Transparency Myanmar

transparency.myanmar@gmail.com

IPS, By Marwaan Macan-Marker, 21st July 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA ၏စစ်ဆေး စုံစမ်းမှုမှ လွတ်ကင်းကာ လျှို့ဝှက်မှု ဇာခန်းစီး နောက်ကွယ်တွင် နျူကလီယာ အစီအစဉ်ကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ကို သိသိကြီးနှင့် ကောင်းစွာ လုပ်ဆောင် နေနိုင်သည်မှာ နျူကလီယာ လက်နက် ပြန့်ပွားမှုကို ထိန်းချုပ်သည်။ နိုင်ငံတကာ စနစ်အတွင်းမှ ဟာကွက် ဂယ်ပေါက်ကို ကျေးဇူးတင်ရမည်။

၁၉၉၅ ဧပြီလတွင် IAEA နှင့် လက်မှတ် ရေးထိုးခဲ့သော ပဋိဥာဉ် စည်းကမ်း အနည်းငယ်၏ အောက်တွင် အရှေ့တောင်အာရှ မြန်မာနိုင်ငံ ယခုလို လုပ်ဆောင်နိုင်သည်မှာ အထူး အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုသို့ လက်မှတ်ထိုးပြီး ၃ နှစ် အကြာတွင် နျူကလီယာ မပြန့်ပွားရေး စာချုပ် NPT အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး စနစ်တည်ဆောက်ရန် ကြိုးစားသည့် စာချုပ် အဖွဲ့ဝင် နိုင်ငံများအား အဆိုပါ ပဋိဥာဉ်က သဘာဝ ယူရေနီယံ ၁၀ တန်နှင့် ပလူတိုနီယံ ၂.၂ ပေါင် အထိ IAEA ကို အကြောင်း ကြားရန် မလိုပဲ လက်ဝယ် ထားခွင့် ပြုထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံများ အနေဖြင့် IAEA စစ်ဆေးရေး အဖွဲ့များကို တံခါးဖွင့် ပေးစရာ မလိုအပ်သလို စတင် လည်ပတ်ရန် ၆လ အလို အထိ နျူကလီယာ စက်ရုံသစ်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်းအား ရှောင်ရှားနိုင်ကြသည်။

တိုင်းပြည် တစ်ခုအတွင်း နျူကလီယာ လှုပ်ရှားမှုကို စုံစမ်းစစ်ဆေးရန် IAEA ကို အခွင့်အာဏာ ပိုမို ပေးအပ်ထားသည့် NPT စာချုပ် နောက်တိုး ပဋိဥာဉ်တွင် အဖွဲ့ဝင် ဖြစ်လာခြင်းဖြင့် လူပြောများနေသော နျူကလီယာ အစီအစဉ်များကို သံသယ ကင်းအောင် ရှင်းလင်းရန် မြန်မာနိုင်ငံအား ယခင် IAEA ဒါရိုက်တာက အဘယ်ကြောင့် တိုက်တွန်းနေသည် ဆိုခြင်းမှာ အံ့သြစရာ မရှိလှပါ။

"တကယ်လို့ သူတို့မှာ ဖုံးထားစရာ မရှိရင် ဆုံးရှုံးစရာလည်း မရှိပါဘူး။ ဒီ ပဋိဥာဉ်က အဖွဲ့ဝင် ဖြစ်ချင်တဲ့ နိုင်ငံတွေ ကိုယ့်ဆန္ဒအလျှောက် စာရင်းပေးလို့ ရပါတယ်။ ချဒ်နိုင်ငံဟာ နောက်တိုး ပဋိဥာဉ်ရဲ့ နံပါတ်စဉ် ၁၀၀ မြောက် အဖွဲ့ဝင် မကြာခင်ကပဲ ဖြစ်လာခဲ့ပါတယ်'' ဟု မကြာသေးမီက အနားယူခဲ့သည့် IAEA ဒါရိုက်တာ Robert Kelly က သီးသန့် အင်တာဗျူး တစ်ခုတွင် IPS သို့ ပြောကြားခဲ့သည်။

"NPT ကို ပေးထားတဲ့ ကတိကို ချိုးဖောက်တယ် ဆိုတာကို ငြင်းဆန်နေခဲ့ပြီးမှ နောက်တိုး ပဋိဥာဉ် အဖွဲ့ဝင် ဖြစ်ဖို့ ကိစ္စမှာ မြန်မာနိုင်ငံ ငြိမ်နေတာဟာ သိပ်ကို ထူးဆန်းပါတယ်။ သိပ်ကို သံသယ ဖြစ်စရာ ကောင်းပါတယ်။ ၁၉၉၅ ပဋိဥာဉ် အနည်းငယ်ထဲက ဟာကွက်ကို သူတို့ အသုံးချပြီး လွတ်မြောက်သွားတာပါ'' ဟု နျူကလီယာ အင်ဂျင်နီယာ Robert Kelly က ဗီယက်နမ်မှ တယ်လီဖုန်းဖြင့် ဖြေကြားသည်။

အီရတ်၊ လစ်ဗျား၊ တောင်အာဖရိက တို့မှ IAEA နျူကလီယာ လက်နက် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ခဲ့သူ အမေရိကန် နိုင်ငံသား Kelly သည် အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံ ပထမဆုံး နျူကလီယာ ပါဝါ ဖြစ်လာရန် ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်လာစေသည့် ပြဿနာ အတွင်းသို့ ဆွဲသွင်း ခံလိုက်ရခြင်း ဖြစ်သည်။ မြန်မာအစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို ဖော်ထုတ်ခဲ့သော နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် DVB သတင်းဋ္ဌာနမှ ရရှိလာသော အထောက်အထား အချက်အလက်များကို Kelly က ဇွန်လအတွင်း၌ "လွတ်လပ်သော အကဲဖြတ်ချက်'' ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတုပစ္စည်း သုံး၍ ယူရေနီယမ် သန့်စင်သော ကရိယာနှင့် သက်ဆိုင်သော အချက်အလက်များ အပါအဝင် DVB မှ ရရှိသော အထောက်အထားများကို သုံးသပ်ခဲ့သော Kelly က "နျူကလီယာ လက်နက် အစီအစဉ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်နေတဲ့ နေရာ ရှိနေတဲ့ အချက်က ရှင်းလင်းတဲ့ အထောက်အထား တစ်ခုပါ'' ဟု ပြောကြားခဲ့သော်လည်း လက်နက် အစီအစဉ် ပြုလုပ် နေသည့် လက္ခဏာ မရှိသေးဟုလည်း ဆိုသည်။

DVB ဖော်ထုတ်လိုက်သော မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို အမေရိကန် ထောက်လှမ်းရေး စည်းဝိုင်းကလည်း အတည်ပြုခဲ့သည်ဟု Kelly က ပြောကြားသည်။ "ဒီသတင်းက သူတို့ အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ဒီအဆောက်အဦးတွေကို သူတို့ သိထားတာ အနည်းဆုံး ၅ နှစ်လောက် ရှိပါပြီ" ဟု လည်း ၎င်းက ဆိုသည်။

တပ်ဖွဲ့ဝင် အင်အား ၄ သိန်းခွဲကို အသုံးပြု၍ တိုင်းပြည်ကို တင်းကြပ်စွာ အုပ်ချုပ်နေသော မြန်မာ စစ်ဖက် အစိုးရတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေကြောင်း မြန်မာ့ အရေး အကဲခတ် လေ့လာသူများ ဆယ်စုနှစ် တစ်စု နီးပါး သံသယ ရှိခဲ့ခြင်းကို DVB သတင်း အစီရင်ခံစာက အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ သံသယ ဖြစ်ဖွယ် နျူကလီယာ လမ်းကြောင်းသည် အမှန်တကယ်တွင် အခြား တိုင်းပြည်များစွာကို ဖြတ်လမ်းမှ ကျော်တက်ခြင်းပင် ဖြစ်သည်။

မြန်မာအစိုးရ၏ လျှို့ဝှက် နျူကလီယာ စီမံချက် ၂နေရာတွင် အလုပ်လုပ် ပေးနေသော ပါကစ္စတန် နျူကလီယာ သိပ္ပံ ပညာရှင် ၂ ဦး ဖြစ်သည့် ဆူလေမန် အာဆတ်နှင့် မိုဟာမက်မွတ်တား တို့နှင့် ပတ်သက်သည့် သတင်းများမှာ ၂၀၀၂ အစောပိုင်းကပင် ပေါ်ထွက်ခဲ့ပြီ ဖြစ်သည်။

၂၀၀၇ တွင် ရေဒီယို အိုင်ဆိုတုပ် ထုတ်လုပ်ရေး၊ ဆီလီကွန် သုံးစွဲနည်း စနစ်နှင့် နျူကလီယာ စွန့်ပစ် ပစ္စည်း သိမ်းဆည်း သိုလှောင်ရေး ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် နျူကလီယာ သုတေသန စင်တာ တည်ဆောက်ရန် သဘောတူညီချက်ကို မြန်မာနှင့် ရုရှားတို့ လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၀၁တွင် မြန်မာ သိပ္ပံပညာရှင်နှင့် နည်းပညာရှင် ၁၀၀၀ နီးပါးကို ရုရှားတွင် လက်ခံကာ နျူကလီယာ သင်တန်းပေးခဲ့ခြင်းကို အခြေခံ၍ ရုရှား အနုမြူ စွမ်းအင် အေဂျင်စီ Rosatom နှင့် အဆိုပါ သဘော တူညီချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် မြောက်ကိုးရီးယား အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှု လက္ခဏာများမှာလည်း ပြီးခဲ့သေည ဆယ်စုနှစ် အတွင်း ထွက်ပေါ်ခဲ့ပြီး ၂၀၀၇ တွင် ၂ နိုင်ငံ သံတမန် ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ကြသည်။

ပြုံးယမ်းသည် ၎င်း၏ နျူကလီယာ လက်နက် အစီအစဉ်များကြောင့် နိုင်ငံတကာ ဖိအားနှင့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည့် ကြားမှပင် မြန်မာနိုင်ငံနှင့် အထက်ပါ သဘောတူညီချက်များနှင့် မြန်မာ စစ်ဖက် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦး၏ ၂၀၀၈ ခုနှစ် နျူကလီယာ လေ့လာရေး ခရီးစဉ်များ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဂျာမနီနှင့် စင်ကာပူ တို့သည်ပင် မြန်မာ နျူကလီယာ စွတ်ကြောင်းတွင် ၎င်းတို့ ကိုယ်တိုင် စာရင်းဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ "ဂျာမန် ကုမ္ပဏီက သူ့ရဲ့ စင်ကာပူ ကုမ္ပဏီခွဲကနေ တဆင့် မြန်မာနိုင်ငံရဲ့ လက်ရှိ နျူကလီယာ အစီအစဉ် အတွက် ပစ္စည်း ကိရိယာ ရောင်းပေးခဲ့တာပါ၊ ဓာတုဒြပ်ပေါင်း ပြုလုပ်ဖို့အတွက် ဆိုရင် သိပ်ကောင်းတဲ့ စက်ကိရိယာတွေပါ'' ဟု Kelly က ပြောကြားသည်။

IAEA ၏ နှစ်ပတ်လည် အထွေထွေ ညီလာခံသို့ မြန်မာနိုင်ငံ တက်ရောက်နေချိန်က အဆိုပါ အသေးစိတ် သတင်းများ သဲလွန်စ မရသေးပါ။ ပြီးခဲ့သော စက်တင်ဘာလ အစည်းအဝေးကို တက်ရောက်ခဲ့သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တင်ဝင်းက "နျူကလီယာ လက်နက် ကင်းစင်သည့် ကမ္ဘာကြီး ဖြစ်စေလိုသည့် NPT ၏ ရည်ရွယ်ချက်များကို မြန်မာနိုင်ငံက အားပေး ထောက်ခံကြောင်း'' ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံမှာ လက်ရှိ အချိန်အထိ အဓိက နျူကလီယာ အဆောက်အဦးတွေ မရှိပါဘူး၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ လုံခြုံဖို့ အတွက် ဆိုရင် နိုင်ငံတွေဟာ သူတို့ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီယာ အစီအစဉ်တွေကို လက်နက် အတွက် တလွဲ သုံးဖို့ အရေးကြီးပါတယ်'' ဟုတင်ဝင်းက IAEA ၅၃ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အထက်ပါ စကားများ အတိုင်း ကိုက်ညီအောင် ဆောင်ရွက်ကြောင်းကို လာမည့် IAEA ညီလာခံတွင် ပြသရမည့် အပြင် ကိုယ်ပိုင် နျူကလီယာ မပြန့်ပွားရေး စနစ် တစ်ရပ် ထားရှိသော အာဆီယံ အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ၎င်း၏ တာဝန် ဝတ္တရားများကို လိုက်နာရဦးမည် ဖြစ်သည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော အာဆီယံ အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများသည် ယခုတစ်ပတ် ဟနွိုင်းတွင် ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးတွင် အရှေ့တောင် အာရှ နျူကလီယာ လက်နက် ကင်းလွတ်ဇုန်၏ အရေးကြီးပုံကို အလေးအနက် ဆွေးနွေးခဲ့ကြသည်။

၁၉၉၇ ခုနှစ်က စတင် အကျုံးဝင်ခဲ့သော ဒေသတွင်း နျူကလီယာ လက်နက် ကင်းမဲ့ဇုန် သဘော တူညီချက်ကို မြန်မာနိုင်ငံကလည်း အဖွဲ့ဝင် အဖြစ် လက်မှတ် ရေးထိုးထားသည်။ ယခု သီတင်းပတ် ဒေသတွင်း နျူကလီယာ လက်နက် စောင့်ကြည့် လေ့လာရေး ကော်မရှင် အစည်းအဝေးတွင် အာဆီယံ ဝန်ကြီးများက နျူကလီယာ လက်နက် လုံးဝ ပပျောက် ကင်းစင်ရေး အတွက် ရည်ရွယ်ကာ ကော်မရှင်၏ ကဏ္ဍကို ခိုင်မာ တောင့်တင်းစေရန် ဆွေးနွေးခဲ့ကြသည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရမှုမှ လွတ်မြောက်မည် ဆိုပါက ယခု နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲသို့ လွတ်လပ်စွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးဉာဏ်ဝင်းက မြောက်ကိုရီးယား၏ နျူကလီယာ ဖွံ့ဖြိုးရေး အစီအစဉ်များသည် လက်ခံ နိုင်ဖွယ်ရာ မရှိဟုလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Katsuya Okada ကို ပြောဆိုခဲ့သည်ဟု Jiji သတင်း ဌာနက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ယခု ရက်သတ္တပတ်တွင်း ကျင်းပ ပြုလုပ်သော ဒေသတွင်း လုံခြုံရေး ဖိုရမ်၌ ဦးဉာဏ်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံ ခေါင်းဆောင်များ၏ အာရုံစိုက် ဝေဖန်မှု များစွာ ခံခဲ့ရသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ပိတ်ပင်ခြင်းထားခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။ မြန်မာ စစ်အစိုးရက လတ်တလော ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံခဲ့ဖူးသူ သို့မဟုတ် အကျဉ်းချ ခံထားရသူများနှင့် နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားခဲ့ဖူးသူများ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေရာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်း၏ သုံးသပ် ပြောဆိုမှုမှာ ရယ်စရာ ကောင်းနေသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် သြဂုတ်လမှ စ၍ နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ကျခံနေရသည်။ အကြောင်းမှာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဆိုသူက သူမ၏ နေအိမ်သို့ ခိုးဝှက် ဝင်ရောက်မှုကို လက်ခံ တွေ့ဆုံခဲ့သောကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် နိုဝင်ဘာလ မတိုင်ခင်အထိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရဦးမည် ဖြစ်သည်။

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အကြီးအကဲ ဆူရင်ပစ်ဆာဝမ်၏ အဆိုအရ မြန်မာနိုင်ငံတွင်း လွတ်လပ်ပြီး တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို နားလျှံ ထွက်အောင် တိုက်တွန်း ပြောဆိုခဲ့ကြကြောင်း သိရသည်။

အာဆီယံ ဒေသတွင်း လုံခြုံရေး ဖိုရမ်သို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း တက်ရောက် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ဆိုင်ရာ စွပ်စွဲ ပြောဆိုချက်များ၊ သတင်း ပေးပို့ချက်များ ဖိုရမ် အာဂျင်ဒါတွင် ပါဝင်မည်ဟု ထင်ကြေးပေး ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း နျူကလီယာ အစီအစဉ်များ လုပ်ဆောင်နေမှုများ၊ မြောက်ကိုရီးယားမှ စစ်လက်နက် တင်ပို့မှုများနှင့် သက်သေ အထောက်အထားများကို DVB သတင်းဌာနက စုံစမ်း ဖော်ထုတ်ခဲ့မှု အပေါ် စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက သဘောထား ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် မြန်မာနိုင်ငံတွင် စစ်ဘက်သုံး လိုဏ်ခေါင်းများ၊ ဘန်ကာများ တည်ဆောက်ရာတွင် အကူအညီ ပေးနေဖွယ် ရှိသည်ဟု ယုံကြည်ရသည်။ ထို့ပြင် မြောက်ကိုရီးယားလုပ် ရော့ကက် မျိုးစုံ ပစ်လွှတ်နိုင်သည့် စနစ်များကိုလည်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများတွင် တပ်ဆင်ထားသည်ကို တွေ့မြင်ရသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Japan Times, 23rd July 2010

ပြင်းထန်စွာ ဝေဖန်ခံနေရသော ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းကို ခွင့်ပြုရန် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းအား ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက တိုက်တွန်း ပြောကြားလိုက်သည်ဟု ဂျပန် အရာရှိများက ပြောကြားသည်။

အိုကာဒါသည် ဦးဥာဏ်ဝင်းနှင့် အာဆီယံ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲကို လွပ်လပ်၊ မျှတစွာ ကျင်းပရန် မြန်မာအစိုးရအား တောင်းဆိုခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

မြန်မာဝန်ကြီးက "အခြေခံ ဥပဒေသစ်သည် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်ခွင့်ကို ပိတ်ပင်ထားခြင်း မရှိကြောင်း၊ သူမ လွတ်လာသည်နှင့် တပြိုင်နက် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရှိကြောင်း'' ပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မကြာမီ ကြေညာရန် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေသည် ဟုလည်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

မတ်လ အတွင်းက မြန်မာအစိုးရသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေသစ်ကို နိုင်ငံပိုင် သတင်းစာများမှ တဆင့် ကြေညာရာတွင် တရားရုံး ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး ပါတီဝင်များ ရွေးကောက်ပွဲတွင် ပါဝင်ရန် အကျုံးမဝင်ဟု ဖော်ပြခဲ့သည်။

အချိန် ကြာမြင့်စွာ ထိန်းသိမ်း ခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် ယခုနှစ်အတွင်း ထပ်မံ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 22nd  July 2010

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ကြာသပတေးနေ့က ဗီယက်နမ်အား လူ့အခွင့်အရေး ကိစ္စရပ်များတွင် တိုးတက်မှု ရှိရေး အတွက် တိုက်တွန်းခဲ့ပြီး၊ ဗီယက်နမ် စစ်ပွဲမှ ယနေ့တိုင် ကျန်ရှိသော Agent Orange ၏ သက်ရောက်မှုများနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်ရေး စီစဉ်ရန် တိုက်တွန်းခဲ့သည်။

ဟနွိုင်းတွင် အမေရိကန်- ဗီယက်နမ် ပုံမှန် ဆက်ဆံရေး (၁၅) နှစ်ပြည့် အထိမ်းအမှတ်၌ ကလင်တန်က ဗီယက်နမ်၏ ထူးခြားပြီး၊ စွမ်းအားပြည့် ရှိသော လူထုကြီးအား ချီးကျုးလိုက်ပြီး၊ အကန့်အသတ်မဲ့ အလားအလာများ ရှိနေသော နိုင်ငံဖြစ်ကာ ကြီးကျယ်သော နိုင်ငံ ဖြစ်လာရန် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ဖြစ်လာရန် အတွက်မူ ကွန်မြူနစ် နိုင်ငံအနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် နိုင်ငံရေး လှုပ်ရှားမှုများအတွက် ကန့်သတ်ထားမှုများကို ဖြေလျော့ပေးရမည် ဖြစ်ကြောင်း သူမကပြောသည်။

"ကျွန်မတို့ ပြောလိုတဲ့ အချက်တွေမှာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီး စွပ်စွဲမှုတွေ ပြုလုပ်တာ၊ ဘာသာရေး အုပ်စုတွေကို တိုက်ခိုက်တာနဲ့ အင်တာနက် လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာတွေ ပါဝင်ပါတယ်။'' ဟု ကလင်တန်က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Gia Khiem နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ အဖွင့်တွင် ပြောကြားခဲ့သည်။

သူမ ဗီယက်နမ်သို့ မလာရောက်မီက လူ့အခွင့်အရေး အဖွဲ့များနှင့် အမေရိကန် အမတ်များက ကလင်တန်အား ဗီယက်နမ်ရှိ ထောင်ချခံထားရသော အစိုးရ ဆန့်ကျင်သူများ အရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဘာသာရေး လှုပ်ရှားသူများ၊ ဘလော့ဂါများနှင့် အစိုးရ တာဝန်ရှိသူများကြား အရေးကိစ္စများကို ပြောဆိုရန် တောင်းဆိုခဲ့သည်။

"ဗီယက်နမ် အစိုးရ အနေနှင့် ကမ္ဘာ့စီးပွားရေး၏ အကျိုး ကျေးဇူးများကို ရယူရန် ဆန္ဒရှိခဲ့လျှင် လူ့အခွင့်အရေး ကိစ္စရပ်များကို လေးစားရန် ကြိုးပမ်းမှုများ တပြေးညီ ရှိသင့်သည်'' ဟု ပါတီ နှစ်ခုလုံးမှ ကွန်ဂရက် အဖွဲ့ဝင် (၁၉) ဦး ပါသော အဖွဲ့မှ ကလင်တန်သို့ ဇူလိုင်လ (၁၅) ရက်နေ့က စာရေးသား ပေးပို့ခဲ့သည်။

ကလင်တန်က အဆိုပါ ကိစ္စရပ်များ ပြောဆိုပါမည်ဟု ပြန်မပြောခဲ့ပါ။ သို့သော် Obama အစိုးရ အနေဖြင့် ဗီယက်နမ်တွင် ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုများနှင့် အခြေခံ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရေး ကိစ္စများတွင် အကူအညီ ပေးနိုင်ရေး အတွက် ဗီယက်နမ်နှင့် အတူ အလုပ်လုပ်လိုသည်ဟု ပြောကြားခဲ့သည်။

သို့သော် ဗီယက်နမ် အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒ မည်မျှ ရှိမရှိ မသဲကွဲသေးပါ။ အဘယ်ကြောင့် ဆိုသော် Khiem က ၎င်းအနေဖြင့် ထိုအကြောင်းအရာသည် ဗီယက်နမ်နှင့် အမေရိကန် ကြားတွင် အမြင်မတူ ခြားနားသော ကိစ္စဖြစ်မည် ထင်ကြောင်း ပြောခဲ့၍ ဖြစ်သည်။

"လူ့အခွင့်အရေးတွင် အားလုံးနဲ့ ကိုက်ညီတဲ့ တန်ဖိုးတွေ ရှိပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ သမိုင်း နောက်ခံ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်'' ဟု Khiem က ပြောသည်။ ၎င်းက သမ္မတ Barack Obama ပြောခဲ့သော လူ့အခွင့်အရေး တန်ဖိုးများကို ပြင်ပမှ လာရောက် သတ်မှတ် မပေးသင့်ကြောင်း ပြောကြားချက်ကို မှတ်သားထားသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ဗီယက်နမ်ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းက တည်ခင်းသော နေ့လယ်စာ စားပွဲတွင် ကလင်တန်က လူ့အခွင့်အရေး ကိစ္စကို ထပ်မံ ပြောကြားခဲ့ပြီး၊ ၁၉၉၅ သမ္မတ ကလင်တန် လက်ထက်က ပုံမှန် ဆက်ဆံရေး စတင်ကတည်းက နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးမှာ အားကျဖွယ် တိုးတက် လာခဲ့သော်လည်း၊ လူ့အခွင့်အရေး ကိစ္စမှာမူ ကြီးမားသော မတူညီမှု ဖြစ်နေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်။

"ကြီးမားတဲ့ ကွာဟမှုတွေ ရှိနေတယ် ဆိုတာ အမှန်ပါပဲ။ တိတိကျကျ ပြောရရင် နိုင်ငံရေး လွတ်လပ်ခွင့်များဟာ မေးခွန်း ထုတ်စရာပါ'' ဟု သူမက ပရိသတ်ကို ပြောလိုက်သည်။ "အမေရိကန် ပြည်ထောင်စု အနေနဲ့ ကတော့ ဗီယက်နမ်ကို လူ့အခွင့်အရေး ကိစ္စ ကတိတွေ ပိုမိုခိုင်မာဖို့နဲ့ ဗီယက်နမ် နိုင်ငံသားတွေ သူတို့ ကိုယ်ပိုင်ဘဝတွေ အတွက် ပြောရေးဆိုခွင့် ပိုမို ရလာဖို့ကို ဆက်ပြီး တိုက်တွန်းနေဦးမှာပါပဲ'' ဟု သူမက ပြောသည်။

တစ်ချိန်တည်းမှာပင် ကလင်တန်က ထိုအမြင်မတူမှုများနှင့် အတိတ်မှ ဖြစ်ရပ်များသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ထိခိုက်လိမ့်မည်ဟု အမေရိကန် အနေဖြင့် မမြင်မိကြောင်း ပြောကြားခဲ့သည်။

"ကျွန်မတို့ အနေနဲ့ အရင်တုန်းက ရန်သူတွေ ဆိုတာထက် အခု လက်တွေ့ အလားအလာ ရှိတဲ့ ပါတနာတွေ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေ အဖြစ် နှလုံးသွင်းပါတယ်။ ကျွန်မတို့ ဆက်လက်ပြီး ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိုပဲ ရွေးချယ်သွားပါမယ်'' ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ကလင်တန်က ၂၀၀၀ ခုနှစ်က သူမ၏ ဗီယက်နမ် ပထမဆုံး ခရီးစဉ်ကို ပြန်ပြောင်းပြောပြခဲ့သည်။ ထိုစဉ်က သူမသည် သူမ၏ အမျိုးသား ထိုစဉ်က သမ္မတ Bill Clinton နှင့် အတူ လိုက်ပါလာခြင်း ဖြစ်သည်။ ထိုခရီးစဉ်သည် ၁၉၇၅ ဗီယက်နမ် စစ်ပွဲအပြီး ကတည်းက အမေရိကန် သမ္မတ၏ ပထမဆုံး ခရီးစဉ် ဖြစ်သည်။

သူမက ပြောကြားရာတွင် ဘာကို မျှော်လင့်ရမည်ကို မသိသေးသော်လည်း ဗီယက်နမ်ပြည်သူများ၏ နွေးထွေးစွာ လက်ခံကြိုဆိုမှုကို ခံစားရကြောင်း ဆိုသည်။ "ကျွန်မတို့ သွားတဲ့ နေရာတိုင်းမှာ ဗီယက်နမ် လူမျိုးတွေရဲ့ ပျူငှာမှုကို ခံစားရပါတယ်။ ကျွန်မတို့ပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ရပါတယ်'' ဟု သူမကပင် ပြောသည်။

Khiem နှင့် ပတ်သက်၍ သူမ၏ မှတ်ချက်များတွင် ကလင်တန်က Agent Orange ၏ အကျိုးဆက်များအတွက် ဗီယက်နမ်နှင့် အတူ ဆက်လက် လုပ်ကိုင်ရန် ကတိပြုခဲ့သည်။ အမေရိကန် စစ်တပ်သည် ၁၉၆၂ နှင့် ၁၉၇၁ အတွင်း ဗီယက်နမ် တောင်ပိုင်းကို အရွက်များ စားသော ပိုးသတ်ဆေး ဂါလံ (၁၁) သန်းခန့် ဖြန်းခဲ့သည်။ အဆိုပါ ဆေးတွင် ပါသော ဓါတု အဆိပ်တစ်မျိုး ဖြစ်သည့် Dioxin သည် ပေါင်းသတ်ဆေးတွင် အသုံးပြုပြီး၊ ကင်ဆာရောဂါ၊ ကလေးမွေးရာတွင် ချို့ယွင်းချက် ပါခြင်းနှင့် အခြား ကျန်းမာရေး ချို့ယွင်းမှုများကို ဖြစ်စေသည်။

ဗီယက်နမ်က ပြောကြားရာတွင် ဗီယက်နမ် လူမျိုး (၄)သန်း ကျော်သည် ပိုးသတ်ဆေး မိခဲ့ပြီး (၃) သန်းကျော်သည် ၎င်းကြောင့် ဖျားနာမှုများ ဖြစ်ကြရသည်ဟု ဆိုသည်။ အမေရိကန်နှင့် ဗီယက်နမ် ပူးတွဲမူဝါဒ ရေးဆွဲရေး အဖွဲ့၊ နိုင်ငံသားများနှင့် သိပ္ပံ ပညာရှင်များက ဝါရှင်တန်နှင့် အခြား အလှူရှင်များအား dioxin ဓါတ်ပြန့်နေသော နေရာများကို ရှင်းလင်းရန် နှစ်စဉ် ဆယ်နှစ်ခန့် တစ်နှစ်လျှင် ဒေါ်လာသန်း (၃၀) ထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။

ကလင်တန်က ပြောကြားရာတွင် သူမနှင့် Khiem တို့သည် Agent Orange ၏ သက်ရောက်မှုများနှင့် ၎င်းကြောင့် ဗီယက်နမ် ပြည်သူများ ခံစားနေရမှုများအတွက် စိုးရိမ်ပူပန်မှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

"ကျွန်မတို့ဟာ Agent Orange ရဲ့ ဒဏ်ကို ကုစားဖို့ ကြိုးစားတာ ကိုးနှစ်လောက် ရှိပါပြီ။ ပိုမို တိုးတက်တဲ့ ရလဒ်တွေရဖို့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်မ ကတိပြုပါတယ်'' ဟု ကလင်တန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 22nd July 2010

မြန်မာနိုင်ငံမှ သွင်းကုန်များ နောက်တစ်နှစ် ပိတ်ပင်သည့် ဥပဒေကို အမေရိကန် လွှတ်တော်တွင် ကြာသပတေးနေ့က သက်တမ်းတိုး ပြဋ္ဌာန်းလိုက်ပြီး လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီ အရေးကိစ္စ၊ မြောက်ကိုးရီးယားနှင့် ဆက်ဆံနေသော ကိစ္စများနှင့် ပတ်သက်၍ မြန်မာ စစ်ဖက်အစိုးရ အပေါ် ဖိအားပေးရန် ကြိုးစားနေသည်။

အရေးယူမှုများ သက်တမ်းတိုးရန် အောက်လွှတ်တော်တွင် အလားတူ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး တစ်ပတ်အကြာ၌ အထက်လွှတ်တော် ဆီနိတ်တွင် တညီတညွတ်တည်း မဲပေးထောက်ခံခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ရှိနေသော်လည်း ဤကိစ္စကို လက်မှတ်ထိုးရန် မျှော်လင့်ထားသော အမေရိကန် သမ္မတ ဘားရက် အိုဘားမားထံ ဥပဒေ သက်တမ်းတိုးမှုကို တင်ပြလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေအရ မြန်မာအစိုးရအား ဆက်ဆံနေသည့် ကုမ္ပဏီများနှင့် ကုန်သွယ်ခြင်းကို တားမြစ်ထားပြီး ၎င်းကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားသည်။ အပယ်ခံ အရှေ့တောင်အာရှ မြန်မာနိုင်ငံ အတွက် နိုင်ငံတကာ ချေးငွေများကိုလည်း ပိတ်ဆို့ရန် အမေရိကန် ပြည်ထောင်စုကို ညွှန်ကြားထားသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရ အာသာငမ်းငမ်း ဖြစ်နေသော "တရားဝင်လိုမှု'' ကို ငြင်းဆန်ရမည် ဖြစ်ပြီး မြန်မာပြည်သူများ ၎င်းတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ကိုယ်တိုင် အုပ်ချုပ်စီမံခွင့် ရမည့်နေ့ကို စောင့်မျှော်နေသည်ဟု ယခု ဥပဒေကို ထောက်ခံသူ ထိပ်တန်း ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် Mitch Mc Connell က ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေး တရားဝင်အောင် ပြုလုပ်ပေးရာ ရောက်မည် စိုးသဖြင့် အတိုင်အခံ ခေါင်းဆောင် အများစုက သပိတ်မှောက်ရန် ရည်ရွယ်ထားကြသော လာမည့် မြန်မာ့ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုကို Mc Connell နှင့်အတူ အထက်လွှတ်တော် အမတ်များက တညီတညွတ်တည်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အာဏာ လွှဲပြောင်း ရယူခွင့် မရရှိခဲ့ဘဲ သူမကိုလည်း စစ်ဖက် အုပ်ချုပ်သူများက ဆယ်စုနှစ် ၂စု နီးပါး နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။

အိုဘားမား အစိုးရသည် မြန်မာနိုင်ငံကို ပစ်ပယ်ထားခြင်းသည် လက်တွေ့ အလုပ်မဖြစ်ဟု သုံးသပ်ကာ မြန်မာအစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို ယခင်နှစ်က စတင်ခဲ့သည်။ သို့သော်လည်း ဒီမိုကရေစီနှင့် အခြား စိုးရိမ်စရာ ကိစ္စများတွင် ပြောင်းလဲ တိုးတက်မှု ရှိမှသာ အပြန်အလှန်အားဖြင့် အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။

အာရှ ခရီးစဉ် သွားရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြောက်ကိုးရီးယားနှင့် မြန်မာ စစ်တပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုကို စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာ တပ်ပြေး အရာရှိ တစ်ဦး၏ လတ်တလော အစီရင်ခံစာတွင် မြန်မာအစိုးရ၏ နျူကလီယာ လက်နက် အစီအစဉ်၌ မြောက်ကိုးရီးယား ပါဝင် လုပ်ဆောင်နေသည်ဟု ပါရှိထားသည်။

Wyoming မှ ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် Mike Enzi ၏ ကန့်ကွက်မဲနှင့်အတူ အထက် လွှတ်တော်တွင် ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၁ မဲဖြင့် အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံခဲ့ကြသည်။

Mike Enzi ၏ ပြောရေးဆိုခွင့် ရှိသူ Coy Knobel က "အရေးယူမှုများသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ ထံမှသာ ထွက်ပေါ်နေခြင်းကြောင့် ဆီနိတ်တာ Enzi က ကန့်ကွက်ခြင်း ဖြစ်ကြောင်း မြန်မာအစိုးရ အပေါ်တွင် တစ်ကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့် ဖိအားပေးနိုင်လျှင် ပိုကောင်းမည်ဟု ယုံကြည်ထားကြောင်း'' ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ မေးစရာ ရှိတာက သူတို့ ပြောင်းလဲလာအောင် ဘယ်လို အကောင်းဆုံး လုပ်နိုင်မလဲ ဆိုတာပါပဲ။ တကယ်လို့ ဒေသတွင်း မဟာမိတ်တွေဆီက အကူအညီ ပိုရမယ်ဆိုရင် ပိုပြီးတော့ ထိရောက်မှု ရှိပါလိမ့်မယ်'' ဟု ၎င်းက ဆိုသည်။

အာရှနိုင်ငံ များစွာနှင့် ကုန်သွယ်ရေး ဆက်ဆံမှု ရှိနေသော မြန်မာနိုင်ငံ၏ အဓိက စစ်ရေးနှင့် သံတမန်ရေး မိတ်ဖက်မှာ တရုတ်နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua, 22nd July 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva က ကြာသပတေးနေ့က မြောက်ပိုင်း Tak ခရိုင်ရှိ ထိုင်း-မြန်မာ စစ်ဆေးရေး ဂိတ်ကို မကြာမီ ပြန်လည် ဖွင့်လှစ်လိမ့်မည်ဟု ၎င်းက ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း သတင်း အေဂျင်စီ (TNA) က သတင်း ပေးပို့ခဲ့သည်။

ဇူလိုင်လ (၁၂) ရက်နေ့က မြန်မာ အစိုးရသည် သောင်ရင်းမြစ်ကို ဖြတ်ကူးသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် နယ်စပ် စစ်ဆေးရေး စခန်းကို ပိတ်လိုက်ပြီးနောက်၊ မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

မြန်မာ အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဖက်တွင် မြစ်ကမ်းပါး ပြိုမှု ကာကွယ်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုအား မကျေနပ်ကြောင်း Abhisit ကပြောသည်။

သို့သော် သောင်ရင်းမြစ်တွင် အဆိုပါ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ ထိုင်း၏ ရှင်းလင်းချက်ကို မြန်မာ အာဏာပိုင်များ လက်ခံ ရရှိပြီး ဖြစ်ကြောင်း Abhisit က ပြောသည်။

The Nation ကလည်း Abhisit က အဆိုပါ စီမံကိန်းကို ထိုင်းက ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ပြောခဲ့သည်ကို ကိုးကား ဖော်ပြခဲ့သည်။

"ဒါကြောင့်၊ မြန်မာအစိုးရဟာ ထိုင်းနိုင်ငံနဲ့ ဒီ် စီမံကိန်းအပေါ် နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ စလုံးက မိမိတို့ဖက်ရှိ မြစ်ကမ်းပါး အတွက် အသီးသီး စိုးရိမ်မှု ရှိနေကြသည်။ တစ်ဖက်ဖက်မှ ကမ်းပါးနံရံ ဆောက်လုပ်မှုသည် မြစ်ကြောင်းနှင့် အနားသတ်မျဉ်းတွင် ထိခိုက်မှု ရှိနိုင်ကြောင်း စိုးရိမ်ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Abhisit က မြန်မာနိုင်ငံသို့ ၎င်း သွားရောက် လည်ပတ်မှုအား ရက်မသေချာသေးဘဲ ရွှေ့ဆိုင်းခဲ့ပြီး၊ နှစ်နိုင်ငံ စလုံး သင့်တော်မည့် အချိန် မရသေးကြောင်း ပြောကြားထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပမည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပါလီမန်အမတ် နေရာ ရရှိရေးအတွက် ဝင်ရောက်ယှဉ် ပြိုင်မည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်သော ထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ အကြီးအကဲ ဆူရင်ပစ်ဆာဝမ်ကို အသိပေး ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်နှင့် စကား ပြောဆိုရာ၌ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ၎င်းအနေဖြင့် ရွေးကောက်ပွဲလွန် ကာလ ပါလီမန်လွှတ်တော်တွင် နေရာ ရရှိနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

ဦးဉာဏ်ဝင်းသည် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo နှင့်လည်း အလားတူ စကား ပြောဆိုခဲ့သည်ဟု မြန်မာ့ရေးရာ လေ့လာသုံးသပ်သူ သတင်းစာဆရာ Larry Jagan ၏ အဆိုအရ သိရသည်။ မစ္စတာ Larry Jagan သည် မစ္စတာ ဆူရင်ပစ်ဆာဝမ် နှင့်သာမက စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနှင့်ပါ တွေ့ဆုံ စကားပြောခဲ့သူ ဖြစ်သည်။

"ဘယ်အချိန် ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာကို ဦးဉာဏ်ဝင်း မသိပါဘူး။ အခုချိန်မှာ လုပ်ထုံးလုပ်နည်းတွေ အားလုံး ရေးဆွဲနေတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် ကြေညာတာနဲ့ တစ်ပြိုင်နက်တည်း ဝင်ရောက် ယှဉ်ပြိုင်မယ့် သူတွေကို ကြေညာမှာပါ" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို စစ်အစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။ သို့သော် ယခု နှစ်ကုန်ပိုင်း ကာလ၌ ကျင်းပပေးမည် ဖြစ်သည်ဟု စစ်အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

မည်သည့် နိုင်ငံရေး ပါတီသို့ ဝင်ရောက် ပူးပေါင်းမည် ဟူသော အချက်ကို နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ကြောင်း သတင်းစာဆရာ Larry Jagan က ဆိုသည်။

"သူဝင်မယ့် ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပဲ ဖြစ်မှာ သေချာပါတယ်။ တခြားဝန်ကြီးတွေ အားလုံးက USDP နဲ့ပဲ ပူးပေါင်းကြတာ။ သူ (ဦးဉာဏ်ဝင်း) လည်း တခြား ဘယ်ပါတီ အသေးလေးတွေနဲ့ မှ ပူးပေါင်းမှာ လုံးဝ မဟုတ်ပါဘူး" ဟု မစ္စတာ Larry Jagan က သုံးသပ် ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ပြီး အဆိုပါ ပါတီသာ ရွေးကောက်ပွဲတွင် အနိုင် ရရှိလိမ့်မည်ဟု အများစုက ထင်ကြေးပေး ပြောဆိုနေကြသည်။ မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန် အကွက်ဆင်မှု တစ်ခုသာ ဖြစ်သည်ဟု အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် လေ့လာ သုံးသပ်သူ အများစုက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် အရပ်ဘက် အစိုးရ တစ်ရပ် ထွက်ပေါ်လာမည်ဟု ကတိပေး ထားသည့်တိုင် လက်ရှိ အစိုးရအဖွဲ့မှ ဝန်ကြီးများအား USDP ပါတီတွင်း ရာထူး ခန့်အပ်နေမှုများသည် ရွေးကောက်ပွဲလွန် ကာလ စစ်အစိုးရ၏ ထိန်းချုပ်မှု ဆက်လက် တည်တံ့စေရန် အစီအစဉ် တစ်ရပ် ဖြစ်ပုံ ရသည်။

စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်က ရွေးကောက်ပွဲလွန် ကာလ ထွက်ပေါ်လာမည့် ပါလီမန် လွှတ်တော်၌ စစ်တပ်အနေဖြင့် လေးပုံတစ်ပုံ ရရှိစေရန် ဖန်တီးပေးထားသည်။

မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာ Larry Jagan ၏ အဆိုအရ ပါလီမန် လွှတ်တော်၏ မည်သည့်နေရာ ရရှိရန် နိုင်ငံခြားရေးဝန်ကြီး ကြိုးစားမည် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ "ဦးဉာဏ်ဝင်း အနေနဲ့ အမျိုးသား လွှတ်တော်မှာ နေရာရဖို့ လုပ်မယ် ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ အာဆီယံ အကြီးအကဲ မစ္စတာ ဆူရင်ပစ်ဆာဝမ်၊ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo တို့နှင့် စကား ပြောဆိုခဲ့ရာတွင် ဦးဉာဏ်ဝင်းက ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့် နေရာ အတိအကျကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ ပါလီမန်တွင် နေရာ ရရှိရေးအတွက် ကြိုးပမ်းမည် ဟုသာ အသိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ဦးဉာဏ်ဝင်း နေထိုင်ရန် အတွက် ကျပ်ငွေသန်း ၂၀ (အမေရိကန် ဒေါ်လာ ၂၀၀၀၀) တန် နေအိမ်တစ်လုံးကို တည်ဆောက်လျက် ရှိသည် ဟူသည့် ကောလာဟလများ ယခု လဆန်းပိုင်းတွင် ထွက်ပေါ်ခဲ့သေးသည်။ သို့အတွက်ကြောင့် ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့နယ် အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ဆက်လက် ထွက်ပေါ်ခဲ့သည်။ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာသည် ဦးဉာဏ်ဝင်း၏ မွေးရပ်ဇာတိ ဖြစ်သည်။

ယခု ဇူလိုင် လဆန်းပိုင်းတွင် မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာ စစ်ဗိုလ်ချုပ်များ မြောက်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို သတိပေး ကန့်ကွက်လိုက်ပြီး ယခုနှစ်တွင်း တရားမျှတပြီး လွတ်လပ်မှု ရှိမည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် ဗီယက်နမ် နိုင်ငံသို့ ရောက်ရှိခိုက် တိုက်တွန်း ပြောဆိုလိုက်သည်။

ဟနွိုင်းမြို့တွင် ပြုလုပ်သော အာဆီယံ ဒေသတွင်း လုံခြုံရေး ဖိုရမ်တွင် ဒေသတွင်း ခေါင်းဆောင်များနှင့် ဆွေးနွေးရာ၌ မစ္စ ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံသို့ မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက် ပစ္စည်းများ တင်ပို့ခဲ့သည် ဟူသော သတင်း ပေးပို့ချက်များနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စိုးရိမ်မိကြောင်း ပြောဆိုသည်။

"နျူကလီယာ အစီအစဉ် အကောင်အထည် ဖော်ဖို့ မြန်မာနိုင်ငံက မြောက်ကိုရီးယားဆီက အကူအညီ အထောက်အပံ့ ရရှိအောင် လုပ်ဆောင်နေဖွယ် ရှိတယ် ဆိုတဲ့ သတင်း ပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ စိုးရိမ် ပူပန်မိပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

"မြန်မာနိုင်ငံ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲဖို့ အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ထွက်ပေါ်လာဖို့ ကျွန်မတို့ ဆက်လက် ဆွေးနွေးသွားမှာပါ။ နောက်ပြီးတော့ မြန်မာ ပြည်သူလူထုရဲ့ လူမှုဘဝ တိုးတက် ကောင်းမွန်မှု၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ကိုင်လာဖို့အတွက် မြန်မာ အစိုးရ ခေါင်းဆောင်တွေကို အားပေးအားမြှောက် ပြုလုပ်လိုပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ ပတ်သက်၍လည်း ဟီလာရီ ကလင်တန်က စိုးရိမ် ပူပန်လျက် ရှိသည်။ အမေရိကန် အရာရှိကြီးများက မြန်မာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် မျှော်လင့်ချက် မရှိဟု ထုတ်ဖော် ပြောဆိုထားသည်။

မြန်မာ စစ်အစိုးရက ယခုနှစ်အတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထုတ်ဖော် ပြောဆိုထားသော်လည်း ကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ဖော်ခြင်း မရှိသေးပေ။ ထိုရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေးပါတီနှင့် အင်အားစုများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့်ပုံ မပေါ်ပေ။

မြန်မာနိုင်ငံ၏ ပြဿနာများသည် မြန်မာပြည်သူများ အပေါ်တွင် သာမက အိမ်နီးချင်း နိုင်ငံများ အပေါ်ပါ အကျိုး သက်ရောက်မှု ရှိနေသည်ဟု မစ္စ ဟီလာရီ ကလင်တန်က ဆိုသည်။  မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည် ဦးရေ ဆက်လက် တိုးမြင့်နေခြင်းသည် ဒေသတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်စေသည်ဟု ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.monstersandcritics.com, 22nd July 2010

အာဆီယံအဖွဲ့ဝင် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် တရား မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အာဆီယံ ခေါင်းဆောင်များက တောင်းဆိုမှုကို သူမ အနေဖြင့် ထောက်ခံသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရွေးကောက်ပွဲများကို ယခုနှစ် ကျင်းပမည်ဟု မြန်မာနိုင်ငံက ဆိုသော်လည်း ရက်သတ်မှတ်ခြင်း မရှိသေးပါ။ အာဆီယံ အဖွဲ့နှင့် အတူ အဖွဲ့၏ ဒေသတွင်း ဆွေးနွေးဖက်များ ဖြစ်သည့် တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်တို့က မြန်မာနိုင်ငံအား ရွေးကောက်ပွဲများကို လွတ်လပ်၊ မျှတမှု ရှိအောင် ကျင်းပရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။

အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်များကို မှန်ကန်စွာ တင်ပြ ထုတ်ဖော်ခဲ့ကြသည်ဟု ဟီလာရီ ကလင်တန်က ကြာသပတေးနေ့တွင် ပြောကြားသည်။

စစ်ဖက် အုပ်ချုပ်သူများ ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ စည်းကမ်းများကြောင့် ၎င်းတို့၏ မျှတမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ် ပူပန်မှုများ ကြီးထွားလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်သော အသေးစိတ် သတင်းများ ထုတ်ပြန်ခြင်း မရှိသလို ရက်သတ်မှတ်ခြင်းလည်း မရှိသေးပါ။ သို့ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ၎င်းတို့ ကတိပေးထားခြင်း အပေါ် မေးခွန်း ထုတ်စရာ များလှသည်ဟု ကလင်တန်က ဆိုသည်။

မြောက်ကိုးရီးယားသည် မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်း ကရိယာများ လတ်တလော ပေးပို့ထားပြီး ပြုံးယမ်းက မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက် အစီအစဉ်ကို ကူညီနေဖွယ် ရှိသည်ဟု ကလင်တန်က ဆက်လက် ပြောကြားသည်။

"ဒီကိစ္စက အာဆီယံ အတွက် စိုးရိမ်ပူပန်စရာ ဖြစ်သလို အမေရိကန်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲလာအောင်နဲ့ သူတို့ရဲ့ ပြည်သူတွေရဲ့ အပေါ် ပိုမိုကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့ မြန်မာခေါင်းဆောင်တွေ ကတိပေးအောင် တိုက်တွန်းဖို့ အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ကျွန်မတို့ ဆွေးနွေးရပါလိမ့်မယ်" ဟု ကလင်တန်က ပြောကြားခဲ့သည်။

ကလင်တန်သည် ကြာသပတေးနှင့် သောကြာနေ့တွင် အာဆီယံ ဒေသတွင်း ဖိုရမ် တက်ရောက်ရန် ဟနွိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော အကျပ် အတည်းများနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်များ ထပ်မံ ချမှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ဆိုသည်။

မြောက်ကိုရီးယားအပေါ် ထပ်မံ ပိတ်ဆို့ အရေးယူမည့် ကိစ္စကို တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံ၏ လက်နက်နှင့် အခြားသော လူသုံးကုန် ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်မှုကို အဓိက ပစ်မှတ်ထားကာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်ကြောင့် နျူကလီယာ ပြန့်ပွားမှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ဆိုသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟု ပြစ်တင် ပြောဆို ထားသည်။ သို့သော် မြောက်ကိုရီးယားက အဆိုပါ ကိစ္စတွင် မိမိတို့ တာဝန်မရှိဟု ငြင်းပယ်ထားသည်။

တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က "အခုလို ပိတ်ဆို့ အရေးယူမှုသစ်တွေ ထပ်မံ ပြဋ္ဌာန်းတာဟာ မြောက်ကိုရီးယားရဲ့ နျူကလီယာ ပြန့်ပွားမှုကို ဟန့်တားလိုတဲ့ ဝါရှင်တန် အစိုးရရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးလိုတာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး နျူကလီယာ လက်နက် တပ်ဆင် ထုတ်လုပ်မှုတွေကို တရားမဝင် အကူအညီပေးနေတဲ့ မြောက်ကိုရီးယားရဲ့ ဆောင်ရွက်ချက်တွေကို ဟန့်တားရာ ရောက်သလို ရန်လိုတဲ့ အပြုအမူတွေ ထပ်မံ မပြုလုပ်နိုင်အောင် လုပ်ဆောင်ရာလည်း ကျပါတယ်" ဟု ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများသည် မြောက်ကိုရီးယား ပြည်သူများကို ဦးတည်ခဲ့ခြင်း မရှိကြောင်း၊ ဦးဆောင်မှု လွဲမှားပြီး အမှားအယွင်းများ ကျူးလွန်နေသည့် မြောက်ကိုရီးယား အစိုးရကိုသာ ဦးတည်ကြောင်း ဟီလာရီကလင်တန်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.