ဘာသာပြန်သတင်းများ (၂)
မြန်မာနိုင်ငံအပေါ် အကောင်းမြင်မှုများကြားမှ ငွေကြေးဆိုင်ရာ စိုးရိမ်ရမှုများ
(8 January 2014 ရက်စွဲပါ Asia Times မှ Josh Word ရေးသားသော Fiscal cloud taxes Myanmar Optimism ကို ဘာသာပြန်ဆိုသည်)
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာစိတ်ဝင်စားဖွယ်ကောင်းချင်မှ ကောင်းလိမ့်မည်။ သို့သော် မြန်မာနိုင်ငံ၏ အပျံသင်စ ဈေးကွက်စီးပွားရေးတွင် ငွေကြေးဆိုင်ရာအားကောင်းစေရန် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါသည်။ ယခု အသေအချာ ရည်ရွယ်ပြီး လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများတွင် ယခင်စစ်အစိုးရ၏ အမွေဆိုးအချို့ ရှိနေခြင်း ကြောင့် အများပြည်သူနှင့် ဆိုင်သော ငွေကြေးအခြေအနေမှာ အန္တရာယ်ရှိသော အနေအထားတွင် ရှိနေပါသည်။ ယခု လက်ရှိ အများပြည်သူနှင့်ဆိုင်သော ငွေကြေးကိစ္စရပ်များကို အလျင်အမြန်ပြန်လည် ပြုပြင်ဖွဲ့စည်းခြင်း မရှိပါက၊ ကြွေးမြီ ပြဿနာမှာ အမှန်တကယ်ဖြစ်လာနိုင်ပါသည်။
လက်ရှိအားဖြင့် မြန်မာနိုင်ငံ၏ အများပြည်သူကြွေးမြီများမှာ GDP ၏ ရာခိုင်နှုန်းဖြင့် ဆိုရမည်ဆိုပါက ၄၅.၇% ရှိရာ ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်ဖြင့် ချိန်ထိုးပါက အလွန်ကောင်းမွန်သော ကိန်းဂဏန်း ဖြစ်သည်ဟုတော့ မဆိုနိုင်သေးပေ။ မတည်ငြိမ်မှုနှင့် စီးပွားရေးအရ မှားယွင်းစွာ စီမံခန့်ခွဲမှုများအတွက် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင်ပင် အကယ်၍ အများပြည်သူကြွေးမြီကို ဤအလယ်အလတ်အဆင့်တွင် ထိန်းထားနိုင်မည်ဆိုပါက ကမ္ဘာ့ငွေအရင်းအနှီးဈေးကွက်၏ ကောင်းမွန်သော လက္ခဏာများကို ထိန်းသိမ်းထားနိုင် လိမ့်မည် ဖြစ်ပါသည်။
သို့သော် အနာဂတ်တွင် မျှော်မှန်းထားသော အစိုးရဝင်ငွေလမ်းကြောင်းနှင့် ၃.၂၂% သာရှိသော GDP ရှိ အခွန်အချိုးအစား (သဘာဝသယံဇာတဓါတ်ငွေ့မပါ) နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများက ငွေကြေးအနာဂတ်ကို စိုးရိမ်မှု များရှိနေပါသည်။ အများပြည်သူ ကြွေးမြီများနှင့် ပတ်သက်၍ အတိုးငွေများ (rent) ကို လက်ရှိ ပြဿနာမဖြစ်အောင် ထိန်းထားသော်လည်း ယခုအတိုင်းဆက်ထိန်းနိုင်ပါ့မလားဟူသော စိုးရိမ်မှုများကြီးထွား လာပါသည်။ အခွန်ငွေနှင့် ပြန်လည် သုံးစွဲခြင်းဆိုင်ရာ လက်ရှိစနစ်များကို ပြန်လည်ပြုပြင်ပြီး အသက်ဝင်စေမှုကို မပြုလုပ်ပါက မြန်မာနိုင်ငံတွင် ချေးငွေပြန်လည် ပေးဆပ်မှု (credit rating) မှာ ပြဿနာပေါ်တော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး အကြီးမားဆုံးသော စိုးရိမ်ရမှုမှာ သဘာဝသယံဇာတမှ ရရှိသော ဝင်ငွေအပေါ် ကြီးစွာမှီခိုနေရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ကျွန်း စသည်တို့ ပေါများလှသည်ကိုပင် ကျေးဇူးတင်နေရတော့သည်။ အစိုးရ ဘတ်ဂျတ်သည် ၎င်းသယံဇာတ အပေါ် နိုင်ငံခြားသို့ တင်ပို့ရသော ဝင်ငွေအပေါ် တိုး၍မှီခိုလာနေပါသည်။
ဓါတ်ငွေ့ရောင်းချရသော ဝင်ငွေတစ်ခုတည်းကပင် GDP ၏ ၁၅% ရှိသည်ဟု ခန့်မှန်းရပါသည်။ လောလောဆယ် ဝင်ငွေလမ်းကြောင်းဖြောင့်နေပြီး ယင်းဝင်ငွေက အများပြည်သူ ကြွေးမြီပမာဏ တက်မလာအောင်မူ ယာယီသာထိန်းသိမ်း ထားနိုင်မည် ဖြစ်ပါသည်။ သယံဇာတဝင်ငွေများ၏ ပြောင်းလဲနေသော အခြေအနေများနှင့် ၎င်းတို့၏ သဘာဝအရ အကန့် အသတ်နှင့်သာ ရှိနေခြင်းတို့ကြောင့် အခွန်ကောက်ခံခြင်းနှင့် အများပြည်သူနှင့်ဆိုင်သော ဘဏ္ဍာငွေ အခြေအနေနှင့် ပတ်သက်သော မဟာဗျူဟာများကို ပြန်လည်စဉ်းစားရန် အခြေအနေက တောင်းဆိုလာနေပါသည်။
သို့ဆိုလျှင် ရင်းနှီးမြှုပ်နှံသူများ၏ ကြောက်စိတ်များ လျော့ပါးအောင်နှင့် အများပြည်သူဆိုင်ရာ ဘဏ္ဍာရေး ကိစ္စများ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်အောင် မည်သို့ပြုလုပ်မည်နည်း။ ထိုမေးခွန်းအတွက် အဖြေများစွာရှိပါသည်။ အဖြေအနည်း ငယ်ကသာ အလွယ်တကူရှိမည် ဖြစ်ပြီး၊ လူကြိုက်များမည့် အဖြေဟုတော့ ဆိုရန်ခက်ပါလိမ့်မည်။ သို့သော် သမ္မတဦးသိန်းစိန်နှင့် သူ၏ ဝန်ကြီးများမှာမူ အဖြေကို စောင့်နေရန်ပင် အချိန်မရှိတော့ပေ။ ကြွေးမြီပြဿနာဖြစ်တော့မည် ဟူသော အနံကလေးရသည်နှင့် လက်ရှိစီးဆင်းနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းက အမြန်ဆုံးရပ်သွားတော့ မည်ဖြစ်ပါသည်။
ဦးသိန်းစိန်အနေဖြင့် အစိုးရသက်တမ်း ၁၈ လသာ ကျန်တော့သည့်အချိန်တွင် အလယ်အလတ်အဆင့်အားဖြင့် ငွေကြေးဆိုင်ရာ တည်ငြိမ်မှု သေချာစေမည့် အောင်မြင်နိုင်သော၊ကျိုးကြောင်းဆီလျှော်သော ပြောင်းလဲမှုများကို သတ်မှတ်ဖော်ထုတ်လုပ်ဆောင် ရပါမည်။ တချိန်တည်းမှာပင် ၎င်း၏ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း ထားရမည်ဖြစ်ပါသည်။ ရေရှည်ပရော့ဂျက်များကို ဆက်လက်လုပ်ကိုင်ရမည် ဖြစ်ပြီး၊ အများစုမှာ အမျိုးသား ထုတ်ကုန် တိုးတက်မှုကို ရည်ရွယ်၍ လုပ်ဆောင်ရမည်ဖြစ်ရာ ကုန်ကျမှုများပြားနိုင်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပထမဆုံးလုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၂ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်သုံးသပ်ရေး ဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အနည်းငယ်သာ အသိအမှတ် ပြုသော အဆိုပါ ဥပဒေတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္မဏီများအတွက် ဥပဒေဆိုင်ရာ မူဘောင် သတ်မှတ်ချက်များ ပါဝင်ပါသည်။ ဥပဒေတွင် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့် ငါးနှစ်ကို ရက်ရက်ရောရော ပေးထားသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။
ထိုကိစ္စအတွက် ပြည်တွင်းကုမ္မဏီများက ငိုပြကြသည်မှာလည်း အံ့သြဖွယ်တော့ မဟုတ်ပေ။ ၂၀၁၃ ဇူလိုင်လ တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် ကစားကွင်း အခြေအနေကို ပြောင်းပစ်ခဲ့ပါသည်။ လက်ရှိ စီစဉ်မှုသည် အမှန်တကယ်ပင် တရားမျှတသည်ဟု ဆိုရမည်ဖြစ်သော်လည်း ရေရှည်အတွက် မဟုတ်ပဲ မျက်စိတစ်ဆုံးသာကြည့်သည် ဟုဆိုရပါမည်။ ယခုအခါပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူရော၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူပါ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံပထမ ငါးနှစ် တွင် အခွန်ပေးဆောင်ရန်မလိုပဲ နောက်ထပ်တိုးချဲ့မှုများအတွက်ပါ ကင်းလွတ်ခွင့် ရနိုင်ဖွယ်ရှိပါသည်။ အခွန်ငွေမရသော၊ ဝင်ငွေအခွန်စနစ် အသက်မဝင်သော တိုင်းပြည်တစ်ခုတွင် ပြင်ဆင်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် အနာဂတ်ငွေကြေးဆိုင်ရာ အတွက် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သည့် သဘောရှိပါသည်။
နောက်ထပ် လုပ်ဆောင်လျှင် ရနိုင်သော ပြုပြင်ပြောင်းလဲမှုမှာ ကက်ဘိနက်အတွင်း ပွင့်လင်းမြင်သာမှု ပိုမိုရှိရေး ကို မိတ်ဆက်ပေးရန် ဖြစ်ပါသည်။ အခြားတိုင်းပြည်များနှင့်မတူသော အချက်မှာ မြန်မာနိုင်ငံတွင် အစိုးရဝင်ငွေများကို ဘဏ္ဍာရေးဝန်ကြီးဌာနတစ်ခုတည်းက တာဝန်ယူကောက်ခံခြင်း မဟုတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံပိုင်လုပ်ငန်းများမှ အမြတ်ငွေများ ပါဝင်ရာ ကျောက်မျက်ရတနာ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ အများပြည်သူဝန်ဆောင်မှုများ စသည်များမှ ရသော ဝင်ငွေများကို သတ္တုတွင်းဝန်ကြီးဌာန၊ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီးဌာနတို့မှ ကောက်ယူခြင်းများ ရှိပါသည်။
သက်ဆိုင်ရာဝန်ကြီးများက အဆိုပါဝင်ငွေများကို ခွဲဝေသုံးစွဲရန် အာဏာရှိပြီး၊ ကျန်ရှိသော ငွေကိုသာ ပြည်တွင်းအခွန်သို့ လွှဲပြောင်းပေးပါသည်။ ကြီးကြပ်မှုမရှိခြင်းမှာ ထင်ရှားလှပြီး ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အဆင့် သတ်မှတ်ချက်တွင် ဆိုးရွားသော အဆင့်တွင်သာ တည်မြဲနေစေရန် ဖြစ်လာရပါသည်။ ယခင် စစ်အစိုးရလက်ထက်က ဝန်ကြီးအချို့သည် ၎င်းတို့၏ အာဏာဖြင့် အဆိုပါ ဒေါ်လာဝင်ငွေများကို ၎င်းတို့ပိုင်နှင့် ခရိုနီစီးပွားရေးလုပ်ငန်းများသို့ ရွှေ့ပြောင်းခြင်းဖြင့်၊ နိုင်ငံ ပိုင်ငွေကို ကိုယ်ပိုင်ငွေအဖြစ် ပြောင်းပစ်ခဲ့ကြပါသည်။
အနာဂတ်တွင် ငွေကြေးဆိုင်ရာ ပြဿနာများ ရှောင်ရှားနိုင်ရန်နှင့် တရားစီရင်ရေးစနစ်နှင့် ထိရောက်မှုရှိရေး အတွက် ကက်ဘိနက် စနစ်ကို ပြုပြင်ပြောင်းလဲရပါမည်။ အများပြည်သူနှင့် ဆိုင်သော ဘဏ္ဍာငွေကို ဗဟိုမှ ချုပ်ကိုင်မှုကို ကျင့်သုံးရ မည်ဖြစ်ပြီး၊ ခန့်မှန်းခြေဝန်ကြီးဌာနများ၏ စာရင်းပေါင်း ထောင်ကျော်ခန့်ကိုလည်း ပြည်သူသို့ မှတ်တမ်းတွင် ထည့်သွင်းရပါမည်။ နိုင်ငံပိုင် လုပ်ငန်းများသည် ပုဂ္ဂလိက လုပ်ငန်းများကဲ့သို့ အခွန်ဥပဒေအတိုင်း အမြတ်ခွန်ပေးရပါမည်။
ထိုသို့သော အသွင်ပြောင်းမှုများမှာ အချိန်ယူရမည်ဆိုသည်မှာ သေချာလှပါသည်။ ဝန်ကြီးဌာနတစ်ခုစီ၏ ဘတ်ဂျက်များ အပြင် ကုမ္မဏီများနှင့် ချုပ်ဆိုသော ၎င်းတို့၏ စာချုပ်များ၊ နိုင်ငံပိုင်လုပ်ငန်းတစ်ခုချင်း၏ အမြတ်များကို ရိုးရိုးလေးထုတ်ပြန် နေရုံမျှဖြင့်တော့ အုပ်ချုပ်မှုတိုးတက်ရေးအတွက် များစွာလိုအပ်နေဦးမည် ဖြစ်ပါသည်။ မကြာသေးမီ က Extractive Industries Transparency Initiative သို့ ဝင်ရောက်ရန် ယာယီခြေလှမ်းများသည် မှန်ကန်သော လမ်းကြောင်းအတွက် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် အရင်းအနှီးများ မြှုပ်နှံရန် မက်လုံးလိုပါသည်။ ငွေကြေးဆိုင်ရာ တည်ငြိမ်မှု လိုအပ်ပါသည်။ အခွန်ကင်းလွတ်ခွင့်ပေးခြင်းသည် နိုင်ငံခြားအရင်းအနှီးများကို ခဏတာသာ ဆွဲဆောင်နိုင် လိမ့်မည် ဖြစ်ပြီး၊ ကြွေးမြီပြဿနာပေါ်ပေါက်လာပါက ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်သွား နိုင်ပါသည်။
မကြာသေးမီက စစ်တမ်းများက ပြသသည်မှာ မြန်မာနိုင်ငံတွင် မပြည့်စုံသော အခြေခံအဆောက်အဦးသည် အလားအလာ ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အဖိစီးဆုံးစိုးရိမ်မှုဟု ဖော်ပြနေပါသည်။ တိုင်းပြည်အနေဖြင့် လမ်းအသစ်များ၊ စွမ်းအင်၊ ဆိပ်ကမ်းတိုးချဲ့မှု၊ ဆိပ်ကမ်းသစ်များစသည့် ရေရှည်ရင်းနှီးမြှုပ်နှံမည့်သူများ၏ စိတ်ဝင်စားမှုကို ထိန်းသိမ်းထားနိုင်မည့် အခြေခံအဆောက်အဦးများ လိုအပ်နေပါသည်။ ပိုမိုပွင့်လင်းမြင်သာခြင်းနှင့် ပိုမိုကြောင်းကျိုး ဆီလျော်သော အခွန်စနစ်များသည် အများပြည်သူနှင့်ဆိုင်သော ဘဏ္ဍာရေးကိုသေချာစေပြီး အနာဂတ်အန္တရာယ်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို ဖယ်ရှားပေးနိုင်မည် ဖြစ်ပါသည်။
(Josh Wood သည် (MDRI-CESD) – Myanmar Development Institute’s Center for Economic and Social Development တွင် ဧည့်သုတေသနဖဲလိုး ဖြစ်ပါသည်။ ၎င်းသည် သြစတြေးလျအမျိုးသား တက္ကသိုလ်၏ Crawford School’s Myanmar Development Program ကို စီမံခန့်ခွဲလျက် ရှိပါသည်)