Transparency Myanmar

transparency.myanmar@gmail.com

BBC News, 18th October 2010

အီရန်နှင့် နျူကလီယာ အစီအစဉ်နှင့် ဒုံးကျည် နည်းပညာ အပေါ် တရုတ် ကုမ္ပဏီများ ကူညီနေမှု ရပ်တန့်အောင် ပိုမိုဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်အစိုးရကို တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်ရာတွင် ပါဝင်သည်ဟု ယုံကြည်ရသော ကုမ္ပဏီများ စာရင်းကို ဝါရှင်တန်က ဘေဂျင်းသို့ ပေးပို့ခဲ့သည်ဟု ဝါရင့် အမေရိကန် တာဝန်ရှိသူ တစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။

ကုလသမဂ္ဂ အရေးယူမှုများအား  အကောင်အထည် ဖော်ရေးကို  တာဝန်ယူကြောင်းနှင့် အဆိုပါ ကိစ္စကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ဘေဂျင်းက ကတိပြုခဲ့သည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

နျူကလီယာဗုံး ပြုလုပ်ရန် အီရန် ကြိုးစားနေသည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်နေပြီး ယင်းကိစ္စကို အီရန်က ငြင်းဆိုထားသည်။

အီရန်က ယူရေနီယမ် သန့်စင်မှု လုပ်ငန်းများကို ရပ်ဆိုင်းရန် ငြင်းဆန်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ယင်းနိုင်ငံကအပေါ် ၄ ချီမြောက် အရေးယူ ပိတ်ဆို့မှုများကို ဇွန်လက ချမှတ်ခဲ့သည်။

ယူရေနီယမ် သန့်စင်သည့် နည်းပညာ သည် နျူကလီယာ စွမ်းအင် လောင်စာအတွက် အသုံးပြုနိုင်သကဲ့သို့ နျူကလီယာဗုံး ထုတ်လုပ်ရာတွင် လိုအပ်သော အဆင့်မြင့် ယူရေနီယမ်ကို သန့်စင်ရာတွင်လည်း အသုံးပြုနိုင်သည်။ အီရန်ကမူ ၎င်း၏ ရည်မှန်းချက်မှာ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ဖြစ်သည်ဟု ပြောကြားသည်။

ဗဟိုခွာ လည်ပတ်မှုစနစ်

တနင်္ဂနွေနေ့တွင် ဝါရှင်တန်ပို့စ်က သတင်း ဖော်ပြရာ၌ အီရန်အပေါ် အထူးသဖြင့် ဒုံးကျည် အစီအစဉ်အတွက် တားမြစ် ပိတ်ပင်ထားသော ကုမ္ပဏီများနှင့် ဘဏ်များ ပါဝင်ပတ်သက်နေကြောင်း အမေရိကန် ထောက်လှမ်းရေးက ယုံကြည်လျက် ရှိသည်ဟု ဆိုသည်။

ယူရေနီယမ် သန့်စင်ရာတွင် လိုအပ်သည့် ဗဟိုခွာ လည်ပတ်မှုစနစ် ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သော အရည်အသွေးမြင့် ကာဗွန် ဖိုက်ဘာ ကြိုးမျှင်ကို တရုတ် ကုမ္ပဏီများက အီရန်သို့ ရောင်းချခဲ့သည်ကို တွေ့ရှိထားသည်ဟု အမည်မဖော်လိုသော တာဝန်ရှိသူ နောက်တစ်ဦးက ဝါရှင်တန်ပို့စ်သို့ ပြောကြားသည်။

၂၀၀၈ ခုနှစ်ကလည်း ဗဟိုခွာ လည်ပတ်မှု လုပ်ငန်းအတွက် အရေးကြီးသည့် ဖိအားတိုင်း ကိရိယာ ၁၀၈ ခုကို တရုတ် ကုမ္ပဏီများထံမှ အီရန်က ရရှိခဲ့ကြောင်း အခိုင်အမာ သိရှိရသည်။

မြောက်ကိုးရီးယားနှင့် အီရန်အပေါ် ချမှတ်ထားသော အရေးယူမှုများ၏ ထိရောက်မှုကို လေ့လာနေသူ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ် Robert Einhorn ၏ ယခင်လ ဘေဂျင်းခရီးစဉ်  အတွင်း စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်း ဖြစ်သည်ဟု အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်က တနင်္လာနေ့တွင် ဘီဘီစီသို့ ပြောကြားသည်။

အီရန်အပေါ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ရာတွင် တာဝန်ရှိကြောင်း တရုတ် အစိုးရက ကတိပြုခဲ့ပြီး ချိုးဖောက်မှုမှန်သမျှ ရပ်ဆိုင်းသွားစေမည့် သင့်လျှော်သော ဆောင်ရွက်မှုများ ပြုလုပ်လိမ့်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

"ပုဂ္ဂလိကပိုင် တရုတ် ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ သတင်းတွေကို တရုတ်အစိုးရထံ ပေးပို့ထားတယ်။ တရုတ် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမယ်လို့ အာမခံထားပါတယ်" ဟု နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က ညနေပိုင်းတွင် သတင်းထောက်များအား ပြောကြားသည်။

ကုမ္ပဏီများ၏ လှုပ်ရှားမှုကို တရုတ် တာဝန်ရှိသူများက တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိဟု ယုံကြည်ရကြောင်း ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက် Kim Ghattas က ပြောကြားသည်။

ကုလသမဂ္ဂ၌ ယခုနှစ် နွေရာသီက အရေးယူ  ပိတ်ဆို့မှုများ ချမှတ် ထုတ်ပြန်ခဲ့ချိန်တွင် အီရန်မှ ဆုတ်ခွာသွားသည့် အနောက်နိုင်ငံ ကုမ္ပဏီများ၏ လစ်လပ် သွားသော နေရာတွင် တရုတ်ကုမ္ပဏီများ ဝင်ယူလိမ့်မည် ဆိုသော အချက်ကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က စိုးရိမ် ပူပန်ခဲ့ကြသည်ဟု ဘီဘီစီ သတင်းထောက်က ဆက်လက် ပြောကြားသည်။

တနင်္ဂနွေနေ့တွင် အီရန် သမ္မတ အာမက် ဒီနေဂျက်က အီရန်၏ နျူကလီယာ အစီအစဉ် အပေါ် အနောက် နိုင်ငံများနှင့် စေ့စပ် ညှိနှိုင်းမှုများကို ပြန်လည် စတင်ရန် ၎င်းအနေဖြင့် အဆင်သင့် ရှိနေသည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment