Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် နယ်ခြားဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဖိအားပေးမှုများ တိုးမြှင့် လုပ်ဆောင်လာရာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ငါးဖွဲ့ စုပေါင်းပြီး စစ်ရေးဖြင့် တစ်ပြိုင်နက်တည်း တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရန် သဘောတူညီမှု ရယူထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မေလ ၂၁ ရက် နှင့် ၂၄ ရက်၊ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးစုက ယင်းသို့ စစ်ရေးတုံ့ပြန်မှုများ ပူးပေါင်း လုပ်ကိုင်သွားရန် လျှို့ဝှက်စွာ သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုငါးစုမှာ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင် အမျိုးသား ယူနီယံ (KNU) နှင့် ကယန်း အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်ကြသည်။

"ကျွန်တော်တို့ သဘောတူညီချက်ရဲ့ အဓိက အချက်ကတော့ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေ အပေါ်မှာ နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင် အကျပ်အတည်း အခက်အခဲတွေကို အတူ လက်တွဲပြီး ရင်ဆိုင် တိုက်ခိုက်ဖို့ပါပဲ" ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သော မွန်ပြည်သစ်ပါတီ ခေါင်းဆောင်က Mizzima သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ညီညွတ်သော ဝ ပြည်နယ်တပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ် တပ်ဖွဲ့ (မြောက်ပိုင်း) (SSA-N) တို့ကို ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့က တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောသည်။

စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအား နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ၎င်း၏ လက်အောက်သို့ ဝင်ရောက်ရန် ဖိအားပေးလျက် ရှိသည်။ သို့သော် UWSA၊ KIO၊ NMSP၊ SSA-N နှင့် ကရင် တိုင်းရင်းသား အုပ်စုများ ဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့က ငြင်းပယ်ခဲ့သည်။

"ဒီသဘောတူညီချက်ရဲ့ တခြား အရေးကြီးတဲ့ အချက်တွေကတော့ ကျွန်တော်တို့ အုပ်စုထဲကတစ်စု တိုက်ခိုက်ခံရမယ်ဆိုရင် အကူအညီ အထောက်အပံ့တွေ ပေးဖို့နဲ့ စစ်ဆင်ရေးတွေ တစ်ပြိုင်နက်တည်း ပူးတွဲ လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တခြား ရွေးခြယ်စရာ မရှိဘူး" ဟု ကချင်အမျိုးသား တပ်ဦးမှ ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုငါးခုမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တိတ်တဆိတ် တွေ့ဆုံခဲ့ကြသည်။ ယခင် သမားရိုးကျ မဟာမိတ်အဖွဲ့ ပုံစံမျိုးထက် ပူးပေါင်း လက်တွဲသည့် ပုံစံဖြင့် စစ်အစိုးရကို ရင်ဆိုင်သွားရန် သဘောတူပြီးနောက် ယင်းသို့ တိတ်တဆိတ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပိုမို တက်ရောက်နိုင်မည့် တွေ့ဆုံ ဆွေးနွေးပွဲများ မကြာသေးခင် ကာလတွင် ကျင်းပ ပြုလုပ်ရန်လည်း သဘောတူညီမှု ရရှိခဲ့ကြသည်။ အဓိက ဦးတည်ချက်မှာ အပစ်အခတ် ရပ်စဲထားသော အုပ်စုများနှင့် အပစ်အခတ် မရပ်စဲရသေးသော အုပ်စုများအကြား သဘောတူညီမှု တစ်ရပ် ရယူကာ ညီညွတ်သော အင်အားစု အဖွဲ့တစ်ခု ဖွဲ့စည်းရေးပင် ဖြစ်သည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment