The Hindu, By Siddharth Varadarajan, 26th July 2010
အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အတွက် ရုန်းကန်မှုများကို မြတ်နိုးလိမ့်မည် ဖြစ်သော်လည်း ၎င်း၏ ခေါင်းဆောင်သည် မြန်မာ စစ်တပ်နှင့် ဆက်ဆံရန် အခြား နည်းလမ်း မရှိဟု သိရှိ နားလည်ထားသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် အခြား အလယ်အလတ် လမ်းစဉ် ရှိနိုင်သလော။
မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ ပြင်ပသို့ မကြာခဏ ခရီး ထွက်လေ့ ရှိသောသူ တစ်ဦး မဟုတ်ပေ။ ထို့ကြောင့် ယခု ၎င်း၏ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်ကို ကမ္ဘာတစ်ဝှမ်းက တအံ့တသြ စောင့်ကြည့်နေကြသည်။
နိုင်ငံတကာ ဝေဖန်သူ အများစု အနေဖြင့် သမိုင်းကြောင်းအရ ဒီမိုကရေစီ အတွက် ဂုဏ်ယူသော နိုင်ငံက အာဏာရှင် တစ်ဦးကို လက်သင့်ခံခြင်း အတွက် ဝိရောဓိကို ပြောစရာ ဖြစ်ခဲ့ရသည်။ အိန္ဒိယ၏ မြန်မာနိုင်ငံ အပေါ် အထူး ဆက်ဆံရေးကို အနောက်နိုင်ငံ ဝေဖန်သူများက အမှန်တရားနှင့် စည်းကမ်း လိုက်နာမှုများနှင့် စာလျှင် လက်တွေ့ နိုင်ငံရေးကို အခြေခံသော နိုင်ငံခြားရေး မူဝါဒ ချမှတ်နိုင်ခြင်း အတွက် ဥပမာကောင်း တစ်ခုဟု ဆိုကြသည်။ ၂၀၀၆ ခုနှစ်က အမေရိကန် သမ္မတ George W.Bush က အိန္ဒိယအား အမေရိကန် ပြည်ထောင်စုနှင့်အတူ မြန်မာ စစ်အစိုးရအား အထီးကျန် ပြုလုပ်ရေးတွင် အတူ ပါဝင်ရန် ဆွဲဆောင်ခဲ့သေးသည်။ "လွတ်လပ်ခြင်းကို ဆာလောင် မွတ်သိပ်နေတဲ့ ကမ္ဘာကြီးမှာ အိန္ဒိယရဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်" ဟု ဒေလီရှိ Purana Qila တွင် Bush က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် နိုင်ငံ အချို့၏ အမည်ကို အမည်တပ်၍ ထုတ်ဖော် ပြောကြားပြီး၊ ၎င်းက အိန္ဒိယနှင့် အမေရိကန်တို့သည် အဆိုပါ နိုင်ငံများတွင် ပြည်သူများသည် ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ် ပိုင်ခွင့်နှင့် မိမိ ခေါင်းဆောင်များကို ရွေးချယ်ခွင့် ရစေမည့် နေ့သို့ အမြန် ရောက်ရှိရေး အတွက် ပြုပြင်ရေးသမားများ၊ အစိုးရ ဆန့်ကျင်သူများ၊ လူထု အဖွဲ့အစည်းများနှင့် အတူတကွ ရပ်တည်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် စကားလုံးများက အလွန် လှပသည်။ သို့သော် အမှန်တရားမှာ ထို့ထက် အနည်းငယ် ပိုမို ရှုပ်ထွေးနေသည်။ အိန္ဒိယ နိုင်ငံသည် တစ်ချိန်က မြန်မာနိုင်ငံမှ လူကောင်းများ ဖက်မှ ရပ်တည်ပေးခဲ့ဖူးသည်။ ၁၉၉၀ အစောပိုင်း ကာလများက အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရ အတိုက်အခံ ပြုမှုများကို ကျောထောက် နောက်ခံပြု ရပ်တည်ပေးခဲ့သည်။ သို့သော် နှစ်နိုင်ငံ ဆက်ဆံရေးက အေးတိအေးစက် ဖြစ်လာသောအခါ၊ နယူးဒေလီ အနေဖြင့် တရုတ်က မိမိတို့ ထက်စာလျှင် ဆက်ဆံရေးကောင်း ရရှိသည်ဟု မြင်လာသည်။ မြန်မာ ဗိုလ်ချုပ်များသည် ယခင်က Beijing ၏ မြန်မာ ကွန်မြူနစ်ပါတီနှင့် အခြား သူပုန်များအား ထောက်ပံ့ပေးခဲ့မှုအား ခွင့်လွှတ်၍ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံရေးအရ ထောက်ခံမှုကို လက်သင့်ခံ ခဲ့သည်။ အိန္ဒိယ မူဝါဒ ချမှတ်သူများသည် ၎င်းတို့ အရှေ့မြောက်ရှိ သူပုန်များသည် မြန်မာနိုင်ငံကို ၎င်းတို့၏ လုံခြုံရာ နိဗ္ဗာန်ဘုံ အဖြစ် အသုံးပြုလာခြင်းကိုလည်း စိုးရိမ်လာသည်။ အိန္ဒိယသည် ၁၉၉၀ အလယ်ပိုင်း နှစ်များတွင် ၎င်း၏ လမ်းကြောင်းကို ပြန်ပြင်၍ စတင် သက်ရောက်စေခဲ့သည်။ နယူးဒေလီသည် မြန်မာ စစ်အစိုးရနှင့် စတင် ဆက်ဆံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လေဖြင့် ထောက်ခံမှုများ လျှော့ချခဲ့ပြီး၊ ထိုကတည်းက စ၍ လှည့်မကြည့်တော့သည်မှာ ယခုတိုင် ဖြစ်သည်။
အိန္ဒိယ အစိုးရသည် မြန်မာ အစိုးရ အပေါ် ချဉ်းကပ်မှု အပေါ် အနောက်နိုင်ငံများက ပြန်လည် ဆန်းစစ်ရန် ဖိအားပေးမှု ကြုံလာရတိုင်း၊ တရုတ်ကို ပိုမို လက်ဦးမှု ရစေမည့် မူဝါဒကို ပြန်ပြောင်းရန် ခက်ခဲသွားပြီ ဖြစ်သည်။ သို့သော် တရုတ်က ကြီးမားသော အောင်မြင်မှု ရရှိနေပြီး၊ အိန္ဒိယက မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးသွားမည်ကို စိုးရိမ်နေတုန်းပင် ဖြစ်သည်။ ထိုသို့ ပူပန်နေမှုမှာလည်း အံ့သြစရာတော့ မကောင်းလှပေ။ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်များသည် Beijing နှင့် နယူးဒေလီ ကြားတွင် ကောင်းကောင်း ကစားတတ်ကြသည်။ မြန်မာ အစိုးရကလည်း စီးပွားရေး အကူအညီနှင့် နိုင်ငံရေးအရ တရားဝင် အသိအမှတ် ပြုမှုကို မနားတမ်း တောင်းဆိုလျက် ရှိရာ အင်အားကြီး နှစ်နိုင်ငံမှာ တစ်ဦးကို တစ်ဦး စိတ်မချ ဖြစ်လျက် ရှိသည်။
အဆိုပါ သံသရာကို ဖြတ်ပစ်နိုင်မည့် နည်းလမ်း တစ်ခုမှာ အိန္ဒိယမှာ တရုတ် နှစ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများ ပုံမှန်ဖြစ်ရန် မြန်မာ အစိုးရကလည်း သဘောတူ၊ မိမိတို့ နှစ်နိုင်ငံကလည်း အကျိုးရှိမည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးမှု ပြုရေးပင် ဖြစ်သည်။ အနောက်နိုင်ငံများ၏ အရေးယူမှုနှင့် သပိတ်မှောက်မှု ဝါဒသည် အောင်မြင်မှု မရချိန်တွင် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံ ပူးတွဲ၍ မြန်မာ အစိုးရ အပေါ် သြဇာ လွှမ်းမိုးမှု ရှိသော ဆက်ဆံရေးကို ထူထောင်၍ မြန်မာပြည်သူများ၏ အခြေအနေများ တိုးတက်လာရေး အတွက် အကူအညီ ပေးသင့်လှပေသည်။
အိန္ဒိယ-တရုတ် ပူးတွဲ လုပ်ဆောင်ရေး
ထိုသို့ ပူးတွဲ လုပ်ဆောင်ရန် အကြံပြုနေသော်လည်း နှစ်နိုင်ငံ အနေဖြင့် တူညီသော ချဉ်းကပ်မှု ရှိရဲ့လား ဟူသည့် မေးခွန်း ထွက်ပေါ်လာသည်။ ၎င်းတို့၏ စိတ်ဝင်စားမှုမှာ ပတ်သက်မှု မရှိချေ။ မဟာဗျူဟာ စကားဖြင့် ပြောရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသည့် အကြောင်းမှာ ဘင်္ဂလား ပင်လယ်အော် စစ်တွေနှင့် ယူနန် ပြည်နယ်ကြား တောင်-မြောက် ဝင်ရိုးတန်းတွင် ကုန်ပစ္စည်းနှင့် စွမ်းအင်ဆိုင်ရာ တဆင့်ခံ လမ်းကြောင်း အဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ အိန္ဒိယ အတွက် အရှေ့အနောက် ဝင်ရိုးတန်းရှိ တစ်ဆင့်ခံ လမ်းကြောင်းသည် အရေးပါလှသည်။ အိန္ဒိယ၏ အရှေ့မြောက် မီဇိုရမ်ကဲ့သို့ ပြည်နယ်များနှင့် အာဆီယံ ဒေသတွင်း ဆက်သွယ်ရာ လမ်းကြောင်းသည် မြန်မာနိုင်ငံတွင် ပြတ်လျက် ရှိသည်။ မြန်မာနိုင်ငံကသာ လိုလိုလားလား မရှိလျှင် အာဆီယံ တလွှား ရထားလမ်းနှင့် အဝေးပြေးလမ်း စီမံကိန်းမှာ ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။
တရုတ်သည် အိန္ဒိယအား အရှေ့အာရှနှင့် အစုအဖွဲ့ ဖြစ်သွားမည်ကို လိုလိုလားလား ထောက်ခံသည် မဟုတ်ရာ အဆိုပါ အချက်သည် အရှေ့ အနောက် ဆက်သွယ်ရေးတွင် အနှောင့်အယှက် တစ်ခုပင် ဖြစ်သည်။ သို့သော် တစ်နေ့တခြား ကွန်ရက်သဖွယ် ချိတ်ဆက်နေသော ကမ္ဘာကြီး၏ နိုင်ငံရေး ဆိုင်ရာ စီးပွားရေး အင်အားစုများကို တရုတ်က နားလည်သည် ဖြစ်ရာ၊ ထိုသို့ နယ်စပ် အခြေခံ အဆောက်အအုံများ မပြည့်စုံအောင် နှောင့်ယှက်ထားရန် အမြဲတမ်း မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကို ဝင်ရိုးစွန်းပေါင်းစုံ တစ်ဆင့်ခံ လမ်းကြောင်း အဖြစ် အသုံးပြုမှုအတွက် မြန်မာနိုင်ငံတွင် အလိုအလျောက် အကျိုးကျေးဇူး ရှိမည့်အပြင်၊ တရုတ်နိုင်ငံ အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။
ထိုနည်းတူစွာပင် အိန္ဒိယကလည်း စစ်တွေမှ ကူမင်းသို့ ဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်ကို ကြောက်ရန် မလိုပေ။ သို့မှသာ တရုတ်ကလည်း ပင်လယ်ပြင် ဆက်သွယ်ရေးတွင် မလုံခြုံမှုကို မခံစားရတော့ဘဲ ၎င်း၏ ရေတပ် တိုးချဲ့မှုကိုပါ လျော့ချသွားမည့် အကျိုးကို ခံစားရမည် ဖြစ်သည်။
အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံ၏ ကမ်းလွန် သဘာဝဓာတ်ငွေ့တွင် ပြိုင်ဆိုင်လျက် ရှိသည်။ သို့သော် ပြိုင်ဆိုင်မှုတွင် ထိုင်းနိုင်ငံ ကဲ့သို့သော အခြား ဈေးကွက်ကလည်း ရှိနေပြန်ရာ စွမ်းအင် ကဏ္ဍအတွက် သုညကြွင်းကိန်း မဖြစ်နိုင်ချေ။ ၂၀၀၆ ခုနှစ်က တရုတ်၏ ပြိုင်ဆိုင်မှုကြောင့် အိန္ဒိယက အရှုံးပေးခဲ့ရသည်။ အကြောင်းမှာ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်၍ တဆင့်ခံ လမ်းကြောင်း အစီအစဉ် မပြုလုပ်နိုင်၍ ထွက်ရှိလာမည့် ဓာတ်ငွေ့ကို ချက်ချင်း အသုံးမပြုနိုင်ဟု ယူဆ၍ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ယနေ့ကာလတွင်မူ မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ရော ရေအားလျှပ်စစ်ပါ အလားအလာများ ရှိနေရာ OVL နှင့် NHPC ကဲ့သို့သော အိန္ဒိယ ကုမ္ပဏီများ အနေဖြင့် တရုတ်ကဲ့သို့ ရေရှည် ဝင်ရောက် နေရာယူနိုင်ပြီ ဖြစ်သည်။
လမ်းညွှန် ဒီမိုကရေစီ နောက်တစ်ခု
ဖြစ်လာနိုင်သည့် အပြောင်းအလဲ အတွက် နိုင်ငံတကာနှင့် ပြည်တွင်း ဖိအားပေးမှုများကို ကာကွယ်သည့် အနေဖြင့် နေပြည်တော်ရှိ ဗိုလ်ချုပ်များသည် ထိန်းချုပ်ထားသော ဒီမိုကရေစီ (Managed Democracy) အတွက် အသွင် ကူးပြောင်းရေး ကာလကို အုတ်မြစ်ချလျက် ရှိသည်။ ဧပြီလက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယူနီဖောင်း ချွတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ၂၀၁၀ နှောင်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်တပ်၏ နိုင်ငံရေး အဖွဲ့အဖြစ် တံဆိပ် ကပ်လိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ရလဒ်များကို မြေကြီး လက်ခတ်မလွဲ ကောက်ချက် ချနိုင်သော်ငြားလည်း NLD အနေဖြင့် ရွေးကောက်ပွဲ အပေါ် သပိတ်မှောက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သင့်သည်။ NLD အနေဖြင့် ၁၉၉၀ က လုပ်ခဲ့သည့် အတိုင်း တပ်မတော်၏ ပါတီကို အံအားသင့်အောင် လုပ်ခွင့်ရတော့မည် မဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမအပေါ် တားမြစ်ထားသည့် ဥပဒေများကြောင့် ပါဝင် ဆင်နွှဲနိုင်မည် မဟုတ်ပါ။ သို့သော်လည်း NLD အနေဖြင့် လုံလောက်သော ထောက်ခံမှု ရရန် လမ်းများပေါ်တွင် စည်းရုံးနိုင်မှသာလျှင် အစိုးရက ၎င်းတို့၏ နိုင်ငံတကာ ရပ်တည်မှု အပေါ် ဆိုးကျိုး သက်ရောက်မည်ကို ကြောက်ရွံ့မှသာလျှင် သပိတ်မှောက်သည့် နည်းလမ်းက ထိရောက်မှု ရှိမည် ဖြစ်သည်။ အဆိုပါ အခြေအနေ နှစ်ခုစလုံး မဖြစ်နိုင်ပါ။ စစ်ဖက် အစိုးရက ၎င်းအပေါ် ဆိုးကျိုး သက်ရောက်မှုများကို အမြစ်မှ လှန်ပစ်ခဲ့ပြီး ဖြစ်သလို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် အုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းသွားအောင် လုပ်နိုင်မည့် အတိုက်အခံတို့၏ အခွင့်အရေးမှာလည်း လွန်စွာ နည်းပါးလှသည်။ တပ်မတော်သည် အလွန် ခိုင်မာစွာ အမြစ်တွယ်နေပြီး ဖြစ်သလို လက်ရှိ အနေအထားတွင် ရှိနေသည့်ထက် အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ လမ်းညွှန် ဒီမိုကရေစီ အစီအစဉ်သာ ဖြစ်သည်ဟု ဒေသတွင်း အာဆီယံ အဖွဲ့ကလည်း လက်ခံထားကြပြီး ဖြစ်သည်။ သို့တိုင်အောင် လမ်းညွှန် ဒီမိုကရေစီသည် လက်ရှိ ရှေ့မတိုး နောက်မဆုတ် အခြေအနေပေါ်တွင် ကြီးမားသော တိုးတက်မှု ဖြစ်ဖွယ် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ တဖြည်းဖြည်း အသုံးပြနိုင်သည့် နိုင်ငံရေး နယ်ပယ် ဖွင့်ဟ လာဖွယ်ရာ ရှိနေသည်။
၂၀၀၀ ခုနှစ်တွင် မြန်မာ အစိုးရက ၎င်း၏ နိုင်ငံရေး ပြန်လည် ရင်ကြားစေ့မှု ပုံစံကို နောက်ဆုံး အကြိမ် စမ်းသပ်ခဲ့သော်လည်း ဘွတ်ရှ် အစိုးရနှင့် အနောက်နိုင်ငံများက "အကုန် ရရင်ရ ၊ မရရင် မယူ" သဘောထားဖြင့် လှေနံ ဓားထစ် ရပ်တည်ခဲ့ကြသည်။ ရလဒ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ပြန်ကျသွားခြင်း ဖြစ်သည်။ ပြည်တွင်းတွင် အကန့်အသတ်ဖြင့် ဖြေလျှော့ပေးခြင်းဖြင့် ပြည်ပ တံခါးများ ဖွင့်သွားလိမ့်မည်ဟု လုပ်ဖော်ကိုင်ဘက်များကို စည်းရုံးခဲ့သူ အင်အားကြီး ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး ခင်ညွန့်မှာလည်း ထုတ်ပယ် ဖမ်းဆီးခံရကာ အဆုံးသတ် သွားခဲ့သည်။ ယခု အချိန်ထိ အိန္ဒိယက ဆုပ်ကိုင်ထားသော စကားလုံးများမှာ NLD နှင့် အခြား အတိုက်အခံ ပါတီများ အားလုံး လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြရန် တိုက်တွန်းသင့်ကြောင်းပင် ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် နိုင်ငံရေးအရ ဖြေလျှော့ပေးရန် ပြင်ဆင်ထားသည် ဆိုပါက မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ပစ်ပယ်ထားမှု အဆုံးသတ်သွားရန် ကူညီရမည့် တာဝန်ကို အိန္ဒိယနိုင်ငံက လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ မြန်မာ ခေါင်းဆောင်ကို ပြောကြားသင့်ပေသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.