Transparency Myanmar

transparency.myanmar@gmail.com

ရေတပ် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်ကိုရီးယားသို့ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာ ဝမ်ကျားပေါင်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် တွေ့ဆုံ ဆွေးနွေးရာ၌ အဆိုပါ သင်္ဘော နစ်မြုပ်သည့် ကိစ္စကို အဓိက ဦးတည် ပြောဆိုဖွယ် ရှိသည်။ နိုင်ငံတကာမှ စုံစမ်း စစ်ဆေးရေး အဖွဲ့များကလည်း တောင်ကိုရီးယား သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း ပြစ်တင် ပြောဆိုသည်။ သို့သော် တရုတ် နိုင်ငံက မဟာမိတ် နိုင်ငံဟောင်း ဖြစ်သော မြောက်ကိုရီးယားအပေါ် ဝေဖန်သုံးသပ်မှုများ ပြုလုပ်ရန် ငြင်းပယ်နေဆဲပင် ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အစွမ်းကုန် မြင့်တက်လာမည် ဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Xinsen ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။ မည်သို့ပင် ဖြစ်စေ တရုတ်နိုင်ငံသည် အဆိုပါ တောင်-မြောက် နှစ်နိုင်ငံ တင်းမာမှုကြောင့် မအီမသာဖြစ်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း ဆိုးလ်အခြေစိုက် BBC သတင်းထောက်က ပြောကြားသည်။

မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန် ပြောဆိုနေသည့် စကားဝိုင်းသို့ တရုတ်နိုင်ငံက ဝင်ရောက်ခြင်း မပြုဘဲ နေခြင်းကြောင့် တောင်ကိုရီးယား အစိုးရလည်း စိတ်ပျက်လျက် ရှိသည်။

တရုတ် နိုင်ငံအနေဖြင့် ယခုလို မည်သည့် သုံးသပ်ချက် တစ်စုံတရာမျှ မပြုလုပ်ဘဲ ခြံစည်းရိုး ခွထိုင်နေပုံမျိုး မပြုလုပ်ရန် တိုက်တွန်း ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။ တရုတ်သည် စစ်အေးခတ် ကာလအတွင်း မြောက်ကိုရီးယား၏ မဟာမိတ်ဟောင်းတစ်ဦး ဖြစ်ခဲ့သည်။ စစ်အေးခတ်မှ မိတ်ဘက်ဟောင်း တစ်ဦး၏ အခန်းကဏ္ဍနှင့် ဂလိုဘယ် စူပါ ပါဝါတစ်ဦး၏ အခန်းကဏ္ဍတို့ ကွာခြားပုံကို သတိပြုသင့်ကြောင်း တရုတ်နိုင်ငံကို ဝေဖန် ပြောဆိုလျက် ရှိသည်။

အခြားသော သတင်း ပေးပို့ချက်များအရ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ယခု ခရီးစဉ်အတွင်း တောင်ကိုရီးယား၏ အနေအထားကို အနီးကပ် လေ့လာ ကြည့်ရှုမည် ဖြစ်ပြီး တောင်ကိုရီးယား၏ မကျေနပ်ချက်များ၊ ဒေါသများ ပြေပျောက်စေမည့် စကားလုံးများ ရွေးချယ် အသုံးချကာ ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဆိုးလ် အခြေစိုက် BBC သတင်းထောက်က တရုတ်နိုင်ငံ၏ ဦးစားပေးမှုမှာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဖြစ်ရာ တရုတ်အနေဖြင့် အိမ်နီးချင်း မြောက်ကိုရီးယား ဒေါသ ထွက်စေမည့် အရေးကိစ္စများအပေါ် ရေငုံနှုတ်ပိတ် ပြုလုပ်နေမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

ဤအတောအတွင်းမှာပင် ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား အပေါ် ပိုမို တင်းကြပ်သည့် ပိတ်ဆို့ အရေးယူမှုများ ချမှတ်လိုက်ကြောင်း ထုတ်ဖော် ကြေညာသည်။ ဂျန်နိုင်ငံမှ မြောက်ကိုရီးယားသို့ တစ်ဦးချင်း ငွေလွဲပေးပို့ခွင့် ပြုသည့် ပမာဏကို ယန်း ၁၀ သန်း မှ ယန်း ၃ သန်းအထိ လျှော့ချလိုက်ကြောင်း ဂျပန် အစိုးရက ဆိုသည်။

ဂျပန် ပါလီမန်ကလည်း မြောက်ကိုရီးယား လက်နက်များ သယ်ဆောင်လာသည်ဟု ယူဆရသော သင်္ဘောများကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့များ အနေဖြင့် စုံစမ်း စစ်ဆေးနိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကို သဘောတူခွင့် ပြုလိုက်သည်။ အဆိုပါ ဥပဒေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၀၉ ခုနှစ် ဆုံးဖြတ်ချက်အတိုင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဂျပန် ပြည်သူ့လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲကလည်း နိုင်ငံတွင်း နေထိုင်သော မြောက်ကိုရီးယား လူမျိုးအချို့ကို အနီးကပ် စောင့်ကြည့် လေ့လာရန် ထောက်လှမ်းရေး အရာရှိများအား အမိန့်ပေးထားကြောင်း AP သတင်းဌာနက ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment