Transparency Myanmar

transparency.myanmar@gmail.com

The Asian Tribune, By Zin Linn, 30th May 2010

မြန်မာ စစ်အစိုးရသည် ပြည်တွင်းရော ပြည်ပကပါ ဒီမိုကရေစီကို အဆက်မပြတ် တောင်းဆိုမှုများကြောင့် ၁၉၉၀ ရွေးကောက်ပွဲကို ဦးစီး ကျင်းပခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၎င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့်ကြားမှ ၁၉၉၀ ခုနှစ် မေလ ၂ရ ရက်နေ့ ရွေးကောက်ပွဲတွင် ပါလီမန်၏ ၈၂% သော နေရာ အနိုင်ရပြီး အောင်ပွဲခံခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ရလဒ်သည် စစ်အစိုးရ အပေါ် ၎င်း၏ အစီအစဉ်များကို ပျက်သွားစေသဖြင့် စိတ် အနှောင့်အယှက် ဖြစ်ခဲ့သည်။

ထို့နောက် စစ်အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ် အကျယ်ချုပ် နေခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော ကျောင်းသားများ၊ NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို ထောင်ထဲသို့ ပို့ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ခန့်ကို ထိန်းသိမ်းထားသည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန် ငြင်းဆိုခြင်းသည်၊ စစ်အစိုးရက ပြည်သူလူထု၏ ဆန္ဒကို မလေးစားကြောင်း လူသိရှင်ကြား ပြောလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ ဗိုလ်ချုပ်များ၏ ညံ့ဖျင်းမှုမှာ ၎င်းတို့၌ အသိဥာဏ်၊ ဗဟုသုတ မရှိခြင်းပင် ဖြစ်သည်။ ပြည်သူလူထု၏ ရွေးချယ်မှု ရလဒ်သည် ရွေးချယ်ခံပါလီမန် အဖွဲ့ဝင်များက ရပ်ဆိုင်းရန် သဘောမတူမခြင်း အတည် ဖြစ်သည် ဆိုသည့် အချက် ဖြစ်သည်။

စိတ်မချမ်းမြေ့ဖွယ် ကောင်းသော အချက်တစ်ခုမှာ စစ်အစိုးရ ခေါင်းဆောင်သည် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုသည့် အပြင် ယခုနှစ်တွင် နောက်ထပ် ရွေးကောက်ပွဲ တစ်ခု ကျင်းပရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။ ၁၉၉၀ ပြည်သူလူထု၏ ဆန္ဒမဲများကို ပယ်ဖျက်ခြင်းမှာ တိုင်းပြည် တစ်ခုလုံးနှင့် ပြည်သူများ အပေါ် ရိုင်းပျ စော်ကားသော မှားယွင်းသည့် လုပ်ရပ် ဖြစ်သည်။ စစ်မှန်သော ပြောင်းလဲမှုကို အလိုရှိသော ပြည်သူ အများစုမှာ ဗိုလ်ချုပ်များ၏ မှားယွင်းမှုများကို မေ့နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများ ထွက်ပေါ်လာ ကတည်းက စစ်အစိုးရ၏ မြန်မာနိုင်ငံ အနာဂတ်နှင့် ပတ်သက်၍ အမြင်မကျယ်မှု၊ တနပ်စားကြံမှု တို့ကြောင့် ဆင်းရဲမွဲတေနေသော နိုင်ငံမှ လူအများကြားတွင် သဘောမတူမှုများ၊ မြင်သာစွာ ထွက်ပေါ်လာခဲ့သည်။

လက်ရှိ အခြေအနေအားဖြင့် မြန်မာနိုင်ငံသည် အရေးကြီးသော နိုင်ငံရေး လမ်းဆုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်အစိုးရက လိမ်ညာမှုများ ပါဝင်မည့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ အာဏာကို ဆက်လက် ထိန်းသိမ်းလိုကြသည်။ စစ်မှန်သော ပြောင်းလဲမှုကို အလိုရှိသော ပြည်သူများကလည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့်များ အပါအဝင် အခြေခံ လူ့အခွင့်အရေးများကို တောင်းဆိုလျက် ရှိသည်။ သို့သော် စစ်အစိုးရကမူ မြင်းနှင့်မြည်း စပ်၍ပေါက်ထားသော လားတစ်ကောင် အလား ခေါင်းမာနေပုံရသည်။ ၎င်းတွင် အရပ်သား လွတ်လပ်ခွင့်ပြုရန် နည်းနည်းမျှ စိတ်ကူးရှိပုံ မပေါ်ပေ။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသစ်တွင် စစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ရည်ရွယ်ချက်ဖြင့် တားဆီးထားခဲ့သည်။ ထိုအချက်သည် နိုင်ငံရေးတွင် ပိုမို ရှုတ်ထွေးသော အခြေအနေကို ဖြစ်စေသည်။

