Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော အကျပ် အတည်းများနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်များ ထပ်မံ ချမှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ဆိုသည်။

မြောက်ကိုရီးယားအပေါ် ထပ်မံ ပိတ်ဆို့ အရေးယူမည့် ကိစ္စကို တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံ၏ လက်နက်နှင့် အခြားသော လူသုံးကုန် ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်မှုကို အဓိက ပစ်မှတ်ထားကာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်ကြောင့် နျူကလီယာ ပြန့်ပွားမှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ဆိုသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟု ပြစ်တင် ပြောဆို ထားသည်။ သို့သော် မြောက်ကိုရီးယားက အဆိုပါ ကိစ္စတွင် မိမိတို့ တာဝန်မရှိဟု ငြင်းပယ်ထားသည်။

တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က "အခုလို ပိတ်ဆို့ အရေးယူမှုသစ်တွေ ထပ်မံ ပြဋ္ဌာန်းတာဟာ မြောက်ကိုရီးယားရဲ့ နျူကလီယာ ပြန့်ပွားမှုကို ဟန့်တားလိုတဲ့ ဝါရှင်တန် အစိုးရရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးလိုတာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး နျူကလီယာ လက်နက် တပ်ဆင် ထုတ်လုပ်မှုတွေကို တရားမဝင် အကူအညီပေးနေတဲ့ မြောက်ကိုရီးယားရဲ့ ဆောင်ရွက်ချက်တွေကို ဟန့်တားရာ ရောက်သလို ရန်လိုတဲ့ အပြုအမူတွေ ထပ်မံ မပြုလုပ်နိုင်အောင် လုပ်ဆောင်ရာလည်း ကျပါတယ်" ဟု ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများသည် မြောက်ကိုရီးယား ပြည်သူများကို ဦးတည်ခဲ့ခြင်း မရှိကြောင်း၊ ဦးဆောင်မှု လွဲမှားပြီး အမှားအယွင်းများ ကျူးလွန်နေသည့် မြောက်ကိုရီးယား အစိုးရကိုသာ ဦးတည်ကြောင်း ဟီလာရီကလင်တန်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment