Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. စစ်မှန်သော ပြောင်းလဲမှုကို သမ္မတကြီးက လိုလားနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(AFP News မှ 24 Aug  2011 ရက်စွဲပါ “Suu Kyi says Myanmar president wants real change” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာအစိုးရ ပြောင်းလဲမှုများပြုလုပ်ရန် ဖိအားပိုပေးကြပါ

(24 August 2011 ရက်စွဲပါ The Nation မှ ခေါင်းကြီးပိုင်းဖြစ်သော “Put more pressure for change on the Burmese regime” ကို ဘာသာပြန်ဆိုသည်)

  1.  မိမိကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေသည့် အိမ်နီးချင်းတရုတ်ပြည်

(Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. စင်ကာပူမှ Interra က မြန်မာနိုင်ငံတွင် ရေနံတွင်းတူး

(24 August 2011 ရက်စွဲပါ upstream online မှ Josh Lewis ရေးသားသော Interra Spuds Burma well ကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာရွှေ သန့်စင်မှု အဆင့်နိမ့်ဟု ထိုင်းရွှေဆိုင်များ သတိပေး

(Bangkok Post မှ 24 Aug 2011 ရက်စွဲပါ “ Shops warm of low purity Burma gold ” သတင်းကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************************************

စစ်မှန်သော ပြောင်းလဲမှုကို သမ္မတကြီးက လိုလားနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(AFP News မှ 24 Aug  2011 ရက်စွဲပါ “Suu Kyi says Myanmar president wants real change” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရအပေါ် ဝေဖန်ရာတွင် အထင်ရှားဆုံး ဖြစ်သူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာအစိုးရသစ်တို့အကြား ပိုမိုနွေးထွေးသော ဆက်ဆံမှုများ ရှိလာချိန်တွင် “မြန်မာနိုင်ငံ၏ တပ်မတော် ကျောထောက်နောက်ခံ သမ္မတသစ်သည် အပြုသဘောဆောင်သော ပြောင်းလဲမှု အစစ်အမှန်ကို လိုလားသည်ဟု သူမအနေဖြင့် ယုံကြည်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

                ၇ နှစ် ဆက်တိုက် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲ မသမာမှု သတင်းများ ထွက်လာခြင်း၊ အဓိက အတိုက်အခံပါတီ NLD မပါဝင်ခြင်းတို့ကြောင့် နာမည်ပျက်ခဲ့သည့် ရွေးကောက်ပွဲများအပြီးတွင် လွတ်မြောက်လာပြီး နောက်ပိုင်း အမြင့်ဆုံးအဆင့် ဆွေးနွေးမှုများအဖြစ် သမ္မတ ဦးသိန်းစိန်နှင့် သောကြာနေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

                “ကျွန်မ အမြင်ကိုပြောရရင်တော့ သမ္မတကြီးက တကယ် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို လိုချင်နေတယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဇွန်လအတွင်းက သတိပေးမှုများ ရှိခဲ့သော်လည်း ထိုနောက်ပိုင်းမှ စ၍ သူမနှင့် နာမည်ခံ အရပ်ဖက်အစိုးရတို့အကြား ပိုမို တွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့သည်။

                မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quitana နှင့် တွေ့ဆုံပြီးနောက် ဒီမိုကရေစီ ခေါင်းဆောင်က သတင်းထောက်များကို တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ နှစ်ဦးသည် နိုင်ငံရေးအကျဉ်းသားများ၏ အနာဂါတ်ရေး အပါအဝင် ကိစ္စရပ်များစွာ ကို ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားသည်။

                ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana နှင့် ၎င်း၏ ၂၀၁၀ ဖေဖေါ်ဝါရီ ခရီးစဉ်ကာလက အထိန်းသိမ်းခံနေရသူ ဒီမိုကရေစီ ခေါင်းဆောင်တို့အကြား ယခု တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

                “ကျွန်မ တကယ်ကို ကြေနပ်အားရပါတယ်၊ သူက ဒီကိစ္စနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်သူ ဖြစ်တာကို တွေ့ရလို့ ကျွန်မ အားတက်မိပါတယ်” ဟု Quintana နှင့် ပတ်သက်၍ သူမက ပြောကြားသည်။

                မြန်မာအစိုးရသည် ကုလကိုယ်စားလှယ်ကို တစ်နှစ်ကျော်ကြာ ဝင်ခွင့် ပိတ်ပင်ထားခဲ့ပြီးနောက် ယခုအခါ အစိုးရ၏ နိုင်ငံတကာပုံရိပ်ကို တိုးတက်စေလိုကြောင်း သိသိသာသာ ပြသလာက ပထမဆုံးအကြိမ် ပြန်လည် လာရောက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

                ယခု တွေ့ဆုံမှုအပြီးတွင် Quintana က “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေဟာ သိပ်ကိုအရေးကြီးတယ်၊ အပြုသဘောဆောင်တယ်၊ ရလဒ် ကောင်းတယ်” ဟု ရှင်းလင်းပြောကြားသည်။

                မြန်မာအစိုးရက ယခင်က လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ကုလအထူးကိုယ်စားလှယ်သည် နေပြည်တော်တွင် အစိုးရတာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့တော်တွင် ၅ ရက်ကြာ ခရီးစဉ် ပြီးဆုံးမည့် ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

ဗူဒ္ဓဟူးနေ့ အစောပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အနက်မှ အချို့ကို ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသော ရန်ကုန်မြို့၏ နာမည်ဆိုး အင်းစိန်အကျဉ်းထောင်သို့လည်း Mr Quintana သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

                Mr Quintana သည် လွန်ခဲ့သည့် တစ်နှစ်ကျော်က ၎င်း၏ နောက်ဆုံး မြန်မာခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက် မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သောကြောင့် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးသင့်ကြောင်း အကြံပြု တင်ပြခဲ့ ခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များကို ဒေါသထွက်စေခဲ့သူဖြစ်သည်။

                ထိုနောက်ပိုင်းမှစ၍ Quintana ၏ ပြည်ဝင်ခွင့်ဗီဇာကို အကြိမ်ကြိမ် ပယ်ချခြင်း ခံခဲ့ရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရအား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ လူ့အခွင့်အရေးကို တိုးတက်အောင် ပြုလုပ်ရန်၊ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် အပါအဝင် ပြုပြင် ပြောင်းလဲမှု များစွာ ပြုလုပ်ပြသရန် တောင်းဆိုထားသည်။

****************************************************************************************

မြန်မာအစိုးရ ပြောင်းလဲမှုများပြုလုပ်ရန် ဖိအားပိုပေးကြပါ

(24 August 2011 ရက်စွဲပါ The Nation မှ ခေါင်းကြီးပိုင်းဖြစ်သော “Put more pressure for change on the Burmese regime” ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် တန်းစီနေလျက်ရှိသည်။ သို့သော် နိုင်ငံရေး အခြေအနေမှာ တိုးတက်ရန် တော့ လိုပါသေးသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေးကွင်တားနား (Tomas Ojea Quintana) သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ငါးရက်ကြာခရီးအတွက် ရောက်ရှိခဲ့သည်။ ယင်းသည် တိုင်းပြည်တွင်းရှိ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်မည် ဖြစ်သည်။

ကွင်တားနားသည် လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ပြီး ထပ်မံလာရောက်ရန် ဗီဇာ ငြင်းပယ်ခံခဲ့ရသည်။ ယခု ခရီးစဉ်တွင် ယင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို နှင့် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်းကောင်း၊ အခြားအစိုးရတာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံရန် မျှော်လင့်ထားပြီး ယခုအခါတွင် အဆိုပါသုံးဦးစလုံးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကွင်တားနားသည် ယခင်အခေါက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ကြောင့် တွေ့ဆုံခွင့်မရခဲ့ပါ။

ယခုလတ်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးသိန်းစိန်တို့ တွေ့ဆုံသော ရုပ်ပုံများမှာ ပြည်သူများကြားတွင် ပလူပျံလျက် ရှိသည်။ ထိုသို့မတွေ့ဆုံမီ ရက်သတ္တပတ်များက သူမသည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်တွင် သူမအား အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

သဘောတွေ့စရာ အချက်တစ်ခုမှာ ဦးသိန်းစိန်၏ အစိုးရသည် အာဆီယံအပါအဝင် နိုင်ငံတကာ၏ တောင်းဆိုချက်ဖြစ်သော အတိုက်အခံနှင့် ပိုမို တွေ့ဆုံရန် ကိစ္စကို အလေးပေးသည့်သဘောရှိသည် ဟူသော အချက်ဖြစ်သည်။ ယခုနှစ်လုပ်ဆောင်မှုများကို ကြိုဆိုရမည့်နှစ်ဖြစ်သော်လည်း အမှန် တကယ်တွင်မူ မြန်မာနိုင်ငံတွင် ဘာမျှ မလုပ်ဆောင်ရသေး ဟူသော အချက်ကိုလည်း မျက်ခြေမပြတ်သင့်ပါ။ နည်းဟောင်းကြီးအတိုင်း လိမ်ညာနေခြင်း သာဖြစ်ပြီး ကမ္ဘာကြီးကလည်း ယခင်က တွေ့ခဲ့ဖူးပြီ ဖြစ်သည်။

အကယ်၍ နေပြည်တော်သည် ပြောင်းလဲမှုကို အမှန်တကယ်ပြသလိုပါလျှင် ဗိုလ်ချုပ်များသည် အပေါင်းလက္ခဏာ ဆောင်သော အရာများကို အမှန်တကယ် လုပ်ဆောင်ပြရန် လိုအပ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ထိုင်းနိုင်ငံအနေနှင့် အရေးကြီးသောအချက်မှာ စိတ်ရှည် လက်ရှည် စောင့်ကြည့်သည့်တိုင် ကောက်ချက်ချ မစောရန် ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် အရေးကိစ္စ အားလုံးတာဝန်မယူမချင်း ဒုက္ခသည်များကို မည်သည့် အကြောင်းနှင့်မျှ မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ဖြစ်သည်။

မြန်မာအစိုးရ တာဝန်ယူလုပ်ဆောင်ရမည့် အရေးကိစ္စများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးလည်း ပါဝင်သည်။ ပြည်သူများ က ဇာဂနာကို ကြိုက်ကြသည်။ ယင်းကို ထောင်ထဲတွင် ထည့်မထားသင့်ပေ။ အနောက်နိုင်ငံတွင်ဆိုလျှင် နာဂစ် ဆိုင်ကလုန်းအပြီး ကူညီပေးခဲ့မှုအတွက် ဂုဏ်ပင် ပြုကြလိမ့်မည် ဖြစ်သည်။ ယင်းအား အခြားနိုင်ငံရေးအကျဉ်းသားများနှင့် အတူ လွှတ်ပေးပြီး လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပေးသင့်ပေသည်။

ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပို၍ အဆင်ပြေရန် လိုအပ်နေသည်။ သူမအား တိုင်းပြည် တစ်စုတစ်စည်းတည်း ဖြစ်ရန် အသုံးချရမည် ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကြာခဲ့သော အပစ်အခတ် ရပ်စဲထားမှုမှာလည်း ပြိုကွဲသွားခဲ့ပြီး တရုတ် - မြန်မာ နယ်စပ်နှင့် ထိုင်း - မြန်မာ နယ်စပ်တွင် အလုံးစုံ စစ်ပွဲများ မဖြစ်မီ အချိန်ကိုက် လုပ်ဆောင်ရန် လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်များထက်စာလျှင် တိုင်းရင်းသားများနှင့် ဆက်ဆံရန် နိုင်ငံရေးအရ အင်အား များစွာ သာလွန်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် မြန်မာခေါင်းဆောင်များထက်စာလျှင် သူမ၏ စကားကို နားထောင်ရန် ပို၍ စိတ်အားထက်သန်သည် ဆိုသည်ကို နားလည်နိုင်သည်။ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် စစ်ရေးအရ လုပ်ဆောင်နေမှုများကို ကန့်သတ်လိုက်ပါက ဒုက္ခသည်များ အလုံးအရင်းနှင့် ထွက်ပြေး နေမှုများ ရှိတော့မည်မဟုတ်ပေ။

မြန်မာခေါင်းဆောင်များသည် တိုင်းပြည်တွင် ပြဿနာများ ဖြစ်ပေါ်စေသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ပြန်လည် ညှိနှိုင်းသင့်သည်။ မြစ်ဆုံရေကာတာ၊ တာဆန်းနှင့် ထက်ကြီးရေကာတာများ စသည်တို့ကို ခါးသီးစွာ ကန့်ကွက်လျက် ရှိသည်။ အစိုးရအနေဖြင့် ထိုစီမံကိန်းများကို လုပ်ဆောင် နေသော တရုတ်နှင့် အခြားနိုင်ငံခြားအုပ်စုများက သဘောတူညီထားမှုများ ပြန်လည်ညှိနှိုင်းရေး ပြောဆိုရန် လိုအပ်သည်။ သို့မှသာ ဒေသခံများ ကျေနပ်ကြလိမ့်မည် ဖြစ်သည်။

ဆိုလိုသည်မှာ လက်ရှိပုံစံဖြင့် ဆက်လက် လုပ်ဆောင်ရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အဓိကအချက်မှာ လက်ရှိစီမံကိန်း ပမာဏကို လျှော့ချရမည်ဖြစ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ကို ဒေသခံများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အချိုးကျခွဲဝေပေးရေးဖြစ်သည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုစီမံကိန်းများ မကြာမီ ပေါ်လာရန်နှင့် နှစ်ပေါင်းများစွာ မကြာစေရန် ပေးရမည့်ငွေပမာဏမှာ ပိုများလာဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ စီမံကိန်းများသည် အတိုက်အခံတို့၏ တိုက်ခိုက်ခံရမှုခံရမည့်အကြောင်းအရာများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။

မြစ်ကြီးများဖြစ်သော ဧရာဝတီနှင့် သံလွင်မြစ်များကို အနာဂတ် မျိုးဆက်များအတွက် ချန်ထားနိုင်ရေးအတွက် ယင်းတို့ လုပ်ပေးရန် လိုအပ် သည်။ ရွှေပိုက်လိုင်းစီမံကိန်းအတွက် သိမ်းယူထားသော မြေများအတွက် အစိုးရက လျော်ကြေးသင့်တင့်လျောက်ပတ်စွာ ပေးရန် လိုအပ်ပေသည်။ သို့မှသာ တိုက်ခိုက်မှုများ လျော့ပါးသွားမည်ဖြစ်သည်။ မြေသိမ်းယူမှုများ ရပ်ဆိုင်းခြင်းဖြင့် စစ်တပ်ကို မုန်းတီးမှုများလည်း လျော့နည်းသွားမည်ဖြစ်သည်။

အကယ်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပါက IMF ချေးငွေအတွက် အလားအလာများ ရှိပြီး နိုင်ငံခြား အကူအညီများလည်း ရလာနိုင် သည်။ နိုင်ငံခြားစီးပွားရေးအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရေး အတွက် တစ်စိတ်တစ်ပိုင်းပါဝင်ရန် စိတ်အားထက်သန်နေပေ သည်။ သို့သော် အခြေအနေမှာ ငြိမ်းချမ်းပြီး တရားဥပဒေ စိုးမိုးရန် လိုအပ်လှသည်။

**********************************************************************************************************************************

 မိမိကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေသည့် အိမ်နီးချင်းတရုတ်ပြည်

(Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ တည်ဆောက်လျက်ရှိသည့် ဆည်တမံ စီမံကိန်းကြီးများသည် ကချင် သူပုန်များနှင့် မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုများ ပိုမိုဖြစ်ပေါ်လာစေမည် ဖြစ်သလို တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်လိမ့်မည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)က ဘေဂျင်းအစိုးရထံသို့ စာရေးသားပေးပို့သည်။ တရုတ်နိုင်ငံကမူ အဆိုပါကိစ္စအပေါ် စိုးရိမ်ပူပန်သည့် ပုံစံမျိုးမရှိပေ။ ဆည်တမံ စီမံကိန်းသည် တရုတ်နယ်စပ်ဒေသနှင့် နီးကပ်သည့်နေရာတွင် တည်ရှိပြီး KIA တို့အနေဖြင့်လည်း ၎င်းတို့၏ စစ်ဆင်ရေး ဆောင်ရွက်ချက်များကို နယ်စပ်ဖြတ်ကျော်ကာ လုပ်ကိုင်နိုင်သည့်သဘောတွင် ရှိသည်။ သို့သော် တရုတ်နိုင်ငံတွင်း တစ်ကြိမ်တစ်ခါ အခြေချမိသည် ဆိုရုံနှင့် KIA တို့အနေဖြင့်တရုတ်ပြည်ကို စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြု၍ ရရှိမည်မဟုတ်ပေ။ ထိုသို့ KIA တို့က တရုတ်ပြည်တွင်း ခြေကုပ်မည် ဆိုပါက တရုတ်အနေဖြင့် နယ်စပ်ဒေသ မြေအနေအထားမှာ ကျော်ကမ်းပါးများပေါများပြီး မည်သို့ပင်သွားလာလှုပ်ရှားရန်ခက်ခဲနေစေကာမူ KIA ကို မဖြစ်မနေ နှိမ်နင်းလာမည်ဖြစ်သည်။

အစဉ်အလာကိုကြည့်လျှင် တရုတ်နိုင်ငံသည် မြန်မာနယ်စပ်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသည့် မည်သို့သော အခြေအနေမျိုးကိုမဆို အောင့်အီး သည်းခံခဲ့သည်ချည်းသာပင် ဖြစ်သည်။ သို့သော် မြန်မာကအစိုးရဝင်ရောက်စွက်ဖက်မှု သို့မဟုတ် အကြမ်းဖက်အုံကြွမှုတို့ မဖြစ်ပေါ်သေးသရွေ့ သည်းခံ နေခြင်းဖြစ်သည်။ လက်ရှိအနေအထားတွင် ကချင် တိုင်းရင်းသား ၂၀၀၀၀ ကျော်ခန့်မှာ မြန်မာစစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအန္တရာယ်မှကင်းလွတ်ရန် နယ်စပ်ဖြတ်ကျော်ကာ တရုတ်ပြည်တွင်းသို့ထွက်ပြေးဝင်ရောက်သွားပြီဖြစ်သည်။ မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကချင်တိုင်းရင်းသူ အမျိုးသမီးများနှင့် ကလေးငယ်များ သေဆုံးခဲ့ကြသည်များရှိသလို ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများလည်း ရှိသည်။ ထိုမျှ မကသေးပါ။ မြန်မာစစ်သားများ ကျူးလွန်သော မုဒိမ်းကျင့်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ယခုလို ဖြစ်ရခြင်းမှာ ထူးခြား ဆန်းကြယ်လှသည်တော့မဟုတ်ပါ။ အကြောင်းမှာ တောင်ပိုင်း ဒေသတွင် နေထိုင်သော မြန်မာလူမျိုးအများစုသည် တောင်တန်းဒေသတွင် နေထိုင်သော ကချင်တိုင်းရင်းသားများအပေါ် အမြဲပင်တစေ အထင်အမြင် သေးစွာဖြင့် နှိမ်ချ ဆက်ဆံခဲ့သောကြောင့်ဖြစ်သည်။

ယခုဆိုလျှင် ကချင်ပြည်နယ်တွင်း ဆည်တမံတည်ဆောက်လျက် ရှိသည်မှာ နှစ်နှစ်ခန့် ရှိလာပြီဖြစ်သည်။ ကချင်တို့ကလည်း အဆိုပါ ဆည်တမံ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ နှင့် တရုတ်နိုင်ငံသို့ သွယ်တန်း ပေးပို့သော ဓာတ်အားလိုင်းများကို ဆက်လက်တိုက်ခိုက်သွား မည်ဟု ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာအစိုးရက အဆိုပါ အရာများအားလုံးကိုကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပေးထားသလို ယနေ့အချိန် အထိလည်း ကာကွယ် စောင့်ရှောက်ထားနိုင်ဆဲပင်ဖြစ်သည်။ KIA မှာလည်း တပ်ဖွဲ့ဝင်အင်အား များများစားစားမရှိလှပေ။ အကြောင်းမှာ ကချင် ပြည်နယ်တွင်း နေထိုင်သူလူဦးရေမှာ ကိုးသိန်းခန့်သာရှိပြီး ယင်းအနက်မှအများစုမှာလည်း ကချင်တိုင်းရင်းသားများ မဟုတ်ပေ။

ကချင်ပြည်နယ်၏ တောင်ပိုင်းဒေသမှာ ပုန်ကန်တော်လှန်မှုများရှိသည့် ရှမ်းပြည်နယ်ဖြစ်သည်။ အဆိုပါ နယ်မြေတစ်ဝိုက်မှ အရပ်သားပြည်သူ သုံးသောင်းခန့်သည်လည်း တိုက်ခိုက်မှုများကို ရှောင်ရှားထွက်ပြေးနေကြရသည်။ ပြီးခဲ့သည့် ဇူလိုင်လကဆိုလျှင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ ခန့်က သူပုန်အုပ်စုများ ခိုအောင်းနေနိုင်သည်ဟု ယူဆသော တိုင်းရင်းသားလူနည်းစုကျေးရွာများသို့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့သေးသည်။ ယခုဆိုလျှင် မြန်မာအစိုးရက စစ်ပြေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုများပြုလုပ်ကာ သူပုန်များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှု ပုံစံသစ်ဖြင့် ချေမှုန်းလျက်ရှိသည်။ မကြာသေးခင် ကာလအတွင်းက အစိုးရနှင်း တိုင်းရင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ် ခဲ့ကြသည်။ အနေအထားကိုကြည့်ရသည်မှာ စစ်တပ်အင်အား တိုးချဲ့ချထားမှုများ ပြုလုပ်ခြင်း၊ ဆန်များအခမဲ့ပေးပို့ထောက်ပံ့မှုများပြုလုပ်ပြီး တစ်ဖက်တွင် KIA ကို ဆက်လက် ထိုးစစ်ဆင်သွားမည်ဟု မြန်မာအစိုးရက မျှော်မှန်းထားပုံရသည်။ မြန်မာအစိုးရသည် စီးပွးရေးသဘောတူညီချက် စာချုပ်များ လုပ်ကိုင်ခြင်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း အစရှိသော အကြောင်းကိစ္စတို့ဖြင့် တရုတ်နိုင်ငံနှင့် ယခင်ကထက် ပိုမိုရင်းနှီးကျွမ်းဝင် လာလျက် ရှိသည်။ မြန်မာနိုင်ငံသည် တရုတ်ပြည် ဆိုက်ဘာစစ်ပွဲများ ဆင်နွှဲရာတွင် ကြားခံနယ်မြေတစ်ခုအဖြစ် အသုံးပြုခွင့် ပေးနေသည်ဟုလည်း ယုံကြည်ရသော နိုင်ငံဖြစ်သည်။ (လက်ရှိဖြစ်ပေါ်နေသော ဆိုက်ဘာစစ်ပွဲ(Cyber War) များမှာ မြန်မာနိုင်ငံမှ ပြုလုပ်နေခြင်း ဖြစ်ဟန်ရှိသည်) ထို့ပြင် မြန်မာအစိုးရသည် အင်တာနက်အခြေပြုရာဇဝတ်ဂိုဏ်များကို ခြေကုပ်ယ လှုပ်ရှားခွင့်ပြုပြီး ၎င်းအားဆန့်ကျင်ဝေဖန်သည့် ဝက်ဘ်ဆိုက်များကို တိုက်ခိုက် ပေးရန် ငွေပေးလျက်ရှိသည်ဟု သံသယရှိခြင်း ခံထားရသည်။

မကြာသေးခင်က ရွေးကောက်တင်မြှောက်ခံလိုက်ရသော စစ်တပ်ကျောထောက်နောက်ခံ အရပ်ဘက်အစိုးရသစ် သည်လည်း ယခုအခါ စီးပွားရေး ပြဿနာများနှင့် အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။ မြန်မာပြည်တွင်းသုံး ကျပ်ငွေတန်ဖိုးမှာ တစ်နှစ်ခန့်ကာလအတွင်း ၂၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်နေသည်။ အဆိုပါဖြစ်ရပ်အသီးသီးကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အကျပ်ရိုက်လျက် ရှိသည်။ စားသောက်ကုန် ဈေးနှုန်းများသည် အဆမတန်မြင့်တက်နေရာ မတည်မငြိမ်မှုများဖြစ်ပေါ်လာနိုင်သည့်အနေအထားတွင်ရှိသည်။

ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာစစ်တပ်မှ ဗိုလ်ချုပ်ကျော်ဖြိုးမှာ အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ ဖြုတ်ချခြင်းခံလိုက်ရသည်။ ၎င်းသည် ယခုနှစ် အတွင်း အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံရသော စတုတ္ထမြောက် စစ်ဗိုလ်ချုပ်ဖြစ်သည်။ အလားတူ နောက်ထပ် စစ်တပ်မှအရာရှိလေးဦးမှာ လည်း အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေး ခံနေကြရသည်။ ယင်းသို့အရေးယူဆောင်ရွက်မှုများမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ကြောင့် မဟုတ်ပေ။ ၎င်းတို့သည် စီနီယာစစ်ဘက် အရာရှိကြီးအများစုနှင့် အမြင်ချင်းမတူညီမှု၊ အမိန့်နာခံခြင်းမရှိမှုတို့ကြောင့် စစ်တပ်ထုံးစံ အတိုင်း ဖယ်ရှား ရှင်းလင်းခြင်း ခံရမှုပင် ဖြစ်သည်။ အရေးယူခံရသော ပြုပြင်ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်များသည် မြန်မာစစ်တပ်ကို ကောင်းမွန်စွာ ကိုင်တွယ်လိုစိတ်ရှိပြီး ဒီမိုကရေစီလည်း         ပိုမိုလိုလားသူများ ဖြစ်ကြသည်။

သြဂုတ်လ ၅ ရက်နေ့တွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဆည်တံမံလုပ်ငန်းခွင်လုပ်ကိုင်နေသူ ဝန်ထမ်းများနှင့် ၎င်းတို့ကိုစောင့်ရှောက်သော ရဲတပ်ဖွဲ့ဝင်များ ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ၎င်းတို့အားလုံး သေဆုံးခဲ့ရသည်။ မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကြောင့်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်သည်။

ဇူလိုင်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နယ်စပ်ဒေသ စစ်ဆေးရေးစခန်းအနီးတွင် အရပ်သားသုံးဦး ပစ်ခတ်သတ်ဖြတ်ခံရပြီး သုံးဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ သေဆုံးခဲ့သူသုံးဦးအနက် တစ်ဦးမှာ စစ်တပ်မှ အငြိမ်းစား ယူထားသူဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုသည် မြန်မာစစ်သားများနှင့် တိုင်းရင်းသားသူပုန်များအကြားဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲများနှင့် ဆက်နွှယ်လျက်ရှိသည်ဟု ယူဆရသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင်မူ မြန်မာအစိုးရက အကယ်၍ ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင်း တိုင်းရင်းသားသူပုန်များ ခြေကုပ်ယူ လှုပ်ရှားမှု များအားလုံးကို ကန့်သတ်ပိတ်ပင်ဟန့်တားပေးပါမှ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တဲ့တိုးပင် ထုတ်ဖော်အသိပေးခဲ့ သည်။

ဇူလိုင်လ ၂၅ ရက်တွင် မြန်မာစစ်တပ်က ရှမ်းပြည်နယ်ထဲသို့ တပ်ဖွဲ့အင်အားမြောက်မြားစွာစေလွှတ်ခဲ့သည်။ တိုင်းရင်းသားသူပုန်များ၏ သြဇာ အာဏာကြီးထွားမှုကို ဖြိုခွင်းရန်ဟူသောရည်ရွယ်ချက်ဖြင့် စေလွှတ်လိုက်ခြင်းဖြစ်သည်။

***************************************************************************************************

စင်ကာပူမှ Interra က မြန်မာနိုင်ငံတွင် ရေနံတွင်းတူး

(24 August 2011 ရက်စွဲပါ upstream online မှ Josh Lewis ရေးသားသော Interra Spuds Burma well ကို ဘာသာပြန်ဆိုသည်။)

                စင်ကာပူနိုင်ငံတွင် စာရင်းသွင်းထားသော Interra Resources သည် ရေနံချောင်းရှိ တွင်းဟောင်းများကြားရှိ ကွက်လပ်တွင် YNG-3240 အား စတင် တူးဖော်လျက်ရှိသည်။

                အဆိုပါတွင်းအား အနက်ပေ (၁၅၀၀)ထိ တူးရန် ရည်ရွယ်ထားပြီး ပေ (၁၄၀၀) ကြားရှိ L900FT မှ ရေနံများအား ထုတ်ယူရန် ဖြစ်သည်။ အဆိုပါ အောင်းနေသော ရေနံများသည် နံဘေးရှိ တွင်းများကြောင့် စီးမထွက်သွားနိုင်ကြောင်း Interra က ပြောသည်။

                လက်ရှိအားဖြင့် အဆိုပါရေနံခိုအောင်းနေသော ထိုပြတ်ရွေ့ကြောတွင် တွင်းငါးတွင်း တူးလျှက်ရှိသည်ဟု ဆိုပါသည်။ အဆိုပါရေနံတွင်းမှ ရေနံထွက်လျှက်ရှိပါက Interra သည် ၆၀% ခံစားရမည်ဖြစ်ပြီး၊ တွင်းအော်ပရေတာ Gold Petrol တွင်လည်း Interra က ၆၀% ပိုင်ဆိုင်ထားသည်။ Interra က ပြောကြားရာတွင်ယခုတွင်းသစ်တွင် ကုန်ကျစရိတ်သက်သာမည်ဟု ခန့်မှန်းကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့သည် Gold Petrol ၏ Cooper LTO 350 ကိရိယာကို အသုံးပြုထားခြင်းကြောင့်ဖြစ်ကြောင်း၊ အပြီးသတ်တွင် ရိုးရှင်းသော နည်းဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

                အဆိုပါ YNG-3240 တူးဖော်ခြင်း၏ ရလာဒ်များကို ရက်သတ္တပတ်အတွင်း သိရမည်ဟု မျှော်လင့်ထားသည်။

 ********************************************************************************

မြန်မာရွှေ သန့်စင်မှု အဆင့်နိမ့်ဟု ထိုင်းရွှေဆိုင်များ သတိပေး

(Bangkok Post မှ 24 Aug 2011 ရက်စွဲပါ “ Shops warm of low purity Burma gold ” သတင်းကို ဘာသာ ပြန်ဆိုသည်)

                ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား မြောက်များစွာသည် ၎င်းတို့၏ ဇာတိနိုင်ငံမှ ယူဆောင်ဝတ်ဆင်လာသော ရွှေထည်များကို မြိုးမြိုးမျက်မျက် အမြတ်ရရန် မျှော်လင့်ကာ ရောင်းချကြသော်လည်း ထိုင်း ရွှေဆိုင်များက မြန်မာရွှေ သန့်စင်မှု အဆင့်နိမ့်ကြောင်း ပြောကြားသည်။

                တရားဝင်နှင့် တရားမဝင် မြန်မာ အလုပ်သမားများစွာ ရောက်ရှိနေသည့် Andaman Sea ခရိုင် ရနောင်းမြို့ ရှိ ရွှေဆိုင်ပိုင်ရှင် ဆုမ်ချိုင်း ချောင်နစ်တယာကန် ထံမှ ယင်းသို့ သတိပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

                ဆုံချိုင်း က သူ့ဆိုင်သို့ မြန်မာများစွာ ရွှေရောင်းရန် ရောက်လာခဲ့ကြသည်ဟု ပြောကြားသည်။ သို့သော်လည်း ရွှေရည်ကို စစ်ဆေးသည့်အခါ ၉၁% (သို့) ၉၂% သန့်စင်မှုအဆင့်မျှသာ ရှိသည်ကို တွေ့ရခြင်းကြောင့် မဝယ်ပဲ ငြင်းပယ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

                ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် စံချိန်မှီ ရွှေရည် နှစ်မျိုးမှာ ၁၀၀% နှင့် ၉၆% သန့်စင်မှုအဆင့် ရှိသည်ဟု သိရှိရသည်။ ဖောက်သည်များထံမှ မည်သည့် မြန်မာရွှေကိုမဆို မဝယ်ယူမှီ သေချာစွာ စစ်ဆေးကြရန် အခြားဆိုင်များကို ဆုံချိုင်းက သတိပေး ပြောကြားသည်။

                ၎င်းကဆက်လက်၍ “ရွှေအတု ကိစ္စသည်လည်း ပို၍ပြဿနာကြီးလာသည်။ အကယ်၍ ဖောက်သည်ကို အနည်းငယ်မျှ သံသယရှိသည် ဆိုသည်ပင် ရွှေဆိုင်အနေဖြင့် မဝယ်ယူလျှင် အကောင်းဆုံးဖြစ်သည် ” ဟု ပြောဆိုသည်။

                ရွှေ စစ်/ မစစ် ခွဲခြားရန် အသုံးများသည့်နည်းလမ်း ၃ ခု မှာ အနီးကပ်မျက်မြင် စစ်ဆေးခြင်း၊ မှတ်ကျောက်ဖြင့် ပွတ်ခြင်း၊ မီးဖြင့် စမ်းခြင်း တို့ ဖြစ်ပြီး နောက်ဆုံးနည်းလမ်းမှာ အတိကျဆုံး ဖြစ်သည်ဟု ဆုံချိုင်းက ပြောကြားသည်။

 **********************************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs