Transparency Myanmar

transparency.myanmar@gmail.com

CNN News, 30th May 2010

ထိုင်းနိုင်ငံတွင် အစိုးရက ၁၀ ရက်ခန့် ထုတ်ပြန်ထားသော ညမထွက်ရ ကာဖျူးအမိန့် ရုတ်သိမ်းခဲ့သည့် ပထမဆုံးည ပြီးဆုံးပြီး တနင်္ဂနွေနေ့ မနက်တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက "တိုင်းပြည်၏ အခြေအနေ ငြိမ်သက်သွားပြီ" ဟု ပြောကြားလိုက်ကြောင်း အစိုးရ သတင်းများက ဖော်ပြသည်။

အဘီဆစ်က ၎င်း၏ အပတ်စဉ် ရုပ်သံ မိန့်ခွန်းတွင် အရေးပေါ် အခြေအနေ ကြေညာမှုကို ရုတ်သိမ်းနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အရေးပေါ် ဥပဒေများ ဖြေလျှော့ပေးရမည့် အချိန်ကိုမူ ပြောကြားခဲ့ခြင်း မရှိဟု ထိုင်းသတင်းဌာနက ထုတ်ပြန်သည်။

ဘန်ကောက်မြို့လယ် ဈေးကွက် ရပ်ကွက်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ ထောင်ပေါင်း များစွာ စုဝေး စခန်းချခဲ့ခြင်းကြောင့် အာဏာပိုင်များက ဧပြီ ၇ ရက်နေ့တွင် ဘန်ကောက်နှင့် အနီးတဝိုက် ပြည်နယ်များ၌ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး မေလ ၁၉ ရက်တွင် ဘန်ကောက်နှင့် ပြည်နယ် ၂၃ ခု ၌ ကာဖျူး အမိန့် ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူများနှင့် အစိုးရ တပ်ဖွဲ့များ အကြား ယခုလ အစောပိုင်း ဖြစ်ပွားသော အကြမ်းဖက် ပဋိပက္ခများတွင် အနည်းဆုံး လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရ အရာရှိများက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်က ကာဖျူး ရုတ်သိမ်း

ဘဏ်တိုက်၊ ရဲစခန်း၊ ပြည်တွင်း ရုပ်သံလွှင့်ဌာန၊ အကြီးဆုံး ဈေးဝယ် ကုန်တိုက်ကြီး အပါအဝင် အဆောက်အဦး ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

နိုင်ငံရေး အုံကြွမှုကို စုံစမ်း စစ်ဆေးရန် လွတ်လပ်သော ကော်မတီကို ယခု တစ်ပတ်၌ ဖွဲ့စည်းမည်ဟု အဘီဆစ်က ပြောကြားသည်။

၂၀၀၆ ခုနှစ် သွေးမြေမကျ စစ်တပ် အာဏာသိမ်းမှုတွင် တိမ်းရှောင်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက ရှပ်နီတို့၏ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နောက်ကွယ်မှ စီစဉ်ညွှန်ကြားကာ ရန်ပုံငွေ ကူညီခဲ့သည်ဟု ထိုင်း စုံစမ်း စစ်ဆေးရေး အရာရှိများက စွပ်စွဲလိုက်ကြောင်း ထိုင်းအစိုးရ သတင်းဌာနက ယခုတပတ်တွင် ပြောကြားခဲ့သည်။

ပဋိပက္ခများနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ဆိုကာ ထိုင်းတရားရုံးက သက်ဆင်အား ဖမ်းဆီးခွင့် ဝရမ်းကို ယခု အပတ်တွင် ထုတ်ပြန်သည်ဟု သတင်းဌာနက ကြေညာသည်။

ရှပ်နီ ဆန္ဒပြမှုများ၏ ခေါင်းဆောင်ဟု စွပ်စွဲခြင်းကို သက်ဆင်က ငြင်းဆိုလိုက်ပြီး ယခုကဲ့သို့ ဖမ်းဆီးခွင့် ဝရမ်း ထုတ်ပြန်ခြင်းသည် "အစိုးရ၌ ဥပဒေအရ မှန်ကန် မျှတစွာ ဆောင်ရွက်မှု ချို့တဲ့နေသည်" ဟူသော အချက်ကို ပြသနေသည်ဟု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment