မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသအနီး ရနောင်း ပြည်နယ် တောင်ပိုင်း ဒေသရှိ နေရာ အတော်များများတွင် ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး အခြေတကျ ဖြစ်ရန် စောင့်ဆိုင်း နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
နှစ်နိုင်ငံအကြား နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော အငြင်းပွားမှုများက အဆိုပါ ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှု ဘဝကို ဆိုးဆိုးရွားရွား ထိခိုက် နစ်နာလျက် ရှိကြောင်း၊ အများစုမှာ ၎င်းတို့ ပိုင်ဆိုင်သော လယ်ယာမြေများ ဆုံးရှုံးသွားရမည့် အရေးကို စိုးရိမ် ထိတ်လန့်လျက် ရှိကြောင်း အာဏာပိုင်များက ဆိုသည်။
အငြင်းပွားမှုများ အဓိက ဖြစ်နေသည့် နေရာများမှာ ပတ်ချန်မြစ်ဝဒေသ (ခရာဘူရီမြစ် ဟုလည်း ခေါ်သည်)၊ ထိုင်းနှင့် မြန်မာ အချုပ်အခြာ အာဏာ ပိုင်နက် ဆိုင်ရာ သူပိုင်ထိုက်၊ ကိုယ်ပိုင်ထိုက် ပြောဆိုနေကြသည့် ဗစ်တိုးရီးယား အငူအနီးရှိ ကျွန်းများတွင် ဖြစ်သည်။ အဆိုပါ ကျွန်းများကို ထိုင်းဘာသာဖြင့် ခိုလမ်၊ ခိုကန်နှင့် ခိုကော့ဟု ခေါ်ဆိုသည်။ အဆိုပါ ကျွန်းများကို ထိုင်းနှင့် မြန်မာအကြား သဘောတူ စာချုပ်များ သို့မဟုတ် မြေပုံများတွင် ဖော်ပြထားခြင်း မရှိခဲ့ကြောင်း ထိုင်းဥပဒေ ရေးရာနှင့် စာချုပ်စာတမ်းများ ဆိုင်ရာ ဝန်ကြီးဌာန ဒါရိုက်တာ Ittiporn Boonpracong က ပြောကြားသည်။
ဗြိတိသျှ အစိုးရများနှင့် ထိုင်းနိုင်ငံအကြား ၁၈၆၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အပြန်အလှန် နားလည်မှု မှတ်တမ်းအရ ဆယ်ဒယ်လ် နှင့် ဒယ်လ်ဆယ်လ် ကျွန်းများမှာ ထိုင်းနိုင်ငံနှင့် သက်ဆိုင်ပြီး ဗစ်တိုရီးယား၊ စိန့်မက်သရူး နှင့် ငှက်သိုက် ကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားသည်။ ၁၈၆၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော မြေပုံတွင်လည်း အဆိုပါ ကျွန်းများ ဖော်ပြထားခြင်း မရှိကြောင်း မစ္စတာ Ittiporn Boonpracong က ထောက်ပြသည်။
အဆိုပါ ကျွန်းများမှာ သေးငယ်ပြီး လူသူ နေထိုင်ခြင်းလည်း မရှိပေ။ ကျွန်းပေါ်တွင် ကမ်းခြေများ နှင့် ရေကောင်း ရေသန့်များ ရှိသည်။ အကြီးဆုံးကျွန်းမှာ ခိုလမ်ဖြစ်ပြီး ကျွန်းများက ထိုင်း-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက်ကို ပိုင်းခြားပေးသည့် အထိမ်းအမှတ်များ ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံက ခိုလမ်ကျွန်းကို နိုင်ငံပိုင် ပင်လယ် ရေပိုင်နက် အမှတ်အသား အဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံက ဗစ်တိုရီးယား ကျွန်းကို အလားတူ အသုံးချသည်။ သို့အတွက်ကြောင့် နှစ်နိုင်ငံစလုံး အနေဖြင့် အက်ဒမန် ပင်လယ်တွင်း နယ်နမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြောဆိုနေသည့် နေရာများမှာ တစ်ထပ်တည်း ဖြစ်နေသည်။ ယင်းဒေသသည် ငါးဖမ်းလုပ်ငန်း ကောင်းစွာ လုပ်ကိုင်နိုင်သည့် အရင်းအမြစ်ကောင်း များလည်း ရှိသည်။
နောက်ထပ် အလားတူ အငြင်းပွားနေသည့် နေရာများမှာ ရနောင်း ပြည်နယ်၊ ခရာဘူရီ ခရိုင်ရှိ ဘန်ဟတ်ချစ်တွင် တည်ရှိသည်။ အဆိုပါ ဒေသရှိ ခရာဘူရီမြစ် အတွင်း ရှိသော ခိုတေရမ် ကျွန်းငယ်လေး (အဘိုးအို Yim Thanabat ၏ ကျွန်းဟုလည်း ခေါ်သည်) ကို နှစ်နိုင်ငံ စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် ပြောဆိုထားသည်။ မူလ ဘူတအရ ပြောရပါက ခိုတေရမ်ကျွန်းသည် ထိုင်းနိုင်ငံ ဘက်တွင် တည်ရှိပုံ ရသည်။ အကြောင်းမှာ ၁၉၃၄ ခုနှစ် သဘော တူညီချက် အရ တူးဖော်ထားသော ရေနက် တူးမြောင်းသည် မြန်မာနိုင်ငံ ကမ်းခြေဘက်နှင့် ပိုမို နီးကပ်သောကြောင့် ဖြစ်သည်။
သို့သော် ဒေသခံ ပြည်သူများက ၁၉၈၀ ပြည့်နှစ်များတွင် သစ်ခုတ်လုပ်ရေး လုပ်ငန်း ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး အဆင်ပြေ ချောမွေ့စေရန် တူးမြောင်း ဖောက်လုပ်ပြီး မြစ်တွင်း ရေလမ်းကြောင်း ပြောင်းပြန် စီးအောင် ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ ဘက်ရှိ ရေနက် တူးမြောင်းမှာ ပို၍ နက်သွားသည်။ မြန်မာနိုင်ငံက အဆိုပါ ကျွန်းကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ရေနက် ဆိပ်ကမ်းသည် ထိုင်းနိုင်ငံ ဘက်အခြမ်းနှင့် နီးကပ်ကြောင်းလည်း ထောက်ပြခဲ့သည်။
အဘိုးအို Yim Thanabat ၏ မြေးဖြစ်သူ Samruam Thanabat (၄၈ နှစ်) က အဆိုပါ ကျွန်းသည် အစပိုင်း ကတည်းက မိမိတို့ မိသားစုနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသည်။ "သစ်လုပ်ငန်း ကောင်းစွာ လုပ်ကိုင်နိုင်ဖို့ အတွက် တူးမြောင်းကို ကျွန်တော် ကိုယ်တိုင် တူးခဲ့တာ။ ဒီကျွန်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်ဖို့ နည်းလမ်း မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
Samruam Thanabat က ကျွန်းပေါ်တွင် မြန်မာနိုင်ငံ အာဏာပိုင်များ၏ ကန့်ကွက်မှု တစ်စုံတစ်ရာ မပါဘဲ ဆီအုန်းပင်များ စိုက်ပျိုးခဲ့သည်။ "ဒီကျွန်းဟာ ကျွန်တော့် မိသားစုနဲ့ပဲ သက်ဆိုင်တဲ့ အတွက် ကျွန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အခွင့်အရေးလည်း အပြည့်အဝ ရှိတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
နောက်ထပ် အငြင်းပွားမှုတစ်ခုမှာ ပတ်ချန်းမြစ် တစ်လျှောက်တွင် ဖြစ်သည်။ မြစ်ကမ်းပါး တိုက်စားမှု ကာကွယ်ရန် ထိုင်းနိုင်ငံက ကမ်းပါး တည်ဆောက်ရေး စီမံကိန်းများ လုပ်ဆောင်ခြင်းကို မြန်မာ နိုင်ငံက ကန့်ကွက်သည်။ ယင်းစီမံကိန်းများသည် မြစ်ကမ်းပါးများ ကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပြီး မြစ်တွင်း နယ်နမိတ် ကန့်သတ်မှုကိုပါ ပြောင်းလဲစေမည် ဖြစ်သည်ဟု မြန်မာ အစိုးရက ဆိုသည်။ မြန်မာ အစိုးရက ကန့်ကွက် ပြောဆိုမှုများ အဆက်မပြတ် ပြုလုပ်ခဲ့ပြီးနောက် ထိုင်းအစိုးရက ရနောင်း ပြည်နယ်တွင်းရှိ ပတ်ချန်းမြစ် ကမ်းပါးမှ ဆောက်လုပ်ရေး စီမံကိန်းများကို ရပ်တန့်လိုက်သည်။
ရနောင်းပြည်နယ် မတ်မူ ပူးတွဲခရိုင်တွင် နေထိုင်သော လယ်သမား Prayong Thugrod (၆၃ နှစ်) က မြစ်ကမ်းပါး တိုက်စားမှုကြောင့် ၎င်းအနေဖြင့် စပါး စိုက်ကွင်းများစွာ ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။ "မြစ်ကမ်းပါး တည်ဆောက်မှု စီမံကိန်းတွေ ဆက်မလုပ်ဘူး ဆိုရင် လာမည့် မိုးရာသီမှာ ကျွန်တော့်အနေနဲ့ လယ်မြေ အတော်များများ လက်လွတ် ဆုံးရှုံးရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
ထိုင်း-မြန်မာ ပူးတွဲ နယ်စပ် ကော်မတီမှ ထိုင်းနိုင်ငံ ဆိုင်ရာ အကြီးအကဲ Vasin Teeravechyan က နောက်တစ်ကြိမ် ပြုလုပ်မည့် အစည်းအဝေးတွင် နယ်စပ်ဒေသ ဆိုင်ရာ အငြင်းပွားမှုတွေ အားလုံးကို စေ့စပ် ညှိနှိုင်းမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် နည်းပညာပိုင်း ဆိုင်ရာ ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် ထိုင်းနိုင်ငံက အဆိုပြု ခဲ့သော်လည်း မြန်မာနိုင်ငံ ဘက်မှ တုံ့ပြန်မှု မရှိသေးပေ။ "လာမယ့် ၂၀၁၁ ခုနှစ် အစောပိုင်း ကာလမှာ နယ်စပ် ဒေသများ ဆိုင်ရာ ဆွေးနွေးပွဲများကို မြန်မာနိုင်ငံနဲ့ ပူးပေါင်း ကျင်းပ နိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်နေပါတယ်" ဟု ၎င်းက ဆိုသည်။
The Nation သတင်းစာမှ သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.