Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပါက လူငယ် မျိုးဆက်သစ်များနှင့် ထိတွေ့ ဆက်ဆံနိုင်ရေးအတွက် Twitter Account တစ်ခု ဖွင့်လိုသည်ဟု ပြောဆိုကြောင်း ၎င်း၏ ရှေ့နေက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ဖော် ပြောကြားသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၅ နှစ်) သည် Twitter ခေတ် မပေါ်ထွန်းမီ ကလည်းက နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။ သူမ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် သက်တမ်းမှာ လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး အမှန်တကယ် လွတ်မြောက်လိမ့်မည် ဟုလည်း ထင်ကြေးပေး ပြောဆိုခံထားရသည်။ သို့သော် မြန်မာ စစ်အစိုးရက သူမ၏ အမှုနှင့် ပတ်သက်၍ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပြုလုပ်မည် ဖြစ်သော်လည်း အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်ပေ။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလော ဆန္ဒကတော့ သူလွတ်မြောက်တာနဲ့ Twitter အကောင့် ဖွင့်ချင်တယ် ဆိုတာပါပဲ" ဟု သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

"မြန်မာ ပြည်တွင်းနဲ့ ပြည်ပက မျိုးဆက်သစ် လူငယ်တွေနဲ့ ထိတွေ့မှု ရဖို့အတွက် Twitter အကောင့် ဖွင့်ချင်တယ်လို့ ဒေါ်စုက ကျွန်တော့်ကို ပြောပါတယ်။ Twitter ကို နေ့တိုင်း အသုံးပြုနိုင်ပြီး အားလုံးနဲ့ ထိတွေ့မှု ရအောင် လုပ်ချင်တယ် လို့လည်း ပြောပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တယ်လီဖုန်း မရှိသလို အင်တာနက် ချိတ်ဆက်မှုလည်း မရှိပေ။ သို့သော် သူမတွင် လက်ပတော့ တစ်လုံး ရှိသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အတွက် နေအိမ် အကျယ်ချုပ် စည်းမျဉ်း ဥပဒေများအရ သူမအနေဖြင့် နိုင်ငံပိုင် သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ ဖတ်ရှုနိုင်သလို ရေဒီယိုနှင့် နိုင်ငံပိုင် ရုပ်သံများလည်း ကြည့်ရှုခွင့် ရှိသည်။ သို့သော် ဂြိုလ်တုစလောင်း မရှိသောကြောင့် နိုင်ငံခြား ရုပ်သံဌာနများ၏ ထုတ်လွှင့်မှုများကို မကြည့်ရှုနိုင်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရှိသော ပုဂ္ဂိုလ် အနည်းငယ်ခန့် ရှိရာ ရှေ့နေ ဦးဉာဏ်ဝင်းလည်း အပါအဝင် ဖြစ်သည်။ အခြားသော သူများမှာ သူမ၏ ဆရာဝန်များနှင့် ကုလသမဂ္ဂမှ အဆင့်မြင့် အရာရှိကြီးများ ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် နိုင်ငံခြားမှ စောင့်ကြည့် လေ့လာသူများအား လာရောက် ကြည့်ရှု လေ့လာခွင့် ပြုမည် မဟုတ်ကြောင်း မြန်မာအစိုးရ အရာရှိကြီးများက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြားသည်။ သို့သော် ပြည်တွင်း၌ နေထိုင်သော နိုင်ငံခြားသားများအား ကြည့်ရှု လေ့လာခွင့် ပြုမည်ဟု ဆိုသည်။

"ရွေးကောက်ပွဲ နေ့ရက်တွင် သံတမန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအား မဲရုံများတွင် ပြည်သူများ မဲပေးမှုကို ကြည့်ရှု လေ့လာရန် ဖိတ်ကြားမည် ဖြစ်သည်။ သို့အတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့ သက်ဆိုင်ရာ နိုင်ငံများမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူအဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက နေပြည်တော်တွင် ပြောကြားသည်။

"ထို့ကြောင့် နိုင်ငံခြားမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကို ဖိတ်ကြားရန် မလိုအပ်တော့ပေ" ဟု ၎င်းက ဆိုသည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အစိုးရ အုပ်ချုပ်မှု အောက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ အတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။

"လာမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် အညီ ကျင်းပမည် ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု ရှိမည် ဖြစ်သည်" ဟု ဦးသိန်းစိုးက ဆိုသည်။

အချို့သော လေ့လာ သုံးသပ်သူများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ ပါတီ ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိသောကြောင့် ရွေးကောက်ပွဲ၏ စံချိန် စံနှုန်းကို မေးခွန်း ထုတ်လျက် ရှိသည်။ စစ်အစိုးရက ယခုနှစ်အတွင်း ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက သူမအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်သည်။

ယင်းဥပဒေများအရ ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးသမားများ ပါဝင်သည့် နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။ သို့အတွက်ကြောင့် NLD က ဝင်ရောက် မယှဉ်ပြိုင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

"တကယ်လို့ မဲမပေးဘဲ နေမယ်ဆိုရင် နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးမှာ ဖြစ်ပါတယ်" ဟု ဦးသိန်းစိုးက သတိပေး ပြောဆိုသည်။

Monster Critics မှသတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinping ကို သြဇာ အာဏာ ကြီးမားသော စစ်ရေး ကော်မရှင်၏ ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရေးသား ဖော်ပြသည်။ ယခုကဲ့သို့ စစ်ရေး ကော်မရှင်၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးအဖြစ် ရာထူး ခန့်အပ်လိုက်ခြင်းသည် သမ္မတ ဟူဂျင်တောင်း နေရာကို ဆက်ခံရန် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟု ယူဆရသည်။

ဒုတိယ သမ္မတအား စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်မှုသည် ဘေဂျင်း မြို့တော်တွင် ကျင်းပသည့် ကွန်မြူနစ်ပါတီ နှစ်ပတ်လည် ဆွေးနွေးပွဲ နောက်ဆုံး နေ့ရက်၌ ဖြစ်ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ အသက် ၅၇ နှစ် အရွယ် ရှိသော မစ္စတာ Xi Jinping သည် ယင်းသို့ ရာထူး တိုးမြှင့်ခြင်း ခံရလိမ့်မည်ဟု ကာလ ကြာရှည်စွာ ထင်ကြေး ပေးခံခဲ့ရသူဖြစ်ပြီး ယခုကဲ့သို့ ရာထူး တိုးမြှင့်လိုက်ခြင်းကြောင့် စစ်ရေး ကော်မရှင်တွင် သမ္မတ ဟူဂျင်တောင် ပြီးလျှင် ဒုတိယမြောက် အရပ်ဘက် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။ မစ္စတာ ဟူဂျင်တောင်မှာ လာမည့် ၂၀၁၂ ခုနှစ်တွင် ကွန်မြူနစ်ပါတီ အကြီးအကဲနှင့် တရုတ်နိုင်ငံ သမ္မတရာထူးမှ အနားယူဖွယ် ရှိသည်။

မစ္စတာ Xi Jinping သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တရုတ် ကွန်မြူနစ် ပါတီ၏ အဖွဲ့ဝင် ကိုးဦးပါ နိုင်ငံရေးဗျူရိုသို့ ရာထူး တိုးမြှင့်ပေးခြင်း ခံရပြီး တရုတ်နိုင်ငံ ဒုတိယ သမ္မတအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ မစ္စတာ Xi သည် တရုတ် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး၏ သားဖြစ်ကာ နာမည်ကျော် Pop အဆိုတော် တစ်ဦး၏ ခင်ပွန်းလည်း ဖြစ်သည်။ ၎င်းသည် ယခင်က တရုတ်ပြည် အရှေ့ပိုင်း Fujian နှင့် Zhejiang ပြည်နယ်တို့တွင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်အဖြစ် တာဝန် ယူခဲ့ရသည်။ ထို့အတူ ရှန်ဟိုင်းမြို့၏ ထိပ်ပိုင်း ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

မစ္စတာ Xi သည်၎င်း၏ မိသားစု မျိုးနွယ်ကြောင် "တရုတ်ပြည်၏ မင်းသားကြီး" ဟု သတ်မှတ် ခေါ်ဆိုခံထားရသူ ဖြစ်သည်။ မစ္စတာ Xi ယခုလို အဆင့်မြင့် ရာထူး တိုးမြှင့်ခံရသည်မှာ တစ်ချိန်က တော်လှန်ရေး ခေါင်းဆောင်ကြီး မော်စီတုန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သော သူ၏ ဖခင် တော်လှန်ရေး ပြောက်ကျား Xi Zhongxun ကြောင့် ဖြစ်မည်ဟု ယူဆရသည်။

မစ္စတာ Xi သည် သမ္မတ ဟူဂျင်တောင် ကြိုက်နှစ်သက်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဟု ယူဆရသော်လည်း အချို့သော လေ့လာ သုံးသပ်သူများက ယခင် သမ္မတဟောင်း ကျန်ဇီမင်းနှင့် ၎င်း၏ မဟာမိတ်များ၏ စီစဉ်မှုကြောင့် ယခုလို ထင်ပေါ် ကျော်ကြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။ သမ္မတဟောင်း ကျန်ဇီမင်းသည် ရာထူးမှ အငြိမ်းစားယူပြီး ဖြစ်သည့်တိုင် ယနေ့ အချိန်အထိ သြဇာအာဏာ အတော်များများ ရှိနေသေးသည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(အယ်ဒီတာထံ ပေးစာ)

The Nation, 16th October 2010

ရည်ညွှန်းချက် ။         "စစ်ပြေး ဒုက္ခသည်များ ပြန်ပို့ရေးအကြောင်း ပြောခြင်းလား။ Kasit ၏ မီးနှင့် ကစားနေခြင်း" ခေါင်းကြီးပိုင်း အောက်တိုဘာ (၄) ရက်

နေရာ အတည်တကျ မရှိသော မြန်မာ နိုင်ငံသားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ကဏ္ဍကို သင်၏ ခေါင်းကြီးပိုင်းတွင် မှတ်ချက် ပြုထားရာ စက်တင်ဘာလ (၂၈) ရက်နေ့က နယူးယောက်ရှိ Asia Society ဌာနချုပ်တွင် နိုင်ငံခြားရေး ဝန်ကြီး Kasit Piromya ၏ မှတ်ချက်ကို မတိမကျ အဓိပ္ပာယ် ကောက်ထားပုံ ရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို အဆက်မပြတ် ကူညီခဲ့သည်။ မြန်မာနိုင်ငံ၏ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် စည်းလုံး ညီညွတ်ရေး အတွက် အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ရှေ့ဆက်သွားရာတွင် ထိုင်းနိုင်ငံမှ ပြန်သွားသူများ အပါအဝင်  မြန်မာ နိုင်ငံသားများသည် အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့် ရရှိရေးသည် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့သလို အားလုံး ပြည့်စုံသော အစီအစဉ်များ လိုအပ်သည့် အလျောက် ပြင်ဆင်ရန် လေ့ကျင့် သင်ကြားရေး၊ ပညာရေးနှင့် စွမ်းရည် မြင့်မားရေး တို့အတွက် ပြင်ဆင်ရန် ကူညီမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ၎င်းတို့ ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး၊ သိက္ခာရှိစွာ မိမိနိုင်ငံသို့ ပြန်သွားနိုင်ရေး၊ အခြေအနေ အခွင့်ကောင်း ဖြစ်ပြီး တဖြည်းဖြည်း ပြန်သွားနိုင်သည့် အချိန်တွင် တိုင်းပြည် တိုးတက်ရေး အတွက် လုပ်ဆောင်နိုင်ရေး တို့ကို ရည်ရွယ်သည်။ ထို့အတွက် ပြန်ရမည့် ရက်ကို အချိန် အတိအကျ သတ်မှတ် ပေးထားခြင်း မရှိပါ။ ထို့ကြောင့် နေရာ အတည်တကျ မရှိသော မြန်မာ နိုင်ငံသားများနှင့် ပြည်ပရောက် မြန်မာများ အတွက် ပြန်ပို့ရေး အစီအစဉ်အတွက် သင်၏ စိုးရိမ် ပူပန်မှုများ မလိုအပ်သေးပါ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအားဖြင့် ထိုအစီအစဉ် မရှိသေးသောကြောင့် ဖြစ်သည်။

နိုင်ငံတကာမှ ထောက်ပံ့ ကူညီမှုများ လိုအပ်သည်ဟု သင်ဖော်ပြခဲ့မှုမှာ မှန်ကန်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ထိုင်းနိုင်ငံ၏ အတူ ပူးပေါင်း၍ မြန်မာ နိုင်ငံသားများ၏ ဘဝများနှင့် လေ့ကျင့်ပေးရေး အစီအစဉ်များ တိုးတက်ရန် အကူအညီများ ဖြည့်ဆည်း ပေးသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် မြန်မာ နိုင်ငံသားများ၏ အနာဂတ် ပိုမို ကောင်းမွန်ရေးအတွက် ပါဝင် ဖြည့်ဆည်းပေးခြင်းပင် ဖြစ်သည်။