Universal Declaration of Human Rights စာပိုဒ် (၂၁) တွင် အစိုးရ၏ အာဏာသည် ပြည်သူလူထု၏ ဆန္ဒအပေါ် အခြေခံရမည်ဟု ဖော်ပြထားသည်။ အဆိုပါ အချက်သည် နိုင်ငံတိုင်းနှင့် သက်ဆိုင်ပြီး၊ နိုင်ငံသားတိုင်း၏ ဆန္ဒသည် အစိုးရတိုင်း အခြေခံသည့် အခြေခံ ဥပဒေတွင် ထပ်ဟပ်သင့်ပေသည်။ ထို့ကြောင့် အခြေခံ ဥပဒေ ရေးဆွဲသည့် လုပ်ငန်းစဉ်သည် လွတ်လပ်ရမည်။ တရားမျှတရမည်။ အားလုံး ပါဝင်ရမည်။ ပြည်သူလူထု၏ ဆန္ဒများ ထင်ဟပ်ရမည် ဖြစ်သည်။

စောင့်ကြည့် လေ့လာနေသော ဥပဒေ ပညာရှင်များ အဆိုအရ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို လက်ရှိ စစ်အစိုးရကပင် ချုပ်ကိုင်ထားပြီး၊ ပြည်သူလူထု၏ ပါဝင်မှုကို တားဆီးထားခဲ့သည်ဟု ဆိုသည်။ အခြေခံ ဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပါဝင်ခွင့် မရအောင် ဥပဒေဖြင့် တားဆီးထားပြီး၊ ချိုးဖောက်ပါက ထောင်ဒဏ် ငါးနှစ်မှ နှစ်ဆယ့်ငါးနှစ် အထိ ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။ ၎င်းအချက်သည် Universal Declaration of Human Rights နှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။

ထို့အပြင် ပြည်သူလူထု အများစုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းကို စုပေါင်း ထောက်ခံလျက် ရှိကြပြီး၊ အဆိုပါ ကြေညာချက်တွင် NLD မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် အခြေအနေ နှစ်ရပ် သတ်မှတ် ပေးခဲ့သည်။ ပထမ အချက်မှာ ၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီစံများနှင့် မညီသော အချက်များကို ပြန်လည် ပြင်ဆင်ပေးရေး ဖြစ်သည်။ ဒုတိယ အချက်မှာ အားလုံး ပါဝင်သော၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို နိုင်ငံတကာ၏ ကြီးကြပ်မှုဖြင့် ကျင်းပပေးရန်တို့ ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၉ - ၁၀ ရက်များတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ ဝန်ကြီးအချို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ခရီးစဉ် အပြီးတွင် Campbell က အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ စစ်အစိုးရ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုများနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ပျက်ရကြောင်း၊ တရားဝင်မှု မရှိမည့် ကိစ္စများ အတွက် အမြန်ဆုံး ပြင်ဆင်ရန် ခြေလှမ်းစေလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာက ရွေးကောက်ပွဲ တရားဝင်မှု မရှိမည်ကို စိုးရိမ်နေချိန်တွင် မေလ ၁၀ ရက်နေ့ နိုင်ငံပိုင် မီဒီယာများ၌ မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၏ အဆိုကို ကိုးကား၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် နိုင်ငံခြား လေ့လာသူများ မလိုကြောင်း ဖော်ပြခဲ့သည်။

Campbell ၏ ရန်ကုန်တွင် ထုတ်ပြန်သော သတင်းကြေညာချက်တွင် အမေရိကန် အစိုးရ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများ သဘောတူညီမှု ရစေရေး အတွက် အများ လက်ခံမည့် တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ပြုလုပ်ရန် မြန်မာ အစိုးရ တာဝန်ရှိသူများထံ အဆိုပြုခဲ့သည်ဟု ဆိုသည်။ သို့သော် အစိုးရသည် အတိုက်အခံများ၊ လွတ်လပ်သော အသံများနှင့် ညှိနှိုင်း တိုင်ပင်ခြင်း မပြုပဲ တဘက်သတ် ရှေ့ဆက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

ထို့နောက်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ထုတ်ပြန်သော ဥရောပ ပါလီမန်၏ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တွင် ဒီမိုကရေစီ အခြေအနေများ လုံးဝ မရှိသော အခြေအနေတွင် ကျင်းပသော ရွေးကောက်ပွဲ၊ အဓိက ဒီမိုကရေစီပါတီ မပါဝင်စေရန် အခြေခံ ရေးဆွဲသော ဥပဒေများဖြင့် ပြုလုပ်မည့် ရွေးကောက်ပွဲ၊ ရာထောင်ပေါင်း များစွာသော နိုင်ငံသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မဲပေးခွင့် မပြုဘဲ ကျင်းပသော ရွေးကောက်ပွဲကို သဘောမတူကြောင်း ဖော်ပြခဲ့သည်။ ဥရောပ ပါလီမန်သည် မြန်မာအစိုးရအား ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ လွတ်လပ်၍ တရားမျှတရေး၊ ပွင့်လင်း မြင်သာရေးနှင့် ပါဝင်သင့်သူများ အားလုံး ပါဝင်ရေး ခြေလှမ်းများကို အချိန်မဆိုင်း ပြုလုပ်ရန် တောင်းဆို တိုက်တွန်းခဲ့သည်။ ထို့အပြင် စစ်အစိုးရအား နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မတ်လက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများသည် လွတ်လပ်၍ ပွင့်လင်းမည့် သဘောမရှိသောကြောင့် ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ထပ်မံ၍ ဥရောပ ပါလီမန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင် ခွင့်ပြုရန် အသနားခံမှုအား လေးစားလိုက်နာရန် မြန်မာ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က မဒရစ်မြို့တွင် ကျင်းပပြီးစီးခဲ့သော ၁၈ ကြိမ်မြောက် အာဆီယံ - အီးယူ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် ဥရောပ သမဂ္ဂ နှင့် အာဆီယံသည် မြန်မာ အာဏာပိုင်များက ရွေးကောက်ပွဲကို အများ လက်ခံရန်၊ ပွင့်လင်းမြင်သာရန် ဒီမိုကရေစီကျရန်နှင့် အားလုံး ပါဝင်ရန် တောင်းဆိုခဲ့သည်။

ပူးတွဲ ကြေညာချက်တွင် အာဆီယံနှင့် အီးယူ ဝန်ကြီးများက ပြောကြားရာတွင် ၎င်းတို့ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စောစော လွှတ်ပေးခြင်းဖြင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ရေး ကိစ္စ၊ နိုင်ငံရေးအရ ငြိမ်းချမ်းသော အသွင် ကူးပြောင်းရေး အတွက် အကူအညီ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြသည်။ ထို့အပြင် အဆိုပါ ဝန်ကြီးများက မြန်မာ အစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဓိပ္ပာယ် ရှိသော ဦးတည်ချက်ဖြင့် ဆက်လက် ဆက်ဆံရန် အားပေးခဲ့သည်။

သို့သော် မြန်မာ ပြည်သူများကမူ ထိုအီးယူ - အာဆီယံ ပူးတွဲ ကြေညာချက်ကို လေထဲတွင် တိုက်အိမ်ဆောက်ခြင်း အဖြစ်သာ ရှုမြင်ကြသည်။ အီးယူနှင့် အာဆီယံသည် စစ်အစိုးရ၏ အလိမ်အညာ အခြေခံဥပဒေနှင့် နာမည်ခံ ရွေးကောက်ပွဲကို ထောက်ခံနေသယောင် ရှိနေပေသည်။ အမှန်တကယ် လုပ်သင့်သည်မှာ ၎င်းတို့သည် စစ်အစိုးရကို ၎င်း၏ တရားမျှတမှု မရှိသော ဒီမိုကရေစီ နည်းမကျသော အခြေခံ ဥပဒေကို ရှုတ်ချ၍ ရပ်ဆိုင်းရန် သတိပေးရမည် ဖြစ်သည်။ အဓိက မေးခွန်းထုတ်ရမည့် အချက်မှာ စစ်အစိုးရ၏ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် အဓိက အတိုက်အခံပါတီများ မပါဝင်နိုင်အောင် ပြုလုပ်ထားရုံမက တိုင်းရင်းသားများ၏ နိုင်ငံရေး ရည်မှန်းချက်များကို လျစ်လျူရှုထားသည် ဆိုသည့် အချက် ဖြစ်သည်။

ဆင်ကြီးတစ်ကောင်လုံး ရှေ့မှာ တွေ့ထားလျက်နှင့် အီးယူ နှင့် အာဆီယံသည် ကံမကောင်းရှာသော မြန်မာပြည်သူများကို စိတ်ရှည်ရှည်ထားရန်နှင့် အကောင်ကြီးကို ခြေရာ ကောက်ခိုင်းနေတုန်းပင် ရှိနေခြင်း ဖြစ်သည်။ အီးယူနှင့်အာဆီယံတို့၏ ပူးတွဲ ကြေညာချက်သည် နိုင်ငံသားများကို ခြိမ်းခြောက် ပြုလုပ်မည့် ရွေးကောက်ပွဲကို မတားဆီးနိုင်ပေ။ ထို့ကြောင့် အကျိုးဆက် အနေဖြင့် တိုင်းပြည်တွင် ပြည်တွင်းစစ် အသစ်တဖန် ဖြစ်ပေတော့မည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘဲ၊ စစ်အစိုးရသည် မကြာသော ကာလတွင် မေးခွန်းထုတ်စရာ များပြားလှသော ရွေးကောက်ပွဲ တစ်ခုကို ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ထိုလုပ်ရပ်သည် တိုင်းပြည်နှင့် ပြည်သူအပေါ် ဥပဒေ ချိုးဖောက်ကာ မှားယွင်းသော လုပ်ရပ်အား မရှက်မကြောက် ပြုလုပ်ခြင်းပင် ဖြစ်သည်။

အနှစ် နှစ်ဆယ် လွန်မြောက်ပြီး၊ ၂၀၁၀ တွင်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ရှုခင်းမှာ အလွန်အမင်း ဝေဝါးနေဆဲပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment