Transparency Myanmar

transparency.myanmar@gmail.com

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ရမှုသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များက တညီတညွတ်တည်း ပြောကြားလိုက်သည်။

သို့သော် တရုတ်နိုင်ငံက ယင်းစစ်သင်္ဘော နစ်မြုပ်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံအပေါ် ပြစ်တင် ပြောဆိုခြင်းမရှိခဲ့ပေ။

သင်္ဘောနစ်သည့် ကိစ္စနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက တရုတ်နိုင်ငံကို ရပ်တည် ပြောဆိုပေးရန် ဖိအားပေးမှုများ ရှိသော်လည်း တရုတ်က ရေငုံနှုတ်ပိတ် လုပ်နေခဲ့သည်။ တောင်ကိုရီးယားက မိမိတို့၏ Cheonan စစ်င်္ဘောသည် မြောက်ကိုရီးယား၏ တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း မြောက်ကိုရီးယားကမူ မဟုတ်မမှန်ကြောင်း ငြင်းပယ်ထားသည်။

Cheonan သင်္ဘောနစ်မြုပ်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည် ဟူသော သုံးသပ်ချက်မှာ တောင်ကိုရီးယားနိုင်ငံ၊ အပန်းဖြေစခန်းဖြစ်သော ဂျီဂျူးကျွန်းတွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ၌ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့၊ Cheonan သင်္ဘော တိုက်ခိုက်ခံရပြီး ကတည်းက ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုဖြစ်ရပ်ကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သင်္ဘောနစ်မြုပ်မှုသည် အရေးအကြီးဆုံးသော ကိစ္စဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ပြစ်တင်ဝေဖန်မှုများ မပြုလုပ်ခဲ့ပေ။

ယခုအချိန်တွင် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စမှာ သင်္ဘောနစ်မြုပ်မှုကြောင့်ဖြစ်သော ဂယက်ရိုက်ခတ်မှုများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး ယင်းကိစ္စနှင့် ဆက်နွှယ်သော တင်းမာမှုများကို တဖြည်းဖြည်းချင်း လျှော့ချသွားကာ ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများကို ရှောင်ရှား သွားရန်ဖြစ်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။

"အာရှဒေသတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေးဆိုတာ ကျွန်တော်တို့ရဲ့ မစ်ရှင်ပါ။ တရုတ်နိုင်ငံဟာ အဲဒီမစ်ရှင်ကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတိုင်းနဲ့ ပြင်းထန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ကိုင်သွားမှာပါ" ဟု ဝမ်ကျားပေါင်က ပြောသည်။

ပါဝါချိန်ခွင်လျှာ

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအား ပြစ်တင်ပြောဆိုမှု ပြုလုပ်ရန် ငြင်းပယ်ခဲ့သည်။ သို့သော် သက်သေအထောက်အထားများကို လက်တွေ့ကျကျ အကဲဖြတ်ကြည့်ရှု လေ့လာမည်ဟု ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး ကုန်သွယ်ရေး မိတ်ဘက်ဖြစ်သလို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံလည်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို လုံခြုံရေးကောင်စီသို့ တင်သွင်းမည်ဟုဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် Yukio Hatoyama က တောင်ကိုရီးယားနိုင်ငံ သမ္မတကို ထောက်ခံမှုပြုကြောင်း၊ မြောက်ကိုရီးယားအပေါ် စွပ်စွဲပြောဆိုမှုများကို လက်သင့်ခံကြောင်း ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုတင်းကြပ်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ဆိုထားသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေးကိစ္စကို အာရုံစိုက်ရန် ဖြစ်သော်လည်း သင်္ဘောနစ်မြုပ်သည့်ကိစ္စကို ပိုမိုအလေးပေးခဲ့ကြရကြောင်း သတင်းဌာနများက ဆိုသည်။

ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက် John Sudworth က ယခု သင်္ဘောနစ်မြုပ်သည့် ကိစ္စကြောင့် ဒေသတွင်း ပါဝါချိန်ခွင်လျှာ ပြောင်းလဲမှုဖြစ်ပေါ်စေကြောင်း ပြောကြားသည်။ အကယ်၍ တရုတ်ကသာ မြောက်ကိုရီးယား၏ အပြစ်ကို လက်သင့်ခံလိုက်ပါက တရုတ်သည် မိမိကိုယ်မိမိ အရေးပါ အရာရောက်ပြီး ဂုဏ်သိက္ခာရှိသူတစ်ဦးထက် တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်လာသည့် သဘောမျိုး ပြသရာရောက်နိုင်ကြောင်း John Sudworth ကပြောသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် နယ်ခြားဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဖိအားပေးမှုများ တိုးမြှင့် လုပ်ဆောင်လာရာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ငါးဖွဲ့ စုပေါင်းပြီး စစ်ရေးဖြင့် တစ်ပြိုင်နက်တည်း တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရန် သဘောတူညီမှု ရယူထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မေလ ၂၁ ရက် နှင့် ၂၄ ရက်၊ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးစုက ယင်းသို့ စစ်ရေးတုံ့ပြန်မှုများ ပူးပေါင်း လုပ်ကိုင်သွားရန် လျှို့ဝှက်စွာ သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုငါးစုမှာ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင် အမျိုးသား ယူနီယံ (KNU) နှင့် ကယန်း အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်ကြသည်။

"ကျွန်တော်တို့ သဘောတူညီချက်ရဲ့ အဓိက အချက်ကတော့ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ အပေါ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင် အကျပ်အတည်း အခက်အခဲတွေကို အတူ လက်တွဲပြီး ရင်ဆိုင် တိုက်ခိုက်ဖို့ပါပဲ" ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သော မွန်ပြည်သစ်ပါတီ ခေါင်းဆောင်က Mizzima သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ညီညွတ်သော ဝ ပြည်နယ်တပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ် တပ်ဖွဲ့ (မြောက်ပိုင်း) (SSA-N) တို့ကို ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့က တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအား နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ၎င်း၏ လက်အောက်သို့ ဝင်ရောက်ရန် ဖိအားပေးလျက် ရှိသည်။ သို့သော် UWSA၊ KIO၊ NMSP၊ SSA-N နှင့် ကရင် တိုင်းရင်းသား အုပ်စုများ ဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့က ငြင်းပယ်ခဲ့သည်။

"ဒီသဘောတူညီချက်ရဲ့ တခြား အရေးကြီးတဲ့ အချက်တွေကတော့ ကျွန်တော်တို့ အုပ်စုထဲကတစ်စု တိုက်ခိုက်ခံရမယ်ဆိုရင် အကူအညီ အထောက်အပံ့တွေ ပေးဖို့နဲ့ စစ်ဆင်ရေးတွေ တစ်ပြိုင်နက်တည်း ပူးတွဲ လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တခြား ရွေးခြယ်စရာ မရှိဘူး" ဟု ကချင်အမျိုးသား တပ်ဦးမှ ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးခုမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တိတ်တဆိတ် တွေ့ဆုံခဲ့ကြသည်။ ယခင် သမားရိုးကျ မဟာမိတ်အဖွဲ့ ပုံစံမျိုးထက် ပူးပေါင်း လက်တွဲသည့် ပုံစံဖြင့် စစ်အစိုးရကို ရင်ဆိုင်သွားရန် သဘောတူပြီးနောက် ယင်းသို့ တိတ်တဆိတ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပိုမို တက်ရောက်နိုင်မည့် တွေ့ဆုံ ဆွေးနွေးပွဲများ မကြာသေးခင် ကာလတွင် ကျင်းပ ပြုလုပ်ရန်လည်း သဘောတူညီမှု ရရှိခဲ့ကြသည်။ အဓိက ဦးတည်ချက်မှာ အပစ်အခတ် ရပ်စဲထားသော အုပ်စုများနှင့် အပစ်အခတ် မရပ်စဲရသေးသော အုပ်စုများအကြား သဘောတူညီမှု တစ်ရပ် ရယူကာ ညီညွတ်သော အင်အားစု အဖွဲ့တစ်ခု ဖွဲ့စည်းရေးပင် ဖြစ်သည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 30th May 2010

အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ တစ်ဦးက တနင်္ဂနွေနေ့က ပြောကြားရာတွင် လူပေါင်း ၄၆ ဦး သေဆုံးသော တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီဒိုဖြင့် ပစ်ခတ် တိုက်ခိုက်မှု အပြီးတွင် မြောက်ကိုရီးယား၏ ဖြစ်နိုင်သော နောက်ထပ် တိုက်ခိုက်လာနိုင်မှုများ အတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

တွဲဘက် စစ်ဦးစီး အရာရှိချုပ် ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ် Michael Mullen က ပြောကြားရာတွင် အမေရိကန်၏ ရည်မှန်းချက်မှာ ပဋိပက္ခ အသေအချာ မဖြစ်ပွားရေးပင် ဖြစ်သည်။

Fox News နှင့် တနင်္ဂနွေနေ့က အင်တာဗျူး၌ Mullen က ပြောကြားရာတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ရည်ရွယ်ချက်ကို စိုးရိမ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကင်သည် လုပ်ရပ် တစ်ခုမက လုပ်မည့်ပုံ ရကြောင်း ပြောကြားခဲ့သည်။

"ဒါကြောင့် ကျွန်တော် စိုးရိမ်တာက နောက်ထပ် လုပ်လာမည့် အစီအစဉ်တွေ ရှိနေနိုင်တယ် ဆိုတာပါပဲ" ဟု ၎င်းက ပြောသည်။

Mullen က ပြောကြားရာတွင် မတ်လ ၂၆ ရက်နေ့က တန် ၁၂၀၀ Cheonan သင်္ဘောကို တော်ပီဒိုဖြင့် တိုက်ခိုက်မှုသည် ကိုရီးယား ကျွန်းဆွယ်၏ တည်ငြိမ်မှုကို ပိုမို ပျက်ပြားစေခဲ့ကြောင်း၊ ကင်ဂျုံအီ နေရာ ဆက်ခံမည့်သူကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိမှုကလည်း မရေရာမှုများကို ပိုမို ဖြစ်စေကြောင်း ဆိုသည်။

မေလ ၂၀ ရက်နေ့က ထုတ်ပြန်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများ၏ အစီရင်ခံစာတွင် ၎င်းတို့၏ နိဂုံးချုပ်တွင် မြောက်ကိုရီးယား ရေငုပ်သင်္ဘောက စစ်သင်္ဘောကို တော်ပီဒိုဖြင့် ပစ်ခတ် နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားက ၎င်းတို့၏ ပါဝင်မှုကို ငြင်းဆိုခဲ့ပြီး၊ တောင်ကိုရီးယား လက်စားချေပါက စစ်ပွဲ ဖြစ်လာမည် ဖြစ်ကြောင်း ခြိမ်းခြောက်ကာ တုန့်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ခဲ့သည်။ အငြင်းပွားနေသော ရေပိုင်နက် တစ်လျှောက် မတော်တဆ မငြိမ်သက်မှုများ ရှောင်ရှားရေး အတွက် ချုပ်ဆိုထားသော သဘောတူညီချက်များကိုလည်း ဖျက်ပစ်ခဲ့ပြီး ကျူးကျော်လာသော သင်္ဘောများကို တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 29th May News

နျူကလီယာ မပြန့်ပွားရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံပေါင်း ၂၀၀ နီးပါးသည် အရှေ့ အလယ်ပိုင်းဒေသတွင် နျူကလီယာ လက်နက် ကင်းမဲ့ဇုန် ဖြစ်လာရေး အတွက် ဦးတည် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

နျူကလီယာ ကင်းမဲ့ဇုန် ထူထောင်ရေး အတွက် အီရန် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများ တက်ရောက်မည့် ညီလာခံ တစ်ခု ၂၀၁၂ တွင် ကျင်းပရန် နယူးယောက် ကုလသမဂ္ဂ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြသည်။

တခဲနက် သဘောတူခဲ့ကြသည့် သဘောထား စာတမ်းတွင် နျူကလီယာ မပြန့်ပွားရေး  စာချုပ်ကို အစ္စရေးလည်း လက်မှတ်ထိုးသင့်သည်ဟု ဖော်ပြထားသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမားက အထက်ပါ သဘောတူညီချက်ကို ထောက်ခံခဲ့သော်လည်း အစ္စရေးကို အစ ဆွဲထုတ်ခြင်းအတွက် အပြင်းအထန် ကန့်ကွက်သည် ဟု ပြောကြားခဲ့သည်။

၂၀၁၂ စည်းဝေးပွဲသို့ အစ္စရေး တက်ရောက်စေရန် စည်းရုံးခြင်းသည် အောင်မြင်ရန် အလားအလာ မရှိသည့် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

အဆိုပါ သဘောတူ စာတမ်းသည် အလိမ်အညာသာ ဖြစ်သည် ဟု နောက်ပိုင်းတွင် အစ္စရေး အရာရှိ တစ်ဦးက ဝေဖန် တိုက်ခိုက်လိုက်သည်။

"အစ္စရေးကိုပဲ ခေါင်းစဉ် တပ်ပြောတာကတော့ ဆိုးပါတယ်၊ နျူကလီယာ လက်နက်ပိုင်ထားတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံတွေကိုတော့ ထည့်မပြောဘဲ ငြိမ်နေကြတယ်၊ နျူကလီယာ လက်နက်ပိုင်ဖို့ ကြိုးစားနေတဲ့ အီရန်ဆိုရင် အဆိုးဆုံးပေါ့ဗျာ '' ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက AFP သို့ ပြောကြားလိုက်သည်။

အရေးကြီးသော အဆင့်

ကမ္ဘာလုံးဆိုင်ရာ လက်နက်ဖျက်သိမ်းရေး ကြိုးပမ်းမှုများအတွက် အလွန်အရေးပါသည့် နျူကလီယာ သဘောတူ စာချုပ်ခိုင်မြဲရေး တစ်လကြာ ညီလာခံ နောက်ဆုံးနေ့တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် စာမျက်နှာ ၂၈ မျက်နှာပါ အပြီးသတ် ကြေညာစာတမ်းကို အဖွဲ့ဝင် ၁၈၉ နိုင်ငံက သဘောတူခဲ့ကြသည်။

နျူကလီယာ လက်နက်နှင့် အခြား အဖျက်စွမ်းအင်ကြီး လက်နက်များ ကင်းလွတ်ဇုန် ထူထောင်ရေး အတွက် သဘောတူညီချက် ရရှိအောင် ၂၀၁၂ တွင် အရှေ့အလယ်ပိုင်း နိုင်ငံများကို အစည်းအဝေး ခေါ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အား ယခု ကြေညာစာတမ်းတွင် တောင်းဆိုထားသည်။

အပြီးသတ် ကြေညာစာတမ်းကို အတည်ပြု ပြီးနောက်  ဖိလစ်ပိုင် ကိုယ်စားလှယ် ညီလာခံ  သဘာပတိ Libran Cabactulan က "တစ်ကမ္ဘာလုံးက မျက်လုံးတွေ အားလုံး ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ်'' ဟု ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲ ၁၁၈ နိုင်ငံ၏ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ ကိုယ်စား အီဂျစ်မှ Maged Abedelaziz က ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး "နျူကလီယာ မပြန့်ပွားရေး စာချုပ်၏ ပန်းတိုင်နှင့် ရည်မှန်းချက်များ အမှန်တကယ် ဖြစ်လာစေရန် ဦးတည်သည့် အရေးကြီးသော ခြေလှမ်း တစ်ခု လှမ်းလိုက်ခြင်း'' ဟု ပြောကြားခဲ့သည်။

အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြသော သံတမန်များသည် သောကြာနေ့ အစည်းအဝေး ပြန်မစမီ ကြာသပတေးနေ့ ညနက်ပိုင်း အထိအောင် ဆွေးနွေးခဲ့ကြသည် ဟု သိရှိရသည်။

ခက်ခဲသော အရာရှိ အနက် တစ်ခုမှာ နျူကလီယာ မပြန့်ပွားရေး စာချုပ် အဖွဲ့ဝင် မဟုတ်သော အစ္စရေးနှင့် ပတ်သက်နေပြီး အဆိုပါ နိုင်ငံတွင် နျူကလီယာ လက်နက်များ ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်ထားကြသော်လည်း အစ္စရေး တို့ကမူ ပိုင်ဆိုင်သည်ဟု ဝန်မခံခဲ့ဖူးပေ။

အာရပ်နိုင်ငံများနှင့် အစ္စရေး၏ မဟာမိတ်များသည် နျူကလီယာ ကင်းလွတ်ဇုန် အဆိုပြုချက်နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိအောင် ခက်ခက်ခဲခဲ ဆောင်ရွက်ကြရလိမ့်မည် ဖြစ်သည်။

ကြေညာထားခြင်း မရှိသည့် နျူကလီယာ လက်နက်တိုက်နှင့် ပတ်သက်၍ ဆွေးနွေးရန် မလိုလားသည့် အစ္စရေး နိုင်ငံအပေါ် ဖိအားပေးရန် အာရပ်နိုင်ငံများက ဆန္ဒရှိနေသည်ဟု သတင်းထောက်များက ပြောကြားသည်။

ကမ္ဘာသိ နျူကလီယာ လက်နက်ပါဝါ ၅ နိုင်ငံ အနေဖြင့် ၎င်းတို့၏ လက်နက်များကို ဖျက်သိမ်းရေး အတွက် စေ့စပ်ညှိနှိုင်း သဘောတူ စာချုပ် ချုပ်ရန် အချိန်ဇယား တစ်ခု သဘောတူကြရေးကို အီရန်က နောက်ပိုင်းတွင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

နောက်ဆုံး သဘောထား ဆုံးဖြတ်ရာတွင် တိကျသော အချိန် ဇယား မရရှိခဲ့သော်လည်း နျူကလီယာ လက်နက်ပါဝါ ၅ နိုင်ငံက ၎င်းတို့၏ နျူကလီယာ လက်နက်လျှော့ချရေး ဦးတည်သည့် ပြောင်းလဲ တိုးတက်မှုများကို အရှိန်မြှင့်ရန် ကတိပြုခဲ့ကြပြီး အဆိုပါ ကိစ္စကို ၂၀၁၄ တွင် ပြန်လည် အစီရင်ခံကြမည် ဖြစ်သည်။

အီရန် အနေဖြင့်လည်း လက်နက် ထုတ်ရန် ရည်ရွယ်သည်ဟု အနောက်နိုင်ငံများက ယုံကြည်ထားသည့် ၎င်း၏ နျူကလယာ အစီအစဉ်နှင့် ပတ်သက်၍ အဖန်တလဲလဲ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ တီဟီရန် ကမူ စွမ်းအင် လိုအပ်ချက်များ ပြည့်မီရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ခုခံပြောကြားခဲ့သည်။

နျူကလီယာ မပြန့်ပွားရေး အဖွဲ့ဝင် ဖြစ်သည့် အီရန်က သဘောတူ စာချုပ်ပါ စည်းကမ်းများ အောက်တွင် ဆက်လက် လုပ်ဆောင်မည်ဟု ဆိုသည်။

အီရန်နှင့် မြောက်ကိုးရီးယားတို့၏ သံသယ ဖြစ်ဖွယ် နျူကလီယာ အစီအစဉ်များကို လေ့လာ စောင့်ကြည့်ရန် အကောင်းဆုံး နည်းလမ်းများ ထွက်ပေါ်ရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

နျူကလီယာ လက်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လူသိများသည့် အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယားနှင့် အစ္စရေး တို့သည် မပြန့်ပွားရေး စာချုပ် လက်မှတ်ထိုးထားသော နိုင်ငံများ မဟုတ်ကြပါ၊ နျူကလီယာ မပြန့်ပွားရေး သဘောတူ စာချုပ်ပါ တစ်စုံတစ်ရာကို ၎င်းနိုင်ငံများက လိုက်နာကြမည် မဟုတ်ပါ။

နျူကလီယာ မပြန့်ပွားရေး ညီလာခံကို ၅ နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာတွင် ၂၀၀၅ ခုနှစ် နောက်ဆုံး ညီလာခံတွင် တခဲနက် သဘောတူ ကြေညာချက်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Lex Rieffel ၏ အထူးအစီရင်ခံစာ, May 2010

ယခု အစီရင်ခံစာသည် အရှေ့တောင်အာရှ၏ ဒုက္ခအရောက်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ၏ လက်ရှိအကြပ်အတည်းကာလ စီးပွားရေး အနေအထားကို လေ့လာထားသော အစီရင်ခံစာ ဖြစ်သည်။ တိုင်းရင်းသားများနှင့် မတူညီသော ဘာသာရေးများကို အခြေခံသော ပဋိပက္ခ အငယ်စားများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တငွေ့ငွေ့ လောင်ကျွမ်းလျက် ရှိသည်။ တိုင်းပြည် အုပ်ချုပ်သော စစ်ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိမ်နှင်းလျက် ရှိသည်။ ယခု ၂၀၁၀ မကုန်မီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်း ရမည့်အစား စစ်တပ်မျိုးဆက်သစ် အရာရှိများထံသို့ အာဏာ လွှဲပြောင်းခြင်းသာ ဖြစ်ပေသည်။ ယခု အစီရင်ခံစာမှာ USIP ၏ Center for Sustainable Economics တွင် ကြီးမှူး ကျင်းပသော မြန်မာနိုင်ငံ၏ စီးပွားရေး ပုံသဏ္ဍာန်ကို အလေးပေး ဆွေးနွေးသည့် တစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အနှစ်ချုပ် တင်ပြထားခြင်းဖြစ်သည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာ့စီးပွားရေး အဓိက ရှုဒေါင့်များ အတွက် ကျွမ်းကျင်သူများ၊ ကွန်ဂရက်၊ အမေရိကန်အစိုးရ ဋ္ဌာနများနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးနှင့် တိုက်ရိုက် ပတ်သက်သော အေဂျင်စီများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် မက်ခရို စီးပွားရေး မူဝါဒ (macro-economic) ၊ အထူး ထုတ်နုတ်ထားသော ကဏ္ဍများနှင့် စိုက်ပျိုးရေး ကဏ္ဍများကို အလေးထား ဆွေးနွေးကြသည်။ နိဂုံးချုပ် ဆွေးနွေးပွဲတွင် ပါမောက္ခ Joseph Stiglitz က ပိုမို အလုပ်ဖြစ်မည့် လယ်မြေပိုင် စီးပွားရေး အကြောင်း ဆွေးနွေးသွားသည်။

ယခု အစီရင်ခံ စာရေးသူ Lex Rieffel သည် Brookings Institution မှ အကြီးတန်း Fellow တစ်ဦး ဖြစ်ပြီး ၎င်း၏ မကြာသေးမီက သုတေသနမှာ အရှေ့တောင် အာရှမှ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံရှိ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဖြစ်သည်။

အစီရင်ခံစာ အကျဉ်းချုပ်

မြန်မာအစိုးရသည် အရေးကြီးသော အသွင် ကူးပြောင်းရေး ကာလကို ဖြတ်သန်းလျက် ရှိသည်။ မြန်မာ အစိုးရသည် ၂၀၁၀ခုနှစ် မကုန်မီတွင် ၂၀၀၈ ခုနှစ် က အတည်ပြုခဲ့သော ဒီမိုကရေစီ လုပ်ငန်းစဉ်အရ မဟုတ်ဘဲ ရေးဆွဲခဲ့သော အခြေခံ ဥပဒေကို အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲသည် နိုင်ငံတကာ အများလက်ခံသည့် စံများနှင့် မညီခဲ့ပါ။ ထို့နည်းတူစွာပင် ယခုရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရသည် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင်သည်ဟု ရှုမြင်မှုများနှင့် လည်းကောင်း၊ သက်ဆိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲသည် နာဂစ်မုန်တိုင်းတွင် စတင်ခဲ့သော နိုင်ငံတကာ ပါဝင်မှုမျိုးကဲ့သို့သော ကိစ္စမျိုးများ အတွက် အခွင့်အလမ်း ပေါ်ထွက်လာလိမ့်မည် ဟု မျှော်လင့်ရပေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ဆောင်ချက်များသည် သူများတကာထက် နှေးကွေးလှသည်။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် လူမှုစီးပွားရေး ညွှန်းကိန်းများအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ရှိနေသည်။ ထိုသို့ ဖြစ်ရခြင်း အချက်တစ်ခုမှာ တိုင်းရင်းသားများနှင့် မတူညီသော ဘသာရေး အယူအဆများကို အခြေခံသည့် ပြည်တွင်း ပဋိပက္ခများ၏ တငွေ့ငွေ့ လောင်ကျွမ်းမှုကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ပါလီမန် အစိုးရ ကျဆုံးပြီးကတည်းက အစဉ်အဆက် အုပ်ချုပ်လာခဲ့သော စစ်အစိုးရများသည် ၎င်းတို့ကို လူထု ထောက်ခံမှု ပျောက်ဆုံးသွားအောင် စီမံခန့်ခွဲခဲ့ကြပြီး၊ တိုင်းပြည်၏ များပြားလှသော သဘာဝ သယံဇာတများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ခဲ့ကြသည်။ တိုးတက်မှု မရှိသော စီးပွားရေး မူဝါဒများနှင့် ၁၉၈၈ ကတည်းက အစိုးရ ဆန့်ကျင်သူများအပေါ် သွေးထွက်သံယို နှိပ်ကွပ်မှုများသည် နိုင်ငံရေးနှင့် စီးပွားရေး ဒုက္ခသည် သုံးသန်းခန့်ကို မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရသည်။

သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာ ကျသော နေရာ၌ ရှိနေသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ အဓိက သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချသူ ဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ် မတိုင်မီကကဲ့သို့ အဓိက စိုက်ပျိုးရေး ပို့ကုန် တင်ပို့သူ ဖြစ်နိုင်သည်။ ထို့အပြင် အာဆီယံ၏ ရည်မှန်းချက် ဖြစ်သော ၂၀၁၅ တွင် တစ်စုတစ်စည်းတည်း ဖြစ်ရေး အတွက် မြန်မာနိုင်ငံသည် အငြင်းပွားဖွယ် အကြီးဆုံး အတားအဆ်ီး တစ်ခု ဖြစ်လာနိုင်ပေသည်။ ၎င်း၏ ပြည်တွင်း ပဋိပက္ခများသည် တရုတ်နှင့် အိန္ဒိယကြားတွင် တင်းမာမှုများကို ဖြစ်စေမည် ဖြစ်သည်။

ဖြစ်ပေါ်လာမည့် အစိုးရသည် စီးပွားရေး တိုးတက်မှု အဆက်မပြတ် ဖြစ်ပေါ်စေနိုင်သော စီးပွားရေး မူဝါဒများ စဉ်းစားလိမ့်မည်ဟု မျှော်လင့်ချက် ရောင်ခြည် သန်းနေပေသည်။ သို့မှသာ နိုင်ငံရေးအရ ပြန်လည် ပေါင်းစည်းရေး ဝန်းကျင် တိုးတက်လာနိုင်မည် ဖြစ်သည်။ သို့မှသာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိန်ခေါ်မှုများ အတွက် လမ်းကြောင်းသစ် အတိုင်း စီးပွားရေး မူဝါဒ ပြောင်းလဲမှုများကို အကူအညီပေးနိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာမည် ဖြစ်ပြီး၊ စစ်တပ် အုပ်စိုးသူများ၏ နောက်ပြန်သွားသော အယူအဆများ အသစ်တဖန် မစတင်နိုင်ရေး ကလည်း လိုအပ်လှပေသည်။ စီးပွားရေး မူဝါဒ ပြောင်းလဲမှုများမှာ ခက်ခဲနိုင်ပြီး၊ စိတ်ရှည်သော စီးပွားရေး မဟာဗျူဟာတွင် အရေးယူ ပိတ်ဆို့မှုများ၊ အာဆီယံမှ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.