Transparency Myanmar

transparency.myanmar@gmail.com

 ယခုအခါ တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်သွားပြီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီ (NLD) ၏ ပါတီဝင်ဟောင်းများ ပါဝင်သောအဖွဲ့က လာမည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ရန် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း မေလ၂၈ ရက်နေ့ထုတ် New Light of Myanmar သတင်းစာရေးသားချက်အရ သိရသည်။

NLD ပါတီဝင်ဟောင်းများ ပါဝင်သည့် အဖွဲ့သည် အမျိုးသားဒီမိုကရက်တစ်အင်အားစု (NDF) ဟူသောအမည်ဖြင့် ပါတီမှတ်ပုံတင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်လွှာ တင်သွင်းလိုက်သည်ဟု ဆိုသည်။

NLD ပါတီဝင်ဟောင်းများ ပါဝင်သည့် အဆိုပါ ပါတီသစ်ကို ပါတီထူထောင်ခွင့်ရရှိကာ ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရ၊မရ ဟူသောကိစ္စမှာ စောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီကြီးဖြစ်ခဲ့သော NLD က ရွေးကောက်ပွဲကော်မရှင်၏ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေများသည် တရားမျှတမှုမရှိဟု ဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ရာ ယခုအခါ NLD သည်ပါတီအဖြစ်မှ တရားဝင် ပျက်ပြယ်သွားပြီ ဖြစ်သည်။

NLDသည် ရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော မေလ ၆ ရက်နေ့ အထိ ပြန်လည်မှတ်ပုံတင်ခြင်း မရှိပါက ပါတီအဖြစ်မှ တရားဝင်ရပ်စဲခံရမည် ဟူသောအချက်ကို သိလျက်နှင့်ပင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီသစ် ၃၄ ပါတီ နှင့် ပြန်လည်မှတ်ပုံတင်သည့် ပါတီဟောင်း ၅ ပါတီ အနက် ၃၁ ပါတီအား နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုခဲ့ပြီဖြစ်သည်။

ထိုပါတီပေါင်း ၃၁ ခုထဲတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လည်းပါဝင်သည်။ USDP သည် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးလျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ပြောင်းလဲ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြားအစိုးရဝန်ကြီးနှင့် ဒုတိယဝန်ကြီး ၂၆ ဦးတို့သည် အစိုးရ ရာထူးမှ နုတ်ထွက်ခြင်းမရှိသော်လည်း စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ အကြောင်းမှာ လာမည့် ရွေးကောက်ပွဲတွင် အရပ်သားအသွင်ဖြင့် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက နိုင်ငံဝန်ထမ်းများ အနေဖြင့် နိုင်ငံရေးပါတီများသို့ ဝင်ရောက်ခွင့်မရှိဟု ဆိုထားသော်လည်း ယခု အစိုးရဝန်ကြီးများ ဦးဆောင်သော  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထူထောင်ခြင်းသည် ဥပဒေနှင့်ကိုက်ညီမှု ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က အာမခံပြောဆိုသည်။

"ဝန်ကြီးဟူသည် နိုင်ငံရေးရာထူးဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းရာထူးမဟုတ်" ဟူသော အသုံးအနှုန်းအသစ်ဖြင့် ထုတ်ဖော်ပြောဆိုသည်။

ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ကြီးကြပ်စစ်ဆေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အတိအကျကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

Xinhua သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment