လက်မှတ် ရရှိထားပါက ဖမ်းဆီး ထိန်းသိမ်းခံရသည့် အချိန်မျိုးတွင် UNHCR ထံမှ အကူအညီ ရရှိနိုင်ပြီး ပြည်ပတွင် နေထိုင် လုပ်ကိုင်သူများအတွက် အကျိုးရှိသည်ဟု MRO မှ နိုင်ရိုမွန်က ပြောကြားပါသည်။

          UNHCR မှ အသိအမှတ်ပြုထားသော မြန်မာဒုက္ခသည်များသည် တတိယနိုင်ငံများသို့ ပြောင်း ရွှေ့နေထိုင်ရန် အချိန်တစ်နှစ် (သို့မဟုတ်) အချိန်အတန်ကြာ စောင့်ဆိုင်းရသည်ဟု ဆိုပါသည်။

          မလေးရှားတွင် တရားဝင်၊ တရားမဝင် နေထိုင်သူ မြန်မာလူမျိုးများ ငါးသိန်းခန့် ရှိသည်ဟု ကွာလာလမ်ပူ အခြေစိုက် မြန်မာအလုပ်သမားများ အခွင့်အရေး ကာကွယ်ရေး ကော်မတီက ဧရာဝတီသို့ ပြောကြားပါသည်။

          ၂၀၀၉ အောက်တိုဘာအထိ UNHCR မလေးရှားတွင် မှတ်ပုံတင်ထားသူ ဒုက္ခသည်နှင့် အလုပ် ရှာဖွေသူ ၆၇၈၀၀ အနက် မြန်မာလူမျိုး ၆၂၀၀၀ ခန့် ပါဝင်သည်ဟုသိရပါသည်။ မလေးရှားသို့ တရားမဝင် ဝင်ရောက်ရန် အမေရိကန် ဒေါ်လာ ၅၀၀ (မြန်မာငွေ ၅ သိန်းကျပ်) ခန့် ကုန်ကျသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.