( Vimon Kidchob ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘန်ကောက်)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 18th October 2010

လာမည့်လ ရွေးကောက်ပွဲများကို ကြည့်ရှုမည့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို မြန်မာ အစိုးရက ခွင့်မပြုဟု သိရှိရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိန်က "ကျွန်တော်တို့မှာ ရွေးကောက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ပ ကျွမ်းကျင်သူတွေ မလိုအပ်ပါဘူး" ဟု နိုင်ငံခြား သံတမန်များနှင့် သတင်းထောက်များအား တနင်္လာနေ့က ပြောကြားခဲ့သည်။

"သူတို့ တိုင်းပြည်တွေကို ကိုယ်စားပြုတဲ့ သံအမတ်တွေ အားလုံး ရှိနေပြီးသား ဆိုတော့ ရွေးကောက်ပွဲကို လေ့လာမယ့် အထူး အဖွဲ့တွေကို ဖိတ်ခေါ်ဖို့ လိုမယ် မထင်ပါဘူး၊ ဒီမှာရှိတဲ့ သံအမတ် အားလုံး ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်လို့ ရပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကမ္ဘာတွင် BURMA ဟုသာ လူသိများပြီး ၁၉၆၂ ကပင် စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းမည့် နိုဝင်ဘာ ရွေးကောက်ပွဲများသည် ဒီမိုကရေစီကို ဗန်းပြ လှည့်စား ဖန်တီးရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ် ထားကြသည်။

လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၁၀၀ ကျော် အတွက် သီးသန့်နေရာ ဖယ်ပေးထားသော အခြေခံ ဥပဒေသည် တိုင်းပြည်တွင်း စစ်ဖက်အစိုးရ ခြေကုတ် မြဲရန် ရည်ရွယ် ရေးဆွဲထားသည်ဟုလည်း ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။

ကမ္ဘာကျော် ဒီမိုကရေစီ လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကမူ ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ဟု ပြောကြားထားသည်။ သူမ၏ ပါတီက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိသော်လည်း စစ်ဖက် အုပ်ချုပ်သူများက ၎င်းတို့ လိုလားသော ရလဒ် မဟုတ်၍ အသိအမှတ် မပြုဘဲ ပယ်ချခဲ့ကြသည်။

ယခု အကြိမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ် ကျခံနေရသဖြင့် ရွေးကောက်ပွဲ ဝင်ရန် အကြုံးအဝင်အောင် ပြုလုပ်ထားသည့် ဥပဒေကို အစိုးရက သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိဟု သူမက ဝေဖန်ထားသည်။

သူမ၏ အင်းလျားစောင်း နေအိမ်သို့ အငြင်းပွားဖွယ် အမေရိကန် တစ်ဦး ရေကူး ဝင်ရောက်လာမှုကို လက်ခံခဲ့ခြင်းကြောင့် အကျယ်ချုပ် ပြစ်ဒဏ်ကာလတွင် ဥပဒေ ချိုးဖောက်သည်ဟု အစိုးရက စွပ်စွဲကာ ၂၀၀၉ သြဂုတ်လတွင် သူမအား ပြစ်ဒဏ် ချမှတ်ခဲ့သည်။

သူမအား ၂၀၁၀ နိုဝင်ဘာလ အထိ ထိန်းသိမ်းထားမည် ဖြစ်ရာ သူမ၏ အယူခံလွှာကိုလည်း တရားရုံးက ပြီးခဲ့သော ဖေဖော်ဝါရီလက ပယ်ချခဲ့သည်။

ရွေးကောက်ပွဲ ကာလတွင် သူမအား ဖယ်ရှားထားရန် အတွက် ယင်းသို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သူမအား ထောက်ခံသူများက ပြောကြားသည်။

ရွေးကောက်ပွဲ ဥပဒေသစ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား "သူမကို ခေါင်းဆောင်အဖြစ် ဆက်လက် တင်မြှောက်ခြင်းဖြင့် ပါတီ တရားမဝင် ကြေညာခံရသည့် အန္တရာယ်ကို ရင်ဆိုင်မလား၊ (သို့မဟုတ်) သူမကို ထုတ်ပယ်ကာ ရွေးကောက်ပွဲ ဝင်မလား" တစ်ခုကို ရွေးချယ်ရန် ဖိအား ပေးခဲ့သည်။

NLD ပါတီက ရွေးကောက်ပွဲဝင် မပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 18th October 2010

အီရန်နှင့် နျူကလီယာ အစီအစဉ်နှင့် ဒုံးကျည် နည်းပညာ အပေါ် တရုတ် ကုမ္ပဏီများ ကူညီနေမှု ရပ်တန့်အောင် ပိုမိုဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်အစိုးရကို တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်ရာတွင် ပါဝင်သည်ဟု ယုံကြည်ရသော ကုမ္ပဏီများ စာရင်းကို ဝါရှင်တန်က ဘေဂျင်းသို့ ပေးပို့ခဲ့သည်ဟု ဝါရင့် အမေရိကန် တာဝန်ရှိသူ တစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။

ကုလသမဂ္ဂ အရေးယူမှုများအား  အကောင်အထည် ဖော်ရေးကို  တာဝန်ယူကြောင်းနှင့် အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ဘေဂျင်းက ကတိပြုခဲ့သည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

နျူကလီယာဗုံး ပြုလုပ်ရန် အီရန် ကြိုးစားနေသည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်နေပြီး ယင်းကိစ္စကို အီရန်က ငြင်းဆိုထားသည်။

အီရန်က ယူရေနီယမ် သန့်စင်မှု လုပ်ငန်းများကို ရပ်ဆိုင်းရန် ငြင်းဆန်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ယင်းနိုင်ငံကအပေါ် ၄ ချီမြောက် အရေးယူ ပိတ်ဆို့မှုများကို ဇွန်လက ချမှတ်ခဲ့သည်။

ယူရေနီယမ် သန့်စင်သည့် နည်းပညာ သည် နျူကလီယာ စွမ်းအင် လောင်စာအတွက် အသုံးပြုနိုင်သကဲ့သို့ နျူကလီယာဗုံး ထုတ်လုပ်ရာတွင် လိုအပ်သော အဆင့်မြင့် ယူရေနီယမ်ကို သန့်စင်ရာတွင်လည်း အသုံးပြုနိုင်သည်။ အီရန်ကမူ ၎င်း၏ ရည်မှန်းချက်မှာ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ဖြစ်သည်ဟု ပြောကြားသည်။

ဗဟိုခွာ လည်ပတ်မှုစနစ်

တနင်္ဂနွေနေ့တွင် ဝါရှင်တန်ပို့စ်က သတင်း ဖော်ပြရာ၌ အီရန်အပေါ် အထူးသဖြင့် ဒုံးကျည် အစီအစဉ်အတွက် တားမြစ် ပိတ်ပင်ထားသော ကုမ္ပဏီများနှင့် ဘဏ်များ ပါဝင်ပတ်သက်နေကြောင်း အမေရိကန် ထောက်လှမ်းရေးက ယုံကြည်လျက် ရှိသည်ဟု ဆိုသည်။

ယူရေနီယမ် သန့်စင်ရာတွင် လိုအပ်သည့် ဗဟိုခွာ လည်ပတ်မှုစနစ် ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သော အရည်အသွေးမြင့် ကာဗွန် ဖိုက်ဘာ ကြိုးမျှင်ကို တရုတ် ကုမ္ပဏီများက အီရန်သို့ ရောင်းချခဲ့သည်ကို တွေ့ရှိထားသည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူ နောက်တစ်ဦးက ဝါရှင်တန်ပို့စ်သို့ ပြောကြားသည်။

၂၀၀၈ ခုနှစ်ကလည်း ဗဟိုခွာ လည်ပတ်မှု လုပ်ငန်းအတွက် အရေးကြီးသည့် ဖိအားတိုင်း ကိရိယာ ၁၀၈ ခုကို တရုတ် ကုမ္ပဏီများထံမှ အီရန်က ရရှိခဲ့ကြောင်း အခိုင်အမာ သိရှိရသည်။

မြောက်ကိုးရီးယားနှင့် အီရန်အပေါ် ချမှတ်ထားသော အရေးယူမှုများ၏ ထိရောက်မှုကို လေ့လာနေသူ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ် Robert Einhorn ၏ ယခင်လ ဘေဂျင်းခရီးစဉ်  အတွင်း စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်း ဖြစ်သည်ဟု အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်က တနင်္လာနေ့တွင် ဘီဘီစီသို့ ပြောကြားသည်။

အီရန်အပေါ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ရာတွင် တာဝန်ရှိကြောင်း တရုတ် အစိုးရက ကတိပြုခဲ့ပြီး ချိုးဖောက်မှုမှန်သမျှ ရပ်ဆိုင်းသွားစေမည့် သင့်လျှော်သော ဆောင်ရွက်မှုများ ပြုလုပ်လိမ့်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

"ပုဂ္ဂလိကပိုင် တရုတ် ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ သတင်းတွေကို တရုတ်အစိုးရထံ ပေးပို့ထားတယ်။ တရုတ် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမယ်လို့ အာမခံထားပါတယ်" ဟု နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က ညနေပိုင်းတွင် သတင်းထောက်များအား ပြောကြားသည်။

ကုမ္ပဏီများ၏ လှုပ်ရှားမှုကို တရုတ် တာဝန်ရှိသူများက တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိဟု ယုံကြည်ရကြောင်း ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက် Kim Ghattas က ပြောကြားသည်။

ကုလသမဂ္ဂ၌ ယခုနှစ် နွေရာသီက အရေးယူ  ပိတ်ဆို့မှုများ ချမှတ် ထုတ်ပြန်ခဲ့ချိန်တွင် အီရန်မှ ဆုတ်ခွာသွားသည့် အနောက်နိုင်ငံ ကုမ္ပဏီများ၏ လစ်လပ် သွားသော နေရာတွင် တရုတ်ကုမ္ပဏီများ ဝင်ယူလိမ့်မည် ဆိုသော အချက်ကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က စိုးရိမ် ပူပန်ခဲ့ကြသည်ဟု ဘီဘီစီ သတင်းထောက်က ဆက်လက် ပြောကြားသည်။

တနင်္ဂနွေနေ့တွင် အီရန် သမ္မတ အာမက် ဒီနေဂျက်က အီရန်၏ နျူကလီယာ အစီအစဉ် အပေါ် အနောက် နိုင်ငံများနှင့် စေ့စပ် ညှိနှိုင်းမှုများကို ပြန်လည် စတင်ရန် ၎င်းအနေဖြင့် အဆင်သင့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နျူကလီယာ လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယား နိုင်ငံက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

သို့သော် အမေရိကန် ပြည်ထောင်စုနှင့် အခြားသော အဖွဲ့ဝင် နိုင်ငံများက အဆင်သင့် မဖြစ်သေးသောကြောင့် အလျင်စလို ဖြစ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် ပြုံယမ်း အစိုးရ အနေဖြင့် ကြိုတင် သတ်မှတ်ချက်များ၊ တောင်းဆိုချက် များကို စွန့်လွှတ်မည်၊ သို့မဟုတ် ဆက်လက် ထားရှိသွားမည် ဟူသော အချက်ကို ဖော်ပြထားခြင်း မရှိပေ။ မြောက်ကိုရီးယားသည် ယခင်က ခြောက်နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေး၊ အမြဲတမ်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရန် ဝါရှင်တန်နှင့် သီးခြား ဆွေးနွေးရေးတို့ကို ကြိုတင် သတ်မှတ်ချက် အဖြစ် ဖော်ပြခဲ့ဖူးသည်။

"မြောက်ကိုရီးယား နိုင်ငံဟာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ဖို့ အသင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ အလောတကြီး မလုပ်ဘဲ စိတ်ရှည် လက်ရှည် လုပ်ကိုင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန် ပြည်ထောင်စုနဲ့ အခြားသော အဖွဲ့ဝင် နိုင်ငံတွေက အဆင်သင့် မဖြစ်သေးလို့ပါ" ဟု ပြောရေးဆိုခွင့် ရှိသူက နိုင်ငံပိုင် KCNA သတင်း ဌာနသို့ ပြောကြားသည်။

"မြောက်ကိုရီးယားသည် ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံး နျူကလီယာ ဖြုတ်သိမ်းရေး ဆိုသည့် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ သဘော တူညီချက်ကို အပြီးသတ် အကောင်အထည် ဖော်ရန် ဆက်လက် ဆန္ဒရှိနေဆဲ ဖြစ်သည်" ဟု KCNA က ဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် ၁၉၉၀ ပြည့်နှစ်များတွင် တောင်ကိုရီးယား နိုင်ငံမှ အဏုမြူ လက်နက်များအား သိမ်းဆည်းခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေး အတွက် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Kim Kye-Gwan တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကိုလည်း ပြောရေးဆိုခွင့် ရှိသူက သုံးသပ် ပြောဆိုသည်။

မြောက်ကိုရီးယား စီးပွားရေးအတွက် အသက်သွေးကြော သဖွယ် ဖြစ်နေပြီး ပြုံယမ်း အစိုးရ၏ အနီးကပ် မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံက အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် ဖိအားပေးလျက် ရှိသည်။

မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီယာ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးမှူး အဖြစ် ကာလ ကြာရှည်စွာ တာဝန် ထမ်းဆောင်ခဲ့သူ မစ္စတာ Kim Kye-Gwan သည် တရုတ် နိုင်ငံတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးနှင့် ဒေသတွင်း အခြေအနေများကို ဆွေးနွေး ညှိနှိုင်းခဲ့သည်ဟု သတင်းဌာနက ဆိုသည်။

ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် ၂၀၀၃ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် ရုရှားတို့က အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၂၀၀၅ စက်တင်ဘာ သဘော တူညီချက်အရ စွမ်းအင် အကူအညီ၊ သံတမန် ရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်များ ပေးရန် ပါရှိသည်။ ထို့ပြင် ငြိမ်းချမ်းရေး စာချုပ်နှင့် နျူကလီယာ ဖျက်သိမ်းရေး အလဲအလှယ် ပြုရေးအတွက် ဆွေးနွေး တိုင်ပင်ရန်လည်း ပါဝင်သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့ပြီး တစ်လ အကြာတွင် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် မြောက်ကိုရီးယားက ၎င်းတောင်းဆို ထားသည့် အချက်များ ရရှိမည် ဆိုပါက ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် ဝင်ရောက်လိုသည့် အရိပ်ယောင်များကို မကြာခဏ ပြသခဲ့သည်။ သို့သော် ယခုနှစ် မတ်လအတွင်း ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့မှုမှာ မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့က စွပ်စွဲ ပြောဆိုမှု ပေါ်ပေါက်ခဲ့ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရေး ကိစ္စမှာ မှေးမှိန် ခဲ့ရပြန်သည်။

အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်လိုပါက တောင်ကိုရီးယားနှင့် ဆက်ဆံရေး ကောင်မွန်အောင် ပြုလုပ်ပြီး နျူကလီယာ လက်နက် ဖြုတ်သိမ်းရေး ကိစ္စအပေါ် ရိုးသား ပွင့်လင်းမှု ပြသရမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ကျောက်မီးသွေး တူးဖော်ရေး တွင်းငယ်ပေါင်း ၁၃၅၅ တွင်းကို ယခုနှစ် အတွင်း ပိတ်ပင်ပစ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ရေးသား ဖော်ပြသည်။

ယင်းသို့ ကျောက်မီးသွေးတွင်းများ ပိတ်ပင်လိုက်ရသည့် အကြောင်းအရင်းမှာ မတော်တဆ သေကြေ ထိခိုက်မှုများ ကာကွယ်ရန် တူးဖော်ရေး လုပ်ငန်းများ ပြန်လည် ပြုပြင် တည်ဆောက်မှုများ ပြုလုပ်ရေးနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး အစရှိသည့် အစီအစဉ်ကြောင့် ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် Xinhua သတင်းဌာနက တရုတ်အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရေးသား ဖော်ပြသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တု တူးဖော်ရေး လုပ်ငန်းများ၌ သေဆုံးမှု အများဆုံး ဖြစ်ပေါ်လျက် ရှိသည့် စာရင်းတွင် ပါဝင်ပြီး သတ္တု တူးဖော်ရေးတွင်းများ လုံခြုံမှု အစီအမံ များလည်း လွန်စွာ ညံ့ဖျင်းသည်။ တရုတ် သတ္တုတွင်း အသင်းအဖွဲ့ (CMA) အဆိုအရ ယခု အစီစဉ်ကြောင့် နောင်ကာလတွင် သတ္တု တူးဖော်ရေး လုပ်ငန်း ပိုမို ကြီးထွားလာမည်ဟု ဆိုသည်။ တရုတ်နိုင်ငံရှိ
ကျောက်မီးသွေး တူးဖော်ရေး တွင်းငယ်လေးများမှာ ခေတ်မမီတော့သည့် နည်းပညာများ အသုံးပြုလျက် ရှိကြောင်း၊ ကျောက်မီးသွေး တွင်းကြီးများဖြင့် အစားထိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု သတ္တုတွင်း လုံခြုံရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု ဌာန၏ ပြန်ကြားရေး အရာရှိဟောင်း ဖြစ်သူ Davitt McAteer က တရုတ်နိုင်ငံ၏ ယခု လုပ်ရပ်သည် စီးပွားရေး အဆမတန် တိုးတက်မှု အကျိုးဆက်များ အပေါ် တုံ့ပြန်ချက် တစ်ရပ် ဖြစ်သည် ဟု သုံးသပ်သည်။ "တကယ်လို့ ထုတ်လုပ်မှုကိုပဲ အလွန်အမင်း အာရုံစိုက်နေမယ်ဆိုရင် တစ်ဦး တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကွန်မြူနစ်တီ တစ်ခုလုံးရဲ့ လိုအပ်ချက်ကို ချိန်ညှိလို့ မရဘဲ ဖြစ်သွားတတ်ပါတယ်။ အကျိုးဆက် အနေနဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စတဲ့ အကြောင်းကိစ္စတွေနဲ့ ပတ်သက်တဲ့ ဘေးဒုက္ခဆိုးကြီးတွေ ဖြစ်လာတတ်ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည်။ ခန့်မှန်းချက်များအရ သတ္တုတွင်းငယ်ပေါင်း ၁၁၀၀၀ ခန့် တရုတ်နိုင်ငံတွင် လည်ပတ်နေဆဲ ဖြစ်သည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှု ခံထားရသည့် မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သည့် ထူးထရိတ်ဒင်း ကုမ္ပဏီက ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်အား ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း သတင်း ပေးပို့မှုတစ်ရပ်က ဆိုသည်။

ထူးထရိတ်ဒင်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဟိုတယ် ဝယ်ယူမှုကို အတည်ပြု ပြောဆိုသော်လည်း ဝယ်ယူသည့် တန်ဖိုးကို ပြောဆိုခြင်း မပြုပေ။ မီဒီယာ အချို့၏ ရေးသားချက်အရ အမေရိကန် ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူခြင်း ဖြစ်ကြောင်း Myanmar Times သတင်းဂျာနယ်က  ဆိုသည်။

ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်သည် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ရေကန်ဘေးတွင် ကျွန်းသစ်များဖြင့် တည်ဆောက်ထားသော ဟိုတယ်ကြီး တစ်လုံး ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Baiyoke Group of Hotels က ပိုင်ဆိုင်ခဲ့သည်။ ထူးထရိတ်ဒင်း ကုမ္ပဏီသည် မြန်မာ နိုင်ငံတွင် သစ်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေး အစရှိသည့် စီးပွားရေး လုပ်ငန်းကြီးများ ပြုလုပ်လျက် ရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။

ထူးထရိတ်ဒင်းကို မြန်မာ-တရုတ် ကပြား စီးပွားရေး လုပ်ငန်းရှင် ဖြစ်သော ဦးတေဇက ပိုင်ဆိုင်ပြီး ၎င်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ တစ်ဦးလည်း ဖြစ်သည်။  ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စုက ဦးတေဇနှင့် အခြားသော ထူးအုပ်စု ကုမ္ပဏီ ငါးခုကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ စတင် ပြုလုပ်ခဲ့သည်။ မြန်မာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လက်ဝေခံများကို ပိုမို ပိတ်ဆို့ အရေးယူရေး အစီအစဉ် တစ်ရပ်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်အား ထူးထရိတ်ဒင်းက ဝယ်ယူမှုမှာ ခရီးသွား လုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ကျဉ်းပေးနိုင်မည်ဟု မျှော်လင့်ရသော နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထူးထရိတ်ဒင်း ကုမ္ပဏီများ အုပ်စုသည် Air Bagan လေကြောင်းနှင့် Aureum Palace Hotels & Resorts များကိုလည်း အဓိက ပိုင်ဆိုင်ထားသည်။

Monster Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.