Transparency Myanmar

transparency.myanmar@gmail.com

www.telegraphindia.com, 30th May 2010

အထက်သို့ ဆန်နေကြသော Oil India.GAIL နှင့် ONGC စသော အိန္ဒိယ အဓိက ရေနံကုမ္ပဏီကြီးများသည် ၎င်းတို့ နိုင်ငံတွင်း စွမ်းအင် လိုအပ်ချက်ကို ပြည့်မီရန် အတွက် သဘာဝ ဓာတ်ငွေ့ ကြွယ်ဝသော မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို ထပ်မံ ရှာဖွေနေကြသည်။

Oil India က မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် အဆင်သင့် ဖြစ်နေသည့် ဓာတ်ငွေ့သိုက်များကို ရှာဖွေနေချိန်တွင် ရှာဖွေရေး ကုမ္ပဏီ ONGC နှင့် ဓာတ်ငွေ့ ကုန်သည် GAIL (India) တို့က မြန်မာနိုင်ငံမှ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းနှင့် ကမ်းခြေ ပိုက်လိုင်း သွယ်ယူရေး စီမံကိန်းများတွင် အစုရှယ်ယာဝင်မှုကို သေချာစွာ ပြုလုပ်ခဲ့ကြသည်။

မြန်မာ ဓာတ်ငွေ့သိုက်များကို အိန္ဒိယ ကုမ္ပဏီများက စောစီးစွာ လက်ဦးမှု ရယူ တွေ့ရှိခဲ့သော်လည်း ပိုက်လိုင်း မရှိခြင်းကြောင့် အိန္ဒိယသို့ မသယ်ယူနိုင်ခဲ့ပါ။

၎င်းကုမ္ပဏီများ မြန်မာနိုင်ငံကို အာရုံစိုက်နေရသော အကြောင်းရင်းမှာ တွေ့ရှိပြီး ဓာတ်ငွေ့အရံသိုက်များ၏ ပမာဏ ၁၉ ထရီလီယံ ကုဗပေနှင့်အတူ ရှာဖွေခြင်း မပြုရသေးသော နေရာများစွာ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ လေ့လာ ရှာဖွေနေပါတယ်။ အားလုံးပြီးသွားရင် အသေးစိတ် အချက်တွေကို အသိပေးနိုင်လိမ့်မယ်" ဟု Oil India မှ ဥက္ကဌ ဖြစ်သူ NM Borah က ပြောကြားခဲ့သည်။

လေ့လာ စူးစမ်းဆဲ ဓာတ်ငွေ့သိုက်များထက် အဆင်သင့် ထုတ်လုပ်နိုင်သော ပင်လယ်ရပ်ခြား စွမ်းအင် ရင်းမြစ်များကို ရရှိနိုင်ရန် မိမိတို့ ကုမ္ပဏီက ရှာဖွေနေသည်ဟု ၎င်းက ပြောဆိုသည်။

"စွမ်းအင် လုံခြုံဖို့ အတွက် ကမ္ဘာပေါ်က အခွင့်အလမ်းတွေကို ရှာဖွေဖို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ မဟာဗျူဟာ အစိတ်အပိုင်း တစ်ခုပါ။ အစိုးရကလည်း သံတမန် နည်းလမ်းတွေနဲ့ ပါဝင် လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့ကတော့ သန့်သန့်ရှင်းရှင်းပဲ တိုးတက်ချင်ပါတယ်။ ပြည်ပက အခွင့်အလမ်းတွေကို ရရှိအောင် အရှိန်မြှင့် ကြိုးပမ်းဖို့ ဆိုတာက တော်တော် သတိထားရတဲ့ ဆုံးဖြတ်ချက်ပါ။ ပင်လယ်ရပ်ခြားက အဆိုပြုချက်တွေကို တန်ဖိုးဖြတ်ဖို့ အတွက် ကျွန်တော်တို့ အလုပ်ချိန် ၃၅% ကို သုံးနေရပါတယ်။ ကျွန်တော်တို့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်" ဟု Oil India မှ ဘဏ္ဍာရေး ဒါရိုက်တာ TK Ananth Kumar က ပြောကြားခဲ့သည်။

မိမိတို့ ကုမ္ပဏီသည် ယခု ဘဏ္ဍာရေးနှစ် အတွင်း များပြားလာသော အခွင့်အလမ်းများ အတွက် ရူပီးငွေ ကုဋေ ၄၀၀၀ ခန့် အဆင်သင့် သိမ်းဆည်းထားသည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာတလွှားရှိ ရေနံနှင့် ဓာတ်ငွေ့သိုက်များတွင် နိုင်ငံပိုင် ကုမ္ပဏီကြီးများ ပါဝင် ရင်းနှီးမြှုပ်နှံရေးကို အဆင်ပြေအောင် ကူညီရန် အစိုးရက ဆုံးဖြတ်ထားပြီး ကုမ္ပဏီများ လိုအပ်သမျှ ကူညီပေးရန် ၎င်း၏ သံတမန်များကို တောင်းဆိုမှာကြားထားသည်။

မြန်မာနိုင်ငံရှိ ဓာတ်ငွေ့ စီမံကိန်းတွင် ONGC နှင့် GAIL က ဒေါ်လာ ၁.၃၃ ဘီလျံ ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း လတ်တလော အတည်ပြုထားပြီး အဆိုပါ ဓာတ်ငွေ့များကို တရုတ်သို့ တင်ပို့မည် ဖြစ်သည်။

မြန်မာနိုင်ငံ ကမ်းလွန် A1 နှင့် A3 လုပ်ကွက်မှ ထွက်ရှိသော ဓာတ်ငွေ့များကို သယ်ယူရန် တရုတ် CNPC ကုမ္ပဏီက တည်ဆောက်နေသော ပိုက်လိုင်း စီမံကိန်းတွင် ONGC နှင့် GAIL က ရင်းနှီး မြှုပ်နှံကြမည် ဖြစ်သည်။

ဓာတ်ငွေ့ ကြွယ်ဝသော မြန်မာနိုင်ငံမှ အခွင့်အလမ်းများ ပိုမို ရရှိရန် အဆိုပါ ကုမ္ပဏီများက ကြိုးစားနေကြသည်ဟု သတင်းများအရ သိရှိရသည်။

ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင် တရုတ်နှင့် ယှဉ်ပြိုင်နေရသော အိန္ဒိယ နိုင်ငံပိုင် ကုမ္ပဏီများကို ကူညီရန် လွတ်လပ်သော ရန်ပုံငွေ တစ်ရပ် ထူထောင်ရေး အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ရေနံ ဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရှိရသည်။

"လွတ်လပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၂၀ ဘီလျံရဖို့ ကျွန်တော်တို့ အဆိုပြုထားပါတယ်။ ဒါပေမယ့် အရေအတွက်နဲ့ အမျိုးအစားတွေ တွက်ချက် သတ်မှတ်ဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို တင်ပြထားတုန်းပါ။ တိုင်းပြည်ရဲ့ စွမ်းအင် လိုအပ်ချက် မြင့်မားလာမယ်လို့ မျှော်လင့်ရတဲ့ အတွက် ဒီလို ရန်ပုံငွေ ထူထောင်ထားသင့်တဲ့ အချက်ရယ်၊ စွမ်းအင် လုံခြုံမှု သေချာအောင် ပြည်ပရင်းမြစ်တွေကို ရယူရမယ့် နည်းလမ်း တစ်ခုပဲ ရှိတယ်ဆိုတဲ့ အချက်ရယ်ကို အစိုးရ အဖွဲ့ထဲမှာ တခဲနက် သဘောတူခဲ့ကြပါတယ်" ဟု ရေနံဌာန အရာရှိက ပြောကြားသည်။

ပြည်ပ စွမ်းအင် ရင်းမြစ် ရှာဖွေနေသော ကုမ္ပဏီများကို ကူညီရန် တရုတ်နိုင်ငံက လွတ်လပ်သော ရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလျံ ထူထောင်ထားသည်။

ကြားသိရသော အချက်အလက်များအရ စွမ်းအင် လိုအပ်ချက် ပြည့်မီရေးအတွက် ရေနံစိမ်း တင်သွင်းမှုသည် လက်ရှိ ၇၈% မှ ၂၀၃၀ တွင် ၉၀% အထိ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ရပ်တန့်နေသော ပြည်တွင်း ထုတ်လုပ်မှုများကြောင့် အသစ် ထပ်မံ တွေ့ရှိမှုများကို တောင်းဆိုနေပြီး စွမ်းအင်ဆိုင်ရာ မဟာဗျူဟာတွင် အမြင်သစ်များ ထွက်ပေါ်ရန် လိုအပ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment